← Chapters

အခန်း (၂၉၂)

Vol. 21 Ch. 292

အခန်း (၂၉၂)

Vol. 21 Ch. 292

ရွှစ်!

ဓားကို အပြည့်အဝ ဆွဲထုတ်လိုက်သောအခါ ဆူပွက်နေသော နှင်းခဲချီဓာတ်မှာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းမိုးသွားတော့၏။ ပတ်ဝန်းကျင်ရှိ မြေပြင်သည် လျင်မြန်စွာ အေးခဲသွားပြီး ရေခဲများက တဖျစ်ဖျစ်မြည်သံဖြင့် ဆက်တိုက်ပျံ့နှံ့နယ်ချဲ့လာသည်။

ဓားကိုယ်ထည်သည် ၁.၂မီတာခန့် ရှည်လျားပြီး တောက်ပသော ရေခဲပြာရောင်ရှိသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် ရေခဲဝိညာဉ်ဓားအား အဆင့်မြှင့်တင်ထားသော ပုံစံသစ်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း အကဲခတ်နိုင်၏။ တိတိကျကျပြောရလျှင် ရေခဲဝိညာဉ်နတ်ဓားဖြစ်ပြီး ၎င်း၏အရည်အသွေးမှာ လိမ္မော်ရောင် ဒဏ္ဍာရီအဆင့်ပင်!

ရွှယ်ဝူဟန်သည် ရေခဲဝိညာဉ်နတ်ဓားကို ကိုင်ဆောင်ထားပြီး ယုံကြည်မှုအပြည့်ဖြင့် အေးစက်သော အကြည့်ကို ပတ်ဝန်းကျင်တစ်ခုလုံးအား လှည့်ပတ်ဖြန့်ကျက်လျက် ထီမထင်သော သူရဲကောင်းဟန်ကို ထုတ်ဖော်ပြသလိုက်သည်။

"ဘုရားရေ! သူ့လက်နက်က ဒဏ္ဍာရီအဆင့်ဟ!"

"တောက်! သူ ဒီလောက် မာနထောင်လွှားရဲနေတာ အံ့ဩစရာ မဟုတ်တော့ဘူး!"

"ဘာတွေ ထိတ်လန့်နေတာလဲ? ဒါက ဒဏ္ဍာရီအဆင့်လက်နက်ကိရိယာ အပြည့်အစုံမှ မဟုတ်တာ။ သူ့အဝတ်အစားက ကောင်းမွန်အဆင့်ပဲရှိတယ်၊ တိုက်ခိုက်မှုမှာ ပြင်းထန်ပေမယ့် ကာကွယ်မှုကျ အားနည်းမှာ အသေအချာပဲ။ ငါတို့ ဆက်တိုက်နိုင်သေးတယ်!"

"ဟုတ်တယ်! သွားရအောင်!"

ချက်ချင်းပင် လူရိပ် ဆယ်ယောက်ကျော်ခန့် အရှေ့သို့ အုံလိုက်ကျင်းလိုက် တိုးဝင်လာပြီး တစ်ဦးစီက ၎င်းတို့၏ အကောင်းဆုံး စွမ်းရည်များကို ခင်းကျင်းပြသလာကြ၏။

ရွှယ်ဝူဟန်၏ နှုတ်ခမ်းထက် အေးစက်သော အပြုံးတစ်ပွင့် ဖြစ်တည်လာပြီး လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏ သန့်ရှင်းဖြူစင်သော ဝတ်ရုံလက်များသည် လေထဲတွင် လွင့်မျောနေပြီး ရှည်လျားသော ဆံပင်များလည်း လေနှင့်အတူ လွင့်မျောကခုန်နေသည်။ ဆီးနှင်းများကျဆင်းနေသော နောက်ခံရှုခင်းနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်လှပသော ပန်းချီကားလိုမြင်ကွင်းတစ်ခုအား ပေးစွမ်းနိုင်၏။

ရွှပ်~

သူသည် ဓားသွားကို ပြင်းထန်စွာ အလျားလိုက်ဝှေ့ယမ်းလိုက်ရာ ဖြာထွက်လာသော ဓားချီဓာတ်သည် မာန်ဖီနေသော အအေးလှိုင်းလုံးကြီးကဲ့သို့ ပျံ့နှံ့သွားတော့သည်။

