(ကျောက်တုံးနက်ကျေးရွာမှာ အမဲလိုက်ပွဲ စတင်ခြင်း)
Vol. 2 Ch. 17
(ရတယ် ပိုင်ရှင်။ ကိုလာက အပြင်ယူသွားခွင့် ပြုထားတဲ့ပစ္စည်းတွေထဲက တစ်ခုပဲ။ ဈေးဝယ်က ဒီပစ္စည်းကို သူများဆီ ပေးဖို့ မကြိုးစားသရွေ့ စည်းကမ်းနံပါတ်လေးက အသက်ဝင်လာမှာမဟုတ်ဘူး)
ယွဲ့ရှုယန်ကို ဟောင် ပြန်ဖြေပေးလိုက်သည်။
“ကိုလာကို အပြင်ယူလို့ရတယ်.. သူများကိုသာ မပေးနဲ့။ မဟုတ်ရင် ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်တော့ဘူး”
ဟောင်ရဲ့ စကားကိုကြားသည့်အခါမှာ ယွဲ့ရှုယန် ခပ်ဖွဖွ ပြုံးပြလိုက်သည်။
ယွဲ့ရှုယန်ရဲ့ အပြုံးနုလေးကို မျက်မြင် တွေ့လိုက်ရသော ရှောင်လျန်ဖန်းနဲ့ လင်ယွီကျွင်းတို့ ရင်ထဲ ကလိကလိ ဖြစ်သွားကြသည်။
ရှောင်လျန်ဖန်း.အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ သူ့ရဲ့ မျက်နှာထားသည် ကမ္ဘာမြေရဲ့ စိတ်ဆန္ဒတွေကို အပြီးတိုင် စွန့်ပစ်လိုက်သော ဘုန်းတော်ကြီးတစ်ပါးလို အလွန်တည်တံ့နေခဲ့သည်။
“အကိုကြီး ခေါက်ဆွဲကကော? အဲ့ဒါကော ယူလို့ရလား?”
ဟောင် ထိုအရာကို တွေးပြီးသားပင်။
ခေါက်ဆွဲကိုသာ ယူသွားလို့ရရင် ဟွာဖေးရှု ယူသွားလိုက်ပြီး အကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင်ကိုပါ ပြလိုက်ချင်သေးသည်။
ဟောင် စနစ်ကို လှမ်းမေးလိုက်သည်။
(မရဘူး။ အသင့်စားခေါက်ဆွဲကဆိုင်ပြင် ယူဖို့ ခွင့်မပြုထားဘူး။ ဆိုင်ထဲမှာပဲ စားရမယ်)
ဟောင် စနစ်ရဲ့ စကားတွေကို ပြန်ပြောပေးလိုက်သည်။
ရှောင်လျန်ဖန်းရဲ့ စိတ်လှုပ်ရှားမှုက မှိန်ဖျော့သွားခဲ့သည်။ သူ အများကြီး မျှော်လင့်ခဲ့ပေမဲ့ အဖြေက သူ့ကို စိတ်ကုန်သွားစေခဲ့သည်။
ရေလှိုင်းသံစဥ်ဓားဘုရင် ဂိုဏ်းရဲ့ အကြီးအကဲ တစ်ချို့သည် ခေါင်းမာကြသည်။ ခိုင်မာတဲ့ သက်သေမရှိဘဲ ဘာကိုမှ မယုံချင်ကြဘူး။ အသင့်စားခေါက်ဆွဲ အကြောင်းသာ ပြောပြလိုက်လျှင် သူ့ကို ယုံမှာမဟုတ်သည့် အပြင် ဒီဆိုင်ကိုပါ သံသယ ဝင်သွားလိမ့်အုံးမည်။
အခုတော့ သူ ရွေးစရာမရှိတော့ဘူး။ အကြီးအကဲတွေကို ယုံစေချင်ရင် တစ်ယောက်ကို အရင်ပါအောင် ခေါ်မှ ဖြစ်တော့မည်။ အရင်ကြုံဖူးမှသာ ဒီခေါက်ဆွဲက ဘယ်လောက်တောင် အံ့သြဖွယ် ကောင်းလဲ သိသွားကြမှာပင်။
ရှောင်လျန်ဖန်း ကိုယ်ပိုင်အတွေးဖြင့် ခေါင်းရမ်းကာ ဟွာဖေးရှုနဲ့ ယွဲ့ရှုယန်ကို ကြည့်လိုက်သည်။ သူ့ရဲ့ ကိုလာဘူးကို မြှောက်ကြည့်ပြီးနောက်တွင် မျက်နှာထက်တွင် ယုံကြည်မှုရှိသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“အမယွဲ့ မင်းတို့တွေ နတ်ဆိုးသားရဲကို အမဲလိုက်ချင်လား?”
