ဩဇာအာဏာရှိသူများ စုဝေးခြင်း၊ ရွေ့ရွေ့ ပျောက်ဆုံးခြင်း_၆
Vol. 16 Ch. 217
ထိုစကားတွင် ချန်ကျဲ့မှ ပြောသည်။
“အဲဒီလောက်တောင် ဆိုးတာလား”
ကျိုးချူမှ ခါးသီးစွာ ပြုံးလိုက်ပြီး ပြန်ပြောသည်။
“အရမ်းဆိုးတာ ညီနောင်ရ၊ ငါ့ကိုကူညီစမ်းပါကွာ။ မင်းလည်း မင်းရဲ့ညီနောင်ကို ပထမဆုံးနေ့ကြီးမှာ မျက်နှာမပျက်စေချင်ဘူး မဟုတ်လား”
ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီ။ သိုင်းလောကရဲ့ ကျော်ကြားတဲ့သူရဲကောင်းကြီး မျက်လုံးမဲဝက်ဝံက တောင်းဆိုတာဆိုမှတော့ မင်းကို တစ်နပ်လောက် ဝယ်ကျွေးလိုက်ရတာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မင်းမှာ ပိုက်ဆံရှိတဲ့အခါကျ ငါ့ကို ပြန်ဆပ်ဖို့ သတိရနော်”
“ဟေး အဲဒါတော့ စိတ်ပူမနေပါနဲ့။ ငါ့ယောက္ခထီးကြီးရဲ့ ကိုယ်ရံတော်အဖွဲ့အစည်းကြီးတစ်ခုလုံးရှိနေတာကို တစ်နပ်စာ ကုန်ကျစရိတ်လောက်က ဘာမှမဟုတ်ပါဘူး။ ပြီးတော့ အဲဒီမျက်လုံးမဲဝက်ဝံဆိုတဲ့ ပေါက်ကရကြီးကို ခေါ်တာရပ်စမ်းပါကွာ”
ချန်ကျဲ့မှ ပြောသည်။
“ခေါင်းဆောင်ရဲ့ ကောင်းချီးပေးခံရတယ်ဆိုတာ လူတိုင်း အသေအကြေလိုချင်နေတဲ့အရာနော်!”
“မင်းကြိုက်လို့လား။ အဲဒါဆို အဲဒီမျက်လုံးမဲဝက်ဝံဆိုတဲ့ နာမည်ကို မင်းပဲ ယူသွားလိုက်တော့”
“မဟုတ်တာ ကျေးဇူးပါပဲ၊ ငါ့မှာ အဲဒီနာမည်ကို ကိုင်တွယ်နိုင်စွမ်း မရှိပါဘူး”
ချန်ကျဲ့သည် နှိမ့်ချစွာသောဟန်ပန် ပြုမူလိုက်ပြီးနောက် ထပ်ပေါင်းပြောသည်။
“ငါ့မျက်လုံးတွေက အတော်လေး ကောင်းမွန်တယ်လေ။ ဆိုတော့ အဲဒီနာမည်ကို မလိုအပ်ပါဘူး။ မင်းရဲ့ ဒီလွှမ်းမိုးနိုင်စွမ်းကြီးမားလွန်းတဲ့ အမည်ပြောင်က ငါနဲ့ မသင့်တော်ပါဘူး”
“ထားလိုက်ပါတော့၊ ငါမင်းနဲ့ ပြိုင်မငြင်းတော့ဘူး”
ချန်ကျဲ့နှင့် စကားစ ဖြတ်လိုက်ပြီးနောက် ကျိုးချူမှ ပြောသည်။
“ကောင်းပြီ၊ သွားကြစို့ ညီနောင်တို့။ ထမင်းစားဖို့ အချိန်ရောက်ပြီ”
မကြာမီ၌ သူတို့သည် အသီးအရွက်ဈေးလမ်းမကြီးဘေးရှိ သာမန်ပြည်သူများအတွက် အတော်လေး တတ်နိုင်သည့်ဈေးနှုန်းဖြင့် ရောင်းချသော ယန်မိသားစုစားသောက်ဆိုင်သို့ ရောက်ရှိကြသည်။
သူတို့စားသောက်နေစဉ် လမ်းထဲတွင် ဆူဆူညံညံဖြစ်လာခဲ့၏။
“သူ့ကို ဖမ်းကြ၊ ထွက်ပြေးမသွားစေနဲ့!”
