ဩဇာအာဏာရှိသူများ စုဝေးခြင်း၊ ရွေ့ရွေ့ ပျောက်ဆုံးခြင်း_၃
Vol. 16 Ch. 214
ဖန်းရှစ်ကျုံးသည် ချက်ချင်းပင် လက်သီးယှက်အရိုအသေပြုလျက် နှုတ်ဆက်သည်။
“အစ်ကိုလျို၊ ဒီပွဲတော်က အစ်ကိုလျိုကိုပါ အလုပ်ရှုပ်စေမိမယ်လို့ ထင်မထားခဲ့ဘူးဗျာ”
“အာ လောင်ဖန်းရယ် မင်း မွေးစားသားခေါ်ယူတဲ့ အရေးကြီးပွဲတော်မျိုးကို ငါက ဘယ်လိုလုပ်ပြီး ကိုယ်တိုင်ကိုယ်ကျ လာမကြည့်ဘဲ နေပါ့မလဲ”
ထိုအခါ ဖန်းရှစ်ကျုံးမှ ပြောသည်။
“အစ်ကိုလျိုကို ကျေးဇူးတင်ပါတယ်”
“ကျင့်ဝတ်တွေစောင့်ထိန်းနေဖို့ မလိုပါဘူးကွာ။ အို ပါးထျန်းလည်း ရောက်နေတာပဲ”
လျိုလောင်ကွေ့သည် ရွှင်ပျစွာပြုံးလျက် အနီးသို့ လျှောက်သွားသည်။ နန်ပါးထျန်းလည်း ချက်ချင်း လက်သီးယှက်နှုတ်ဆက်သည်။
“ညီနောင်လျို”
“ညီနောင်နန်”
နှစ်ဦးသားသည် အချင်းချင်း နွေးထွေးပျူငှာစွာဖြင့် နှုတ်ဆက်ကြသည်မှာ ရန်လိုသည့်အငွေ့အသက် အလျဉ်းမရှိပေ။ ဤသည်မှာ စစ်မှန်သောခေါင်းဆောင်များ၏ အပြုအမူဖြစ်သည်။ သူတို့၏လက်အောက်ငယ်သားများသည် အသေအကြေ တိုက်ခိုက်နေကြလျှင်သော်မှ အနည်းဆုံးတော့ အခြေခံကျသည့် ကျင့်ဝတ်များကို စောင့်ထိန်းကြပေသည်။
သူတို့နှစ်ဦးသည် အပြန်အလှန် ပြုံးရယ်နှုတ်ဆက်ကြပြီးနောက် လျိုလောင်ကွေ့မှ ပြောသည်။
“ဟားဟား… လောင်ဖန်း၊ မင်းရဲ့ ကောင်းကင်ဘုံရဲ့ကောင်းချီးပေးခံရတဲ့ သားနှစ်ယောက်က ဘယ်မှာလဲ”
ထိုအခါ ဖန်းရှစ်ကျုံးမှ ပြောသည်။
“ကျိုစစ်၊ ကျိုးချူ… လာ ခေါင်းဆောင်လျိုကို နှုတ်ဆက်လိုက်ကြဦး”
ထိုအခါ ချန်ကျိုစစ်နှင့် ကျိုးချူတို့သည် ရှေ့ထွက်လာပြီး နှုတ်ဆက်သည်။
“ခေါင်းဆောင်လျို”
လျိုလောင်ကွေ့သည် လူငယ်နှစ်ဦးကို လှည့်ကြည့်လိုက်ပြီး ရယ်မောလေသည်။
“ကောင်းတယ်၊ အရမ်းကောင်းတာပဲ စုန့်အာရေ”
လျိုလောင်ကွေ့မှ အချက်ပေးလိုက်ရာ လူငယ်လျိုစုန့်သည် မြင်းပေါ်မှ ဆင်းလာပြီး ဖန်းရှစ်ကျုံးရှေ့သို့သွားရပ်၍ နှုတ်ဆက်သည်။ ထို့နောက် နန်ပါးထျန်းကို အရိုအသေပြုနှုတ်ဆက်ခဲ့ပြီးနောက် လျိုလောင်ကွေ့ဘေးသို့ အမြန်သွားရပ်သည်။
