ဩဇာအာဏာရှိသူများ စုဝေးခြင်း၊ ရွေ့ရွေ့ ပျောက်ဆုံးခြင်း_၄
Vol. 16 Ch. 215
ချန်ကျဲ့နှင့် ကျိုးချူတို့သည် ဖန်းရှစ်ကျုံးကို အတူတကွ လက်ဖက်ရည်ဆက်သ အရိုအသေပြုလိုက်ကြသည်။ ဖန်းရှစ်ကျုံးသည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးနောက် သူတို့နှစ်ဦး၏ နောက်ကျောကို နှစ်ကြိမ်စီ ခပ်ဖွဖွပုတ်သည်။ ၎င်းသည် အကြီးဖြစ်သူမှ သူတို့အတွက် အေးချမ်းစေရန်နှင့် ကျန်းမာရေးကောင်းမွန်စေရန်အတွက် ကောင်းချီးပေးခြင်းဖြစ်သည်။
ဤအခမ်းအနားကို ပြီးပြည့်စုံစေပြီးနောက်၌ ဖန်းရှစ်ကျုံးသည် ငါးဖမ်းကုန်သည်အဖွဲ့၏ အကြံပေးပုဂ္ဂိုလ် ထန်ဇီယွဲ့သို့လှည့်၍ ပြောသည်။
“ကျေးဇူးပြုပြီး လူကြီးမင်းထန်က စုတ်တံကိုင်ဆောင်ပေးပါဦး”
ထန်ဇီယွဲ့မှ ခေါင်းညိတ်သည်။ သူသည် ဤဖြစ်စဉ်တစ်ခုလုံးနှင့် ရင်းနှီးကျွမ်းဝင်လှစွာ စာလိပ်အနီးသို့ ချဉ်းကပ်သွား၏။
ထိုစာလိပ်သည် ဖန်းမိသားစု၏ အိမ်ထောင်စုဇယားဖြစ်သည်။ ဖန်းမျိုးရိုးများကို မှတ်တမ်းတင်ထားပြီး မွေးစားသားများကိုလည်း အိမ်ထောင်ဇယားထဲသို့ ထည့်သွင်းရေးသားကြသည်။ အကြောင်းမှာ သူ၏မွေးစားသားများအနေဖြင့် ဖန်းရှစ်ကျုံးထံမှ တရားဝင် အမွေဆက်ခံခွင့်ရှိစေရန် ဖြစ်သည်။
မကြာမီ၌ ထန်ဇီယွဲ့သည် ချန်ကျဲ့နှင့် ကျိုးချူတို့နှစ်ဦးကို အိမ်ထောင်စုဇယားတွင် ထည့်သွင်းပြီးသွားသည်။
သို့ဖြစ်ရာ အခမ်းအနားပြီးမြောက်ပြီဟု သတ်မှတ်နိုင်ပေသည်။
ဤအချိန်တွင် သာမန်လူနှစ်ဦးသည် ဖန်းရှစ်ကျုံး၏ မွေးစားသားများဖြစ်လာကြပြီး အားလုံး၏ အသိအမှတ်ပြုခြင်းကို ခံရလေသည်။
ဤသည်မှာ သက်သေခံချက်ဖြစ်ရာ မှောင်ခိုဈေးမှ ချန်ကျဲ့ကို နောက်တစ်ကြိမ် လုပ်ကြံသူစေလွှတ်ရဲပါက ၎င်းသည် ဖန်းရှစ်ကျုံးအား ပြောင်ပြောင်တင်းတင်း စစ်ကြေညာလိုက်ခြင်းသာ ဖြစ်လိမ့်မည်။
ဤအခမ်းအနားမှာ အဆင့်အတန်းကို ကိုယ်စားပြုသည့် အမှတ်သင်္ကေတဖြစ်သည်။
အခမ်းအနားပြီးမြောက်ကြောင်း ကြေညာချက် မြည်ဟီးသွားပြီးနောက်၌