အေးစက်ပြီး ထိတ်လန့်ဖွယ် ဓားစိတ်ဆန္ဒသည် ‌တိုက်ပွဲဧရိယာတစ်ခုလုံးကို အကန့်အသတ်မဲ့ လွှမ်းခြုံသွားသည်။ ပတ်ဝန်းကျင်ရှိလူအများ ချီဓာတ်ဖြင့် သက်ရောက်ခံလိုက်ရပြီး မျက်နှာအရောင်များ ဖြူရော်သွေးဆုတ်သွားရကာ သူတို့၏အရိုးများမှာ အအေးဓာတ်ကြောင့် ခဲတောင့်သွား၍ လှုပ်ရှားမှုများ နှေးကွေးသွားတော့၏။

"မကောင်းတော့ဘူး!"

လူတိုင်း မျက်နှာပျက်ယွင်းကာ နှလုံးသားများ မွန်းကျပ်လာကုန်ကြ၏။

အခွင့်အရေးကို ဆုပ်ကိုင်လျက် ရွှယ်ဝူဟန်သည် မြေကမ္ဘာအဆင့် အဆင့်မြင့် လှုပ်ရှားမှုကျင့်စဥ်ကို အသုံးပြုလိုက်သော် သူ၏ပုံရိပ်သည် ခန့်မှန်းရခက်စွာ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြင့် လှုပ်ရှားလာတော့သည်။ ဓားချက်များမှာ မယုံနိုင်လောက်အောင် မြန်ဆန်ပြီး လှည့်ကွက်အမျိုးမျိုးဖြင့် ဓားသွားကို ကျင်လည်စွာလှည့်ပတ်ကစားနေခဲ့ဩ။

"အား..."

စက္ကန့်အနည်းငယ်အတွင်းမှာပင် လူအများအပြား ဓားချက်ဒဏ်ရာများစွာ ရရှိခဲ့ပြီး သွေးအလိမ်းလိမ်းဖြင့် ဆုတ်ခွာသွားရတော့လေသည်။

အပြာရောင်ဝတ် ကျင့်ကြံသူတစ်ဦးသည် သန့်စင်ခြင်းစွမ်းအားကို အလောတကြီး အသုံးပြုကာ အေးခဲနေသောအခြေအနေမှ လွတ်မြောက်ရန် ကြိုးစားသော်လည်း တစ်ကြိမ်အသုံးပြုပြီးနောက်တွင် ထိုရေခဲဓာတ်၏ ဖြန့်ကျက်မှုဧရိယာအတွင်းမှ မထွက်နိုင်မချင်း အေးခဲခြင်းအာနိသင် ဆက်တိုက်သက်ရောက်နေမည်အား သိရှိလိုက်ရ၏။

ဒေါသနှင့် စိုးရိမ်စိတ်တို့ပေါင်းကာ အမြန်ဆုတ်ခွာထွက်ပြေးရန် ပြင်ဆင်နေစဥ် သူ၏လည်ပင်းတွင် အေးစက်စက်အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။ မျက်စိသူငယ်အိမ်များ ထိတ်လန့်စွာ ကျုံ့ဝင်သွားပြီး အော်လိုက်မိ၏။ "နေ နေပါဦး!"

စကားမဆုံးခင်မှာပင် လည်ပင်းမှာ ဓားသွားထက်ထက်ဖြင့် လှီးဖြတ်ခံလိုက်ရတော့၏။ အသက်ရှင်သန်နိုင်စွမ်း ချက်ချင်း ကုန်ဆုံးသွားပြီး သူ၏ကိုယ်ခန္ဓာတစ်ခုလုံး လေးထောင့်သစ်သားသေတ္တာတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။

ဝှစ်၊ ဝှစ်၊ ဝှစ် ~

လေပေါ်တွင် ဆီးနှင်းပွင့်များ ကခုန်လွင့်ပျံနေပြီဂ မြေပြင်ပေါ်တွင် နှင်းခဲများဖြင့် ဖုံးလွှမ်းနေသည်။ အအေးချီဓာတ်သည် လှိုင်းလုံးများအဖြစ် ပြောင်းလဲကာ အဆက်မပြတ် လှိမ့်ထွက်ပျံ့နှံ့နေပြီး တိုက်ပွဲဧရိယာတစ်ခုလုံးမှာ ချီမေ့တောင်၏ အခြားရှုခင်းများနှင့် ကွာခြားစွာ ထင်ရှားနေသည်။

"သူ့ဓားကျင့်စဥ်က ထူးဆန်းတယ်!"

