← Chapters

အံ့ဩစရာပဲ! ချန်ကျိုစစ်၏ ကြောက်ခမန်းလိလိသော အဆက်အသွယ်များ_၂

Vol. 16 Ch. 219

အံ့ဩစရာပဲ! ချန်ကျိုစစ်၏ ကြောက်ခမန်းလိလိသော အဆက်အသွယ်များ_၂

Vol. 16 Ch. 219

တစ်ချိန်က ချန်ကျဲ့တို့မိသားစုသည် ပိုင်မိသားစုနေအိမ်တွင် ရက်အတော်ကြာ နေထိုင်ခဲ့ဖူးသည်။

ထိုအချိန်က ပိုင်မိသားစုသည် ရွေ့ရွေ့ကို များစွာ သဘောကျခဲ့ကြပြီး ဝူဟုန်သည်လည်း ထိုကလေးမလေးအပေါ် အတော်လေး ကြင်နာသည်။ ဝူဟုန်သည် နောက်ရက်အနည်းငယ်အကြာတွင် ချန်ကျဲ့၏နေအိမ်သို့ သွားရောက်လည်ပတ်ရန်ပင် စီစဉ်ထားခဲ့၏။ သို့သော် ယခု၌ ရွေ့ရွေ့မှာ ရုတ်တရက်ကြီး ပျောက်ဆုံးသွားလေသည်။

ဝူဟုန်မှ ပြောသည်။

“ဘယ်လိုကနေ ပျောက်သွားတာလဲ”

“ယွင်ကျင်းပြောတာတော့ သူ တစ်ဖက်လှည့်ပြီး ငွေရှင်းနေတုန်း ပျောက်သွားတာလို့ပြောတယ်”

ထိုအခါ ဝူဟုန်မှ ပြောသည်။

“မင်းဘယ်လိုထင်လဲ”

“အခု ရွေ့ရွေ့ကို ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ရာကျော်က လိုက်ရှာနေကြတယ်။ အကယ်‌၍ ရွေ့ရွေ့ဘာသာ ဒီတိုင်းလျှောက်သွားတာဆိုရင် အခုလောက်ဆို ရှာတွေ့သင့်နေပြီ။ ဒါပေမဲ့ သဲလွန်စ တစ်ခုတလေတောင် ရှာမတွေ့နေဘူး။ ကျွန်တော်တော့ ပြန်ပေးဆွဲခံရတာလို့ သံသယဝင်မိတယ်”

ဝူဟုန်မှ ပြောသည်။

“အင်း ငါနဲ့လိုက်ခဲ့”

ဝူဟုန်သည် ချန်ကျဲ့ကို စီရင်စု တော်ဝင်ရုံးတော်၏ စစ်တန်းလျားရှိ အချုပ်ခန်းကြီးသို့ ခေါ်ဆောင်သွားပေးသည်။

ထိုမြင်ကွင်း၌ ‌ရုံးတော်၏အစောင့်အကြပ်များမှာ အံ့အားသင့်ကုန်ကြသည်။

“ဟေး အဖွဲ့ခေါင်းဆောင်ဟုန်က သူ့ကို ဘာလို့ စစ်တန်းလျားဆီ ခေါ်သွားတာလဲ။ အဲဒီကို အပြင်လူတွေ ဝင်လို့မရဘူး မဟုတ်လား”

ချန်ကျဲ့ကို စစ်တန်းလျားထဲသို့ ခေါ်သွားခြင်းသည် သူတို့ပြောသည့်အတိုင်း စည်းမျဉ်းနှင့် မကိုက်ညီကြောင်းကို ဝူဟုန်မှာ မသိဘဲရှိပါလိမ့်မည်လော။

သူ ကောင်းကောင်းသိပါ၏။

သို့သော် လက်ရှိအချိန်တွင် ၎င်းကို သူ ဂရုမစိုက်နိုင်ပါချေ။ ဝူဟုန်၏စိတ်နှလုံးမှာ အနည်းငယ် ရှုပ်ထွေးနေ၏။ သူသည် တစ်ဖက်၌ တရားမျှတမှုကို လက်ကိုင်ထားကာ ကုန်သည်အဖွဲ့ဝင်များ အားလုံးသည် စုံစမ်းစစ်ဆေးရန် လိုအပ်သည့် လူဆိုးလူညစ်များ ဖြစ်ကြသည်ဟု မှတ်ယူထားသည်။ သို့သော် တစ်ဖက်တွင်လည်း သူသည် မိမိ၏မိသားစုဝင်များကို အလွန်နက်ရှိုင်းစွာ ချစ်မြတ်နိုး၏။