လျိုလောင်ကွေ့မှ ပြောသည်။
“မင်းကတော့ ငါအလိုလိုက်လွန်းလို့ တုံးအညံ့ဖျင်းပြီး လောကကြီးက ဘယ်လောက်ကျယ်ပြောမှန်း မသိတော့ဘူးပဲ။ ဒီလူငယ်သူရဲကောင်းနှစ်ယောက်ကို ကြည့်စမ်းပါဦး။ သူတို့နှစ်ယောက်က သာမန်လူငယ်လေးတွေအဖြစ်ကနေ ခန်းမအရှင်သခင်ဖန်းရဲ့ မျက်လုံးထဲ ပေါ်လွင်နိုင်ခဲ့ကြပြီး ကိုယ့်ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ခဲ့ကြတယ်။ မင်းကတော့ ငါက မင်းအဖေဖြစ်နေတာကြောင့်သာ မဟုတ်ခဲ့ရင် လမ်းပေါ်မှာ တောင်းစားနေရလောက်မှာပဲ။ သူတို့တွေက သူတို့ရဲ့တက်လမ်းအတွက် ကိုယ့်ခြေကိုယ့်လက်နဲ့ ထိုးဖောက်ခဲ့ကြတဲ့သူတွေပဲ။ မင်း သူတို့ဆီက သင်ယူစမ်း!”
လူငယ်လေး၏ မျက်နှာမှာ အထင်မြင်သေးသည့် သဘောထားဖြစ်နေစဉ် ချန်ကျဲ့မှာတော့ နေမထိထိုင်မသာ ခံစားနေရပေသည်။
ဒီခေါင်းဆောင်လျိုလောင်ကွေ့က ဒီစကားတွေပြောနေတာ ဒါက ငါတို့အပေါ် မဖြစ်မနေကြီး ရန်ငြိုးအာဃာတတွေ ဖြစ်တည်လာအောင် လုပ်နေတာမဟုတ်ဘူးလား။
ထိုသို့တွေးမိရာ ချန်ကျဲ့ ပြောလိုက်သည်။
“ခေါင်းဆောင်လျို မြှောက်ပင့်လွန်းနေပါပြီ။ ကျွန်တော် မွေးစားအဖေရဲ့ ရွေးချယ်ခံရတာက လုံးလုံးလျားလျား ကံကောင်းမှုကြောင့်ပါပဲ။ ဒီလိုမျိုး ကျွန်တော်နဲ့ ကျော်ကြားခံ့ညားလှတဲ့ သခင်လေးလျိုနဲ့ နှိုင်းယှဉ်လိုက်တာက ရယ်စရာဖြစ်နေမှာ စိုးရပါတယ်”
သို့သော် လျိုစုန့်မှ မျက်နှာသာမပေးဘဲ ချက်ချင်း ဤသို့ပြောလာလိမ့်မည်ဟု မည်သူထင်ပါအံ့နည်း။
“ချန်ကျိုစစ် မင်းကိုယ်မင်း နှိမ့်ချပြမနေနဲ့။ မင်းက ရှန်းထောင်မြို့ ချောင်ကုန်သည်အဖွဲ့ရဲ့ ဦးစီးမှူးကို လက်ဖဝါးနှစ်ချက်နဲ့ သတ်ခဲ့တဲ့တစ်ယောက်ဆိုတာ ငါသိတယ် ဟုတ်တယ်မလား”
ချန်ကျဲ့မှာ မျက်နှာအမူအရာ တောင့်ခဲသွားရ၏။
ဒါက ရန်ငြိုးနဲ့ဖိနှိပ်ခြင်း အစတော့ မဟုတ်ပါဘူးနော်!