"တောက်၊ ငါ လှုပ်တောင် မလှုပ်နိုင်တော့ဘူး!"

"စိတ်ကိုငြိမ်ငြိမ်ထားကြ! တည်ငြိမ်ကြစမ်း!"

...

လူအုပ်ကြီး အထိတ်တလန့်ဖြင့် ဆူဆူပူပူဖြစ်လာတော့၏။

လျှပ်စီးတစ်ပြက်ခန့် အချိန်အတွင်း မူလက ရန်လိုသော ဝန်းရံတိုက်ခိုက်မှုမှာ ရွှယ်ဝူဟန်၏ တမူထူးခြားသော ဓားကျင့်စဥ်များဖြင့် ချေဖျက်ခံလိုက်ရတော့သည်။

အေးခဲနေသော ဝက်ပေါင်ခြောက်မာမာတစ်ချပ်ကို အသားသတ်သမား၏ ထက်မြနေအောင်သွေးထားသော ဓားဖြင့် ကျွမ်းကျင်စွာ လှီးဖြတ်၍ အစိတ်အပိုင်းများကို နေရာတကျ ခွဲခြားလိုက်သကဲ့သို့ပင်။

ဝှစ်၊ ဝှစ်၊ ဝှစ် ~!

ရွှယ်ဝူဟန်သည် လက်ထဲရှိ ရေခဲဝိညာဉ်နတ်ဓား၏ ထူးခြားချက်များနှင့် သူ၏ ရှောင်လွှဲရခက်သော လှုပ်ရှားမှုကျင့်စဥ်ကို အားကိုး၍ ရန်သူများကြားတွင် အားစိုက်ထုတ်စရာမလိုဘဲ လွတ်လပ်စွာ လှုပ်ရှားသွားလာ သတ်ဖြတ်နေခဲ့သည်။

ကာကွယ်ရေးပိုင်းတွင် အားနည်းချက်ရှိနေသည်မှန်သော်ငြား နည်းဗျူဟာအမျိုးမျိုးကိုပေါင်းစပ်၍ တိုက်ခိုက်ရေးစွမ်းအင်ကို အဆုံးစွန်ထိမြှင့်တင်ကာ ဟာကွက်မရှိအောင် ဖာထေးနိုင်ခဲ့ခြင်းပင်။

"ဝေါင်း!" ကျားဖြူသည်လည်း လက်ပိုက်ကြည့်မနေပေ။ တင်းပုတ်ကိုင်ထားသော ခပ်ထွားထွားလူတစ်ဦးကို ခုန်အုပ်လိုက်ပြီး သူ၏သွေးဆာနေသော ပါးစပ်ကြီးကို ဖြဲဟကာ ပြင်းထန်စွာ ကိုက်ချလိုက်ရာ သွေးများ ပတ်ပတ်လည်သို့ ဖြန်းခနဲ ပန်းထွက်သွားတော့၏။

လူတစ်ဦးနှင့် ကျားတစ်ကောင်၏ ပူးပေါင်းလုပ်ဆောင်မှုဖြင့် စမ်းသပ်မှု ပါဝင်သူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည်။ မြေပြင်ပေါ်ရှိ သေတ္တာအရေအတွက်လည်း အဆက်မပြတ် တိုး၍များပြားလာပြီး သာလွန်သော နတ်ဘုရားစွမ်းအားကို စစ်မှန်စွာ ပြသနေသည်။

နာကျင်ခံစားနေရသော အော်သံများမှာ ချီမေ့တောင်၏ ကောင်းကင်တစ်ဝိုက်တွင် ပဲ့တင်ထပ်လျက်။

ကြွက်သားမမလေးသည်လည်း သူမ၏ဓားရှည်ကို ကိုင်ဆောင်လျက် အလျားလိုက်၊ ဒေါင်လိုက် စသည်ဖြင့် ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံမှ ခုတ်ပိုင်းနေပြီး သူမ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ သူမ၏ပျံသန်းနိုင်သော စီးတော်ယာဥ်အားကိုးဖြင့် ရွေ့လျားရှောင်တိမ်းနိုင်စွမ်းက လွန်စွာမြန်ဆန်သောကြောင့် တိုက်ကွက်ပေါင်းများစွာမှာ ခဏခဏလွတ်မြောက်နိုင်ခဲ့၏။

