အခန်း (၂၉၄)
Vol. 21 Ch. 294
ပြောရင်းဆိုရင်း နက်ပြာရောင်သံချပ်ကာဝတ်လူငယ်က လက်တစ်ဖက်ကို မြှောက်လိုက်ရာ ခမ်းနားထည်ဝါသော ဖန်တျန်းဟွားကျီတစ်ခုက လက်ထဲတွင်ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များဖြင့် လောင်ကျွမ်းလျက်ရှိ၏။
ထိုသူမှာ ဟုန်ချန်ယဲ့ဖြစ်သည်။
ဟုန်ချန်ယဲ့သည် ချီမေ့တောင်သို့ စောစီးစွာ ရောက်ရှိခဲ့သော်လည်း သူ၏တည်ရှိမှုကို အလောတကြီး ဖော်ထုတ်ခြင်းမပြုခဲ့ပေ။ ယင်းအစား သူသည် ကွယ်ရာမှစောင့်ကြည့်ခဲ့ပြီး သူ့ပြိုင်ဘက်ဖြစ်ဖို့ အလားအလာရှိသော အားကောင်းသည့် ကျင့်ကြံသူများအား ရှာဖွေလေ့လာခဲ့ရာတွင် ယခုအချိန်အထိ ရွှယ်ဝူဟန် တစ်ဦးတည်းသာ သူ၏အာရုံကို ဖမ်းစားထားခဲ့သည်။
သို့သော် ဤလူ၏ အာရုံခံနိုင်စွမ်းမှာ ကြောက်မက်ဖွယ်ကောင်းအောင် စူးရှသည်။ သူပင် လျှို့ဝှက်တိုက်ခိုက်ရန် အခွင့်အရေးပင် မရှာရသေးမီ တစ်ဖက်လူက သူ့ကို ရှာဖွေတွေ့ရှိခဲ့ပြီးလေပြီ။
ဤသို့ဖြင့် သူလည်း ဆက်ပုန်းနေရန် မလိုအပ်တော့ပေ!
"မင်းရဲ့လက်နက်ကိရိယာက ငါ့ထက် ပိုကောင်းတယ်။ ဒါပေမယ့် လက်နက်ပိုသာတိုင်း မင်း ငါ့ကို အနိုင်ယူနိုင်တယ်လို့ မဆိုလိုဘူး။" ရွှယ်ဝူဟန်သည် အားကိုးရာတစ်စုံတစ်ခု ရှိနေသကဲ့သို့ စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း ပြောဆိုလိုက်သည်။
ဟုန်ချန်ယဲ့ ပြန်လည်လှောင်ပြောင်လိုက်သည်။ "တိုက်ပွဲပြီးရင် အဆုံးအဖြတ်လာမှာပါ!"
ထိုသို့ပြောပြီး သူသည် ကြွက်သားမမလေးကို လှမ်းကြည့်လိုက်ပြီး အဓိပ္ပါယ်အပြည့်ဖြင့် ပြောလိုက်သည်။ "မင်း သူ့ကို ထပ်ကူညီပေးဦးမှာလား?"
ဤနေရာတစ်ခုလုံးတွင် သူနှင့် လီဝူကျယ်သာလျှင် တစ်ဦးကိုတစ်ဦး၏ အစစ်အမှန်ကိုယ်ပိုင်လက္ခဏာကို သိထားကြသည်ပင်။ ဤမျှ အရေးကြီးသော အချိန်တွင် တစ်ဖက်လူက ဘက်ကန်၍ ရွှယ်ဝူဟန်ကို ကူညီပါက အပြင်လောကတွင် ဆန့်ကျင်ခြင်းနှင့်မခြား။ အကယ်၍ သူတို့ တကယ့်ကမ္ဘာသို့ ပြန်သွားပါက အကျိုးဆက်များက အဆင်ပြေပြေရှိလိမ့်မည်တော့မဟုတ်။
လီဝူကျယ်မှာ ဟုန်ချန်ယဲ့ဆိုလိုသည့် အဓိပ္ပါယ်ကို နားလည်သော်လည်း ရွှယ်ဝူဟန်ကိုလည်း သစ္စာမဖောက်ရက်။ ထိုသူသည် စိတ်ရှုပ်ထွေးနေပုံရပြီး ခဏတာ တိတ်ဆိတ်သွားသည်။
"မင်းကများ သူ့ကိုခြိမ်းခြောက်ရဲတယ်ပေါ့!" တစ်ချိန်လုံးက တည်ငြိမ်နေခဲ့သော ရွှယ်ဝူဟန်မှာ ဒေါသထွက်လာဟန်ရှိပြီး သတိပေးသံအပြည့်ဖြင့် တစ်ခွန်းဆို၏။
"ဟင်?"