နတ်ဆိုးသားရဲများ၏ အတွင်းတွင် နတ်ဆိုးချီစွမ်းအင်များ ရှိတာမို့ သူတို့ရဲ့ စိတ်သည် ရန်လိုမှုနှင့် သွေးဆာမှုတို့ ပြည့်နေကြသည်။ ဝိညာဥ်သားရဲတွေလိုမျိုး မွေးထားပြီး အတူကျင့်ကြံလို့ မရပေ။ နတ်ဆိုးသားရဲတွေက ကြမ်းတမ်းပြီး ခေါင်းထဲမှာ တိုက်ခိုက်ဖို့ကလွဲလျှင် တစ်ခြား မသိကြချေ။
သူတို့တွေက သတ်ဖြတ်မှုကို ခုံမင်သည်။ သူများတွေကို ဝါးမြိုပြီး ပိုသန်မာကြီးထွားကြသည်မို့ သူတို့တွင် ဝရုန်းသုန်းကားနှင့် ဖျက်လိုဖျက်ဆီးအစွမ်း ရှိကြ၏။
ရှောင်လျန်ဖန်းရဲ့ ရည်ရွယ်ချက်ကို ဟွာဖေးရှုနဲ့ ယွဲ့ရှုယန် ချက်ချင်းပဲ သဘောပေါက်လိုက်သည်။
လက်ရှိမှာ အဆင့်တက်ထားကြသည်မို့ သူတို့တွေက ပိုသန်မာလာခဲ့ပြီ။ ဒါ့အပြင် ကိုလာရဲ့ တုံ့ပြန်မှုကို မြှင့်တင်နိုင်စွမ်းပါ ပေါင်းလိုက်မည်ဆိုပါက နတ်ဆိုးသားရဲကို အမဲလိုက်ဖို့ရန် ပိုလွယ်သွားမည့်အပြင် ပျော်ဖို့ပါကောင်းအုံးမည်။
အသက်အန္တရာယ် ရှိသည်ဆိုသော်ငြား အသက်အန္တရာယ်ဆိုတာ ကျင့်ကြံသူ တစ်ယောက်အတွက် အဖော်မွန်ပဲ။
ဒါ့အပြင် သူတို့လေးယောက်သာ ပေါင်းလိုက်ရင် ဆယ်မိနစ်စာ ကိုလာ အစွမ်းပဲ ရနိုင်အုံးမည် ဖြစ်လင့်ကစား သူတို့ထက် ပိုသန်မာတဲ့ သားရဲတွေကို အမဲလိုက်နိုင်ဖို့ လုံလောက်တာထက် ပိုနေပြီ။ သူတို့ကိုယ်သူတို့လဲ ယုံကြည်မှုရှိသည်။
နတ်ဆိုးသားရဲတွေက တန်ဖိုးကြီးသားရဲတွေပဲ။ သူတို့ရဲ့ ရိုးတွင်းခြင်ဆီကို ဝိညာဥ်ကျောက်တုံးနဲ့ လဲလှယ်လို့ရသည်။ သူတို့ရဲ့ အရေပြားနဲ့ လက်နက် ဖန်တီးနိုင်သည်။ သူတို့ရဲ့ သွေးကို ဆေးလုံးဖန်တီးရာမှာ အသုံးပြုသည်။
သူတို့ လေးယောက်ရဲ့ အသစ်စက်စက် တိုးတက်လာသော သန်မာမှုကို စမ်းသပ်ဖို့ရန်အတွက် ဒါက ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ။
ဟွာဖေးရှု ယွဲ့ရှုယန်ကို လှမ်းကြည့်ကာ စိတ်ထဲမှ ဆက်သွယ်လိုက်သည်။
‘မမကြီး သွားချင်လား? ငါ့ရဲ့ သိုင်းအသစ်ကို ငါတော့တစ်ကယ် စမ်းချင်နေပြီ! ပြီးတော့ ငါတို့တွေ အတူအမဲမလိုက်ဖြစ်တာလဲ ကြာပြီ မလား?’