ချန်ကျိုစစ်သည်လည်း သူ၏ မိသားစုဝင်အဖြစ် သတ်မှတ်နိုင်ပေသည်။

သူပြောခဲ့သည့်အတိုင်းပင် သူ၏မိသားစုဝင်များမှအပ ကုန်သည်အဖွဲ့ဝင်များအားလုံး သေသင့်ပေသည်။

မကြာမီ သူနှင့် ချန်ကျဲ့သည် ကြီးမားသည့်အချုပ်ခန်းဆီသို့ ရောက်လာခဲ့သည်။

ထိုအချိန်တွင် အရာရှိနှစ်ဦးသည် သံချောင်းစင်ပေါ်တွင် ချည်နှောင်ခံထားရသည့် ကလေးသူခိုးနှစ်ဦးကို စစ်မေးနေကြသည်။

ဝူဟုန် ဝင်လာသည်ကို မြင်သောအခါ ထိုအရာရှိနှစ်‌ဦးမှ ချက်ချင်း ပြောလာသည်။

“အဖွဲ့ခေါင်းဆောင်ဟုန်”

ဝူဟုန်သည် အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးဖြစ်ပြီး အစိုးရရုံးတော်၌ တတိယမြောက် အင်အားအကြီးဆုံးသူဖြစ်သော ကာကွယ်ရေးဦးစီးချုပ် ကျန်းလီယဲ့၏ တပည့်ဖြစ်ပြီး ရရှိထားသူဖြစ်သည်။

ပထမသည် စီရင်စု ရာဇဝတ်တရားသူကြီးဖြစ်ပြီး ဒုတိယသည် ထုံးတမ်းထိန်းသိမ်း‌ရေးအရာရှိဖြစ်ပြီး တတိယသည် ကျန်းလီယဲ့ဖြစ်သည်။

ထို့ပြင် ကျန်းလီယဲ့သည် သိုင်းပညာမြင့်မားသောကြောင့် စီရင်စု ရာဇဝတ်တရားသူကြီးပင်လျှင် ကျန်းလီယဲ့အပေါ် လေးစားမှုရှိရသည်။ ဝူဟုန်သည် ကျန်းလီယဲ့၏တပည့်ဖြစ်ရာ ဝူဟုန်၏ရာထူးသည် အဖွဲ့ခေါင်းဆောင် ဖြစ်သည်။

တော်ဝင်ရုံးတော်ကို အပိုင်းသုံးပိုင်း ခွဲခြားထားသည်။ ခြေမြန်တော်တပ်ဖွဲ့၊ သံမဏိတပ်ဖွဲ့နှင့် ဂုဏ်ပြုစောင့်တပ်ဖွဲ့ဟူ၍ ဖြစ်သည်။

ကျန်းလီယဲ့သည် ထိုသုံးပိုင်းသော တပ်ဖွဲ့အားလုံးကို တာဝန်ယူကြီးကြပ်သည့် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး ဝူဟုန်သည် ခြေမြန်တော်တပ်ဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သည်။

ခြေမြန်တော်တပ်ဖွဲ့သည် ရာဇဝတ်သားများကို ဖမ်းဆီးရန် တာဝန်ယူရသည်။

“မင်း သူတို့ဆီက တစ်ခုခုစစ်မေးလို့ရပြီလား”

ဝူဟုန်မှ မေးသည်။

ထိုအခါ ရဲမက်အရာရှိနှစ်ဦးမှ ပြန်ဖြေသည်။

“မရသေးပါဘူး။ သူတို့က အရမ်းနှုတ်လုံကြတယ်”

ထိုစဉ် ဝူဟုန်သည် ပြန်ပေးဆွဲသူများထံမှ ချွတ်ယူကာ ဘေးတွင်ချထားသည့် အဝတ်များကို သတိထားမိလိုက်သည်။ အဝတ်များမှာ ကျယ်နေ၏၊ အထူးသဖြင့် ခေါက်ချုပ်သည့်အနားကွပ်များတွင် ဖြစ်သည်။

ဝူဟုန်သည် အဝတ်များကို ကြည့်နေရင်း ပြော၏။

“ငှက်လှောင်အိမ်”

