← Chapters

အံ့ဩစရာပဲ! ချန်ကျိုစစ်၏ ကြောက်ခမန်းလိလိသော အဆက်အသွယ်များ_၄

Vol. 16 Ch. 221

အံ့ဩစရာပဲ! ချန်ကျိုစစ်၏ ကြောက်ခမန်းလိလိသော အဆက်အသွယ်များ_၄

Vol. 16 Ch. 221

“ချန်ကျိုစစ်က တကယ်ပဲ ဘယ်သူလဲ။ ဝူဟုန်က ဘာလို့ သူ့ရဲ့ညီမကို အရမ်းတန်ဖိုးထားနေရတာလဲ”

ထိုအခါ ကျန်းလီယဲ့မှ ပြောသည်။

“အာ ဟုန်အာ အခုလို အရမ်းဂရုစိုက်ပေးတယ်ဆိုတာ အရမ်းရှားပါးတယ်။ ကြည့်ရတာ ချန်ကျိုစစ်က သူ့အတွက် အရမ်းအရေးပါတဲ့ပုံပဲ။ အကယ်၍များ အနာဂတ်မှာ မင်း အဲဒီလူနဲ့ ကြုံတွေ့ခဲ့ရရင် အလျင်စလို မပြုမူနဲ့။ ဟုန်အာရဲ့ မျက်နှာကိုထောက်ထားပြီး အချိန်တစ်ခုလောက်တော့ စိတ်ရှည်ဖို့ကြိုးစားပါ”

“ဟုတ်ကဲ့”

ထိုသို့‌‌ေပြာပြီး‌ေနာက် ကျန်းလီယဲ့သည် တင်ပြချက်များကို ဆက်လက်နားထောင်သည်။

ကာကွယ်ရေးဦးစီးချုပ်တစ်ဦးအနေဖြင့် ကျန်းလီယဲ့သည် တကယ့်ကို အလုပ်တာဝန်များစွာဖြင့် အလုပ်ရှုပ်လွန်းလှသည်။

ဝူဟုန်သည် မီးတုတ်ကို‌ ကိုင်ဆောင်လျက် ခြေမြန်တော်တပ်ဖွဲ့၏ ရဲမက်၅၀ကို စုဝေးကာ နားရက်ရထားသည့် သံမဏိတပ်ဖွဲ့၏ ရဲမက်၂၀နှင့် ဂုဏ်ပြုစောင့်တပ်ဖွဲ့၏ ရဲမက်၂၀တို့ကိုပါ အင်အားစုစည်းစေသည်။ စုစုပေါင်း ရဲမက်၉၀အင်အားဖြင့် ပြန်ပေးသမားများကို ဖမ်းဆီးရန်အတွက် လမ်းမများထဲတွင် စတင်ကင်းလှည့်သည်။

ဖမ်းမိထားသည့် ပြန်ပေးသမားနှစ်ဦးမှ အားလုံးထုတ်ဖော်ပြောပြီးဖြစ်သောကြောင့် ဝူဟုန်တို့ရဲမက်အဖွဲ့သည် ပြန်ပေးသမားများ ပုန်းအောင်းနေနိုင်သည့် နေရာများကို အနည်းငယ် မှန်းဆနိုင်ပေသည်။

ယိုယွင်းပျက်စီးနေသည့် ခြံဝင်းတစ်ခုထဲ၌ အမျိုးသမီးအိုကြီးတစ်ဦးသည် အမျိုးသားများကို ညွှန်ကြားနေသည်။

“နောက်ဘက်က ကလေးတွေကို သေချာစောင့်ကြည့်ထား။ သူတို့က ငါတို့ရဲ့ ငွေအိတ်တွေပဲ။ ဒီတစ်သုတ် ရောင်းထွက်ပြီးရင် မင်းတို့အားလုံး တစ်ယောက်‌ ငွေတုံးသုံးတုံးစီ ရမှာ။ ဒီပမာဏက အချိန်တစ်ခုလောက်တော့ ပူပန်မှုမရှိ နေထိုင်ဖို့ လုံလောက်တယ်”

ထိုအခါ အမျိုးသားများသည် ကျယ်လောင်စွာ ရယ်မောကြသည်။

“အမျိုးသမီးဟွား သဘောထားကြီးပေးလို့ ကျေးဇူးတင်ပါတယ်။ ခင်ဗျားနောက်လိုက်ရတာ ကျွန်တော်တို့ နေ့တိုင်း ပျော်ရွှင်ရတယ်ဗျာ”

ဝုန်း!