ယွဲ့ရှုယန် ခေါင်းညိတ်လိုက်ကာ
‘ကောင်းပြီလေ’
ဟွာဖေးရှု ပြုံးသွားပြီး ရှောင်လျန်ဖန်းဘက်ကို လှည့်လိုက်သည်။
“ ငါတို့ပါမယ်!”
ရှောင်လျန်ဖန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် လင်ယွီကျွင်းဘက်ကို လှည့်လိုက်ကာ
“မင်းကော လိုက်မှာမလား? ယွီကျွင်း”
လင်ယွီကျွင်း ပျင်းရိစွာ အကြောဆန့်လိုက်သည်။ ထို့နောက်မှာ ပြုံးလိုက်ပြီး
“သေချာပေါက် လိုက်မှာပေါ့”
သူ့ရဲ့ သန်မာမှုအသစ်ကို စမ်းချင်သေးသည်။ ပိုအရေးကြီးတာက သူ ဝိညာဥ်ကျောက်တုံး များများရှာမှ ဖြစ်တော့မည်။
ဘာကြောင့်ရယ်မသိ ဒီအကိုကြီးက အနာဂတ်မှာ ပစ္စည်းအသစ်တွေ ထပ်တင်အုံးမယ်လို့ ခံစားချက် ရနေသည်။
ဒီလိုသာဆိုလျှင် သူ ပစ္စည်းအသစ်တွေ ဝယ်နိုင်ဖို့ ပိုက်ဆံရှိမှ ဖြစ်မည်။ ဘယ်လောက် ဈေးကြီးသွားမယ်ဆိုတာ ဘယ်သူ ပြောနိုင်မှာလဲ? ဒါပေမဲ့ သူ ကြုံတွေ့ခဲ့ရသလောက် ဆိုရင် ပစ္စည်းတွေက ဘယ်လောက်ပဲ ပေးရပေးရ၊ အမြဲတမ်း ပေးရတာထက် ပိုတန်မှာပဲ။
လမ်းပေါ်မှာ ပိုက်ဆံကျနေတာကို မြင်ရက်နဲ့ မယူဘဲ ထွက်သွားမည့်သူသည် အရူးပဲ ဖြစ်လိမ့်မည်။
ဆွေးနွေးမှုပြီးသွားသည့်အခါမှာ လေးယောက်လုံးသည် ဟောင်ကို နှုတ်ဆက်ပြီး ဆိုင်မှ ထွက်သွားလိုက်ကြသည်။
တံခါးမပိတ်သွားခင်အထိ ထိုထွက်သွားသော လေးယောက်၏ ကျောပြင်တွင် ဟောင်၏ မျက်လုံးတွေ ကပ်ညိနေခဲ့သည်။
‘ နတ်ဆိုးသားရဲကို အမဲလိုက်မှာတဲ့? စိတ်ဝင်စားဖို့ ကောင်းမဲ့ပုံပဲ’
လုပ်စရာ မရှိတော့သည်မို့ သူ လုပ်ရမည့် မစ်ရှင်တွေကိုသာ စစ်ဆေးနေလိုက်သည်။
ပင်မမစ်ရှင်- ခေါက်ဆွဲဗူးနှစ်ဆယ် ရောင်းရန် 10/20
အရန်မစ်ရှင် တစ်- ကိုလာမှ ဝိညာဥ်ကျောက်တုံး သုံးဆယ် စုဆောင်းပါ။
12/30
အရန်မစ်ရှင် နှစ်- ပထမဆုံးအကူခန့်ပါ။ အရာအားလုံးကို ကိုယ်တိုင်လုပ်ဖို့ တွေးနေတာ မဟုတ်ဘူးမလား?
