(အရိုးကြီးဝံပုလွေနှင့် တွေ့ဆုံခြင်း)
Vol. 2 Ch. 18
ရှောင်လျန်ဖန်းရဲ့ ရည်ရွယ်ချက်က ရှင်းသည်။ အကုန်လုံးလဲ ထိုအချက်ကို လက်ခံကြသည်။
အစီအစဥ် သတ်မှတ်ပြီးသွားသောအခါ ယွဲ့ရှုယန် လက်တစ်ဖက် မြှောက်ပြီး လေထဲသို့ စွမ်းအင် လှိုင်းတစ်ချို့ လွှတ်လိုက်သည်။
အလင်းဖောက်နိုင်သော ပန်းပွင့်ချပ်များက မြူခိုးတစ်ခုလို သူတို့ရဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ဖုံးလွှမ်းလာသည်။ အလင်းရောင်အောက်မှာ အနည်းငယ် လက်ထနေသည်။ ရှောင်လျန်ဖန်း မျက်မှောင်ကြုတ်သွားသည်။
ပွင့်ချပ်လေးများသည် ညှိ့ယူနိုင်သော ကဟန်များဖြင့် လေတွင်ဝဲနေသည်။ သိမ်မွေ့တဲ့ လေပြေတစ်ချက်မှာ လူရဲ့စိတ်ကို ဖမ်းစား နေကြသည်။ ဒါပေမဲ့ ထိုအလှမှာ ရှောင်လျန်ဖန်း မြောပါသွားမည် မဟုတ်ချေ။
ကျက်သရေရှိတဲ့ ဟန်ပန်ရဲ့အောက်က ရည်မှန်းချက်အစစ်ကို ရှောင်လျန်ဖန်း မြင်နိုင်ပါ၏။..အမြင်ကို ရှုတ်ထွေးစေပြီး လက်ရှိအခြေအနေကို အာရုံပျက်စေမယ်..
သူ လင်ယွီကျွင်းကို စိတ်ထဲမှ ဆက်သွယ် လိုက်သည်။
‘ ယွီကျွင်း အဲ့ဒါ ပန်းကြွေမြူခိုးမလား?’
ပန်းပွင့်ချပ်များကို ကြည့်နေရင်း လင်ယွီကျွင်း ခေါင်းညိတ်လိုက်သည်။
‘ အင်း လှတယ်မလား?’
‘ ဟေ့ကောင် အဲ့ဒါအဓိကမဟုတ်ဘူးကွ’ ရှောင်လျန်ဖန်း စိတ်ပျက်စွာ ပြန်ပြောလိုက်သည်။
‘ သိတယ် သိတယ်’
‘ အဲ့ဒါက နှင်းပွင့်လွှာဂိုဏ်းရဲ့ သိုင်းသူတော်စင် အဆင့် အမြင်ပိတ်စို့တဲ့ သိုင်းတစ်ခုပဲ။ ကိုယ်က ရန်သူဘက်ကဆိုရင်တော့ အဲ့ဒါက ရင်ဆိုင်ဖို့ မလွယ်တဲ့ အနှောက်အယှက်ကြီးဖြစ်မှာ’
လင်ယွီကျွင်း သေချာသိနေတာကို ရှောင်လျန်ဖန်း မအံ့သြမိပါချေ။ လင်ယွီကျွင်းက သူ့လိုမျိုး အမြဲမပျက် မလေ့ကျင့်တတ်သလို တိုက်ပွဲတွေမှာလဲ သိပ် စိတ်မဝင်စားပေ။
သို့ပေမဲ့ သိုင်းပညာတွေ၊ အစီအရင်တွေ၊ ကျင့်ကြံရေးနည်းနာတွေနဲ့ ပတ်သတ်လျှင်တော့ လင်ယွီကျွင်းရဲ့ အသိပညာက မှားခဲသည်။
လင်ယွီကျွင်း အကြောဆန့်လိုက်ကာ
‘ အမဲမလိုက်ခင် ဒါကိုသုံးတယ်လား? ရေခဲတုံး အမယွဲ့က တစ်ကယ်ကို အသေးစိတ် တိုက်ခိုက်တတ်သူပဲ’
