← Chapters

အံ့ဩစရာပဲ! ချန်ကျိုစစ်၏ ကြောက်ခမန်းလိလိသော အဆက်အသွယ်များ_၆

Vol. 16 Ch. 223

အံ့ဩစရာပဲ! ချန်ကျိုစစ်၏ ကြောက်ခမန်းလိလိသော အဆက်အသွယ်များ_၆

Vol. 16 Ch. 223

ဝူဟုန်သည် မျက်မှောင်ကြုတ်ထားဆဲပင်။ ဤအကြံဉာဏ်သည် သူ၏စိတ်နှလုံးထဲရှိ တရားမျှတမှုနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။

သို့သော် ချန်ကျဲ့၏ စိုးရိမ်ပူပန်နေသည့် အမူအရာကို မြင်နေရပြီး ရွေ့ရွေ့မှာ မည်မျှချစ်ဖို့ကောင်းကြောင်း သတိရမိသောအခါ

ဝူဟုန်မှ ပြောသည်။

“ကောင်းပြီ ငါနားလည်ပြီ”

ထိုသို့ပြောပြီးနောက် ဝူဟုန်သည် အထဲသို့ဝင်သွားပြီး သံချောင်းတိုင်တွင် တွဲချည်ထားသည့် အကျဉ်းသားများကို ပြောလိုက်သည်။

“အားလုံးပဲ ကလေးတွေကို ပြန်ပေးဆွဲပြီး လူကုန်ကူးတာက အရမ်းကြီးလေးတဲ့ပြစ်မှုဖြစ်ကြောင်း မင်းတို့အားလုံး သိတယ်။ ဒါပေမဲ့ ငါမင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်။ မင်းတို့က လွဲပြီး ဒီကုန်သွယ်မှုမှာ ပါဝင်တဲ့ တခြားသူတစ်ယောက်ယောက်ကို စဉ်းစားမိခဲ့ရင် ငါ့ကိုပြောပြနိုင်တယ်။ ငါ အဲဒီလူကို ဒီစီရင်စုအကျဉ်းထောင်ကနေ လွတ်ငြိမ်းခွင့်ပေးမယ်”

ဟမ်?

နေရာရှိလူအားလုံးသည် ခေတ္တမျှ အံ့ဩမင်သက်သွားကြ၏။ ထို့နောက် သူတို့၏မျက်လုံးများထဲတွင် မျှော်လင့်နေသော အကြည့်များ ဖြစ်တည်လာကြသည်။

ထိုအခါ လူတစ်ယောက်မှ‌ ပြောလာသည်။

“ကျွန်တော်သိတယ်၊ ကျွန်တော်ပြောမယ်။ တောင်မြို့မှာ အမျိုးသမီးဟွားဆိုတဲ့သူရှိတယ်။ သူလည်း ဒီလုပ်ငန်းမှာ ပါဝင်တယ်”

ထိုအခါ ထိုလူနှင့် မဝေးလှသည့်နေရာတွင် ချည်နှောင်ခံထားရသည့် အမျိုးသမီးသည် အံ့အားသင့်စွာဖြင့် ထိုလူကို ကြည့်လာတော့သည်။

ထိုအခါ ဝူဟုန်သည် အမျိုးသမီးဟွားကို လက်ညှိုးညွှန်လိုက်ပြီး ပြောသည်။

“အဲဒါက အမျိုးသမီးဟွားပဲ”

“အာ သူက အမျိုးသမီးဟွားလား”

ထိုအခါ လူအုပ်စုမှာ အံ့အားသင့်သွားကြသည်။ ထိုလူမှာ တကယ်ကြီး အမျိုးသမီးဟွား မှန်ရဲ့လားဟူသည့် စူးစမ်းသည့်အကြည့်မျိုး ဖြစ်သည်။