အပြင်ဘက်မှ မီးရှူးမီးပန်းသံများ ထွက်ပေါ်လာသည်။ သို့ဖြင့် စားသောက်ပွဲတော်ကြီး စတင်လေပြီ။
အစောင့်အရှောက်ကြီး၁၃ဦး၏ နန်ပါးထျန်းနှင့် လျိုလောင်ကွေ့ကဲ့သို့ ပုဂ္ဂိုလ်များသည် အဓိကစားပွဲတွင် နေရာယူကြသည်။
ချန်ကျဲ့နှင့် ကျိုးချူတို့သည် အဓိကစားပွဲနှင့် အနီးကပ်ဆုံးဖြစ်သော မွေးစားသားများ၏စားပွဲတွင် နေရာယူကြရသည်။
ထိုအချိန်တွင် ချန်ကျဲ့နှင့်အခြားသူများသည် ညစာသုံးဆောင်နေဟန် မြင်ရသော်ငြား တကယ်တမ်းတွင် အဓိကစားပွဲ၏ ပြောစကားများကို နားစွင့်နေကြခြင်း ဖြစ်သည်။
သူတို့သည် လျိုလောင်ကွေ့၏ ပြောစကားကို ကြားလိုက်ရသည်။
“ညီနောင်ပါးထျန်း မင်း အဲဒီနန်ရေကန်က ဆားနယ်မြေအငြင်းပွားမှုကို ဘယ်လိုလုပ်မယ် စီစဉ်ထားလဲ”
နန်ပါးထျန်းမှ ပြန်ပြောသည်။
“ညီနောင်လျိုကရော ဘယ်လိုစီစဉ်ထားလဲဗျ”
လျိုလောင်ကွေ့မှ ပြန်ပြောသည်။
“ငါတို့နှစ်ယောက်စလုံးမှာ မျန့်ရွှေရဲ့ ပုဂ္ဂလိကပိုင် ဆားနယ်မြေရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ပိုက်နက်ရရှိပြီးသားပဲ။ ကျန်တဲ့ လေးဆယ်ရာခိုင်နှုန်းကို အထက်က ပိုင်ဆိုင်တယ်။ ဒါပေမဲ့ အဲဒီအဖွဲ့တွေက နန်ရေကန်ရဲ့ ဆားနယ်မြေကို ဆုပ်ကိုင်မယ်ဆိုရင် ငါတို့ရရှိတဲ့ အကျိုးအမြတ်ရဲ့ အနည်းဆုံး ဆယ်ရာခိုင်နှုန်းကို လျော့ကျစေလိမ့်မယ်။ ငါတို့ အဲဒီလို ကြီးမားတဲ့ အကျိုးအမြတ်ကြီးကို လွဲချော်ခွင့်မပြုနိုင်ဘူး”
နန်ပါးထျန်းမှ မေးသည်။
“ဒါဆို ညီနောင်လျို ဘယ်လိုအကြံပြုချင်လဲ”
“နန်ရေကန်ကို ငါတို့ပိုင်ဆိုင်သင့်တယ်။ ငါတို့တွေ အင်အားပူးပေါင်းပြီး အကျိုးအမြတ်ကို ခွဲဝေယူကြမလား”
ထိုအခါ နန်ပါးထျန်းမှ ပြောသည်။
“ဟက် ဒါပေမဲ့ အဲဒီသူဖုန်းစားအိုကြီး သဘောတူလိမ့်မယ် မထင်ဘူး”
လျိုလောင်ကွေ့သည် နန်ပါးထျန်းကို ကြည့်လျက် ပြောသည်။
“အဲဒီသူဖုန်းစားကောင်က ငါတို့နှစ်ဖွဲ့ရဲ့ မဟာမိတ်အင်အားကို ဘာလုပ်နိုင်မှာတဲ့လဲ”
နန်ပါးထျန်းမှ ပြန်ပြောသည်။