0/1
လိုအပ်ချက်- အကူအလုပ်သမားသည် အနည်းဆုံး ကောင်းကင်ဘုရင်နယ်ပယ်နှင့် အထက် ရှိဖို့လိုအပ်သည်။ လိုအပ်ချက်နဲ့ ကိုက်ညီသည့်သူကို သတ်မှတ်နယ်မြေ အတွင်း တွေ့လျှင် စနစ်မှ အလိုအလျောက် အသိပေးမည်။
ဟောင် ခေါင်းညိတ်လိုက်သည်။ ပင်မမစ်ရှင်နဲ့ အရန်မစ်ရှင်တစ်ကို သူ ပြီးခါနီး တစ်ဝက် ရောက်နေပြီ။ ဒီတိုင်းသာ ဆက်သွားရင် မနက်ဖြန် ဒါမှမဟုတ် သဘက်ခါကျ မစ်ရှင် ပြီးမှာပဲ။
အရန်မစ်ရှင် နှစ်အတွက်တော့ သူလဲ မသိတော့ပေ။ လိုအပ်ချက်နဲ့ ကိုက်ညီသူ တစ်ယောက်မှ စနစ်က သတိမပေးသေးဘူး။ ကောင်းကင်ဘုရင် နယ်ပယ်ရှိတဲ့ ကျင့်ကြံသူ ပေါ်လာရင်တောင်မှ သူတို့က အလုပ်သမား အဖြစ် လုပ်ချင်ပါ့မလား မသေချာဘူးလေ။
ဈေးဝယ်လဲ ထပ်မရောက်လာသည်မို့ ဆိုင်လေးသည် တိတ်ဆိတ်နေတော့သည်။
ထိုအချိန်တွင် ရှောင်လျန်ဖန်း၊ လင်ယွီကျွင်း၊ ဟွာဖေးရှုနဲ့ ယွဲ့ရှုယန်တို့သည် သူတို့ရဲ့ဦးတည်ရာဖြစ်သော ကျောက်တုံးနက် ကျေးရွာကို ရောက်ရှိလာခဲ့ပြီပင်။
ဓားပျံကိုယ်စီ စီးလာခဲ့သော ထိုလေးယောက်သည် ကျောက်တုံးနက် ကျေးရွာ၏ အမိုးခုံးပေါ်တွင် ဆင်းသက် လိုက်ကြသည်။ အနက်ရောင် ကျောက်တုံး များဖြင့် ဖန်တီးထားသော သစ်ပင်အမြင့်ကြီးများသည် သူတို့၏ အောက်တွင် အပြည့်ရှိသည်။ နေရာလွတ်များတွင် အရိပ်ကျနေကြပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ ကျောက်တုံးနက် ကျေးရွာဆိုသော နာမည်နဲ့ လိုက်ဖက်လှမှန်း မြင်နိုင်သည်။
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် နတ်ဆိုးသားရဲ ဟိန်းသံများ ရံဖန်ရံခါ ကြားနိုင်သည်။
လမ်းတစ်လျှောက်တွင် သူတို့ သားရဲများစွာ တွေ့ခဲ့ပေမဲ့ အမဲလိုက်ဖို့ ထိုက်တန်သူ မရှိသေးဘူး။ ထိုသားရဲများသည် အလွန်အားနည်းလွန်းသည်။ သူတို့ကို တိုက်ပြီး အချိန်ဖြုန်းတာက အကျိုးမရှိဘူး။
သူတို့တွေရဲ့ ပန်းတိုင်က သန်မာတဲ့ သားကောင်ကို ရှာဖို့ပဲ။