ငှက်လှောင်အိမ်သည် ပြန်ပေးဆွဲသူများ အသုံးပြုလေ့ရှိသည့် အထူးကိရိယာတစ်မျိုး ဖြစ်သည်။ သူတို့သည် အိပ်မွေ့ချဆေးများဖြင့် ကလေး၏ပါးစပ်ကို ဖုံးအုပ်ကာ ကလေး အိပ်ပျော်သွားပါက ကလေးကို ကြီးမားကျယ်ပြန့်သည့် အပေါ်ဝတ်ရုံဖြင့် ထုပ်ပိုးပွေ့ချီသည်။ ထိုနည်းဖြင့် သံသယဖြစ်ဖွယ် မရှိနိုင်တော့ဘဲ ဘေးကင်းကင်း ပြန်လည်ဆုတ်ခွာနိုင်ပေသည်။

အထဲတွင် စာဝါငှက်ကို ထည့်ပိတ်ထားသည့် ငှက်လှောင်အိမ်ကဲ့သို့ပင်။

“သူတို့က ဒီအဝတ်တွေကို ဝတ်ထားခဲ့တာတောင် ဝန်မခံကြသေးဘူးလား”

“ငှက်လောင်အိမ်က ဘာလဲ။ ခင်ဗျားဘာပြောနေတာလဲ ကျုပ်နားမလည်ဘူး”

ပြန်ပေးဆွဲသူ အမျိုးသားတစ်ဦးမှ ဝူဟုန်ကို အော်ဟစ်ပြောသည်။

ဝူဟုန် ပြုံးလိုက်သည်။

“ကောင်းတယ်၊ အရမ်းခေါင်းမာတာပဲ။ မင်းတို့နှစ်ယောက် ထွက်သွားလိုက်တော့”

ရဲမက်နှစ်ဦးသည် အံ့အားသင့်စွာဖြင့် အချင်းချင်း အပြန်အလှန်ကြည့်လိုက်ကြ၏။ အဖွဲ့ခေါင်းဆောင်ဟုန်သည် အကျဉ်းသားများကို ဘယ်သောအခါမှ ကိုယ်တိုင်ကိုယ်ကျ စစ်မေးခြင်း မရှိခဲ့ဖူးပေ။

အဖွဲ့ခေါင်းဆောင်ဟုန်က ဒီနေ့ ဘာလုပ်ချင်နေတာလဲ”

“ဟုတ်ကဲ့”

သူတို့မည်မျှ အံ့အားသင့်နေသည်ဖြစ်‌စေ အထက်လူကြီး၏စကားကို ပယ်ရှားမရနိုင်ပါလေ။ သို့ဖြင့် ဘာမျှထပ်မပြောတော့ဘဲ အချုပ်ခန်းမှ ထွက်လာခဲ့ကြသည်။

ဝူဟုန်သည် အချုပ်ခန်းတံခါးကို ပိတ်လိုက်ပြီး ပြန်ပေးဆွဲသူနှစ်ယောက်ကို ပြန်လှည့်ကြည့်သည်။

“ကောင်းပြီ။ အခု သူတို့သွားလိုက်ပြီဆိုတော့ ပွင့်ပွင့်လင်းလင်းပြောကြတာပေါ့။ ငါ့ညီမလေးက မင်းတို့ရဲ့ ပြန်ပေးဆွဲခံထားရတယ်။ မင်းတို့လည်း သိလိမ့်မှာပါ။ မင်းတို့ကိုဖမ်းဆီးတာက အရာရှိ‌ပိုင်းစီးပွားရေးလေး တစ်ခုပဲ။ တစ်ယောက်ယောက်က မင်းတို့ကို အာမခံပေးခဲ့ရင် လွတ်မြောက်နိုင်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါ့ညီမလေး ပါဝင်နေတယ်။ အဲဒီတော့ မင်းတို့ပြန်ပေးဆွဲထားတဲ့ ကလေးတွေရဲ့ တည်နေရာကို အတိအကျ ပြောမပြဘူးဆိုရင် ငါ့ရဲ့ရိုင်းပျမှုအတွက် အပြစ်မတင်ပါနဲ့တော့!”

ပြန်ပေးဆွဲသမားနှစ်ဦးသည် ခေါင်းမာနေဆဲပင်။

“ကျုပ်တို့် တကယ် ဘာမှမသိဘူး။ ကျုပ်တို့ ဘာမှမလုပ်ခဲ့ဘူး!”

ထိုအခါ ဝူဟုန်မှ ပြောသည်။

“ကောင်းပြီ။ ဒါဆိုလည်း ငါ့ကို အပြစ်မတင်နဲ့တော့!”