“ညီနောင်လျို ကျုပ်တို့က မျန့်ရွှေမှာ လွှမ်းမိုးထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုပေမဲ့ အဲဒီသူဖုန်းစားအိုကြီးကို လျှော့မတွက်သင့်ဘူး။ သူ့နောက်မှာ သူဖုန်းစားဂိုဏ်းရှိနေတယ်”
သူဖုန်းစားဂိုဏ်းဟူသည့်အမည်ကို ကြားလိုက်သည်တွင် လျိုလောင်ကွေ့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။
“ဒါပေမဲ့ ငါတို့သူ့ကို ကြောက်ဖို့မလိုဘူး။ ငါတို့နောက်မှာက တော်ဝင်တရားရုံးတော်ရှိတယ်”
နန်ပါးထျန်းမှ ပြောသည်။
“ဒီကိစ္စက ဂရုတစိုက် ဆင်ခြင်ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်”
လျိုလောင်ကွေ့လည်း မျက်မှောင်ကြုတ်လိုက်သည်။
ထိုစကားများကို ကြားရသည်တွင် ချန်ကျဲ့ ဖုန်းရွှမ်သို့လှည့်၍ မေးလိုက်သည်။
“နန်ရေကန်က ဘယ်လိုအခြေအနေမျိုးလဲဗျ”
သူ၏ထိုအမေးကို အစ်ကို၄ တန်းကွမ်းမင်မှ ပြန်ပြောသည်။
“အို နန်ရေကန်က အရင်က ရေသေကန်တစ်ကန် ဖြစ်ခဲ့တာလေ။ နောက်ကျ လူတစ်ယောက်က အဲဒီကန်ရဲ့ရေတွေက ဆားထုတ်လုပ်လို့ရမှန်း ရှာဖွေတွေ့ရှိခဲ့ပြီး ထွက်နှုန်း အတော်များတယ်။ အဲဒီရေကန်ကို အစက သူဖုန်းစားဂိုဏ်းက ထိန်းချုပ်ထားတာ။ ဒါပေမဲ့ ဒီပုဂ္ဂလိက ဆားကုန်သွယ်မှုက ငါတို့နဲ့ ချောင်ကုန်သည်အဖွဲ့ နှစ်ခုစလုံးအတွက် အသားပြည့်ဝိုင်းတဲ့ သားကောင်ပဲ။ တခြားသူတွေကို ပါဝင်လုပ်ဆောင်ခွင့်မပေးနိုင်ဘူးလေ”
ထိုအခါ ချန်ကျဲ့မှ မေးသည်။
“အဲဒီလူက အစောင့်အရှောက်ကြီး၁၃ဦးထဲက သူဖုန်းစားလား”
တန်းကွမ်းမင်မှ ပြောသည်။
“သူမဟုတ်လို့ ဘယ်သူဖြစ်နိုင်မှာလဲ။ အဲဒီလူအိုကြီးက အင်အားနည်းနည်းတော့ ရှိတယ်။ ငါတို့မွေးစားအဖေကိုတောင် ပမာဏတစ်ခုအထိ ဖိနှိပ်ထားနိုင်တယ်။ သူ့အဆင့်က ကုန်သည်ခေါင်းဆောင်နှစ်ယောက်ရဲ့ အဆင့်နီးပါးပဲ”
“ပိုပြီးအံ့ဩဖို့ကောင်းတာက အဲဒီလူရဲ့ သူဖုန်းစားဂိုဏ်းရဲ့ မျိုးဆက်၆ဆက်မြောက် တပည့်တစ်ဦးအဖြစ် သရုပ်မှန်အရ သူ့ကို အပြစ်ပြုလိုက်ရင် သူဖုန်းစားဂိုဏ်းကို အမျက်ရှစေလိမ့်မယ်။ အတော်လေးကိုမှ ဒုက္ခများရတဲ့ပြဿနာပဲ”
“သူဖုန်းစားဂိုဏ်း!”