ဝူဟုန်သည် ထိုလူကို စိတ်ထဲထားမနေတော့ပေ။ မကြာမီ၌ ရာဇဝတ်သားများသည် တစ်ဦးကိုတစ်ဦး စတင်စွပ်စွဲကြတော့သည်။ သူတို့သည် အတူတကွ အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည့်တိုင် အများစုသည် တစ်ဦးကိုတစ်ဦး မည်သူမည်ဝါဖြစ်ကြောင်း မသိကြပေ။

အချို့သည် သူတို့ပြောလိုက်သည့်လူမှာ သူတို့ဘေးတွင် ရှိနေသောကြောင့် အံ့ဩကုန်ရသည်။

လူတစ်အုပ်ကြီးသည် အတော်ကြာအောင် ရေရွတ်ပြောဆိုခဲ့ကြပြီး နောက်ဆုံးတွင်တော့ တစ်ခါမှ ထုတ်မပြောဖူးသေးသည့် နာမည်တစ်ခု ထွက်လာခဲ့သည်။

“ဖုန်းစစ်!”

“ကျွန်တော်သိထားသလောက်တော့ သူဖုန်းစားဂိုဏ်းက ဖုန်းစစ်ကလည်း လူကုန်ကူးတာမှာ ပါဝင်နေတယ်!”

“သူဖုန်းစားဂိုဏ်း!”

ဤပြဿနာသည် သူဖုန်း‌စား‌ဂိုဏ်းသို့ ဦးတည်သွားလိမ့်မည်ဟု ချန်ကျဲ့ မျှော်လင့်မထားပေ။ ထို့နောက် ထုတ်ပြောလာသည့် ရာဇဝတ်သားသည် ဖုန်းစစ်အကြောင်းကို အသေးစိတ်ဖော်ပြပြောဆိုသည်။

ဖုန်းစစ်သည် အနောက်မြို့ရှိ သူဖုန်းစားဂိုဏ်း၏ ဒုခေါင်းဆောင်ဖြစ်ပြီး အမြဲ ဟိတ်ဟန်ထုတ်ကာ ဝင့်ကြွားနေတတ်သူ ဖြစ်သည်။ သူ၏အင်အားအာဏာသည် အနောက်မြို့သူဖုန်းစားဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သော သူ၏အစ်ကိုကြီး ဖုန်းစန်းဆီမှ ဆင်းသက်လာခြင်းဖြစ်သည်။

သူဖုန်းစားဂိုဏ်း၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ ကျယ်ပြန့်၏။

ဥပမာဆိုရသော် မျန့်ရွှေစီရင်စုရှိ သူဖုန်းစားဂိုဏ်းသည် ဂိုဏ်းခွဲတစ်ခုမျှသာ ဖြစ်သည်။ သူတို့၏ ဂိုဏ်းခေါင်းဆောင်သည် အစောင့်အရှောက်ကြီး၁၃ဦးထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး သူ၏ လက်အောက်ငယ်သားများမှာ ‌အ‌ေရှ့၊ မြောက်၊ တောင်နှင့် အနောက်တို့ကို စီမံခန့်ခွဲသည့် အဖွဲ့ခေါင်းဆောင်လေးဦး ရှိသည်။

ဤဖုန်းစစ်သည် အနောက်မြို့ကို တာဝန်ယူထားသည့် အဖွဲ့ခေါင်းဆောင်ဖြစ်သည်။

ဖုန်းစစ်သည် အင်အားမကြီးမားသည့်တိုင် အစ်ကိုဖြစ်သူ ခေါင်းဆောင်ကြောင့် သိသာထင်ရှားသည့် အင်အားအာဏာကို ကိုင်ဆောင်ထားပေသည်။ ထို့ကြောင့် သူ့ကို မည်သူမျှ အပြစ်မပြုရဲကြပေ။

ထိုနာမည်ကို ကြားသည်တွင် ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်၏။

သူများလား?