ဟုန်ချန်ယဲ့ အံ့အားသင့်သွားသည်။
သူသည် လီဝူကျယ် တစ်ဖြစ်လဲ ကြွက်သားမမလေးကို ကြည့်လိုက်ပြီးနောက် စိတ်တိုနေဟန်ရှိသော ဝတ်ရုံဖြူဝတ် အမျိုးသားကို တစ်လှည့်ပြန်ကြည့်လိုက်သည်။ ဟုန်ချန်ယဲ့ မျက်နှာထားမှာ တစ်မျိုးတစ်မည် ထူးဆန်းသွားရ၏။
သူသည် သူ၏ဘဝတွင် မရေမတွက်နိုင်သော ဖြစ်ရပ်များစွာကို မြင်ဖူးသော်လည်း ဤမျှ ထူးခြားသော ခံစားချက်မျိုးကို တစ်ခါမှမရခဲ့စဖူး!
ဒါ ဘယ်လိုတောင် ထူးခြားလိုက်တဲ့ ဆက်ဆံရေးလဲ?
"မင်းကသူ့ကို တော်တော်လေး ကာကွယ်ပေးနေတာပဲ။ သူ ဘယ်သူလဲဆိုတာတောင် မင်းသိလို့လား?" ဟုန်ချန်ယဲ့၏အပြုံးမှာ အတော်လေးမြူးထူးနေပြီး အမှန်တရားကိုသိပြီးနောက် စိတ်ပျက်ဝမ်းနည်းသွားမည့် ရွှယ်ဝူဟန့်မျက်နှာအား မြင်ချင်စိတ်ဖြင့် တက်ကြွလာ၏။
ရွှယ်ဝူဟန် အံ့အားသင့်စွာ မေးလိုက်သည်။ "မင်းက သူ့ရဲ့ အပြင်လောကပုံစံကို သိနေတာလား?"
"ပါးစပ်ပိတ်ထား!!!"
ကောင်းကင်ကို တုန်လှုပ်စေသော မိုးခြိမ်းသံကဲ့သို့။
ကြွက်သားမမလေးသည် ဒေါသထွက်လွန်း၍ သူမ၏ဓားဖြင့် လူငယ်အား ချိန်ရွယ်ကာ မထိန်းချုပ်နိုင်တော့သလို အော်ဟစ်လိုက်သည်။ "မင်း ထပ်ပြီး အဓိပ္ပါယ်မရှိတာတွေ ပြောရဲရင် ငါ မင်းကို နေရာမှာတင် ခုတ်သတ်ပစ်မယ်!! ငါ မင်းနဲ့ တစ်သက်လုံး ရန်ဘက်ဖြစ်ရလည်း ဂရုမစိုက်ဘူး!!!!"