သူတို့‌၏စကားအဆုံး၌ ခြံဝင်းတံခါးသည် ကန်ဖွင့်ခံလိုက်ရပြီး ဝုန်းခနဲ ကျယ်လောင်သည့် အသံကြီးထွက်ပေါ်လာသည်။ ရဲမက်တစ်စုသည် ဓားရှည်များ ဝှေ့ယမ်းလျက် တစ်ဟုန်ထိုး ပြေးဝင်စီးနင်းသည်။

“ရဲမက်တွေ တာဝန်ထမ်းဆောင်နေတယ်! လက်တွေချထား၊ ‌ထိုင်စမ်း ၊ ထိုင်စမ်း!”

“ရဲမက်တွေ ‌တာဝန်ထမ်းဆောင်နေတယ်”ဟူသော စကားကိုကြားလိုက်သည်နှင့်တစ်ပြိုင်နက် အမျိုးသမီးဟွားသည် စကားတစ်ခွန်းမျှမဆိုဘဲ ရုတ်ချည်း ခုန်လွှားကာ ထွက်ပြေးရန် ပြင်သည်။

သို့သော် ထိုအချိန်တွင် အထက်မှ ကြီးမားသည့် ပိုက်ကွန်ကြီးတစ်ခု ပြုတ်ကျလာခဲ့ပြီး အမျိုးသမီးဟွားကို ဖုံးအုပ်သွားသည်။

အမျိုးသမီးဟွား မြေပြင်ပေါ် လဲကျသွားသောအခါ ရဲမက်တစ်စုသည် ရှေ့သို့အပြေးလာပြီး ဉာဏ်များသည့် အမျိုးသမီးအိုကြီးကို ဖမ်းဆီးလိုက်သည်။

သူ့ကိုခေါ်သွားကြ!

တစ်ချိန်တည်းတွင် မျန့်ရွှေစီရင်စု၏ မြောက်များစွာသော လမ်းများတွင် ဤသို့တူညီသည့်ဖြစ်ရပ်များ ဖြစ်ပွားခဲ့လေသည်။

ထိုအချိန်၌ ချန်ကျဲ့သည်လည်း အနောက်မြို့၏ ပြန်ပေးသမားနှစ်ဦးကို ဖမ်းဆီးရန်အတွက် ဦးဆောင်သွားနေသည်။ အချိန်မှာ မှောင်ရီပျိုးစပြုလာခဲ့ပြီး ချန်ကျဲ့သည် ဖမ်းမိထားသည့် ပြန်ပေးသမားနှစ်ဦးအား ဝူဟုန်မှ ဦးစွာ စစ်မေးနိုင်ရန် တော်ဝင်ရုံးတော်သို့ ပို့ဆောင်ပေးစေလိုက်သည်။

ထိုစဉ် ငါးဖမ်းကုန်သည်အဖွဲ့သားများသည်လည်း လမ်းမများတွင် ရှာဖွေနေကြသည်။

ချန်ကျဲ့သည် ဖက်ထုပ်ပူပူတစ်ခွက် ဝယ်ယူခဲ့ပြီး သူ၏ခြံဝင်းထဲသို့ ပြန်လာခဲ့သည်။ သို့သော် အိမ်ထဲတွင် မီးအလင်းရောင် စိုးစဉ်းမျှ မရှိနေပေ။

ထိုမြင်ကွင်းတွင် ချန်ကျဲ့သည် အိမ်တံခါးကို အမြန်တွန်းဖွင့်လိုက်၏။ ထိုအခါ စားပွဲတွင် ငိုကြွေးနေသည့် စူးယွင်ကျင်းကို မြင်လိုက်ရသည်။

