အံ့ဩစရာပဲ! ချန်ကျိုစစ်၏ ကြောက်ခမန်းလိလိသော အဆက်အသွယ်များ_၅
Vol. 16 Ch. 222
“ဟုတ်ကဲ့ပါ မွေးစားအဖေ။ ကျွန်တော် သေချာပေါက် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပါ့မယ်”
တန်းကွမ်းမင်မှ ပြန်ပြောသည်။
ထိုစဉ် အရှေ့မြို့၏ လျိုလောင်ကွေ့သည် ညစာသုံးဆောင်နေရင်း လက်ချလျက် ရပ်နေသည့် လူတစ်ယောက်ကို ကြည့်လျက် မေးမြန်းသည်။
“ဒီနေ့ အနောက်မြို့မှာ ဘာတွေဖြစ်နေတာလဲ။ ဒီလောက်တောင် ပွက်လောရိုက်နေတာ”
“ခေါင်းဆောင်ကို တင်ပြပါတယ်။ ဖန်းရှစ်ကျုံးရဲ့ မွေးစားသားအသစ်ရဲ့ ညီမဖြစ်သူ ပျောက်ဆုံးနေတာကြောင့်ပါ”.
“ဟမ်?”
“ဘယ်တစ်ယောက်လဲ။ မျက်လုံးမဲမဲတွေနဲ့တစ်ယောက်လား”
“မဟုတ်ပါဘူး။ ချန်ကျိုစစ်ဆိုတဲ့ ၅ယောက်မြောက်သားပါ”
“ဪ ငါသူ့ကိုသိတယ်။ သူ့ညီမလား။ အဲဒီပြန်ပေးသမားတွေက တကယ့်ကို ဥပဒေမဲ့ကြတာပဲ။ ဘယ်သူ့ညီမဖြစ်နေပါစေ ပြန်ပေးဆွဲရဲကြတယ်!”
“အဲဒီတစ်ယောက်က ဖန်းရှစ်ကျုံးရဲ့ မွေးစားသားလေ။ သူ့ညီမကို သွားထိမှတော့ ဖန်းရှစ်ကျုံးက ဘယ်လိုလုပ်ပြီး မပူပန်ဘဲ နေပါ့မလဲ။ သူတို့က တကယ် သေခြင်းတရားရဲ့အဓိပ္ပာယ်ကို မသိကြဘူးပဲ။ အင်း လက်ရှိအခြေအနေက ဘယ်လိုလဲ”
“တော်ဝင်ရုံးတော်က ပြန်ပေးသမား၇ယောက်၊ ၈ယောက်လောက်ကို ဖမ်းဆီးထားပါတယ်။ ဒါပေမဲ့ ကြည့်ရတာတော့ အဲဒီပြန်ပေးသမားတွေဆီကနေ ဘာသတင်းအချက်အလက်မှ မရခဲ့ဘူးထင်ပါတယ်”
ထိုအခါ လျိုလောင်ကွေ့သည် မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်၏။
“စိတ်ဝင်စားစရာပဲ။ ဒီလောက်လူအများကြီးကို တစ်ယောက်မှ ထုတ်မပြောဘူးပေါ့လေ”
ဤသည်မှာ သာမန်လူတစ်ယောက်၏လက်ချက် မဟုတ်နိုင်ကြောင်း သူလည်း နားလည်ရာ လက်အောက်ငယ်သားသည် ဘာမျှမပြောတော့ပေ။
သူတို့တွေးတောနေစဉ် လျိုလောင်ကွေ့၏ အောက်ဆင့်နေရာတွင် ထိုင်နေသည့် အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးဖြစ်သူ ချောင်ကုန်သည်အဖွဲ့၏ ဗျူဟာမှူးဖြစ်သူ စာပေပညာရှင် ပိုင်မော့ရှန်းသည် တူကို ချလိုက်၏။ ထို့နောက် လျိုလောင်ကွေ့သို့ ကြည့်လာပြီး ပြောသည်။
“ခေါင်းဆောင် ဒါက ကျွန်တော်တို့အတွက် အခွင့်ကောင်းဖြစ်ပါလိမ့်မယ်”
