ဩဇာအာဏာရှိသူများ စုဝေးခြင်း၊ ရွေ့ရွေ့ ပျောက်ဆုံးခြင်း_၂
Vol. 16 Ch. 213
ဥပမာဆိုရသော် အစောင့်အရှောက်ကြီး၁၃ဦးတွင်လည်း အခြားအမည်များ ရှိကြသည်။
ထို့ပြင် ဖန်းရှစ်ကျုံး၏ လက်နက်ကြီးလေးပါးသည်လည်း အခြားအမည်များရှိကြသည်။ “မျက်နှာရှစ်ပါးဗုဒ္ဓ ဖုန်းရွှမ်”၊ “သံမဏိမျက်နှာကျား ကျန်းချွမ်”၊ “ကြေးနီလက် လုရုံ”၊ “ဝတ်ရုံဖြူစာပေပညာရှင် တန်းကွမ်းမင်”ဟူ၍။
ယခု၌ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင် နန်ပါးထျန်းသည် ကျိုးချူအတွက် “မျက်လုံးမဲဝက်ဝံ”ဟူသောအမည်ကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့သည်။
ဤသည်မှာလည်း သိုင်းလောကတွင် အမည်သတ်မှတ်လိုက်ခြင်းဟု ခေါ်ဆိုနိုင်ပေသည်။
သို့သော် ကျိုးချူသည်တော့ အရမ်းကြီး ဝမ်းသာပီတိဖြစ်နေပုံ မရပါချေ။ ၎င်းကို သတိထားမိသော ဖန်းရှစ်ကျုံးမှ ပြောသည်။
“ကျိုးချူ မင်း ခေါင်းဆောင်ကို နာမည်အတွက် ကျေးဇူးမတင်ရသေးဘူးနော်”
ထိုအခါ ကျိုးချူသည် ငိုသည်ထက်ပင် ပို၍ ကသိကအောက်နိုင်လှသည့် အပြုံးကြီးကို လုပ်ယူလိုက်ရ၏။ သူ၏ ဤတစ်သက်တာလုံးတွင် ဤအမည်ပြောင်၏လက်တွင်းမှ လွတ်မြောက်ရာလမ်း မရှိတော့ပြီဟု ခံစားနေရပေသည်။
“ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်”
နန်ပါးထျန်းမှ ရယ်မောသည်။
“ဟားဟားဟား… ရပါတယ်။ ငါလည်း အငယ်တစ်ယောက်ကို အမည်ပေးခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ မင်းအနေနဲ့ မျက်လုံးမဲဝက်ဝံဆိုတဲ့ နာမည်ကို အသုံးပြုပြီး ငါတို့ရဲ့နယ်မြေတွေကို ချဲ့ထွင်နိုင်ပြီး ငါးဖမ်းကုန်သည်အဖွဲ့အတွက် အောင်မြင်မှုကြီးတွေ ရယူပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
ကျိုးချူမှ လက်သီးယှက်လျက် အရိုအသေပြုသည်။
လူအုပ်ကြီးသည် ကျိုးချူကို ဝိုင်းဝန်း၍ ဂုဏ်ပြုစကားဆိုကြသည်။
“ခေါင်းဆောင်ရဲ့ အမည်ေပးခံရတဲ့အတွက် ညီနောင်ကျိုးကို ဂုဏ်ပြုပါတယ်။ ဒါဟာ တကယ့်ကို အဆုံးမဲ့ကံကောင်းမှုကြီးပါပဲ!”
“ဟုတ်တယ် ညီနောင်ကျိုး၊ ခေါင်းဆောင်ကိုယ်တိုင် နာမည်ပေးခံရတဲ့သူဆိုတာ ဘယ်နှယောက်မှ ရှိတာမဟုတ်ဘူး။ မင်းက အဲဒီလူနည်းစုလေးထဲက တစ်ယောက်ပဲ။ အရမ်းကောင်းတယ် ကောင်းလိုက်တာ”
“ညီနောင်ကျိုး တောက်ပတဲ့အနာဂတ်က ရှေ့မှာစောင့်ဆိုင်းနေပြီ။ မျက်လုံးမဲဝက်ဝံဆိုတဲ့နာမည်က အနာဂတ်မှာ သေချာပေါက် ခမ်းခမ်းနားနားတောက်ပလိမ့်မှာပါ”
…
လူအုပ်ကြီးသည် ကျိုးချူကို မြှောက်ပင့်စကားများ ဝိုင်းဝန်းပြောဆိုကြသည်။ ထို့နောက် ကျိုးချူမှာ အရပ်လေးမျက်နှာသို့ ဦးညွှတ်အရိုအသေပြုကာ ပြောရသည်။
“အားလုံးပဲ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”
သို့သော် စိတ်ထဲတွင်တော့ ကျိန်ဆဲနေမိ၏။
“ခင်ဗျားတို့ဘိုးအေ ဘိုးဘေးရှစ်ဆက်ကို ကျေးဇူးတင်ရမှာလား!”