ချန်ကျဲ့ အနီးသို့လျှောက်သွားလိုက်ပြီး ရေနံဆီမီးအိမ်ကို ထွန်းညှိလိုက်ရာ စူးယွင်ကျင်းလည်း ရုတ်ချည်း နိုးသွား၏။

“ယောက်ျား ဘယ်လိုဖြစ်သွားပြီလဲ။ ရွေ့ရွေ့ကို ရှာတွေ့ပြီလား”

ချန်ကျဲ့မှ ပြောသည်။

“မကြာခင် ရှာတွေ့တော့မှာပါ မစိုးရိမ်ပါနဲ့။ မင်း အရင်ဆုံး တစ်ခုခုစားလိုက်ဦး”

“ကျွန်မ ကျွန်မ မစားနိုင်ဘူး။ ကျွန်မ ရွေ့ရွေ့က ပြန်ပေးသမားတွေရဲ့ အဖမ်းခံလိုက်ရပြီး ကောင်းကောင်းဆက်ဆံမခံရဘူးဆိုတဲ့ အတွေးနဲ့တင် ခံနိုင်ရည်မရှိတော့ဘူး”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“အဲဒီလို မဖြစ်ပါဘူး။ သူတို့ လူကိုဖမ်းတာက ဈေးမြင့်မြင့်နဲ့ ရောင်းချဖို့ပဲ။ သူတို့ ရွေ့ရွေ့ကို အငတ်ထားမှာ မဟုတ်ဘူး”

စူးယွင်ကျင်းမှ ပြောသည်။

“ဒါပေမဲ့ အကယ်၍ ရွေ့ရွေ့က စကားနားမထောင်ခဲ့ရင် သူတို့သေချာပေါက် ရွေ့‌ေရွ့ကို ရိုက်နှက်ကြမှာပဲ”

ချန်ကျဲ့ စူးယွင်ကျင်းကို နှစ်သိမ့်ရန် ကြိုးစားသည်။

“အဲဒီလိုမဖြစ်ပါဘူး၊ မဖြစ်ပါဘူး။ ကိုယ် ရှိနေတာပဲ။ ကိုယ် ရွေ့ရွေ့ကို မနက်အရုဏ်မတက်ခင် ရှာတွေ့စေရမယ်လို့ ကတိပေးတယ်။ မင်း ကိုယ့်ကို ယုံကြည်တယ်မလား”

စူးယွင်ကျင်း တိတ်ဆိတ်သွား၏။

ချန်ကျဲ့သည် မျက်နှာတစ်ပြင်လုံးတွင် မျက်ရည်များစိုရွှဲနေသည့် ဇနီးသည်ကို ကြည့်လျက် ပြောသည်။

“တော်ပြီ၊ ကိုယ်တို့ ဒီအကြောင်း မပြောရအောင်။ မြန်မြန် ဖက်ထုပ်ကိုစားလိုက်။ မင်း စားပြီးရင် ကိုယ် ရွေ့ရွေ့ကိုရှာဖို့ ပြန်သွားမယ်။ ကိုယ်တို့ ဒီနေ့ ပြ‌န်ပေးသမား ၇ယောက်၊၈ယောက်လောက် ဖမ်းမိထားတယ်။ ရွေ့ရွေ့နဲ့ပတ်သက်ပြီး သတင်းအစအန ရကောင်းရနိုင်တယ်။ ကိုယ် အနီးကပ် သွားကြည့်ရမယ်”

“အာ ဒါဆို မြန်မြန်သွားလေ ယောက်ျား။ ကျွန်မကို အာရုံစိုက်မနေနဲ့”

စူးယွင်ကျင်းမှ ‌တိုက်တွန်းသည်။

ချန်ကျဲ့မှ ပြောသည်။

“ကိုယ်တို့ သဘောတူထားပြီးပြီ။ မင်း အရင်စား။ မင်း ဖက်ထုပ်သုံးခု စားပြီးတာနဲ့ ကိုယ်သွားမယ်”

“ကျွန်မ!”