ရှောင်လျန်ဖန်း လင်ယွီကျွင်းကို လျစ်လျူရှုလိုက်တော့သည်။ သူ့ရဲ့ အာရုံသည် ပတ်ပတ်လည်ကို ပြန်ရောက်သွားခဲ့ပြီ။ ပန်းပွင့်ချပ်တွေ မြေပေါ် ကျနေချိန်မှာ သူ့ရဲ့ အတွင်းချီကို ဖိနှိပ်လိုက်ပြီး အလွယ်တကူ သတိမထားမိတော့အောင် လုပ်လိုက်သည်။ ကျန်တဲ့သူတွေလဲ ထိုသို့လုပ်လိုက်ကြသည်ပင်။
တိတ်ဆိတ်စွာပဲ ယွဲ့ရှုယန်သည် အရှေ့မှ ဦးဆောင်ကာ ဓားပျံစီးသွားသည်။ ကျန်သုံးယောက်က သူမနောက်ကနေ လိုက်လာကြပြီး ပွင့်ချပ်မြူခိုးများကြားထဲ ဝင်ရောက်သွားတော့သည်။
အမဲလိုက်ပွဲ စတင်လေပြီ။
ပစ်မှတ်သားရဲများ ရှိရာကို ရောက်လာကြပြီမို့ လေးယောက်လုံး သတိအပြည့်ကပ်လိုက်ကြသည်။ သားရဲတွေကို သူတို့တွေ အဝေးကြီးတည်းက အာရုံခံထားမိပြီး ကိုယ်တွင်းရှိ ချီစွမ်းအင်ကိုပါ သတိမထားမိအောင် လျော့ချထားသော်ငြား သားရဲများကလဲ သူတို့ကို သတိထားမိဟန် ရှိသည်။
နတ်ဆိုးသားရဲတွေရဲ့ သဘာဝသည် ကောက်ကျစ်သည်။ သူတို့ရဲ့ ပုံစံက သာမာန် ဂရုမစိုက်ဟန် ပေါက်နေရင်တောင်မှ အဲ့ဒါက ထောင်ချောက်ဆင်ထားတာပဲ။
သူတို့လေးယောက်သည် သတိကြီးစွာ ချဥ်းကပ်လိုက်ပြီး အသံမထွက်အောင် အတတ်နိုင်ဆုံး သတိထားလိုက်သည်။
ရုတ်တရက် သူတို့ရဲ့ စိတ်အထဲမှ ဟွာဖေးရှုရဲ့ အသံကို ကြားလိုက်ရသည်။
‘ အရိုးကြီးဝံပုလွေတွေ!’
နီးကပ်လာပြီမို့ သားရဲများရဲ့ ပုံစံကို မြင်နိုင်ပြီဖြစ်သည်။
ထိုအထဲမှ အကြီးဆုံး အကောင်သည် အဖြူရောင်အမွှေးများရှိပြီး ဆင်တစ်ကောင်ခန့် ကြီးသည်။ မညီမညာ အစွယ်ကြီးများသည် ပါးစပ်အပြင်ထိ ရှည်ထွက်နေပြီး အသက်ရှုထုတ်လိုက်တိုင်း တိုက်စားနိုင်သော အငွေ့ကြီးတစ်ခု ပျံ့နှံ့သွားသည်။
ထိုအကောင်ကြီး၏ ဘေးတွင် မြင်းအရွယ်ခန့် ရှိသော ဝံပုလွေလေးကောင် ရှိသည်။ သူတို့ရဲ့ မီးခိုးရောင် အမွှေးကြီးများသည် မြေကြီးထိ ကျနေသည်။ သူတို့ရဲ့ ဘေးအစွယ်နှစ်ဖက်ရဲ့ ဘေးကနေ တံတွေးတွေက အတန်းလိုက် စီးကျနေပြီး ထိုတံတွေးနဲ့ ထိ သွားတဲ့ နေရာတိုင်းမှာ တိုက်စားခံလိုက်ရသဖြင့် အမဲရောင်အရာကြီး ထင်ကျန်ခဲ့သည်။
‘ အဲ့ဒီ မဟာသားရဲကြီးက ကိုင်တွယ်ရ ခက်မဲ့ပုံပဲ’
လင်ယွီကျွင်း ပြောလိုက်သည်။
ရှောင်လျန်ဖန်းသည် လက်ထဲက ကြီးမားတဲ့ ဓားကြီးကို တင်းနေအောင် ဆုတ်ကိုင်လိုက်ရင်း
‘ အဆင့်မြင့် လက်ရွေးစင်သားရဲနဲ့ ထိပ်သီး လက်ရွေးစင် သားရဲကလဲ လွယ်တဲ့ကောင်တွေ မဟုတ်ဘူး။ လက်လွတ်စပယ် လျှောက်မလုပ်နဲ့’