ထို့နောက် အစိုးရဝန်ထမ်းဝတ်စုံများ ဝတ်ဆင်ထားသည့် ရဲမက်တစ်စုသည် အထိတ်တလန့် ထွက်ပြေးနေသည့် လူငယ်နှစ်ယောက်ကို လိုက်လံဖမ်းဆီးနေသည့် မြင်ကွင်းအား မြင်တွေ့လိုက်ရသည်။ လူငယ်နှစ်ဦးသည် မတူသည့်ဦးတည်ရာများသို့ လူခွဲထွက်ပြေးကြ၏။ တစ်ယောက်သည် အရှေ့ဘက်သို့ ထွက်ပြေးပြီး နောက်တစ်ယောက်သည် စားသောက်ဆိုင်ထဲသို့ ပြေးဝင်လာလေသည်။
ထိုအချိန်၌ ချန်ကျဲ့တို့အုပ်စုသည် သောက်စားနေကြသည်။
ရဲမက်တစ်အုပ်စုသည် ထူးခြားပြောင်မြောက်သည့် အရှိန်နှုန်းရှိသူတစ်ဦး၏ ဦးဆောင်မှုဖြင့် စားသောက်ဆိုင်ရှိရာသို့ မျက်တောင်တစ်ခတ်မျှ အချိန်အတွင်း အပြေးလာနေသည်။ ချန်ကျဲ့သည် အရှုပ်အထွေးများထဲ ပါဝင်မပတ်သက်လိုပေ။ သို့သော် အလွန်တရာ လျင်မြန်သောအရှိန်ဖြင့် ပြေးလာနေသူတစ်ဦးကို ရုတ်တရက် မြင်လိုက်ရ၏။ အနီးကပ်ကြည့်လိုက်ပြီးနောက် ချန်ကျဲ့ ရယ်မောလိုက်သည်။
“ဟားဟား အစ်ကိုဟုန်!”
လူတို့၏အမြင်ကို ဆွဲဆောင်နိုင်သော ထိုရဲမက်သည်လည်း ချန်ကျဲ့ကို မြင်လိုက်ရသည်တွင် အံ့ဩသွားခဲ့ကာ အံ့အားတကြီး အော်ပြောလာသည်။
“ကျိုစစ်!”
မတွေ့ရတာကြာပြီဖြစ်သော ဝူဟုန်ကို မြင်လိုက်ရသောကြောင့် ချန်ကျဲ့၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
ထို့နောက် တဒင်္ဂ၌ ထွက်ပြေးလာသည့် လူငယ်သည် သူတို့ရှိရာ တည့်တည့်သို့ တစ်ဟုန်ထိုးပြေးဝင်လာ၏။ ချန်ကျဲ့ ထိုလူငယ်၏လမ်းကို ပိတ်လိုက်သည်။ ထိုလူငယ်သည်လည်း တုံ့ဆိုင်းမှုမရှိဘဲ ချန်ကျဲ့ကို ဓားထုတ်တိုက်ခိုက်၏။ လျင်မြန်သည် ဘေးတိုက်ခြေလှမ်းနှင့်အတူ ချန်ကျဲ့သည် ဓားကိုရှောင်တိမ်းလိုက်ပြီး တိုက်ခိုက်သူလူငယ်အား ပေါ့ပေါ့ပါးပါးပင် မြေပြင်သို့ လဲကျသွားစေလိုက်သည်။
ထို့နောက် ချက်ချင်းပင် ချန်ကျဲ့သည် ထိုလူငယ်၏ လက်ကောက်ဝတ်ကို တက်နင်းလိုက်ခြင်းဖြင့် လူငယ်၏လက်ထဲမှ ဓားကို လွတ်ကျသွားစေခဲ့သည်။