ဘေးတွင်ရပ်နေသည့် ချန်ကျဲ့မှာ ရယ်မောလိုက်ချင်သော်ငြား ထိန်းချုပ်ထားရလေရာ အတော်လေး မသက်မသာဖြစ်နေတော့သည်။ ကျိုးချူသည် ချန်ကျဲ့ကို စူးစူးရဲရဲစိုက်ကြည့်လိုက်၏။
ထိုစဉ် အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးဖြစ်သော လင်းယုန်ခန်းမအရှင်သခင် ချင်းယင်လည်း ဝင်ရောက်လာသည်။
သူသည် ဖန်းရှစ်ကျုံးကို လက်သီးယှက်အရိုအသေပြု နှုတ်ဆက်၏။
“ဦးလေးဖန်းကတော့ နောက်ထပ် သားမွေးစားပြန်ပြီလား? တကယ့်ကို သားသမီးတွေအများကြီးနဲ့ ကောင်းချီးမင်္ဂလာပြည့်စုံနေရောပဲနော်”
ချင်းယင်သည် ဖန်းရှစ်ကျုံးထက် မျိုးဆက်တစ်ဆက် ငယ်ရွယ်သည်။ ၃၂နှစ်၊ ၃၃နှစ်ခန့်ဖြစ်သော ဖုန်းရွှမ်နှင့် ရွယ်တူမျှဖြစ်ကာ လက်ရှိခန်းမအရှင်သခင်ရာထူးသို့ လွန်ခဲ့သည့်၂နှစ်က တက်လှမ်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ချင်းယင်သည် ဖန်းရှစ်ကျုံးအပေါ် ယဉ်ကျေးမှုမရှိပေ။ အားလုံးသည်လည်း ဤလူငယ်လေးချင်းယင်မှာ နန်ပါးထျန်းမှ ရာထူးတိုးမြှင့်ပေးထားသည့် အင်အားကြီးထောက်ပံ့သူတစ်ဦးဖြစ်ကြောင်းကို သိထားကြသည်။
ထို့ပြင် ချင်းယင်သည် နန်ပါးထျန်းမှ ဖန်းရှစ်ကျုံးကို ဆန့်ကျင်ရင်ဆိုင်သည့် အဓိကအင်အားတစ်ခုလည်း ဖြစ်ပေသည်။
ဖန်းရှစ်ကျုံးသည် ချင်းယင်ကို ကြည့်လိုက်ပြီး ပြောသည်။
“အို ရှောင်ချင် မင်းရဲ့ခန်းမမှာ အလုပ်များမနေဘူးလား? ငါ့ဆီ အလည်အပတ်လာဖို့တောင် အချိန်ရနေတာပဲ”
“မဆိုးလှပါဘူး။ ကျွန်တော်ကတော့ သားသမီးတွေ အများကြီးနဲ့ ကောင်းချီးမင်္ဂလာပြည့်စုံနေတဲ့ ဦးလေးဖန်းနဲ့ မတူဘူးလေ၊ အရာအားလုံးကို ကျွန်တော်တစ်ယောက်တည်း လုပ်နေရတာဗျာ။ တကယ်တော့လေ ဦးလေးဖန်း.. ဦးလေးရဲ့အသက်အရွယ်က ကြီးရင့်နေပါပြီ။ အခုလောက်ဆို ဦးလေးဖန်းရဲ့ရာထူးကို လူငယ်တွေလက်ထဲ လွှဲပြောင်းပေးသင့်တဲ့ အချိန်ကျနေပြီလေ မဟုတ်ဘူးလား”
ချင်းယင်သည် ထိုစကားကို စိန်ခေါ်မှုအပြည့်သော မျက်လုံးများဖြင့် ပြောခဲ့ခြင်းဖြစ်သည်။
သူ၏စကားထဲမှ ‘လူငယ်များ'ဟူသည် ဖန်းရှစ်ကျုံး၏ မွေးစားသားများကို ဆိုလိုခြင်း မဟုတ်ပါဘဲ သူ၏ညီနောင်နှစ်ဦးဖြစ်သော ကျားနှင့် ကျားသစ်ကို ဆိုလိုခြင်းဖြစ်သည်။ ထိုနှစ်ဦးသည်လည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး ခန်းမတစ်ဆောင်ကို ခေါင်းဆောင်ဦးစီးရန် အရည်အချင်းပြည့်မှီကြသည်။ သို့သော်ငြား သူတို့ကိုပါ ရာထူးပေးရန်အတွက် ခန်းမဆောင်အရေအတွက်မှာ မလုံလောက်ချေ။
ဖန်းရှစ်ကျုံး ရယ်မောလိုက်သည်။