ထိုသို့ပြောလျက် ဝူဟုန်သည် ပြန်ပေးသမားတစ်ယောက်၏ လက်မောင်းကို ခပ်ဖြည်းဖြည်းဆွဲယူလိုက်က ညင်သာစွာ တစ်ချက်လိမ်ပစ်လိုက်၏။ ဂျွတ်ခနဲအသံကြီး ထွက်ပေါ်လာသည်။

ပြန်ပေးသမားမှာ သားသတ်ခံနေရသည့် ဝက်တစ်ကောင်အလား စူးစူးဝါးဝါး အော်ဟစ်တော့သည်။

“အားး…..”

“ခင်ဗျား ခင်ဗျား ကျုပ်တို့ကို သတ်လိုက်ရင်တောင် ကျုပ်တို့ဘာမှမသိဘူး။ ကျုပ်တို့က သာမန် ဖြတ်သွားဖြတ်လာ ပြည်သူတွေပါပဲ။ ကျုပ်တို့ မလုပ်… အားး…”

ထို့နောက် ဝူဟုန်သည် ထိုလူ၏လက်ကိုဆွဲ၍ ညင်သာဖြေးညင်းစွာဖြင့် တစ်ကြိမ်လျှင် အဆစ်တစ်ဆစ်စီ လက်ချောင်းအရိုးများကို လိမ်ချိုး၍ အဆစ်လွဲသွားစေသည်။ ပြန်ပေးသမားမှာ အလွန်တရာ နာကျင်လွန်းသောကြောင့် အော်ဟစ်နေတော့သည်။

ဤသို့နာကျင်မှုမျိုး အထူးသဖြင့် မိမိ၏အရိုးများ ဖြည်းဖြည်းချင်း တစ်စစီ ပြုတ်ထွက်‌သွားနေသည့် ခံစားချက်သည် နာကျင်မှုထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းလောက်၏။

ဝူဟုန်မှ ပြောသည်။

“ငါ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါရစေ။ ငါက ကာကွယ်ရေးဦးစီးချုပ် ကျန်းလီယဲ့ရဲ့ တပည့်ပဲ။ ကာကွယ်ရေးဦးစီးချုပ်ကျန်း အကြောင်းကတော့ မိတ်ဆက်ပေးဖို့ မလိုဘူးမလား။ ငါက ကာကွယ်ရေးဦးစီးချုပ်ကျန်းဆီက သင်ယူခဲ့တဲ့တပည့်ဆိုတော့ အရိုးအဆစ်လွဲလက်ကွက်သိုင်းမှာ အထူးကျွမ်းကျင်‌တယ်လေ”

“မင်းတို့ကို အသက်မသေစေဘဲနဲ့ ခန္ဓာကိုယ်ရဲ့ အရိုး၂၀၆ချောင်းလုံးကို ဒီလိုမျိုး အဆစ်လွဲထွက်အောင် လုပ်နိုင်တယ်။ အဲဒီအခါကျ ပုပ်သိုးနေတဲ့အသားလိုမျိုး မြေပြင်ပေါ် လဲနေရတော့မှာ။ လောက်ကောင်လိုမျိုး တွန့်လိမ်သွားဖို့တောင် တတ်နိုင်မှာမဟုတ်ဘူး”

“ပြီး‌ေတာ့ ငါက မင်းတို့ကို လုံးဝ အလွယ်လေး ပေးမသေဘူး။ အသက်ရှင်အောင်ထားပြီး မြေပြင်ပေါ်မှာ လောက်ကောင်လိုမျိုး လဲ‌ေနပြီး အရိုးပဲကျန်တဲ့အထိ နံစော်ပုပ်အဲ့သွားမှာကို စောင့်ကြည့်နေမှာ”

“ငါ့ကို မယုံကြည်ရင် စမ်းသပ်ကြည့်နိုင်တယ်။ ငါက ပြောစကားတည်တယ်!”

ဝူဟုန်မှ အလွန်တရာ အေးစက်လှစွာသော အသံဖြင့် ပြန်ပေးသမားများကို ပြောလိုက်ရာ ပြန်ပေးသမားများမှာ တစ်ကိုယ်လုံး တုန်လှုပ်လာခဲ့၏။ ထို့နောက် ကြောက်ရွံ့မှုကြောင့် ဘောင်းဘီတွင် သေးစိုရွှဲလုမတတ် ဖြစ်နေသည့် အခြားပြန်ပေးသမားတစ်ဦးကို စူးရဲစွာ စိုက်ကြည့်သည်။

ချန်ကျဲ့သည်လည်း ဝူဟုန်၏ ဤသို့ပုံစံမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

All Chapters