“အို ဗျူဟာမှူးပိုင် အဲဒါက ဘာအဓိပ္ပာယ်လဲ”
ပိုင်မော့ရှန်းသည် ယပ်တောင်ကိုဖြန့်၍ တစ်ချက်မျှ ယပ်ခပ်လိုက်ပြီးနောက် ပြန်ပိတ်လိုက်ပြီး ပြောသည်။
“ဖန်းရှစ်ကျုံးက အမြဲ နန်ပါးထျန်းနဲ့ တင်းမာတဲ့ဆက်ဆံရေးရှိခဲ့တာ။ သူတို့ကြားက ပဋိပက္ခက လူသိများကျော်ကြားတယ်။ ကျွန်တော်တို့ ဖန်းရှစ်ကျုံးကို ကျွန်တော်တို့ဘက်ကို သိမ်းသွင်းဖို့ အစီအစဉ်တွေ ချနေခဲ့တာ၊ ဒါပေမဲ့ ဖန်းရှစ်ကျုံးက ဘာမှ အရိပ်အယောင် များများစားစား မပြခဲ့ဘူး။ ဒီတစ်ကြိမ်မှာလည်း ကျွန်တော်တို့ဘက်က ဖန်းရှစ်ကျုံးကို ကျွန်တော်တို့ရဲ့ စိတ်ရင်းစေတနာကို ပြသသင့်တယ်လို့ ထင်ပါတယ်”
“ချန်ကျိုစစ်ရဲ့ညီမကို ကျွန်တော်တို့က ကူညီပြီး ရှာပေးနိုင်ခဲ့ရင် နှင်းထူထပ်တဲ့ ရာသီဥတုမှာ မီးသွေးပို့ဆောင်ပေးလိုက်သလို ဖြစ်ပါလိမ့်မယ်။ ဖန်းရှစ်ကျုံးက သေချာပေါက် ကျွန်တော်တို့ရဲ့ကြင်နာမှုကို မှတ်သားထားရပါလိမ့်မယ်”
“ပြီးတော့ ကျွန်တော်တို့က ဖန်းရှစ်ကျုံးကို ကူညီပေးတဲ့အကြောင်း နန်ပါးထျန်း သိသွားခဲ့ရင်လည်း နန်ပါးထျန်းက ဖန်းရှစ်ကျုံးကို ပိုပြီး သံသယဝင်လာလိမ့်မယ်။ အဲဒါဆို ဖန်းရှစ်ကျုံးကို နောက်ဆုံးမှာ ဘက်ပြောင်းဖို့အတွက် ဖိအားပေးပြီးသား ဖြစ်သွားမယ်။ အဲဒါဆို စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်နဲ့ လူငါးရာ၊ ခြောက်ရာလောက်ရှိတဲ့ အဖွဲ့တစ်ဖွဲ့ကို အလွယ်တကူ ရရှိနိုင်သွားပါလိမ့်မယ်။ အဲဒီတော့ ဘာလို့များ မလုပ်ရမလဲ”
ထိုအခါ လျိုလောင်ကွေ့မှ ပြောသည်။
“အရမ်းကောင်းတဲ့ အစီအစဉ်ပဲ။ အကူအညီပေးပြီး ကျေးဇူးကြွေးတင်စေတာက အနက်ရှိုင်းဆုံးအကြွေးကို ဖြစ်တည်စေနိုင်တယ်”
ထို့နောက် လျိုလောင်ကွေ့မှ ပြောသည်။
“ဒါပေမဲ့ ကလေးမလေးက အခု ဘယ်မှာလဲ။ တကယ်ပဲ ငါတို့က ရှာတွေ့နိုင်ပါ့မလား”
ပိုင်မော့ရှန်းမှ ပြောသည်။
“ကျွန်တော်တို့ ကလေးကို ရှာတွေ့သည်ဖြစ်စေ၊ ရှာမတွေ့သည်ဖြစ်စေ အဲဒါက စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ပြဿနာပါပဲ။ ကျွန်တော်တို့ ကလေးကို ရှာသည်ဖြစ်စေ၊ မရှာသည်ဖြစ်စေ အဲဒါနှစ်ခုစလုံးက သဘောထားနဲ့ပဲ သက်ဆိုင်ပါတယ်”