ချန်ကျဲ့ ရေရွတ်လိုက်သည်။ ထို့နောက် ဖုန်းရွှမ်မှ ဖြည့်စွက်ပြောသည်။
“သူဖုန်းစားဂိုဏ်းက တကယ့်ကိုပဲ အင်အားကြီးတယ်။ သူတို့ရဲ့အင်အားက အခုအချိန်မှာ စုန့်မင်းဆက်ခေတ်ကလို အင်အားမျိုး အပြည့်အဝ မရှိတော့ပေမဲ့ တိုင်းပြည်မှာ အကြီးမားဆုံးဂိုဏ်းဖြစ်တာကြောင့် ဂိုဏ်းတွင်းပဋိပက္ခတွေနဲ့ နှစ်ပေါင်းများစွာတိုင် ဂိုဏ်းက အစိတ်စိတ်အမွှာမွှာ ကွဲနေကြတုန်းပဲ။ ဒါပေမဲ့ ပိန်လှီနေတဲ့ ကုလားအုတ်ဖြစ်လည်း မြင်းထက်တော့ ကြီးမားတယ်လေ။ သူတို့က အလွယ်တကူ သွားရှုပ်သင့်တဲ့သူတွေ မဟုတ်ဘူး”
ချန်ကျဲ့ မေးလိုက်သည်။
“စုန့်မင်းဆက်က သူဖုန်းစားဂိုဏ်းလား”
ဖုန်းရွှမ်မှ အတည်ပြုပြောသည်။
“ဟုတ်တယ် စုန့်မင်းဆက်ရဲ့ သူဖုန်းစားဂိုဏ်းက သူရဲကောင်းသုံးယောက်ကို မွေးထုတ်ပေးခဲ့တယ်။ ဂိုဏ်းခေါင်းဆောင်ချောင်နဲ့ ဂိုဏ်းခေါင်းဆောင်ဟုန်၊ ပြီးတော့ အော်မေ့ဂိုဏ်းရဲ့ တည်ထောင်သူရဲ့ မိခင်ဖြစ်တဲ့ ဂိုဏ်းခေါင်းဆောင်ဟွမ်တို့ပဲ”
(ခေါင်းဆောင်ချောင်က နဂါးနိုင်လက်ဝါးသိုင်းချောင်ဖုန်းတဖြစ်လဲ ရှောင်ဖုန်းပါ။ ဂိုဏ်းခေါင်းဆောင်ဟွမ်ကတော့ ကော်ကျင့်ရဲ့ ချစ်ဇနီး၊ မက်မွန်ကျွန်းသခင် ဆေးဆရာမိစ္ဆာကြီး ဟွမ်လောင်ရှီရဲ့ သမီး ဟွမ်ရုံကိုပြောတာပါ။ သူတို့အကြောင်းကို အသေးစိတ်သိချင်ရင်တော့ “မက်မွန်မြေက ချစ်တေးတစ်ပုဒ်” နဲ့ “တိမ်လွှာနဂါးသူရဲကောင်းများ” ရုပ်ရှင်တွေမှာ ရှုစားနိုင်ပါတယ်)
“သူတို့အားလုံးက ကျော်ကြားတဲ့ပုဂ္ဂိုလ်ကြီးတွေပဲ။ ဒါပေမဲ့ အခု သူဖုန်းစားဂိုဏ်းက အပိုင်းပိုင်းကွဲနေပြီ။ သူတို့ရဲ့ ထူးခြားပြောင်မြောက်လှတဲ့ သိုင်းပညာတွေကလည်း လုံးဝ ပျောက်ကွယ်လုနီးပါးပဲ။ ပြီးတော့လည်း ဂိုဏ်းက ယုတ်လျော့လာနေပြီ”
“ဒါပေမဲ့ အခုလို ယုတ်လျော့နေတဲ့အချိန် ဖြစ်တာတောင်မှ သူတို့ဂိုဏ်းက တခြားဂိုဏ်းအဖွဲ့အသေးလေးတွေထက်တော့ အများကြီး အင်အားကြီးနေတုန်းပဲ”
ထိုရှင်းပြချက်များတွင် ချန်ကျဲ့ အံ့အားသင့်မိသွားရသည်။
လောကကြီးက တကယ်ကို ကျယ်ပြောတာပဲ။ ငါကတော့ အရမ်းအားနည်းနေသေးတယ်။
ထို့နောက် ချန်ကျဲ့မှ ထပ်မံမေးမြန်းသည်။
“အဲဒါဆို နန်ရေကန်ကို ဘယ်လိုလုပ်မလဲ”
ဖုန်းရွှမ်မှ ပြောသည်။
“အဲဒါက အထက်လူကြီးတွေ စိုးရိမ်ပူပန်ရမယ့်အရာပဲ၊ ငါတို့နဲ့ ဘာဆိုင်လို့လဲ။ ပြီးတော့ ညီငယ်၆ ငါတို့က အများကြီး စိုးရိမ်ဖို့မလိုဘူး။ သူဖုန်းစားဂိုဏ်းက ငါတို့စိတ်ကူးထားသလောက် အင်အားမကြီးဘူး။ ပြီးတော့ ငါတို့က တော်ဝင်တရားရုံးတော်ရဲ့ အထောက်အပံ့နဲ့မို့လို့ သူတို့လည်း ငါတို့အပေါ် အရမ်းမကျူးလွန်ရဲဘူး”