“ဒါပေါ့ ညီနောင်လေးရယ်၊ ငါ့ရဲ့ ဒီသားတွေ ကြီးပြင်းလာတဲ့အခါ ငါလည်း အနားယူနိုင်ပြီလေ”
ဖန်းရှစ်ကျုံးသည် ရွှင်ပျစွာ ပြောဆိုခဲ့ခြင်းဖြစ်သော်ငြား သူ၏အသံအနေအထားမှာ တည်ကြည်ခိုင်မာသည်။ ကျားဖြူခန်းမနှင့် သူ၏ဆက်နွယ်မှုသည် ချင်းယင်၏လက်ထဲသို့ လုံးဝ ရောက်မသွားနိုင်ပေ။ ထိုအတွက်လည်း ပူပန်နေရန် မလိုအပ်ပေ။
ဖန်းရှစ်ကျုံး၏ စကားလုံးများထဲမှ နက်ရှိုင်းသည့် အဓိပ္ပာယ်ကို ချင်းယင် ရှင်းရှင်းလင်းလင်း နားလည်သိရှိနိုင်ပါ၏။
ချင်းယင်မှ ပြန်လည်ချေပတော့မည်တွင် အော်ဟစ်ပြောဆိုသံ ထွက်ပေါ်လာသည်။
“ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင်လျို ရောက်ရှိပါတယ်!”
ထိုအခါ လူအားလုံးသည် စကားပြောဆိုခြင်း ရပ်တန့်သွားကြပြီး မျက်လုံးအကြည့်တို့သည် အဝေးမှ ဖြည်းဖြည်းချင်း နီးကပ်လာနေသည့် မြင်းနှစ်ကောင်ပြေးဆွဲသော ရထားလုံးသို့ ကျရောက်သွားကြသည်။
အားလုံး စိတ်လှုပ်ရှားနေကြသည်။
ဖန်းရှစ်ကျုံးက တကယ့်ကို ဩဇာအာဏာကြီးမားတာပဲ။ ရိုးရှင်းတဲ့ သားမွေးစားတဲ့ပွဲတော်လေး ကျင်းပတာတောင် မျန့်ရွှေစီရင်စုရဲ့ ထိပ်တန်းပုဂ္ဂိုလ်ကြီးနှစ်ဦးကို တက်ရောက်စေနိုင်တယ်။
ထို့နောက် ရထားလုံးသည် ဂိတ်တံခါးဝသို့ ရောက်ရှိလာသည်။ ထိုရထားလုံး၏နောက်တွင်လည်း မြင်းနှစ်ကောင် လိုက်ပါလာခဲ့၏။
မြင်းနှစ်ကောင်ကို စီးနင်းလိုက်ပါလာသူနှစ်ဦးထဲမှ တစ်ဦးမှာ အရမ်းကြီး ရုပ်ရည်မချောမောသော်ငြား ကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားသည့် လူငယ်တစ်ဦးဖြစ်သည်။ ထိုလူငယ်သည် အဖြူရောင် သူရဲကောင်းဝတ်စုံ၊ အမဲရောင်နှင့်ရွှေရောင် ရောစပ်ရက်လုပ်ထားသော ခေါင်းစည်း၊ ရွှေရောင်ပိုးသားဖိနပ်တို့ကို ဝတ်ဆင်ထားပြီး ခါးထက်တွင် ဓားရှည်တစ်ချောင်း ချိတ်ဆွဲထားကာ မြင်းဖြူထက်တွင် စီးနင်းလိုက်ပါလာသည်မှာ အလွန်တရာ ထင်ပေါ်ဝင့်ကြွားလွန်းလှသည်။
ချန်ကျဲ့ ကျိုးချူကို လှမ်းကြည့်လိုက်သည်။ ကျိုးချူမှ ပြော၏။
“ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင်လျိုရဲ့ သား လျိုစုန့်”
နောက်တစ်ဦးမှာ အလွန်တရာ ချောမောခန့်ညားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ ထိုလူသည် ယခုတွင် မြင်းပေါ်မှဆင်း၍ မြင်းဇက်ကြိုးကို ဆွဲနေသည်။
“သူက ချောင်ကုန်သည်အဖွဲ့ရဲ့ အဓိက ဗျူဟာမှူးပဲ။ အစောင့်အရှောက်ကြီး၁၃ဦး : တစ္ဆေလက်၊ စာပေပညာရှင်၊ မျက်နှာနီတို့ထဲက စာပေပညာရှင် ပိုင်မော့ရှန်း။ သူက ချောင်ကုန်သည်အဖွဲ့ထဲမှာ ဒုတိယမြောက် ဩဇာအရှိဆုံးသူပဲ”