သိပ်မကြာခင်မှာ အဖွဲ့ကို ရှေ့မှ ဦးဆောင်သွားနေသော ယွဲ့ရှုယန်၏ မျက်လုံးများ ရုတ်တရက် ကျဥ်းမြောင်းသွားသည်။
“ ရပ်”
ကျန်တဲ့သူများသည် ချက်ချင်းရပ်လိုက်ကြသည်။ ယွဲ့ရှုယန်သည် သူမရဲ့ စိတ်ဝိညာဥ် အာရုံခံမှုမှ တစ်ဆင့် ရှေ့မှာ နတ်ဆိုးသားရဲ အုပ်လိုက်ကြီးရှိသည်ကို အာရုံခံမိထားခဲ့သည်။
“ အဆင့်နိမ့် မဟာ သားရဲကြီးတစ်ကောင်၊ ထိပ်သီး လက်ရွေးစင် သားရဲနှစ်ကောင်နဲ့ အဆင့်မြင့် လက်ရွေးစင် သားရဲ နှစ်ကောင်”
သူမ အပိုစကားမပြောချေ။ အကြမ်းဖျင်း ပြောပြီးသည်နှင့် ညွှန်ကြားချက် ပြောလိုက်သည်။
“ ရှောင်လျန်ဖန်းက ထိပ်သီးလက်ရွေးစင် နှစ်ကောင်ကို ဖြေရှင်းလိုက်ပါ။ လင်ယွီကျွင်းနဲ့ ညီမလေးဖေးရှုက အဆင့်မြင့် လက်ရွေးစင်သားရဲ နှစ်ကောင်ကို တစ်ကောင်ဆီ တိုက်ပေးပါ။ ငါက အဆင့်နိမ့် မဟာသားရဲကို တိုက်မယ်”
“ ကောင်းပြီ အမယွဲ့” လင်ယွီကျွင်း ပြန်ပြောလိုက်သည်။
ရှောင်လျန်ဖန်းလဲ စိတ်ထဲမှ တိုက်ခိုက်လိုစိတ်တို့ နိုးကြားလာရင်း အပီအပြင် ခေါင်းညိတ်ပြလိုက်သည်။
“ နားလည်ပြီ!”
ဟွာဖေးရှု စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။
“ ဟီးဟီး ငါတော့ သွေးပူလေ့ကျင့်ခန်း လုပ်ဖို့ မျှော်လင့်နေမိပြီ”
အကုန်လုံး အဆင်သင့်ဖြစ်တာ မြင်တော့
ယွဲ့ရှုယန် နောက်ဆုံး ညွှန်ကြားချက် ပြောလိုက်သည်။
“ ငါအရင်သွားမယ်။ အကုန်အနောက်က လိုက်ခဲ့ကြပါ။ မူမမှန်တာ တစ်ခုခု တွေ့ရင် အစီအစဥ်ပြန်ချမယ်။ အန္တရာယ် အရမ်းများရင်တော့ ပြန်ဆုတ်ကြမယ်”
“ ငါတို့အခု ကိုလာ သောက်လိုက်ရတော့မလား?”
ဟွာဖေးရှု မေးလိုက်သည်။
ရှောင်လျန်ဖန်း ခေါင်းရမ်းလိုက်ပြီး
“ မလိုသေးဘူး။ ငါတို့တွေ ကိုလာ မပါဘဲ ရင်ဆိုင်နိုင်သေးတယ်။ ကိုလာရဲ့ သက်ရောက်မှုက မိနစ်အနည်းပဲ ခံတာ။ အခု သုံးလိုက်ရင် ဖြုန်းတီးရာ ရောက်တယ်။ တစ်ကယ် လိုအပ်တဲ့အချိန်အတွက် သိမ်းထားသင့်တယ်”