ထို့နောက် လူငယ်၏နောက်ကျောကို ဖိနင်း၍ ခိုင်မြဲတည်ကြည်စွာ ရပ်နေလိုက်၏။
ပြင်းပြင်းထန်ထန် ဖိနှိပ်ထားခြင်းပင်။
နောက်ကျောကို ဖိနင်းခံထားရသော လူငယ်သည် အပြင်းအထန် ရုန်းကန်သည်။ သို့သော် အမြင်စူးရှသည့် ကုန်သည်အဖွဲ့သားတစ်ဦးမှ ရှေ့ထွက်လာပြီး ထိုလူငယ်ကို ဖမ်းချုပ်လိုက်သည်။
ထိုအချိန်တွင် ဝူဟုန်လည်း စားသောက်ဆိုင်ထဲသို့ ဝင်လာနေပြီဖြစ်သည်။
ဝူဟုန်သည် ချန်ကျဲ့ကို မြင်သောအခါ ပြုံးရယ်လိုက်ပြီး ပြောသည်။
“ကျိုစစ် မင်း ဘယ်တုန်းက မျန့်ရွှေစီရင်စုကို ရောက်နေတာလဲ။ ငါလည်း မသိရပါလား”
ပြိုင်ပွဲပြီးနောက်တွင် ဝူဟုန်သည် ကျန်းလီယဲ့နှင့်အတူ စီရင်စုမြို့သို့ ပြန်သွားခဲ့ပြီး အလုပ်များနေခဲ့သည်။ ထို့ကြောင့် ချန်ကျဲ့လည်း စီရင်စုမြို့သို့ ရောက်နေကြောင်းကို မသိခဲ့ပေ။
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကျွန်တော် ရောက်နေတာ ရက်နည်းနည်းကြာပြီ”
ထိုအခါ ဝူဟုန်မှ ပြောသည်။
“ဟားဟား မင်းက ဒီရောက်နေတာကို ငါ့ကိုတောင် မပြောဘူးပေါ့လေ။ ငါမင်းကို အပြင်လိုက်ပို့မှာပေါ့။ ဒါနဲ့ မင်း ဘယ်မှာနေ,နေလဲ။ ဒီမြို့မှာ ငါ့ပိုင်တဲ့ နေရာတစ်ခုရှိတယ်။ မင်း အဲဒီမှာ ခဏလောက် နေလို့ရတယ်”
ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။
“မလိုပါဘူး အစ်ကိုဟုန်။ ကျွန်တော့်အိမ်က အသီးအရွက်ဈေးကြီးရဲ့ မျက်နှာချင်းဆိုင်မှာပဲရယ်”
“ဟမ် ကျိုစစ်။ အဲဒီအိမ်တွေက ဈေးမပေါဘူး မဟုတ်လား။ မင်း ပွဲစားနဲ့ အိမ်ငှားခဲ့တာလား”
ချန်ကျဲ့မှ ပြန်ပြောသည်။
“မဟုတ်ပါဘူး။ ကျွန်တော်က အခု ကျွန်တော့်မွေးစားအဖေရဲ့နေရာမှာ ယာယီ နေ,နေတာပါ”
“မင်းရဲ့မွေးစားအဖေလား”
ဝူဟုန်သည် အံ့ဩသွားကာ ထိုအခါမှ အနီးရှိ ကျားဖြူခန်းမဝတ်စုံများ ဝတ်ဆင်ထားသူများကို ကြည့်လိုက်သည်။ ဝူဟုန် မျက်မှောင်ကြုတ်သွား၏။