ဝူဟုန်မှ ပြောသည်။

“ကျိုစစ် အလျင်မလိုနဲ့။ အဲဒီဖုန်းစစ်က ကိုင်တွယ်ရ လွယ်ကူတဲ့သူ မဟုတ်ဘူး”

သူဖုန်းစားဂိုဏ်း၏ အဖွဲ့ခေါင်းဆောင်သည် ကျားဖြူခန်းမ၏ ကြီးကြပ်ရေးမှူးနှင့် အဆင့်အတန်း တူညီသည်။

ချန်ကျဲ့မှ ပြန်လည်တုံ့ပြန်သည်။

“အမ်း ကျွန်တော်နားလည်ပါတယ်။ ကျွန်တော် ဂရုစိုက်မှာပါ”

ဝူဟုန်မှ ပြောသည်။

“ငါမင်းနဲ့ အတူလိုက်ခဲ့မယ်”

ချန်ကျဲ့မှ ပြန်ပြောသည်။

“မလိုပါဘူး။ ကျွန်တော် ‌ကိုင်တွယ်နိုင်ပါတယ်”

ဝူဟုန်မှ ခုခံပြောဆိုသည်။

“အတူသွားရအောင်”

ထိုသို့ပြောပြီးနောက် ဝူဟုန်သည် ချန်ကျဲ့နှင့်အတူ ထွက်ခွာလာခဲ့သည်။ အပြင်ဘက်တွင် လက်အောက်ငယ်သား၅ဦး စောင့်ဆိုင်းနေသည်။ ချန်ကျဲ့မှ ပြောသည်။

“ညီနောင်တွေကို စုဝေးလိုက်။ သူဖုန်းစားဂိုဏ်းက ဖုန်းစန်းရဲ့ ပုန်းအောင်းရာနေရာကို ရှာဖွေမယ်”

“ဟုတ်ကဲ့”

ထိုအခါ လူတစ်အုပ်သည် သူဖုန်းစားဂိုဏ်း၏ ဖုန်းစန်းကို စတင်ရှာဖွေကြသည်။

အနောက်မြို့ ပြန်ပေးသမားလမ်းကြား၌ ချောက်ချားဖွယ်အော်ဟစ်သံများ လမ်းတစ်ခွင် ပဲ့တင်ထပ်နေသည်။ ကောင်ငယ်လေးတစ်ဦး၏ ခုံညင်းသည် သူ၏ဘေးရှိ သူဖုန်းစား၏ အတင်းအကျပ် ခွာယူခံထားရ၏။

ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော လူချမ်းသာတစ်ဦး ဖြစ်ဟန်ရသည့် လူကြီးတစ်ယောက်သည် တုန်ရီနေသည့် ကလေးတစ်စုကို ပြောသည်။

“မင်းတို့အားလုံး အဲဒါကို မြင်ကြလား။ မင်းတို့ကို ဝယ်သူ သဘောကျအောင် မလုပ်နိုင်လို့ ပြန်ပို့ခံရရင် ဒါက မင်းတို့ရဲ့ကံကြမ္မာ ဖြစ်လာလိမ့်မယ်။ အဲဒီလိုဆို မင်းတို့ ဒီတစ်သက်လုံး သူတောင်းစားပဲ ဖြစ်လာနိုင်လိမ့်မယ်”

ထိုအချိန်တွင် ကလေးသည် ‌နာကျင်မှုကြောင့် အော်ငိုနေခဲ့သည်။ ထိုလူချမ်းသာသည် ထိုကလေးကိုကြည့်လျက် ပြော၏။

“ပြောစမ်း သခင်ကြီး သက်ညှာပေးပါလို့”

“အာ~”

ကလေးမှာ နာကျင်လွန်းသောကြောင့် စကားမပြောနိုင်ပေ။ လူချမ်းသာသည် အံ့ဩသွားဟန် အမူအရာပြုလုပ်လိုက်ပြီးနောက် ထပ်ပြောသည်။

“သူ့ရဲ့ မျက်လုံးတစ်လုံးကို ထုတ်ပစ်လိုက်”

“ဟုတ်ကဲ့”

