← Chapters

ယောက်ျား ရှင် ကျွန်မကို တစ်ခုခုဖုံးကွယ်ထားလား_၅

Vol. 16 Ch. 210

ယောက်ျား ရှင် ကျွန်မကို တစ်ခုခုဖုံးကွယ်ထားလား_၅

Vol. 16 Ch. 210

ရက်အတော်ကြာ အကဲခတ်အပြီးတွင် ဤတို့ဟူးဆိုင်၏ အလုပ်သမားအားလုံးသည် သိုင်းပညာတတ်မြောက်ပုံရသည်ဟု သုံးသပ်ထားခဲ့သည်။

လူတစ်ယောက်သည် တို့ဟူးရောင်းရုံမျှဖြင့် ခိုင်မာသည့် အခြေခံအုတ်မြစ်ကို မတည်ဆောက်နိုင်ပေ။

သူတို့သုံး‌ဦး ချဉ်းကပ်သွားချိန်၌ တို့ဟူးဆိုင်သည် တို့ဟူးလာဝယ်သည့် အမျိုးသားများနှင့် လူစည်နေချိန်ဖြစ်သည်။ အဟမ်း… တကယ်တော့ ကြည့်ရှုဖို့ပါလေ။

တတိယသခင်လေးဟွားမှ လက်ဝှေ့ရမ်းလျက် ပြောသည်။

“လာ ငါ့ညီမလေးအတွက် လမ်းလုပ်ပေးလိုက်ကြဦး”

ထိုအခါ အလုပ်သမားနှစ်ယောက် ထွက်လာပြီး ထိုင်ခုံများဆွဲယူလာ၍ အမျိုးသားအုပ်ကြီးကို ခွဲခြားလိုက်ကာ ချန်ကျဲ့တို့သုံးဦးအတွက် လမ်းကြောင်းဖြစ်တည်လာစေသည်။

သူတို့အနီးသို့ရောက်သောအခါ တတိယသခင်မလေးဟွားသည် ပန်းကန်လုံးနှစ်လုံးကိုထုတ်ယူလာပြီး ပြောသည်။

“ညီမလေးစူး ဒီတို့ဟူးပူတင်းကို အစ်မ မနက်က လုပ်ထားတာ။ အရမ်းစားကောင်းတယ်၊ လာ စားကြည့်ပါဦး”

ထိုအခါ စူးယွင်ကျင်းမှ အမြန် ကျေးဇူးတင်စကားဆိုလိုက်သည်။

သို့သော် တတိယသခင်‌‌မလေးဟွားသည် ချန်ကျဲ့ကိုကြည့်လျက် ပြောလာ၏။

“ရှင်က ညီမလေးစူးရဲ့အမျိုးသားဖြစ်မယ် ဟုတ်တယ်မလား”

ချန်ကျဲ့မှ ပြောသည်။

“ဟုတ်ပါတယ် သခင်မ”

တတိယသခင်မလေးဟွားမှ ရယ်မောလေသည်။

“ဘာကို သခင်မ လဲရှင်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ။ ကျွန်မက တတိယသခင်မလေးဟွားပါ။ ကျွန်မကို စန်းနျန် ဒါမှမဟုတ် ရှင့်အမျိုးသမီးခေါ်တဲ့အတိုင်း အစ်မဟွားလို့ ခေါ်နိုင်ပါတယ်”

တတိယသခင်မလေးဟွားသည် အလွန်ပျူငှာတတ်ပြီး သူမ၏မျက်နှာထက်တွင် အန္တရာယ်ကင်းဟန်သော အငွေ့အသက်ဖြင့် အပြုံးတို့ အမြဲတည်ရှိနေပေသည်။

သို့သော် အကြောင်းအရင်းမည်မည်ရရ မရှိပါဘဲ ချန်ကျဲ့သည် သူမနှင့် မျက်လုံးချင်းဆုံလိုက်ချိန်မှ စတင်၍ သူမသည် အလွန်အန္တရာယ်များသည်ဟု ခံစားမိနေပေသည်။

ထိုအရာကို သတိမထားမိသည့် စူးယွင်ကျင်းသည် တို့ဟူးပူတင်းတစ်ဇွန်းကို စားလိုက်ရင်း ပြောသည်။