ချန်ကျဲ့လည်း အမြန်စဉ်းစားရင်း အတင်းလုပ်ယူကာ ရယ်မောပြောဆိုလိုက်ရသည်။
“ဟားဟား ပြိုင်ပွဲထဲမှာက ထိန်းချုပ်ဖို့ရာ တကယ်ခက်ခဲတာပါဗျာ”
“ရှင်းပြဖို့ မလိုပါဘူး။ ငါမင်းကို ကိုယ်ရေးကိုယ်တာအရ လက်တုံ့ပြန်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါကိုတော့ မှတ်ထားပါ ချန်ကျိုစစ်၊ ချောင်ကုန်သည်အဖွဲ့သားတွေက အလွယ်တကူ သတ်လို့ရတဲ့သူတွေ မဟုတ်ဘူး!”
“အာ ဒီမသိတတ်တဲ့သားကတော့ မင်း ဘာပေါက်ကရတွေ ပြောနေတာလဲ! သိုင်းလောကကိစ္စရပ်တွေကို မင်းက သိမ်ဖျင်းတဲ့ရန်ပွဲတစ်ပွဲလို ပြောလိုက်တာပဲ။ ရိုင်းပျလိုက်တာ နောက်ဆုတ်စမ်း!”
လျိုစုန့်သည် မကျေမချမ်းဖြစ်နေဆဲပင်။ သို့သော် လျိုလောင်ကွေ့မှ ချန်ကျဲ့ကို ပြောသည်။
“ငါ့သားက ငယ်ငယ်လေးကတည်းက လောကကြီးကို များများစားစား မမြင်တွေ့ခဲ့ဖူးတာမို့လို့ ကျေးဇူးပြုပြီး နားလည်ပေးပါ။ ဒီကိုလာပါဦး”
ထိုသို့ပြောလျက် လျိုလောင်ကွေ့သည် သူ၏လက်မမှ ရွှေလက်စွပ်တစ်ကွင်းကို ချွတ်လိုက်ပြီး ချန်ကျဲ့လက်ထဲသို့ ထည့်ပေးကာ ပြောသည်။
“ဒါကို ငါ့ရဲ့နှုတ်ဆက်လက်ဆောင်အဖြစ် ယူလိုက် ဟားဟား…”
ချန်ကျဲ့မှာ လျိုလောင်ကွေ့ပေးသည့် လက်စွပ်ကိုကိုင်လျက် မျက်နှာအမူအရာမှာ မသက်မသာဖြစ်နေတော့သည်။
ဒါက ဘယ်လိုအလေ့အကျင့်ကြီးလဲ။ ဆုံတွေ့မှုအထိမ်းအမှတ်အတွက် လက်စွပ်တစ်ကွင်းပေးလိုက်တယ်။ ပြီးတော့လည်း လက်စွပ်က ပေါ့ပေါ့လေး မဟုတ်ဘူး။ ငွေတုံး၄၊၅တုံး အလေးချိန်လောက်ရှိမယ်။
ထို့နောက် လျိုလောင်ကွေ့သည် ကျိုးချူသို့လှည့်၍ ပြောသည်။
“အာ မင်းကို မေ့သွားတော့မလို့။ ရော့ ဒါကိုယူလိုက်!”
ထိုသို့ပြောလျက် လျိုလောင်ကွေ့သည် သူ၏လက်သန်းမှ လက်စွပ်အသေးတစ်ကွင်းကို ချွတ်လိုက်ပြီး ကျိုးချူကို ပေးသည်။
ကျိုးချူမှ ခေါင်းမော့ကြည့်လိုက်သောအခါ လျိုလောင်ကွေ့ထံမှ ထူးဆန်းသည့်အသံ ထွက်ပေါ်လာ၏။
“အိုး အမလေး နေပါဦး မင်းရဲ့မျက်လုံးတွေက?”
ကျိုးချူမှာ ငိုချပစ်လိုက်ချင်တော့သည်။
ဘာလို့ လူတိုင်းက ငါ့မျက်လုံးအကြောင်းကို မေးနေကြတာလဲ။ ငါတကယ်ကြီး ကျွန်တော့်ဇနီးက ရိုက်လိုက်တာပါလို့ ဖြေလိုက်သင့်တာလား။
သို့သော် သူ့မှာ ဤသို့သာ ပြောရဲပါ၏။
“မွေးရာပါ,ပါ မွေးရာပါ,ပါ”
“အဲဒီတော့ လူတစ်ယောက်က အဲဒီလိုမျိုးနဲ့ မွေးလာနိုင်တယ်ပေါ့လေ။ အဲဒါနဲ့ တူတာလေ… အဲဒါက…”
“မျက်လုံးမဲဝက်ဝံပါ”
ချန်ကျဲ့ ဘေးမှ ထက်သန်ပြင်းပြစွာ သတိပေးလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်။ မျက်လုံးမဲဝက်ဝံနဲ့ တူတာ။ တကယ့်ကို အတော်လေး ဆင်တူတာပဲ!”