“ဖန်းရှစ်ကျုံးလား”
ချန်ကျဲ့မှ အတည်ပြုလိုက်သည်။
“အမ်း”
ဝူဟုန် တိတ်ဆိတ်သွား၏။ သူသည် အမှန်တကယ်ပင် ကုန်သည်အဖွဲ့များကို သဘောမကျပေ။
သို့သော် ချန်ကျဲ့သည် သူ၏အကောင်းဆုံးညီအစ်ကိုဖြစ်သည်။ သူ၏ထိုညီအစ်ကိုသည် ကုန်သည်အဖွဲ့သားတစ်ဦး ဖြစ်လာခဲ့ရုံမျှမက ကုန်သည်အဖွဲ့၏ ခန်းမအရှင်သခင်တစ်ဦးကို သူ၏မွေးစားအဖေအဖြစ် အသိအမှတ်ပြုခဲ့လေသည်။
ဒါက ခေါင်းကိုက်စရာပဲ။
ထိုစဉ် လောင်ကျိုးမှ အပြုံးဖြင့် ကမ်းလှမ်းသည်။
“အစ်ကိုဝူလည်း ကျွန်တော်တို့နဲ့အတူ တစ်ခွက်လောက် သောက်ပါဦးလား”
ဝူဟုန်သည် ကျိုးချူကို သိ၏။ ထို့ကြောင့် ကျိုးချူ၏ ဖိတ်ခေါ်မှုကို ဝူဟုန်သည် လက်ဝှေ့ရမ်းလျက် ပြန်လည်တုံ့ပြန်သည်။
“တာဝန်ချိန်မလို့ သေရည်သောက်ဖို့ မသင့်တော်လို့ပါ”
ထိုအခါ ကျိုးချူသည် တစ်စုံတစ်ရာ ထပ်ပြောချင်သော်ငြား ချန်ကျဲ့မှ ကြားဖြတ်ပြောလိုက်သည်။
“လောင်ကျိုး မင်း ညီနောင်တွေနဲ့အတူ သွားသောက်ပေးလိုက်ဦး။ ငါ အစ်ကိုဟုန်နဲ့ စကားပြောလိုက်ဦးမယ်”
ကျိုးချူသည် ဘာမျှမပြောဘဲ ခေါင်းညိတ်သည်။ ထို့နောက် ညီနောင်များကို အားပေးအားမြှောက်ပြုနေတော့သည်။
“လာ သောက်ကြ သောက်ကြ၊ ဒီနေ့ရဲ့ ကုန်ကျစရိတ်အားလုံးကို သခင်၅က ဒကာခံမှာ”
“ကောင်းတယ်!”
ကျားဖြူခန်းမအဖွဲ့သားများသည် ခုနက ထိုရဲမက်မှာ သူတို့အား အထင်မြင်သေးနေသည်ဟု ခံစားခဲ့ရရာ ယခုတွင် အားပေးကြွေးကြော်ကြကုန်၏။
ချန်ကျဲ့နှင့် ဝူဟုန်သည် စားသောက်ဆိုင်မှ ထွက်လာခဲ့ပြီးနောက် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ပေါ့ပေါ့ပါးပါး ထိုင်လိုက်ကြသည်။ ချန်ကျဲ့မှ မှာသည်။
“လက်ဖက်ရည်ပြင်းပြင်းတစ်အိုးပေးပါ”
မကြာမီ၌ လက်ဖက်ရည်အိုးရောက်လာသည်။ ချန်ကျဲ့ လက်ဖက်ရည်ကို ခွက်နှစ်ခွက်ထဲ လောင်းထည့်လိုက်သည်။
“ဒီလိုလုပ်တာ အစ်ကို့ရဲ့ အလုပ်တာဝန်ကို အနှောင့်အယှက်မဖြစ်ပါဘူးနော်?”