“အင်း အရမ်းနူးညံ့နေရောပဲ။ အစ်မဟွားရဲ့ တို့ဟူးနဲ့ တို့ဟူးပူတင်းက တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ”

တတိယသခင်မလေးဟွားမှ ပြောသည်။

“ဟားဟား ညီမလေး ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။ နောက်ကျ မနက်ပိုင်း တို့ဟူးစားချင်ခဲ့ရင် ဒီတိုင်း လာခဲ့လိုက်၊ တန်းစီဖို့ မလိုဘူး။ အစ်မ မင်းအတွက် တစ်ခွက်ချန်ထားလိုက်မယ်”

“ကျေးဇူးတင်ပါတယ် အစ်မဟွား”

ထိုစဉ် တတိယသခင်မလေးဟွားသည် ရယ်မောလိုက်ပြန်သည်။

“ဘာကို ကျေးဇူးတင်တာတုန်း? ငါက မင်းကို မျက်နှာလိုမျက်နှာရလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာ မမြင်ဘူးလား”

“ကျွန်မကို မျက်နှာလိုမျက်ရလုပ်တယ်?”

စူးယွင်ကျင်းသည် နားမလည်နိုင်ဟန်ဖြင့် ပြောသည်။

“ကျွန်မမှာ မျက်နှာလိုမျက်နှာရလုပ်တာ ခံရလောက်အောင် ထိုက်တန်တာ ဘာရှိလို့လဲ”

“ဟားဟား ညီမလေးရယ်၊ မင်းဘာလို့ ဒီလောက်တောင် ရိုးအရတာလဲ! ဒီလိုသာဆို မင်းအတွက် မကောင်းဘူးနော်”

ထိုအခါ စူးယွင်ကျင်း ရှုပ်ထွေးသွား၏။ တတိယသခင်မလေးဟွားသည် ချန်ကျဲ့ကို လက်ညှိုးထိုးလိုက်ပြီး ပြောသည်။

“ညီမလေးရဲ့ခင်ပွန်းသည်က ကျားဖြူခန်းမကလေ၊ ပြီးတော့လည်း ကြီးကြပ်ရေးမှူးအဆင့်ရှိတယ်။ ဒီလမ်းက ကျားဖြူခန်းမရဲ့ စီမံထိန်းချုပ်မှုအောက်မှာ ရှိနေတာ။ မင်းကို မျက်နှာလိုမျက်နှာရလုပ်တယ်ဆိုတာ မင်းရဲ့ခင်ပွန်းကို မျက်နှာလိုမျက်နှာရလုပ်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား”

“အခုက စီးပွားရေးလုပ်ရတာ ခက်ခဲတဲ့အချိန်ပဲ။ ကျောထောက်နောက်ခံမရှိရင် ဒီအစ်မရဲ့ စီးပွားရေးလုပ်ငန်းသေးသေးလေးကို အစောကြီးကတည်းက တစ်ယောက်ယောက်က ဝါးမျိုသွားလောက်ပြီ‌ရယ်”

တတိယသခင်မလေးဟွားသည် အားနည်းထိခိုက်လွယ်သော အသွင်အပြင် ဟန်ဆောင်လုပ်ပြ၏။

စူးယွင်ကျင်းမှ ပြောသည်။

“အစ်မဟွားက နောက်ပြောင်နေပါပြီ။ အစ်မရဲ့စီးပွားရေးလုပ်ငန်းက ကောင်းမွန်ဖြစ်ထွန်းနေတာ ကျွန်မ မြင်နေရပါတယ်။ ဒီအလုပ်သမားတွေအားလုံးကလည်း သန်မာဖျတ်လတ်ပြီး စွမ်းဆောင်ရည်ရှိကြတယ်။ ကျွန်မတော့ အစ်မကို ဘယ်သူမှ ပြဿနာမရှာရဲလောက်ဘူးလို့ ထင်တာပါပဲ”