“လေးစားရပါတဲ့ ခေါင်းဆောင်လျိုခင်ဗျ။ ကျွန်တော်တို့ကုန်သည်အဖွဲ့ခေါင်းဆောင်နန်က ခုနလေးကပဲ သူ့ကို မျက်လုံးမဲဝက်ဝံဆိုပြီး အမည်ပေးခဲ့တာပါ”
ထိုအခါ လျိုလောင်ကွေ့သည် တခစ်ခစ်ရယ်မောလေသည်။
“ညီနောင်နန်က ခေါင်းဆောင်တစ်ဦးအဖြစ် သင့်တော်လိုက်ဖက်တာ မထူးဆန်းတော့ပါဘူး။ အမည်ပြောင်ပေးတာတောင် တီထွင်ဖန်တီးနိုင်စွမ်း ကောင်းလှတယ်။ ကျုပ် မယှဉ်နိုင်ပါဘူး!”
ကျိုးချူသည် “ကျေးဇူးအများကြီးတင်ပါတယ်”ဟု အဓိပ္ပာယ်ဆောင်သည့် မျက်နှာအမူအရာကို ဆင်မြန်းထား၏။
ငါ့ရဲ့ ဒီအမည်ပြောင်က ဒီနေ့ကစပြီး မျန့်ရွှေစီရင်စုတစ်ခုလုံးမှာ ကျော်ကြားသွားတော့မှာပဲ!
“ခေါင်းဆောင်နှစ်ဦးခင်ဗျ။ အထဲမှာ စားသောက်ပွဲတော် ပြင်ဆင်ထားပြီးပါပြီ။ ကျေးဇူးပြုပြီး အထဲမှာ နေရာယူပေးကြပါ”
“အို ကောင်းပြီ ကောင်းပြီ”
လျိုလောင်ကွေ့မှ ပြောသည်။ ထို့နောက် နန်ပါးထျန်းရှေ့သို့ လျှောက်လာပြီး ပြော၏။
“ညီနောင်ပါးထျန်း မင်း ရှေ့က သွားပါ”
“ညီနောင်လျိုက ကျုပ်ထက် အကြီးပါ။ ကျေးဇူးပြုပြီး ညီနောင်လျို ရှေ့က သွားပါ”
“မင်းရဲ့အဆင့်က ငါ့အထက်မှာလေ။ မင်း ရှေ့က သွားလိုက်ပါ”
“ညီနောင်လျိုက ကျုပ်ထက် ဝါရင့်သူပါ။ ကျေးဇူးပြုပြီး ရှေ့က သွားလိုက်ပါ”
“ဟေး ယဉ်ကျေးပျူငှာနေတာတွေ ရပ်လိုက်တော့။ ဒီတံခါးက ကျယ်ပါတယ်။ ငါတို့အတူတူ ဝင်ကြတာပေါ့”
“ကြွပါ”
သူတို့နှစ်ဦးသား အပြန်အလှန် စကားစမြည်ပြောဆိုနေကြပုံမှာ အသေအကြေ တိုက်ခိုက်ပြိုင်ဆိုင်နေကြသည့် ပြိုင်ဘက်ကုန်သည်အဖွဲ့နှစ်ဖွဲ့နှင့် လုံးဝ မတူပေ။ အလွန်တရာ လိုက်လျောညီထွေဖြစ်လှစွာသော မြင်ကွင်းအဖြစ်သာ မြင်တွေ့ရပေသည်။
တကယ်တမ်းတွင် ဤသည်မှာ ပုံမှန်သာ ဖြစ်ပါ၏။ ခေါင်းဆောင်တစ်ဦးသည် ခေါင်းဆောင်တစ်ဦး၏ အရှိန်အဝါရှိရပေမည်။
သာမန်လူများကဲ့သို့ ကတောက်ကဆဖြစ်နေ၍ မဖြစ်ပေ။