ထိုလေသံ၊ ထိုအမူအရာ—သူမသည် တစ်ယောက်ယောက်ကို အစိမ်းလိုက်ဝါးစားတော့မလိုပင် ထင်ရသည်။
ဟုန်ချန်ယဲ့ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ခြိမ်းခြောက်ခံရခြင်းကို ဘယ်အရာထက်မဆို ပိုမုန်း၏။ သို့သော် တစ်ဖက်လူ၏ ပြင်းထန်သောတုံ့ပြန်မှုနှင့် အစစ်အမှန်ဂုဏ်ပုဒ်စွမ်းရည်များကို ထည့်သွင်းစဥ်းစားမိလိုက်သော် ထိုးတက်လာသောဒေါသအား ပြန်သာမျိုချလိုက်ရသည်။
သို့သော် သိက္ခာမကျရေးအတွက် ရန်တော့ပြန်တွေ့ရဦးမည်။
"ဟမ့်၊ ငါ ဘာမှ မပြောပါဘူး။ ဘာတွေလာခြိမ်းခြောက်နေတာလဲ။ ငါ မင်းကို ကြောက်မယ်လို့ ထင်နေတာလား?!"
ဤစကားကို ကြားသောအခါ။
ကြွက်သားမမလေးသည် ဒေါသဖြင့် ပါးများဖောင်းကားလာကာ အသက်ရှူနှုန်း မြန်ဆန်နေပြီး ရင်ဘတ်ကြွက်သားများလည်း တက်လိုက်ကျလိုက် ဖြစ်နေသည်။ ထို့နောက် အံကြိတ်သံဖြင့် ထပ်သတိပေး၏။ "ငါ ထပ်ပြီး အလေးအနက် ပြောမယ်၊ ငါ့ရဲ့ နောက်ဆုံးသည်းခံခြင်းကို လာမစမ်းသပ်နဲ့!"
လီဝူကျယ်မှာ ဒေါသရော စိုးရိမ်စိတ်ပါ ရောယှက်နေရသည်။ သူ၏အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို ဖော်ထုတ်ခံရပါက သူ ဘယ်တော့မှ ခေါင်းဖော်နိုင်တော့မည်မဟုတ်။
သူ့ကို စိတ်မမှန်သူအဖြစ်သာ မြင်ကြပေလိမ့်မည်။
အကယ်၍ သူသည် နောင်တစ်ချိန်တွင် ဒဏ္ဍာရီလာ ဓာမသေမျိုးတစ်ပါး ဖြစ်လာပါက ထိုကြွက်သားမမလေးဟူသော ဂုဏ်ပုဒ်သည်ကား မဖျောက်ဖျက်နိုင်သော အမည်းစက်တစ်ခုအဖြစ် သူ့သမိုင်းကြောင်းကို အမှောင်ဖုံးလွှမ်းဖျက်ဆီးပေလိမ့်မည်!
ဟုတ်၏ ယောကျ်ားတန်မဲ့နဲ့ မိန်းမအဖြစ်ပြောင်းထားသည်က ရှက်ဖွယ်အလိလိပင်
ထို့ကြောင့် လီဝူကျယ်သည် ဟုန်ချန်ယဲ့ကို သတိပေးနေစဥ်အတောအတွင်း ထိုသူကို အမြစ်ဖြတ်နှုတ်ပိတ်ချင်စိတ်ပင် ဝင်လာမိ၏။
ရွှယ်ဝူဟန်၏ မျက်ခုံးများ မြင့်တက်လာသည်။ သူ၏ ဆဌမအာရုံက ဤနှစ်ဦးသည် တစ်ဦးကိုတစ်ဦး သိကြပုံရသည်ဟု ပြောနေသည်။ သူတို့သာ ရန်ဘက်များဖြစ်မနေပါက ဟုန်ချန်ယဲ့ကို စည်းရုံးပေါင်းသင်းပြီး ကြွက်သားမမလေး၏ အစစ်အမှန်ဘဝအကြောင်း စကားနှိုက်ချင်မိလှ၏။ အဘယ်ကြောင့်ဆိုသော် ဤမျှ ထူးခြားသော ကောင်မလေးမှာ သူ့အတွက် အသစ်အဆန်းတစ်ခုလို ဆွဲဆောင်မှုရှိလှသောကြောင့်။
"ဟမ့် ဘယ်သူ့ကို လာပြီး ခြောက်လှန့်နေတာလဲ? မင်း သတ္တိရှိရင် နောက်မှ တစ်ဦးချင်း တိုက်ခိုက်ကြာတပေါ့!" ဟုန်ချန်ယဲ့ က ပြန်ပြောလိုက်သည်။
လီဝူကျယ်သည် တစ်ဖက်လူ စိတ်လျှော့လိုက်ခြင်းအား နားလည်လိုက်၏။ သူ၏ စိတ်လှုပ်ရှားမှုများ အနည်းငယ် ငြိမ်သက်သွားပြီး လွယ်ကူသောနည်းလမ်းကို ရွေးချယ်ကာ ပြောလိုက်သည်။ "ကောင်းပြီ! ငါ မင်းတို့တိုက်ပြီးတဲ့အချိန်ထိ စောင့်နေမယ်!"