စူးယွင်ကျင်းသည် ပြန်ပြောချင်သော်ငြား ချန်ကျဲ့၏ တည်ကြည်လေးနက်နေသည့် အကြည့်များကို မြင်သောအခါ ‌သူမလည်း ပျော့ပျောင်းသွားရသည်။

“ကျွန်မ စားမယ်၊ ကျွန်မ စားမယ်”

သို့ဖြင့် စူးယွင်ကျင်းသည် ဖက်ထုပ်များကို စတင်စားသောက်သည်။

ဖက်ထုပ်များကို တစ်ခုပြီးတစ်ခု စားနေသည့် ဇနီးသည်ကို စောင့်ကြည့်နေရင်း ချန်ကျဲ့၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် တွန့်ကွေးသွား၏။

“တော်တယ်၊ ဒါဆို ကိုယ် အရင် သွားလိုက်ပါဦးမယ်”

ထိုသို့ပြောလျက် ချန်ကျဲ့သည် ထွက်ခွာရန်ပြင်သည်။

စူးယွင်ကျင်းမှ တွန့်ဆုတ်စွာဖြင့် မော့ကြည့်လာ၏။ ချန်ကျဲ့ ပြောလိုက်သည်။

“စိတ်မပူနဲ့။ ကိုယ် ရွေ့ရွေ့ကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာပေးမယ်”

ထိုသို့ပြောပြီးနောက် ချန်ကျဲ့ အိမ်ထဲမှ ထွက်ခွာသည်။ ထိုစဉ် စူးယွင်ကျင်းမှ အော်ခေါ်သည်။

“ယောက်ျား”

“ဟင်?”

“ဂရုစိုက်ပါ!”

ချန်ကျဲ့ လက်ဝှေ့ရမ်းလိုက်ပြီး ပြောသည်။

“ကိုယ် ဂရုစိုက်မှာပါ။ မင်း အရမ်းစိတ်မပူပါနဲ့။ ကိုယ်သိပါတယ်”

ထို့နောက် ချန်ကျဲ့ ထွက်ခွာသွား၏။ လမ်းများသည် တောက်တောက်ပပ လင်းထိန်နေကာ အနောက်မြို့သည် တစ်ဝက်တစ်ပျက် အိပ်ပျော်နေသည့်အခြေအနေ ဖြစ်နေလေပြီ။

ထိုစဉ် တို့ဟူးဆိုင်၌ တတိယသခင်မလေးဟွားသည် ထိုင်ခုံတစ်ခုံတွင်ထိုင်လျက် မေးသည်။

“စုံစမ်းရခဲ့ပြီလား။ နောက်ကွယ်က ဘယ်သူလဲ”

ထိုအခါ အလုပ်သမားတစ်ဦးမှ ပြောသည်။

“ကျွန်တော်တို့ စုံစမ်းနေတုန်းပါပဲ”

“ဘာလို့ အရမ်းကြာနေတာလဲ”

အလုပ်သမားမှ ပြန်ပြောသည်။

“ပုံမှန်ဆိုရင် အတွင်းလူတွေက သိနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေ့တော့ ဘာကြောင့်မှန်းမသိ တော်ဝင်ရုံးတော်က အရမ်းသောင်းကျန်းနေပါတယ်။ သားရဲတွင်း ၇ခု၊၈ခုကို ပိတ်ဆို့လိုက်ပြီး အမျိုးသမီးဟွားနဲ့ တခြားသူတွေကို ဖမ်းဆီးခဲ့ပါတယ်”

‌”တော်ဝင်ရုံးတော်? တော်ဝင်ရုံးတော်ကလည်း ဝင်စွက်ဖက်လာတာလား”