ထိုအခါ ချန်ကျဲ့မှာ အံ့အားသင့်သွားရသည်။
ဒီနေ့စားသောက်ပွဲတော်က တကယ့်ကို ခမ်းနားကြီးကျယ်တာပဲ။ အစောင့်အရှောက်ကြီး၁၃ဦးထဲက ၅ဦးတက်ရောက်လာတယ်။
နန်ပါးထျန်း၊ လျိုလောင်ကွေ့၊ စာပေပညာရှင်၊ တံငါသည်၊ ‘လင်းယုန်၊ ကျား၊ ကျားသစ် သုံးဖော်’ထဲက လင်းယုန်။
ဤသည်မှာ ဂုဏ်ကြီးမားသည့်ပွဲတော်တစ်ခုဖြစ်ကြောင်း သံသယဝင်ဖွယ် မရှိပေ။
ထို့နောက်တွင် ရထားလုံး၏လိုက်ကာစများသည် ဘေးသို့ဆွဲဖယ်ခံလိုက်ရကာ မီးခိုးရောင်ချည်ကြမ်းအဝတ်များကို ဝတ်ဆင်ထားသည့် လူကြီးတစ်ဦး ဆင်းလာသည်။ ၎င်းချည်ကြမ်းအဝတ်ကို များသောအားဖြင့် အဆင့်နိမ့်ပါးသည့် အိမ်အစေခံများ ဝတ်လေ့ရှိကြပြီး အလွန်ရိုးရှင်းလွန်းသည်မှာ သူ၏အဆင့်အတန်းနှင့် စိုးစဉ်းသော်မျှ လိုက်ဖက်ကိုက်ညီမှု မရှိပေ။
သို့သော် လက်ချောင်းများတွင်တော့ မြောက်များစွာသော လက်စွပ်များကို ဆင်ယင်ထားသည်မှာ စူးရှတောက်ပနေတော့သည်။
ဆင်းရဲနွမ်းပါးမှုနှင့် ချမ်းသာကြွယ်ဝမှု၏ ကွဲပြားခြားနားခြင်းကို ပြတ်သားထင်ရှားစွာ သရုပ်ဖော်ပြနေခဲ့၏။
သို့သော် သူ၏ခန္ဓာကိုယ်ပေါ်၌ ဆင်ယင်ထားခြင်းမှာမူ လိုက်လျောညီထွေ ဖြစ်နေပေသည်။ ထိုလူမှာ ချောင်ကုန်သည်အဖွဲ့၏ခေါင်းဆောင်၊ အစောင့်အရှောက်ကြီး၁၃ဦးထဲမှ ဩဇာလွှမ်းမိုးမှုတွင် နန်ပါးထျန်းနှင့် ယှဉ်နိုင်သူဖြစ်သည့် လျိုလောင်ကွေ့ ဖြစ်သည်။
'အများနှင့်မတူ တစ်မူထူးသော’ဟူသည့် သူ၏အမည်ပြောင်ထဲမှ စာလုံးသည် ပေါ့ပေါ့လေး ပေးထားခဲ့ခြင်း မဟုတ်ပေ။
လျိုလောင်ကွေ့၏ ပုံပန်းသွင်ပြင်သည် အရမ်းကြီး တစ်မူထူးခြားနေသည်လည်း မဟုတ်ချေ။ အလွန်ဖြောင့်မတ်သော လူကြီးတစ်ယောက်ဖြစ်သည်။
လျိုလောင်ကွေ့သည် နန်ပါးထျန်းနှင့် ဖန်းရှစ်ကျုံးတို့ထက် အသက်ကြီးပုံရ၏။ အသက်၆၀ခန့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သို့သော် သူ၏ သားဖြစ်သူမှာမူ ၁၈နှစ်အောက်အရွယ် ဖြစ်ပုံရသည်။
ရထားလုံးပေါ်မှ ဆင်းလာပြီး အတော်လေး ဝေးကွာသေးသည့် နေရာမှပင် လျိုလောင်ကွေ့သည် ကျယ်လောင်စွာ ရယ်မောလေသည်။
“လောင်ဖုန်း ဟားဟားဟား…”
လျိုလောင်ကွေ့ကို မြင်သောအခါ ဖန်းရှစ်ကျုံးသည် နန်ပါးထျန်းသို့လှည့်၍ မေးလိုက်သည်။
“ခေါင်းဆောင်?”
နန်ပါးထျန်းသည် အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်လိုက်ရင်း ပြန်ပြောသည်။
“ဧည့်သည်တွေရောက်နေမှတော့ ဆရာတူအစ်ကိုအနေနဲ့ ကျင့်ဝတ်ထုံးတမ်းတွေကို ထိန်းသိမ်းရမှာပေါ့လေ”