"နင် သတ္တိရှိရင် အဲ့သိမ်းငှက်ကို ဘေးဖယ်စမ်း! အောက်ဆင်းပြီး ငါတို့နဲ့ လာတိုက်!" အမျိုးသမီးတစ်ဦးက ဒေါသတကြီး အော်လိုက်သည်။

လီဝူကျယ် တခစ်ခစ် ရယ်မောလိုက်ပြီးနောက် မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ "နင်တို့မှာ သိမ်းငှက်ကြီး မရှိတိုင်း ရှိတဲ့သူကို မနာလိုစရာလားဟယ် ~"

(လီဝူကျယ်က အခုချိန်မှာ မိန်းမဖြစ်နေတာကြောင့် တခစ်ခစ်လို့ ရယ်တယ်လို့ထည့်ရေးထားတာနော်။ အထီးကြီးက တခစ်ခစ်နဲ့ ရယ်တယ်ဆိုပြီး ဘလိန်းမယ်မကြံနဲ့)

"အရှက်မရှိလိုက်တာ!!" အမျိုးသမီးသည် ဒေါသထွက်ထွက်ဖြင့် ကိုင်ဆောင်ထားသောလေးကို အသင့်ပြင်လျက် လီဝူကျယ်ကို ချိန်ရွယ်ကာ မြှားများကို အဆက်မပြတ်ဆွဲပြီး လွှတ်လိုက်သည်။ မြစိမ်းရောင်မြှားတန်းများသည် အဆိပ်ပြင်းမြွေဟောက်များကဲ့သို့ တန်းခနဲပြေးလာပြီး ပစ်မှတ်အား မလွဲစတမ်းဖောက်ထုတ်တော့မည့်ဟန်ဖြင့် တစိုက်မတ်မတ်ရှိလှ၏။

"ငါ့ကို ပစ်ချင်တာလား? ဟုတ်မှလုပ်ပါ!"

လီဝူကျယ်သည် ခမ်းနားထည်ဝါသော သိမ်းငှက်ကြီး၏ ခေါင်းကို တစ်ချက်ပုတ်လိုက်သည်။ သိမ်းငှက်ကြီးသည် အထာသိစွာဖြင့် အတောင်ပံများကို ခတ်လိုက်ပြီး အဆိပ်မြှားများကို ကျွမ်းကျင်စွာ ရှောင်တိမ်းသွားလိုက်၏။

တိုက်ပွဲတစ်လျှောက်လုံးတွင် စမ်းသပ်မှု ပါဝင်သူ ဆယ်ယောက်ကျော်ကျော်ခန့်သည် လီဝူကျယ်ကို မနားမနေ လိုက်လံဖမ်းဆီးခဲ့ကြသော်လည်း သူတို့၏နှေးကွေးသောအရှိန်ကြောင့် အလုပ်မဖြစ်ခဲ့။ သို့သော် သူတို့ စိတ်လျှော့လိုက်သည်နှင့် လီဝူကျယ်က ချက်ချင်းပြန်လှန်တိုက်ခိုက်လာပြီး နောက်သို့ အဆက်မပြတ်ဆုတ်စေရင်း ချောင်ပိတ်ကာ မရမကဖမ်းဆီးလေတော့၏။ သူတို့လည်း အခြေအနေကို ချိန်ညှိပြီး အုပ်စုလိုက် တိုက်ခိုက်ရန် စီစဉ်နေစဥ် လီဝူကျယ်က အလစ်မပေးစွာ သိမ်းငှက်ကြီးကို ဝေးဝေးပျံသန်းစေလိုက်ပြီး ရန်သူများအား ခြေဆောင့်ကျိန်ဆဲလျက် ချန်ရစ်ထားခဲ့ပြန်လေသည်။

လိုက်ဖမ်း၍လည်း မရ၊ ပြန်တိုက်၍လည်း မရ!

ဒီလောက်ရွထနေတာ ဘယ်လိုလုပ်မိအောင် ဖမ်းနိုင်မလဲ?

တော်ပြီ၊ နင့်ကိုမဖမ်းဘူးဟေ့!

All Chapters