ခေါင်းဆောင်တစ်ဦး၏ ပြင်းထန်သော အမျက်ဒေါသသည် မျန့်ရွှေစီရင်စုအား ပြင်းထန်လှစွာသော ငလျင်ကပ်ဘေးကြီး ဖြစ်ပေါ်စေနိုင်သည်။ ထိုသို့အမျက်ဒေါသကို ငြိမ်သက်စေနိုင်သည့်အရာမှာ လူ့အသက်များသာလျှင် ဖြစ်ပေလိမ့်မည်။
ခေါင်းဆောင်နှစ်ဦး ကျားဖြူခန်းမ၏ ပင်မခန်းမသို့ ဝင်ရောက်ပြီးနောက် အခြားသူများသည်လည်း မိမိတို့၏နေရာအသီးသီးကို အလှည့်ကျ ရှာဖွေနေရာယူကြသည်။ အနည်းငယ်မျှ စောင့်ဆိုင်းပြီးနောက် နောက်ထပ် သတိပြုရလောက်မည့် ဧည့်သည်များ ထပ်မံရောက်လာမည့် အရိပ်အယောင် မရှိတော့သည့်အချိန်မှ ဖန်းရှစ်ကျုံးသည် ဖုန်းရွှမ်ကို ကြည့်လိုက်သည်။
ဖုန်းရွှမ်မှ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“လူကြီးမင်းအပေါင်းတို့ စားသောက်ပွဲတော်ကြီး တရားဝင် စတင်ပါပြီ”
ထိုအခါ လူအားလုံးသည် ပင်မခန်းမတွင် စုဝေး၍ စူးစမ်းကြသည်။ နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့သည် ဘေးချင်းယှဉ်ထိုင်ကြ၏။
ဖန်းရှစ်ကျုံးသည် ဂုဏ်သရေရှိလူကြီးမင်းများနေရာတွင် နေရာယူထားပြီး သူ၏ဘေးတွင် ဖုန်းရွှမ်ကို နေရာယူစေသည်။ ဖုန်းရွှမ်မှ စတင်၏။
“သားမွေးစားခြင်းအခမ်းအနား အခုပဲ စတင်ပါပြီ”
“ကျေးဇူးပြုပြီး မွေးစားသားနှစ်ယောက်စလုံး ရှေ့ထွက်လာပေးပါ”
ချန်ကျဲ့နှင့် ကျိုးချူတို့ ရှေ့ထွက်ခဲ့ကြသည်။ ဖုန်းရွှမ်မှ ဆက်ပြောသည်။
“အရှင်သခင်ကို ဂါရဝပြုပါ”
သူတို့နှစ်ဦး ဒူးထောက်လိုက်ကြသည်။ ဖုန်းရွှမ်မှ ဆက်ပြောသည်။
“အမွှေးနံ့သာ ထွန်းညှိပူဇော်ပြီး ဘိုးဘေးတွေကို ကြေညာမယ်”
ချက်ချင်းပင် အမည်နာမများ အပြည့်ရေးသားထားသည့် စာလိပ်တစ်လိပ်ကို သယ်ဆောင်လာပြီး ၎င်းစာလိပ်ကို ရက်မတွင် ချိတ်ဆွဲလိုက်သည်။ ထို့နောက် ချန်ကျဲ့နှင့် ကျိုးချူသည် အမွှေးတိုင်သုံးချောင်းကိုယူကာ ပေါင်ခံခွက်ထဲသို့ ထိုးစိုက်ထည့်လိုက်သည်။
ဤသည်မှာ ဘိုးဘေးများကို အမွှေးနံ့သာပူဇော်ခြင်း ဖြစ်သည်။
အမွှေးတိုင်များကို နေရာချထားပြီးနောက် ဖုန်းရွှမ်မှ ဆက်ပြောသည်။
“မွေးစားအဖေကို လက်ဖက်ရည်ဆက်သပါ”