“ပြီးတော့ ကျွန်တော်တို့ ဖန်းရှစ်ကျုံးကို အဓိကထား ပြသမှာက သဘောထားကိုပါ”
“အဲဒီလိုက သူ့အပေါ် အတင်းကြီး ကျေးဇူးရှိဖူးတဲ့ ဆက်ဆံရေးဖြစ်အောင် လုပ်ယူသလိုကြီး ဖြစ်နေမလား။ တခြားအဖွဲ့အစည်းတွေက မျက်နှာချိုသွေး ခယနေတယ်လို့ ထင်သွားမလား”
လျိုစုန့်မှ သူ၏ပူပန်မှုကို ဖော်ထုတ်ပြောဆိုသည်။ သူတို့ကဲ့သို့ ကြီးမားသည့် ကုန်သည်အဖွဲ့ကြီးတစ်ခုအနေဖြင့် ဖန်းရှစ်ကျုံးကို အရမ်းကြီး မျက်နှာချိုသွေး ခယနေပါက သူတို့သည် နိမ့်ပါးပြီး အထင်သေးစရာ ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။
ထိုအခါ ပိုင်မော့ရှန်းမှ ရယ်မောလျက် ပြောသည်။
“သခင်လေးပြောတာ အရမ်းမှန်ကန်ပါတယ်။ ဒါပေမဲ့ ဒီနေ့ ကျွန်တော်တို့မှာ ကစားဖို့ကတ်ရှိပါတယ်။ ကျွန်တော်မှတ်မိသလောက် ညီနောင်ကုမှာ စွင်းယင်လို့ အမည်ရတဲ့ ဦးစီးမှူးတစ်ယောက်ရှိတယ် မဟုတ်လား”
“ဟုတ်ပါတယ်”
ကုချင်းဖုန်းမှ ပြန်ပြောသည်။ ပိုင်မော့ရှန်းမှ အနည်းငယ် ပြုံးလိုက်ပြီး ပြောသည်။
“ဒါဆို လုံလောက်နေပြီ မဟုတ်ဘူးလား။ စွင်းယင်က စွင်းပုအာရဲ့သားပဲ။ ဖန်းရှစ်ကျုံးရဲ့ မွေးစားသား၊ စွင်းပုအာရဲ့သားမက်က ချန်ကျိုစစ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ ဒီဆက်နွယ်မှုနဲ့ဆို စွင်းယင်အနေနဲ့ ယောက်ဖဖြစ်သူရဲ့ ညီနောင်ကို ကူညီပေးတာက ဘာများပြဿနာရှိပါ့မလဲ”
“စွင်းယင်ရဲ့နာမည်နဲ့လား”
ကုချင်းဖုန်းမှ အမေးကို ပိုင်မော့ရှန်းမှ ပြန်ဖြေသည်။
“မဟုတ်ရင်ရော။ ခေါင်းဆောင်ရဲ့နာမည်နဲ့ ကူညီမှာလား။ အဲဒါဆိုရင် ဖန်းရှစ်ကျုံးကို အရမ်းကြီး မျက်နှာသာပေးလွန်းရာကျသွားမှာပေါ့”
ထိုအခါ မည်သူမျှ မကန့်ကွက်တော့ပေ။ လျိုလောင်ကွေ့သည် စားပွဲကို လက်ဖြင့်ရိုက်လိုက်ရင်း ပြော၏။
“အခုချက်ချင်း အားလုံးကို အကြောင်းကြားလိုက်။ စွင်းယင်ကို ရွေ့ကျင်းခန်းမကိုဦးဆောင်ပြီး ပျောက်ဆုံးနေတဲ့ ကလေးမလေးကို ရှာဖွေဖို့အတွက် ကူညီပေးခိုင်းလိုက်”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