တတိယသခင်မလေးဟွားမှ ပြောသည်။

“ညီမလေးက နားမလည်လို့ပါ။ စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါ နတ်ဘုရားမျိုးစုံကို စီမံထိန်းသိမ်းရတယ်။ အဲဒါကြောင့် ဒီက သူရဲကောင်းကြီး… ကျေးဇူးပြုပြီး အနာဂတ်မှာ ကျွန်မရဲ့စီးပွားရေးလုပ်ငန်းလေးကို ကူညီစောင့်ရှောက်ပေးပါဦး”

ထိုအခါ ချန်ကျဲ့ ရယ်မောလျက် ပြောလိုက်သည်။

“မိန်းကလေးဟွား အာ… အစ်မဟွားကတော့ နောက်နေပါပြီ။ ဒီက ညီနောင်တွေရဲ့ တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံအရဆိုရင် ကျွန်တော့်အထင်တော့ သူတို့အားလုံးက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်တွေ ဖြစ်လောက်မယ်ထင်ပါတယ်။ ဒီလိုအင်အားမျိုးနဲ့ဆို ကျားဖြူခန်းမမှာတောင် လက်ရွေးစင်အဆင့်လို့ သတ်မှတ်လို့ရတယ်ဗျ။ ဒီလိုလူတွေအများကြီးက အစ်မဟွားကို ကာကွယ်ပေးနေတာ ကျွန်တော်တော့ အစ်မဟွားရဲ့ စီးပွားရေးက ဒီလောက်ခက်ခဲပါ့မလားလို့ တွေးမိပါရဲ့”

“ခက်ခဲတယ် မခက်ခဲဘူးဆိုတာက အားလုံးရဲ့ ကူညီထောက်ပံ့ပေးမှုအပေါ် မူတည်ပါသေးတယ် ဟုတ်တယ်မလား။ အို ဒါနဲ့ ဒီကလူကြီးမင်း.. အခုထိ ရှင့်ရဲ့နာမည်ကို မပြောပြရသေး‌ဘူးနော်”

ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော့်နာမည် ချန်ကျိုစစ်ပါ”

“အို အဲဒီတော့ ရှင်က ချန်ကျိုစစ်ပေါ့။ ဒါဆိုရင်တော့ ကျွန်မ တကယ်ပဲ ရှင့်ကို မျက်နှာလိုမျက်နှာရလုပ်မှ ဖြစ်တော့မယ်”

ချန်ကျဲ့မှ မေးလိုက်သည်။

“အစ်မဟွားက ကျွန်တော့်ကို သိတယ်လား”

“သေချာပေါက် သိတာပေါ့။ ကျားဖြူခန်းမမှာ ဒီနေ့ သားနှစ်ယောက်မွေးစားမယ့်အကြောင်းကို တစ်မြို့လုံး ပြောနေကြတာလေ။ တစ်‌ယောက်က ချန်ကျိုစစ်၊ နောက်တစ်ယောက်က ကျိုးချူတဲ့”

“အစ်မဟွားက တကယ့်ကို သတင်းစုံတာပဲ”

ထိုအခါ တတိယသခင်မလေးဟွားသည် ရယ်မောလိုက်၏။

“စားသုံးသူတွေ အများကြီး ဝင်ထွက်သွားလာနေတာဆိုတော့ ကိစ္စတစ်ခု၊ နှစ်ခုလောက် ကြားသိရတာကို ဘယ်လိုမှ မရှောင်လွှဲနိုင်ဘူးလေ”

“အာ ကျွန်မ စကားတွေ အများကြီး ပြောနေမိတာပဲ။ မောင်လေး ကျိုစစ် ကောင်းကောင်းသုံးဆောင်ပါ၊ အစ်မရဲ့ တို့ဟူးပူတင်းကို စားကြည့်လိုက်ပါဦး”

သူမ၏စကားများတွင် တစ်စုံတစ်ရာက ထူးဆန်းနေသည်ဟု ချန်ကျဲ့ ခံစားနေရ၏။ သို့သော် သူလုပ်နိုင်သည့်အရာ ဘာမျှမရှိပေ။

သို့ဖြင့် တတိယသခင်မလေးဟွားကို ပြုံးသာ ပြလိုက်ပြီး တို့ဟူးကို စားကြည့်လိုက်သည်။ အရသာမှာ အမှန်တကယ်ပင် တစ်မူထူးခြားပါ၏။