“တော်ဝင်ရုံးတော်တင် မကပါဘူး။ သတင်းက နေ့တွင်းချင်းပဲ ဖန်းရှစ်ကျုံးဆီ ရောက်သွားပါတယ်။ ဖန်းရှစ်ကျုံးက ဝတ်ရုံဖြူတန်းကွမ်းမင်ကို ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ကိုင်တိုင်ကိုယ်ကျစေလွှတ်ခဲ့ပါတယ်။ အခု ကျားဖြူခန်းမရဲ့ လမ်းမကြီးလေးခုမှာ ပိုက်စိပ်တိုက်ရှာဖွေနေပါတယ်”

“ပြီးတော့လည်း ဖန်းရှစ်ကျုံး အနီးအနားလမ်းတွေက ခေါင်းဆောင်တွေကို သံသယဖြစ်စရာ တစ်ယောက်‌ယောက်ကို တွေ့ရှိခဲ့ရင် ကျားဖြူခန်းမကို သတင်းပို့ဖို့လည်း ညွှန်ကြားထားပါတယ်။ အဲဒီ့အတွက်ကို ရက်ရက်ရောရော ဆုလာဘ်ချီးမြှင့်ပါမယ်တဲ့”

“အဲဒါအပြင် ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းရဲ့ လူ၅၀ကလည်း ရှာဖွေနေပါတယ်။ ဒီအခြေအနေက ချန်ကျိုစစ် တစ်ယောက်တည်းက မြို့တစ်ဝက်လောက်ကို ‌မွှေနှောက်ပစ်လိုက်တယ်လို့တောင် ပြောလို့ရနိုင်ပါတယ်”

ထိုအခါ တတိယသခင်မလေးဟွားမှ ပြောသည်။

“စိတ်ဝင်စားစရာပဲ။ ချန်ကျိုစစ်က တကယ့်ကို အဆက်အသွယ်များတာပဲ!”

တော်ဝင်ရုံးတော်၊ ကျားဖြူခန်းမ– အကြောင်းအရာများကို စဉ်းစားနေရင်း တတိယသခင်မလေးဟွားမှ ပြောသည်။

“အမ်း ဒီကိစ္စကို သေချာစောင့်ကြည့်နေကြ။ သတင်းတစ်ခုခုရှိတာနဲ့ ငါ့ဆီ ချက်ချင်းလာ သတင်းပို့ပါ”

“ဟုတ်ကဲ့”

အလုပ်သမားမှ ပြန်လည်တုံ့ပြန်သည်။

ထိုစဉ် ကျားဖြူခန်းမ၌ ဖန်းရှစ်ကျုံးသည် တန်းကွမ်းမင်ကို ကြည့်လျက် မေးမြန်းသည်။

“သားငယ်၄၊ သားငယ်၅ရဲ့ ညီမကို အခုထိ ရှာမတွေ့သေးဘူးလား”

တန်းကွမ်းမင်မှ ဖြေသည်။

“အခုထိ သဲလွန်စ မရှိသေးပါဘူး”

ဖန်းရှစ်ကျုံးမှ မေးသည်။

“အနီးအနားက ဆက်စပ်နေတဲ့လမ်းတွေကို အကြောင်းကြားပြီးပြီလား”

“ခန်းမအရှင်သခင်ရဲ့အမိန့်နဲ့ အားလုံးကို အကြောင်းကြားပြီးပါပြီ”

ဖန်းရှစ်ကျုံး ခပ်ဖျော့ဖျော့ ခေါင်းညိတ်လိုက်သည်။

“ကလေးကို တွေ့အောင်ရှာကြ။ ဒီကိစ္စကို သေချာဖြေရှင်းရမယ်။ ဒါက သားငယ်၅တစ်ဦးတည်းရဲ့ ကိစ္စမဟုတ်ဘူး။ ကျားဖြူခန်းမရဲ့ ဂုဏ်သိက္ခာနဲ့သက်ဆိုင်တဲ့ ကိစ္စလည်းဖြစ်တယ်။ ကျားဖြူခန်းမအဖွဲ့သားရဲ့ မိသားစုဝင်တစ်ယောက်ကို ပေါ်ပေါ်ထင်ထင် ပြန်ပေးဆွဲရဲတာ – ဒါက လုံးဝ လက်ခံနိုင်စရာ မရှိဘူး!”

All Chapters