လျိုလောင်ကွေ့၏ အမိန့်ရသည်နှင့် ဤကိစ္စအပေါ် မည်သူမျှ ငြင်းခုံခြင်း မရှိတော့ပေ။
ရုတ်တရက်ပင် အရှေ့မြို့တစ်ခုလုံးသည် ပျောက်ဆုံးနေသည့် ကလေးမလေးကို အားသွန်ခွန်စိုက် ရှာဖွေကြတော့သည်။
စီရင်စု ရာဇဝတ်တရားသူကြီးပင်လျှင် ထိုသတင်းကို ကြားသိသွားခဲ့၏။ ဤကိစ္စတွင် လူအများကြီး ပါဝင်ပတ်သက်နေကြောင်း သိလိုက်ရသည်တွင် မည်သည့်စကားမျှ မှတ်ချက်မပြုသော်ငြား ချန်ကျိုစစ်ဟူသည့် နာမည်တစ်လုံးကိုဖြင့် မှတ်သားထားလိုက်တော့သည်။
ဒီလူက အဆက်အသွယ် အရမ်းကျယ်ပြန့်တာပဲ။ မျန့်ရွှေစီရင်စုရဲ့ အဓိကအင်အားစုကြီးနှစ်ခုစလုံးက သူ့ညီမပျောက်ဆုံးမှုကြောင့်နဲ့ ပွက်လောရိုက်ကုန်တယ်တဲ့လေ။
တကယ့်ကို ထူးခြားတဲ့ လူငယ်လေးပဲ။
ဒါပေမဲ့ ဒါတွေက ငါနဲ့ မဆိုင်ပါဘူးလေ။ ပါဝင်မပတ်သက်သင့်ဘူး၊ မပတ်သက်သင့်ဘူး။ ဒါပေမဲ့ ဒီနေ့ညကတော့ ယီးဟုန်ဂေဟာကို သွားပြီး ဂီတသံနားဆင်ဖို့ရာ အတော်လေး သင့်တော်ကောင်းမွန်တဲ့ ညတစ်ညဖြစ်လိမ့်မှာပဲ။
ထိုသို့ရေရွတ်လိုက်ရင်း ရာဇဝတ်တရားသူကြီးသည် သာမန်အဝတ်အစားများသို့ ပြောင်းလဲဝတ်ဆင်လိုက်ပြီး ယီးဟုန်ဂေဟာသို့ ပျော်ပါးရန် ဦးတည်ထွက်ခွာသွားတော့သည်။
ထိုစဉ် ချန်ကျဲ့သည် မျန့်ရွှေစီရင်စု၏ အကျဉ်းထောင်သို့ ရောက်လာသည်။
ဖြန်း ဖြန်း….
အထဲတွင် ကြိမ်ဖြင့် ရိုက်နှက်သံများဖြင့် ပဲ့တင်ထပ်နေ၏။
ဝူဟုန်သည် ထိုင်လျက် စစ်မေးရရှိထားသည့် ထွက်ဆိုချက်များကို ဖတ်နေသည်။ ဤသို့ကြောက်ခမန်းလိလိသော နှိပ်စက်ညှဉ်းပန်းမှုများအောက်တွင် မည်သူမျှ မထွက်ဆိုဘဲ မနေဝံ့ကြချေ။
လူအများစု၏ သဘောထားမှာ : မြန်မြန်သေဆုံးဖို့ကိုသာ လိုလားပါသည် ဟူ၏။
ထိုထွက်ဆိုဝန်ခံချက်များကို ကြည့်နေရင်း ချန်ကျဲ့မှာ သိသိသာသာ မျက်မှောင်ကြုတ်မိသွားရသည်။ ထွက်ဆိုချက်များထဲတွင် တစ်ခုတစ်လေသော်မျှ အသုံးဝင်သည့်အရာ မရှိပေ။ အားလုံးသည် သူတို့ ဒီနေ့ အသီးအရွက်ဈေးကြီးထဲသို့ မသွားခဲ့ပါ။ ကလေးမလေးကို မဖမ်းဆီးခဲ့ပါဟူ၍သာ ထွက်ဆိုထားကြသည်။
ဝူဟုန်မှ ပြောသည်။
“ငါတို့ သူတို့အားလုံးကို စစ်မေးပြီးပြီ။ ဘယ်သူမှ အသီးအရွက်ဈေးကြီးထဲမှာ ကလေးမလေးတစ်ယောက်ကို ပြန်ပေးဆွဲခဲ့တဲ့အကြောင်း ဝန်ခံမလာဘူး။ ရွေ့ရွေ့ကို သူတို့ဖမ်းသွားတာ မဟုတ်ဘူး”