“သူတို့ဘက်က သိုင်းပညာရှင်တွေ စေလွှတ်မယ်ဆိုရင် ငါတို့မှာလည်း ငါတို့ရဲ့သိုင်းပညာရှင်တွေ ရှိတယ်။ အဲဒါကြောင့် ဒီနန်ရေကန်ကိစ္စက လွန်ဆွဲပြီးအားပြိုင်ခြင်းအဖြစ်နဲ့ပဲ အဆုံးသတ်သွားဖို့ များတယ်”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကျွန်တော် နားလည်ပါပြီ”
ထိုစဉ် တစ်ဖက်စားပွဲဝိုင်းမှ နန်ပါးထျန်း၏ ပြောစကားကို ကြားလိုက်ရ၏။
“ကျုပ်တော့ ဒီလိုမြင်တယ်။ ခန်းမအရှင်သခင်တွေကို အရင်လှုပ်ရှားခိုင်းပြီး သူဖုန်းစားကြီးရဲ့ ရည်ရွယ်ချက်ကို အာရုံခံကြည့်မယ်”
ထိုအခါ လျိုလောင်ကွေ့မှ ပြောသည်။
“ခန်းမအရှင်သခင်တွေကို စေလွှတ်မှာလား။ အဲဒါ အလုပ်ဖြစ်လောက်တယ်။ ဒီလိုဆို ငါလည်း ဒါကို ချင်းဖုန်းဆီ အပ်နှံထားလိုက်မယ်”
“အဖေ ကျွန်တော်လည်း သွားချင်တယ်”
လျိုစုန့်မှ ပြောလာရာ လျိုလောင်ကွေ့ မျက်မှောင်ကြုတ်သွား၏။ နန်ပါးထျန်းမှ ရယ်မောလျက် ပြောသည်။
“အာ ကောင်းတာပေါ့။ တူလေးလျိုက တကယ့်ကို လူငယ်သူရဲကောင်းလေးပါပဲလား”
ထို့နောက် နန်ပါးထျန်းမှ ဆက်ပြောသည်။
“ဆရာတူအစ်ကို ခေါင်းဆောင်လျိုက ဒီကိစ္စကို ကိုင်တွယ်ဖို့အတွက် ခန်းမအရှင်သခင်ကုချင်းဖုန်းကို တာဝန်ပေးအပ်ခဲ့မှာဆိုတော့ ကျုပ်လည်း ငါးဖမ်းကုန်သည်အဖွဲ့အတွက် တာဝန်တွေကို ဆရာတူအစ်ကိုကို ပေးအပ်ခဲ့ပါမယ်။ ဆရာတူအစ်ကိုက ခန်းမအရှင်သခင်ကုနဲ့ အကြိမ်ရေမနည်း ဆုံတွေ့ဖူးတယ်ဆိုတော့ နှစ်ယောက်က အတူတူ ကောင်းကောင်းလုပ်ဆောင်နိုင်လောက်မှာပါ”
ထိုစကားတွင် ဖန်းရှစ်ကျုံး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူဖုန်းစားဂိုဏ်းသည် လွယ်ကူသည့်ပြိုင်ဘက် မဟုတ်ပေ။
သို့သော် ခေါင်းဆောင်မှ ဆုံးဖြတ်ချက်ချပြီးဖြစ်ရာ ဖန်းရှစ်ကျုံးလည်း မငြင်းနိုင်ပေ။
“ဟုတ်ကဲ့ပါ၊ အကောင်းဆုံးကြိုးစားပါ့မယ်”
နန်ပါးထျန်းမှ ပြုံးလိုက်ပြီး ပြောသည်။
“ကောင်းတယ် အရမ်းကောင်းတယ်။ ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်တာပေါ့။ ဆရာတူအစ်ကိုက ဦးဆောင်လုပ်ကိုင်မှာဆိုတော့ အောင်မြင်ဖို့က သေချာပေါက်ပါပဲ။ ခန်းမအရှင်သခင်ကုကလည်း ချောင်ကုန်သည်အဖွဲ့ရဲ့ ထောက်တိုင်ပဲ။ ခန်းမအရှင်သခင်တို့နှစ်ယောက် ပူးပေါင်းဆောင်ရွက်မှတော့ နန်ရေကန်က သေချာပေါက် ကျုပ်တို့အပိုင် ဖြစ်လာမှာပါ”