ချက်ချင်းပင် ဇွန်းကိုင်ထားသည့် သူဖုန်းစားနှစ်ဦးသည် ကလေးကို ဖိချုပ်ထားလိုက်သည်။ ထို့နောက် ကလေးငယ်၏ အော်ဟစ်ငိုယိုသံများကြားမှပင် မျက်လုံးတစ်လုံးကို နှိုက်ထုတ်ပစ်လိုက်၏။ ကလေးငယ်သည်လည်း နာကျင်မှုကြောင့် မေ့မြောသွားတော့သည်။

လူချမ်းသာမှ ပြောသည်။

“မနက်ဖြန်ကျ သူ့ကို ယုံချန်လမ်းမှာ တောင်းရမ်းဖို့ ပစ်ထုတ်လိုက်။ တစ်နေ့ကို ပြား၂၀ရအောင် မတောင်းနိုင်ရင် နောက်ထပ် ခြေ‌တစ်ချောင်း ချိုးပစ်လိုက်”

“ဟုတ်ကဲ့ပါ သခင်၄!”

သူဖုန်းစားမှ ရုတ်ချည်း တုံ့ပြန်သည်။ ဤသို့ကိုယ်လက်အင်္ဂါများကို ဖျက်ဆီးခြင်းသည် သူဖုန်းစားများအတွက် ပုံမှန်ဖြစ်သည်။ လောကတွင် မွေးရာပါ ကိုယ်အင်္ဂါမသန်စွမ်းသည့် သူဖုန်းစားဟူသည် များများစားစား မရှိပေ။ အများစုမှာ လူမှ ဖန်တီးထားခြင်း ဖြစ်သည်။

ထိုစဉ် လူချမ်းသာသည် ဒီနေ့ခေါ်လာသည့် ကလေးများကို စစ်ဆေးကြည့်နေသည်။ ထို့နောက် သူ၏အကြည့်များသည် အခြားကလေးများနှင့် မတူဘဲ ကြောက်ရွံ့ခြင်းကင်းမဲ့စွာ ပေါက်စီစားနေသည့် ကလေးမလေးတစ်ဦးဆီတွင် ရုတ်တရက် ရပ်တန့်သွား၏။ ထိုကလေးမလေးမှ လွဲ၍ အခြားကလေးများသည်တော့ မစားသောက်ရဲဘဲ ကြောက်ရွံ့နေကြသည်။

လူချမ်းသာသည် ကလေးမလေးကို ကြည့်၍ လက်ယပ်ခေါ်လိုက်သည်။

“အမ်း ဒီကိုလာခဲ့”

ကလေးမလေးမှ မော့ကြည့်သည်။

“ဟင်?”

ထို့နောက် ကလေးမလေးသည် လူချမ်းသာဆီသို့ ‌ထလျှောက်လာသည်။ လူချမ်းသာမှ မေးသည်။

“မင်း ငါ့ကို မကြောက်ဘူးလား”

ကလေးမလေးသည် ပါးစပ်ထဲတွင် ပေါက်စီကို တမြုံ့မြုံ့ဝါးနေကာ ကျန်သည့်ပေါက်စီ‌ကိုမူ ထိုလူချမ်းသာမှ လုယူသွားမည်ကို ကြောက်ရွံ့သည့်အလား သူမ၏နောက်ကျောတွင် ဖွက်လိုက်ပြီး ပြောသည်။

“မကြောက်ပါဘူး။ အစ်ကိုကြီးက သေချာပေါက် လာကယ်မှာလေ!”

“မင်းရဲ့အစ်ကိုလား။ ဟား သူက ဘာမို့လို့လဲ။ ငါဖုန်းစန်းရဲ့လက်ထဲက လူကယ်မယ်တဲ့လား။ ငါမင်းကို ပြောပြပါရစေ။ လူတစ်ယောက်က ငါ့လက်ထဲကို ရောက်ပြီးပြီဆိုရင် ကယ်ဆယ်လို့ မရနိုင်တော့ဘူးကွ”

“အစ်ကိုကြီးကတော့ သေချာပေါက် လုပ်နိုင်တယ်။ အစ်ကိုကြီး မလုပ်နိုင်တာ မရှိဘူး”