ချန်ကျဲ့မှ မေးသည်။
“မျန့်ရွှေစီရင်စုမှာ ပြန်ပေးသမားက သူတို့အကုန်ပဲလား”
ဝူဟုန်မှ ပြန်ပြောသည်။
“သူတို့က အကုန်ပဲ”
“ငါတို့ မျန့်ရွှေစီရင်စုက ပြန်ပေးသမားအားလုံးနီးပါးကို ဖမ်းဆီးထားပြီးပြီ။ အခုအချိန်ဆို ဒီကိစ္စက ဖြေရှင်းပြီးသား ဖြစ်သွားသင့်တာ”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“တစ်ယောက်မှ အသုံးဝင်မယ့် အချက်အလက်မျိုး မပြောခဲ့ဘူးလား”
ဝူဟုန်မှ ပြန်ပြောသည်။
“ငါတို့ ကြိုးစားပြီးပြီ။ ဘယ်သူမှ ပြောဖို့ဆန္ဒမရှိကြဘူး”
ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော်တို့ သူတို့ကို အပေးအယူလုပ်ဖို့ ကမ်းလှမ်းလို့ရတယ်။ သူတို့ တကယ်ပဲ ဒီကိစ္စမှာ ပါဝင်နေတဲ့ တခြားသူရှိ၊မရှိကို မသိကြတာလားဆိုတာ ကြည့်ကြတာပေါ့!”
ချန်ကျဲ့၏ပြောစကားတွင် ဝူဟုန်မှ ပြောသည်။
“ရာဇဝတ်သားတွေနဲ့ အပေးအယူလုပ်မှာလား”
ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော်တို့ အခုအချိန်မှာ သူတို့ဘက်က အကျိုးအမြတ်ရအောင် လိုက်လျောမပေးရင် သူတို့က ဘယ်လိုလုပ်ပြီး အမှန်အတိုင်း ပြောပြလာပါ့မလဲ”
“ဒီလိုဆိုမှတော့ အစ်ကိုဟုန်၊ အသုံးဝင်တဲ့ အချက်အလက်တစ်ခုခု ပြောပြနိုင်တဲ့ ဘယ်သူမဆို မနက်ဖြန်ကျရင် အကျဉ်းထောင်ကနေ လွတ်မြောက်ခွင့်ရမယ်လို့ အစ်ကို သူတို့ကို ပြောလိုက်ပါ။ သူတို့ကို လွတ်လမ်းတစ်ခု ဖွင့်ပေးလိုက်ကြတာပေါ့”
“ဟမ်?”
ဝူဟုန်သည် မျက်မှောင်ကြုတ်သွားပြီး ချန်ကျဲ့ကို ကြည့်နေသည်။ ချန်ကျဲ့မှ ဆက်ပြောသည်။
“အစ်ကိုဟုန် မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ သူတို့ကို လွတ်လမ်းတစ်ခု ပေးလိုက်ရင်တောင်မှ သူတို့ အကျဉ်းထောင်ကနေ ထွက်သွားနိုင်မှာ မဟုတ်ပါဘူး။ သူတို့ကို လွှတ်ပေးမယ်ဆိုတဲ့ ကတိက အစ်ကိုဟုန်ရဲ့ ကတိပါ။ ကျွန်တော်က သူတို့ကို ကတိပေးမထားဘူးလေ။ သူတို့ အကျဉ်းထောင်က ထွက်တာနဲ့ ကျွန်တော် လူလွှတ်ပြီး သူတို့ကို ဖမ်းဆီးနိုင်တယ်! သူတို့ လုံးဝ မလွတ်မြောက်စေရဘူးလို့ ကျွန်တော် အာမခံတယ်”