အရိုးကြီး ဝံပုလွေတွေက သူတို့တွေ အနားရောက်လာကြပြီမှန်း အခုထိ သတိမထား မိလောက်သေးဘူး။ မဟုတ်ရင် အခုလို ငြိမ်နေမှာမဟုတ်ဘူး။
ဝံပုလွေတွေရဲ့ နားရွက်တွေက ပုံမှန်လို လှုပ်ရှားနေပြီး ဖွင့်တစ်ဝက် မှိတ်တစ်ဝက် မျက်လုံးများဖြင့် ကြည့်နေကြသော်ငြား တစ်ကောင်မှ သတိမလျော့ထားကြပေ။ ဒီဝံပုလွေတွေကို ဉာဏ်များတဲ့ကောင်တွေလို သိကြသည်။ ချုံခိုတိုက်ခိုက်ပြီး ရန်သူကို မြှားခေါ်ရာမှာ ကျွမ်းကျင်ကြသည်။
ယွဲ့ရှုယန် အဖွဲ့ကို ပြောလိုက်သည်။
‘ နေရာယူရအောင်။ ငါတို့အရင်တိုက်မယ်’
အသံတိတ်နားလည်မှုနှင့်အတူ တစ်ယောက်ချင်းစီသည် သတ်မှတ်နေရာကို တစ်လက်မဆီ တိုးကပ်သွားလိုက်ကြသည်။
ယွဲ့ရှုယန်ရဲ့ မြှောက်ကိုင်ထားသော ဓားသည် အေးစက်စက် ရောင်ဝါတစ်ခု ပျံ့လွင့်နေသည်။ အေးစက်တဲ့အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ကို ဆောင်းအလယ်ထဲ ရောက်နေသလို ခံစားရစေသည်။
“ နှင်းဓားတစ်ထောင်ကကွက်”
ချက်ချင်းပဲ သူမရဲ့ဘေးမှာ ရေခဲဓားများ ထွက်ပေါ်လာသည်။ အသက်တစ်ခါရှုစာ အချိန်ခဏလောက် လေထဲရစ်ဝဲသွားပြီး နောက်မှာ အရှေ့ကို မုန်တိုင်းတိုက်သလို အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။ ရေခဲဓားများသည် ဝံပုလွေတွေ မတုံ့ပြန်နိုင်ခင်မှာပဲ ထိုးဖောက်ဝင်ရောက်ပစ်ဖို့ ရည်ရွယ်ထားပုံပင်။
ထိုအချိန်မှာ မဟာဝံပုလွေကြီးသည် နက်ရှိုင်းသော အော်သံတစ်ချက် ပေးလိုက်သည်။ အမွှေးတွေကို တစ်ချက် ခါလိုက်တာနဲ့ ဝံပုလွေကြီးရဲ့ ခန္ဓာကိုယ်ကနေ ထူထဲသော မြူခိုးငွေ့ကြီး ထွက်ပေါ်လာ၏။ ထိုမြူခိုးငွေ့သည် အကာအရံတစ်ခုကဲ့သို့ ယွဲ့ရှုယန်ရဲ့ ရေခဲဓားတွေကို ကာကွယ်လိုက်သည်။
ရေခဲဓားတစ်ချို့သည် မြူခိုးငွေ့နဲ့ ပိတ်မိသွားပြီး ဖောက်ဝင်နိုင်သော ဓားတစ်ချို့ကတော့ အရှိန်လျော့သွားတာမို့ ဒဏ်ရာအပြင်းအထန် မဖြစ်စေတော့ပေ။
လင်ယွီကျွင်း ကျွတ်သပ်လိုက်ပြီး
‘ အဲ့ကောင်က ချီစွမ်းအင်နဲ့ မြူခိုးဖန်တီးပစ်ပြီး ကာလိုက်တာပဲ။ ဒီကောင့်ကို သတ်လို့ လွယ်မှာမဟုတ်ဘူး’
ရှောင်လျန်ဖန်း မစောင့်တော့ပေ။ သူ ခုခံရတာ မကြိုက်ဘူး။ သူ့ရဲ့ ဓားကြီးကို ဝေ့ယမ်းလိုက်ပြီး အားထည့်ကာ လေကို ရိုက်ခွင်းလိုက်သည်။
“ ဘီးလူးအမျက်!”