ဝူဟုန်မှ ပြန်ပြောသည်။
“ကျိုစစ် ငါ့ကို အကန့်အသတ်ကျော်အောင် တွန်းပို့မနေစမ်းနဲ့။ ငါအခု ဒီဝတ်စုံကို ဝတ်ထားတာ ငါးဖမ်းကုန်သည်အဖွဲ့သားနဲ့ အရမ်း နီးနီးကပ်ကပ်ဖြစ်လို့ မရဘူး။ မဟုတ်ရင် တခြားသူတွေ ဘယ်လိုထင်ကုန်ကြမလဲ”
ထိုစကားတွင် ချန်ကျဲ့မှာ ဝူဟုန်သည် အတော်လေး ခေါင်းမာလွန်းသည်ဟု မထိန်းချုပ်နိုင်စွာ မှတ်ချက်ပြုမိရ၏။ ယနေ့ခေတ်အခါ၌ ကုန်သည်အဖွဲ့များသည် အလွန် ပေါ်ပေါ်ထင်ထင်နိုင်လှသည်မှာ အရာရှိတစ်ဝက်နီးပါးပင် ဖြစ်နေလေပြီ။
အဲဒါကို ဘယ်သူက လျှောက်အတွေးလွန်နေမှာလဲ။
သို့သော် ဝူဟုန်သည် ကျန်းလီယဲ့နှင့်အတူ ရဲမက်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သောကြောင့် သူ၏ကိုယ်ပိုင် တန်ဖိုးထားရာများ တည်ရှိပေသည်။
သို့ဖြစ်ရာ ချန်ကျဲ့လည်း ဘာမျှမပြောတော့ပေ။ အားလုံးသည် မိမိဘဝနှင့်မိမိဖြစ်ရာ မည်သူကမျှ ဖိအားမပေးသင့်ပေ။
ချန်ကျဲ့နှင့် ဝူဟုန်တို့သည် အနည်းငယ်မျှ စကားစမြည်ပြောဆိုပြီးနောက် ဝူဟုန်မှ ပြောသည်။
“ကျိုစစ် မင်းက ပိုပြီး နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်လာနေပြီ။ ငါ အခု မင်းကို ကူညီဖို့ရာကလည်း မလွယ်ကူနိုင်တော့ဘူး”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အစ်ကိုဟုန်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘာကို လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာကို ကျွန်တော်သိပါတယ်။ ပြီးတော့ ကျွန်တော့်မှာ အစီအစဉ်ရှိပါတယ်။ ဒါနဲ့ အစ်ကိုတို့လိုက်ဖမ်းနေတဲ့ အဲဒီလူငယ်က ဘယ်သူများလဲ”
“အို အခုရက်ပိုင်း ဒီနယ်မြေတစ်ဝိုက်မှာ သောင်းကျန်းနေတဲ့ ကလေးသူခိုးတစ်ယောက်ပါ။ သူ့ကြောင့် နစ်နာသူမိသားစု အတော်လေးများတယ်”
ထိုအခါ ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်၏။
“ကလေးသူခိုးတဲ့လား ချီးပဲ!”
သူတို့ စကားပြောနေစဉ် ဝူဟုန်သည် သူ၏လက်ဖက်ရည်တစ်ခွက်ကို ကုန်စင်အောင် သောက်လိုက်ပြီး ပြောသည်။
“ကောင်းပြီ ကျိုစစ်၊ ဒီနေ့တော့ ဒီလောက်ပဲပေါ့။ ငါ့မှာ ဖြေရှင်းစရာကိစ္စလေးတွေ ရှိနေသေးလို့”
ဝူဟုန်သည် လက်ဝှေ့ရမ်းနှုတ်ဆက်ခဲ့ပြီး ကလေးသူခိုးကို ဖမ်းချုပ်ထားသည့် ရဲမက်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ချန်ကျဲ့သည် ရဲမက်တစ်စု ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ပြီးနောက် စားသောက်ဆိုင်သို့ ပြန်သွားပြီး ညီနောင်များနှင့် တစ်ကြိမ်လောက် သေရည်ခွက်ကို ပြိုင်တူကိုင်မြှောက်၍ တောင်းဆုမင်္ဂလာပြုရန် ပြင်ဆင်သည်။ မည်သို့ပင်ဖြစ်စေ သူသည် ဤစားသောက်ပွဲ၏ စီစဉ်သူ မဟုတ်ပါလော။
ထို့နောက် တဒင်္ဂ၌ အမျိုးသမီးတစ်ဦးသည် လမ်းတစ်ဖက်တွင် အပြေးအလွှားဖြင့် နှုတ်မှလည်း “ရွေ့ရွေ့ ရွေ့ရွေ့!”ဟု ထိတ်ထိတ်ပျာပျာ အော်ခေါ်နေလေသည်။
ချန်ကျဲ့ ကြောင်အသွား၏။ ခဏမျှ ကြောင်အနေပြီးနောက်မှ ထိုအမျိုးသမီးမှာ သူ၏ဇနီးသည်ဖြစ်ကြောင်း နားလည်သွားရသည်။
“ဘာလို့ အလျင်လိုနေတာလဲ။ ရွေ့ရွေ့ဘာဖြစ်လို့လဲ”