ကလေးမလေးသည် ကြောက်ရွံ့သည့် အရိပ်အယောင်မျိုး လုံးဝ မပြသပေ။ ကြောက်ရွံ့မှုကို ‌ဖိနှိပ်ထားခြင်းပေလော၊ နဂိုကတည်းက ဒူပေနာပေခံခြင်းပေလော မသိနိုင်ပေ။

ဖုန်းစစ်သည် အံ့ဩသွားပြီး မေးသည်။

“မင်းရဲ့အစ်ကိုကြီးက ဘယ်သူလဲ”

ထိုအခါ ကလေးမလေးသည် လက်နှစ်ချောင်းထောင်ပြ၏။

ဖုန်းစစ် မျက်မှောင်ကြုတ်လိုက်သည်။

“အဲဒါက ဘာအဓိပ္ပာယ်လဲ”

“ပေါက်စီနှစ်လုံးထပ်ပေးရင် ပြောပြမယ်!”

“မင်း ဟားဟားဟား… ကောင်းပြီ။ မင်းက ငါနဲ့တောင် ညှိနှိုင်းရဲတာပဲ”

ဖုန်းစစ် အားရပါးရ ရယ်မောမိရသည်။ ဤကလေးမလေး၏ ရဲတင်းမှုသည် မယုံကြည်နိုင်စရာကောင်းလှသည်ဟု စိတ်ဝင်တစားဖြစ်လျက် လက်အောက်ငယ်သားတစ်ယောက်ကို ပေါက်စီယူလာပေးရန် လက်ဝှေ့ယမ်း ခိုင်းစေလိုက်သည်။

“အထဲမှာ အသားအစာသွပ်ပါတာ လိုချင်တယ်”

“အဆင်အခြင်မဲ့လိုက်တာ!”

သူဖုန်းစားနှစ်ဦးသည် ကလေးမလေးကို သေလူကဲ့သို့ ကြည့်နေကြသည်။

သခင်၄ကို အဲဒီလိုပုံစံနဲ့ စကားပြောရဲတာ၊ ဒီကလေးမတော့ သေပြီပဲ!

ထိုသို့အတွေးဖြင့် သူဖုန်းစားနှစ်ဦးသည် ပေါက်စီများ ယူလာပေးသည်။ ကလေးမလေးသည် လက်တစ်ဖက်လျှင် ပေါက်စီတစ်လုံးစီကိုင်၍ တမြုံ့မြုံ့ဝါးနေတော့သည်။

ဖုန်းစစ်သည် စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေရင်း ပြောသည်။

“ကဲ ကလေးမလေး ငါ့ကိုပြောတော့။ မင်းရဲ့အစ်ကိုကြီးက ဘယ်သူလဲ”

“ချန်ကျိုစစ်!”

ကလေးမလေးမှ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောသည်။

“ချန်ကျိုစစ်? သူက ဘာလဲ”

ဖုန်းစစ်သည် ရှုပ်ထွေးသွားသည့် မျက်နှာအမူအရာမှ ရုတ်ချည်း မည်းမှောင်သွားရ၏။ သူသည် ကလေးမလေးမှာ သူ့ကို လှည့်စားနေသည်ဟု ခံစားလိုက်ရသည်။

ထိုစဉ် သူ၏လက်အောက်ငယ်သားမှ သူ့အား ခပ်ဖွဖွပုတ်၍ ပြောသည်။

“သခင်၄ ချန်ကျိုစစ်က ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ချန်ကျိုစစ်ပါ”

“ငါးဖမ်းကုန်သည်အဖွဲ့လား”

“အာ တကယ်ပဲ သူပဲ!”

ဖုန်းစစ် ရုတ်ချည်း နားလည်သွားခဲ့သည်။

စာစဉ်ပြီး၏

(အရှေ့တစ်အုပ်မှာတုန်းက တစ်ပိုင်းလိုနေတာကိုပါ ပိုထည့်ပေးလိုက်ပါတယ်

-Zeus)

All Chapters