ရှောင်လျန်ဖန်းရဲ့ ဓားချက်က မြေပြင်ထိ ကျရောက်သွားပြီး တုန်လှုပ်မှုတစ်ခုနဲ့အတူ မြေကြီးကို အက်ကွဲသွားစေသည်။ အက်ကွဲကြောင်းကြီးက ဝံပုလွေတွေဆီကို ပြေးသွားခဲ့သည်။
ဝံပုလွေ အသေး လေးကောင်လုံးသည် ချက်ချင်း တုံ့ပြန်လိုက်ကြသည်။ သူတို့ရဲ့ ခြေထောက်သုံးပြီး ခုန်ထွက်လိုက်တာမို့ အရိပ်သာ မြင်လိုက်ရသည်။ ထို့နောက်မှာ လေးကောင်လုံးသည် အနက်ရောင် ဖုန်မှုန့်ထဲ ပျောက်ကွယ်ဝင်ရောက် လိုက်ကြသည်။
အနက်ရောင် ဖုန်မှုန့်ကြီးက လေထု တစ်ခုလုံးကို ပျံ့နှံ့လာပြီး တိုက်ပွဲနေရာတစ်ခုလုံးကို ဝေဝါးသွား စေတော့သည်။
ဟွာဖေးရှု သူမရဲ့နှာခေါင်းကို ပိတ်လိုက်ကာ
“ အာ စိတ်ရှုတ်ဖို့ကောင်းလိုက်တာ!”
အရိုးကြီးဝံပုလွေများသည် ဒီတိုင်း မရှောင်သွားဘူး။ ပါးစပ်ဟပြီး ကတ္တရာလို မည်းနက်နေတဲ့ ဖုန်မှုန့်တွေကို မှုတ်ထုတ်သွားသေးသည်။ ထို့နောက်တွင် ဝံပုလွေလေးကောင်သည် သူတို့ရဲ့ နောက်ကျောကနေ အရိုးပစ်ချက်များဖြင့် အရိုးတွေဆက်တိုက်ပစ်တော့သည်။
ဟွာဖေးရှုရဲ့ လက်နှစ်ဖက်သည် အဖြူရောင် အလင်းဓာတ်များ ထွက်ပေါ်လာပြီး လက်နှစ်ဖက်ကို ရိုက်ချလိုက်သည်။
“ ဆောင်းကြာဖြူ!”