ဤကြေညာချက်က သူသည် ရွှယ်ဝူဟန်ကို ကူညီမည်မဟုတ်ကြောင်းနှင့် တစ်ဦးချင်းသာယှဥ်ရန် ခွင့်ပြုပေးခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဟုန်ချန်ယဲ့ဆိုတာ သူ့ဆရာတူအစ်ကိုပဲလေ။
ရွှယ်ဝူဟန်လည်း ကိစ္စမရှိပေ။ သူ၏ဓားကို မြှောက်ကာ ထိုလူငယ်အား အဝေးမှ ချိန်ရွယ်ရင်း လေးနက်စွာ ပြောလိုက်သည်။ "ဒါဆိုရင် ဒီကလေးကို မင်းအတွက် ခုတ်ပိုင်းပေးမယ်!"
သူ၏လေသံက မိန်းကလေးငယ်များစွာကို ချစ်ခင်စွဲလမ်းစေမည့် ဆွဲဆောင်မှုဖြင့် ခြုံလွှမ်းလျက်။
အခြားမိန်းကလေးငယ်တစ်ဦးသာဆိုလျှင် သူတို့၏နှလုံးခုန်သံများ မြန်ဆန်လာမည်၊ ပါးပြင်များ နီရဲလာမည်၊ "ကောကော သတိထားပါနော်" ဟူသော စကားမျိုးပါ ထုတ်ပြောလာလိမ့်မည်။
သို့သော် ကြွက်သားမမလေးကတော့ မကျေမနပ်ဖြစ်နေပုံပေါ်ပြီး လက်ဝှေ့ယမ်းကာ ထအော်လိုက်သည်။ "မင်း လုပ်နိုင်ရင် လုပ်တော့လေ! စကားကိုများတယ်!"
လီဝူကျယ် အလွန်စိတ်ပျက်နေသည်။ ဘာလို့ ဒီကောင်က သူ့ရှေ့မှာ ကြွားဝါပြနေတာလဲ?
အမ်...
ရွှယ်ဝူဟန် သူ၏နားများကိုပင် သံသယဝင်သွားလုနီးပါးဖြစ်သွားသည်။ အမူအရာမှာလည်း အနည်းငယ်တောင့်တင်းသွားရ၏။ ဒီကောင်မလေးရဲ့ အပြုအမူတွေက သူထင်ထားတာနဲ့ ဘာလို့ ဒီလောက် ကွာခြားနေရတာလဲ?
သာမန်အခြေအနေမှာဆို သတိထားဖို့ အော်ပြောပေးရမှာ မဟုတ်ဘူးလား?
တကယ်ကိုပဲ။
ဒီမိန်းကလေးက ထူးခြားတယ်။ လုံးဝဟန်ဆောင်ခြင်း မရှိဘူး။ သူမရဲ့ အဓိကထူးခြားချက်က စစ်မှန်မှု ပဲ!
ရွှယ်ဝူဟန် ဒီလိုတွေးမိတော့ ကြွက်သားမမလေးအပေါ် နှစ်သက်စွဲလမ်းမှုက ပိုလို့သာ နက်ရှိုင်းလာတော့သည်...
စာစဉ်ပြီး၏