ချန်ကျဲ့နှင့် စူးယွင်ကျင်းတို့သည့် တို့ဟူးပူတင်းကို ကုန်စင်အောင် စားပြီးနောက် ဆင်ခြေပေး၍ ထွက်လာခဲ့ကြသည်။ တတိယသခင်မလေးဟွားသည် သူတို့ကို ဆက်နေပါရန် ဆွဲမထားပေ။ သို့သော် အချိန်အားလပ်ပါက သူ၏တို့ဟူးဆိုင်သို့ လာရောက်ပါရန် ပြောခဲ့သည်။

ထွက်ခွာသွားသည့် ချန်ကျဲ့၏ပုံရိပ်ကိုကြည့်၍ အလုပ်သမား‌တစ်ယောက်မှ တတိယသခင်မလေးဟွားကို ပြောသည်။

“သူဌေး သူက နွဲ့ပျောင်းအရွတ်အဆင့်ပဲရှိသေးတဲ့ လူတစ်ယောက်ပဲကို သူဌေးကိုယ်တိုင် ကိုင်တွယ်ဖို့ လိုအပ်လို့လား”

တတိယသခင်မလေးဟွားသည် မျက်လုံးတို့မှေးကျဉ်းထားလျက် ပြောသည်။

“သူက ရှန်းထောင်မြို့ကပဲ”

“ဟမ်?”

“ရှန်းထောင်မြို့လား”

အလုပ်သမားမှ ပြောသည်။

“အဲဒါက ဘာများ အထူးတလည်ရှိလို့လဲဗျ”

တတိယသခင်မလေးမှ ပြောသည်။

“အဲဒီလူက ရှန်းထောင်မြို့ကို ရောက်ဖူးတဲ့သူဖြစ်ပြီး ဖန်းရှစ်ကျုံးနဲ့တောင် သိုင်းပညာဖလှယ်ခဲ့ဖူးတယ်။ အဲဒါတွေအပြင် သူက ဟွမ်ကျိုးစီရင်စုက လွှတ်လိုက်တဲ့သူဖြစ်တဲ့ ဟယ်ချွမ်တင်းရွှမ်းကိုလည်း သတ်ခဲ့တယ်”

(ရှုပ်နေကြမှာစိုးလို့ သူပြောတဲ့ အဲ့ဒီ့လူဆိုတာက နီဝမ်ကျွင်း တစ်ဖြစ်လည်း နီမန်ဇစ်ကိုပြောတာပါ။ ကြည့်ရသလောက်ကတော့ ဆီကုန်သည် မမလေးဟွားနဲ့ နီမန်ဇစ်တို့က နောက်ကြောင်းဇာတ်လမ်းရှိပုံပါပဲ)

အဲဒီတော့?

တတိယသခင်မလေးဟွားမှ ဆက်ပြောသည်။

“တင်းရွှမ်း အဓိကကျင့်ကြံတဲ့သိုင်းက ရေထိန်းချုပ်လက်ဝါးသိုင်းပဲ”

“ငါစုံစမ်းစစ်ဆေးပြီးပြီ။ ဒီလူရဲ့သိုင်းကွက်တွေက ရေထိန်းချုပ်လက်ဝါးသိုင်းနဲ့ အတော်လေး ဆင်တူတယ်။ အထူးသဖြင့် မနေ့က အလုပ်အပ်သူရဲ့ ဒဏ်ရာတွေကို စစ်ဆေးသုံးသပ်ချက်အရ ‌ရေထိန်းချုပ်လက်ဝါးသိုင်းရဲ့ သိုင်းကွက်ကြောင့် သေဆုံးရတာ ဖြစ်နိုင်ချေရှိတယ်”

“သူဌေး ဖန်းရှစ်ကျုံးက ဟွမ်ရှင်းရဲ့လက်နက်တိုက်ကို အမွေဆက်ခံထားတဲ့သူပဲ။ ပြီးတော့ အရင်သူဌေး ချန်ရစ်ခဲ့တဲ့ သတင်းအချက်အလက်အရဆို အဲဒီလက်နက်တိုက်ထဲမှာ ရေထိန်းချုပ်လက်ဝါးသိုင်းကျမ်း တစ်ဝက်ရှိနေလိမ့်မယ်။ ဒီလူက ရေထိန်းချုပ်လက်ဝါးသိုင်းကို ဖန်းရှစ်ကျုံးဆီကနေ သင်ယူခဲ့တာများလား”