အဖြူရောင် ကြာပွင့်တစ်ပွင့် သူမ၏ ဘေးတွင် ပေါ်လာခဲ့သည်။ ကြာပွင့်မှ ပွင့်ချပ်တွင် ကြွေကျလာပြီး အကာအရံတစ်ခု ဖန်တီးလိုက်သည်။ အရိုးများသည် ကြားပွင့်ချက်ကို လာရိုက်ပြီး ရေခဲအလွှာကြား နစ်မြုပ်သွားတော့သည်။
အချိန်ခဏအထိ ကြာပွင့်အကာအရံသည် တောင့်ခံနိုင်သေးသည်။ ဒါပေမဲ့ ခဏအကြာတွင် ကွဲအပ်သံထွက်ပေါ်လာ တော့သည်။
ကြာပွင့်ချပ်သည် ကွဲကြေသွားလေသည်။
ဆက်တိုက်ပစ်နေသော အရိုးများက ဖောက်ဝင်လာတာမို့ ကြာပွင့်ချပ်သည် နေရာအနှံံ့ကို ကွဲကြေထွက်သွားသည်။ ဟွာဖေးရှုတို့ လှုပ်ရှားရတော့သည်။
ယွဲ့ရှုယန် အမြန်ရှေ့တက်လိုက်ပြီး သူမ ခြေချလိုက်သောနေရာတွင် မြူခိုးလွှားပါးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူမရဲ့ လက်တစ်ဖက်ကို လှုပ်ရှားလိုက်ပြီး အရိုးတွေ ထပ်ရောက်မလာခင် အကုန် ဖျက်ဆီးပစ်လိုက်သည်။
လင်ယွီကျွင်းလဲ အချိန်မဆွဲနေပေ။ အပြာဖျော့ရောင် သူ့ရဲ့ဓားကို ဝှေ့ယမ်းပြီး အရှေ့တိုးလိုက်သည်။ ဓားချက်၏ လှုပ်ရှားမှုသည် ရေစီးကြောင်းလို သိမ်မွေ့သည်။
“ ဒီရေလှိုက်စားဓားချက်”
မြူခိုးလွှာကြားကနေ သူ့ရဲ့ဓားချက်က ပြေးထွက်သွားပြီး လက်ရွေးစင်အဆင့် ဝံပုလွေသားရဲတစ်ကောင်ကို ဦးတည်ထားခဲ့သည်။ ဝံပုလွေက ရှောင်လိုက်ပေမဲ့ လင်ယွီကျွင်းရဲ့ ဓားချက်သည်လည်း ဦးတည်ရာ ပြောင်းလိုက်သည်။ အရိုင်းဆန်သော ဒီရေလှိုင်းလုံးကဲ့သို့ ပစ်မှတ်နောက်ကို တိုက်ခိုက်လေသည်။
ဓားချက်သည် အဆုံးတွင် ဝံပုလွေရဲ့ ဘေးဘက်ကို ရိုက်မိသွားပြီး ဒဏ်ရာအနက်ကြီး ဖြစ်ပေါ်စေလိုက်သည်။
ဒဏ်ရာရသွားသော ဝံပုလွေသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဒါပေမဲ့ ဝံပုလွေ ပြန်မတိုက်နိုင်ခင်မှာပဲ ဟွာဖေးရှုက ဘေးကပေါ်လာသည်။ သူမရဲ့ လက်နှစ်ဖက်မှာ အဖြူရောင်အလင်းဓာတ်ပေါ်လာပြီး အတားအဆီးသုံးကာ အောက်ကို ရိုက်ချလိုက်သည်။
“ နှင်းပွင့်လွှာလက်ဝါး!”
လက်ဝါးချက်ကြီးသည် အားဖြင့် ဝံပုလွေပေါ် ကျဆင်းသွားပြီးနောက်တွင် မြူခိုးလွှာအနောက် ဝင်ရောက်ပျောက်ကွယ် သွားသည်။ ဝံပုလွေကောင်ခမျာ အော်သံတစ်ချက်သာ ပေးလိုက်နိုင်ပြီး နေရာတင် အေးခဲသွားသည်။
ရှောင်လျန်ဖန်းသည် လက်ရွေးစင် ဝံပုလွေကြီးနှစ်ကောင်ကို တိုက်ခိုက်နေခဲ့သည်။ သူ့ရဲ့ ဓားချက်တစ်ချက်ဆီက တောင်ကြီးတစ်ခုလို ဖိအားရှိသည်။ လေးလံပြီး အရှိန်ပါတဲ့ဓားချက်တွေက ရန်သူကို တားဆီးဖို့ ခက်ခဲစေသည်။