တတိယသခင်မလေးဟွားမှ ပြောသည်။

“ဖြစ်နိုင်ချေရှိတယ်”

“ပြီးတော့ သူလား”

တတိယသခင်မလေးဟွားမှ ပြောသည်။

“ အဲဒီလူဆီကနေ သင်ယူခဲ့တာလည်း သေချာပေါက် ဖြစ်နိုင်ချေရှိတယ်”

ထိုအခါ အလုပ်သမားမှ စိတ်ပျက်လက်ပျက်ဖြင့် ပြော၏။

“သူဌေး အဲဒီလူက… ဟူး…”

ထို့နောက် အလုပ်သမားသည် ဘာမျှဆက်မပြောတော့ပေ။ သူ၏သူဌေးသည် ‘အဲဒီလူ’နှင့် တွေ့ဆုံလိုက်ချိန်မှ စတင်၍ ဝိဉာဉ်ပျောက်ဆုံးသွားသည့်အလားပင်။

သူဌေးမှ အဲဒီလူကို ကိုယ်တိုင် လုပ်ကြံသတ်ဖြတ်ရန် သွားခဲ့သည့် ထိုအချိန်ကတည်းက အဘယ်အရာများဖြစ်ပျက်ခဲ့ကြောင်းကို မည်သူမျှ မသိခဲ့ကြတော့ပေ။ သူဌေးသည် ပြန်ရောက်လာချိန်တွင် အလွန်အမင်း စိတ်ပျက်နေခဲ့၏။ သို့သော် အချိန်ခဏကြာပြီးနောက် စိတ်လှုပ်ရှားတက်ကြွလာပြန်သည်။

သူဌေးသည် ဤသို့ပင် ကြေညာလိုက်သေး၏။

“ငါက ပိုက်ဆံရှာဖို့အတွက်ဆို ‌လူသတ်တဲ့နည်းလမ်းပဲ သိတယ်လို့ ဘယ်သူပြောလဲ။ ငါ တို့ဟူးရောင်းပြီးတော့လည်း ပိုက်ဆံရှာနိုင်တယ်။ ငါ့ပိုက်ဆံက မသန့်ရှင်းဘူးလို့ ဘယ်သူပြောလဲ”

ထို့နောက်တွင် အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်သော လျှို့ဝှက်ဆန်းကြယ်သည့် ဆီကုန်သည်တစ်ဖြစ်လည်း မျန့်ရွှေမှောင်ခိုဈေး၏ သူဌေးဖြစ်သူ တတိယသခင်မလေးဟွားသည် အမည်မရှိ တို့ဟူးဆိုင်တစ်ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့သည်။

နေ့တိုင်း တို့ဟူးရောင်းချခြင်းသည် အတော်လေး ခိုင်မာသည့်အလုပ်ဖြစ်၏။

အလုပ်သမားမှာ အဲဒီလူ၏ အဘယ်အရာသည် သူ၏‌သူဌေးကို ထက်သန်ပြင်းပြစွာ ဆွဲဆောင်လိုက်သည်အား နားမလည်နိုင်ရုံသာ ဖြစ်ပါ၏။

ထို့ပြင် တို့ဟူးဆိုင်တစ်ဆိုင် ဖွင့်လှစ်ခြင်းဖြင့် မလုံလောက်နိုင်ဘဲ သူ၏‌သူဌေးသည် အဲဒီလူအကြောင်း သတင်းအချက်အလက်များကို ရယူရန်အတွက် မကြာခဏ ခရီးဝေးသွားလေ့ရှိလာခဲ့သည်။ ယခုတွင်လည်း အဲဒီလူနှင့် ဆက်နွယ်မှုရှိလိမ့်မည်ဟု ထင်မှတ်ရသော ချန်ကျိုစစ်နှင့် ပတ်သက်နေပြန်သည်။

All Chapters