( စံနှုန်းညီတဲ့ အလုပ်သမားကို အာရုံခံမိတယ်?!)
Vol. 2 Ch. 20
လင်ယွီကျွင်းရဲ့ အနားကို ရှောင်လျန်ဖန်း သွားကာ နောက်ကျောကို ပုတ်ပေးလိုက်သည်။
“ ကြည့်ရတာ မင်းတော့ ငါ့နောက်မှာ နေရတော့မှာပဲ ယွီကျွင်း”
“ မင်းသိတယ်မလား? အခုမင်းက တစ်ယောက်ယောက်ရဲ့ ကာကွယ်ပေးမှုကို လိုအပ်နေပြီ”
ဟွာဖေးရှု တခစ်ခစ်ရယ်ကာ လင်ယွီကျွင်းကို မျက်လုံးတစ်ဖတ်မှိတ်ပြလိုက်သည်။
“ စိတ်မပူပါနဲ့ မောင်လေးလင်”
“ ငါနင့်ကို ကောင်းကောင်း ဂရုစိုက်ပေးမယ်! ငါတို့ကို လိုက်မမှီနိုင်လောက်အောင် နှေးနေရင်လဲ နင့်ကို သယ်သွားပေးမယ်လေ”
လင်ယွီကျွင်းရဲ့ မျက်နှာကြီး တောင့်တင်းလာကာ
“....”
‘မောင်လေးလင် ဆိုတာ မင်းဘာကို ပြောတာလဲ? ငါတို့ရဲ့ ကျင့်ကြံမှုက အတူတူပဲ! မင်းမှာ ကိုလာရှိတာနဲ့ အမဖြစ်သွားမယ်ထင်လား?’
ဒါပေမဲ့ သေချာတွေးကြည့်လိုက်ရင်… လင်ယွီကျွင်း မငြင်းနိုင်တော့ပေ။
ကိုလာရဲ့ စွမ်းအားမြှင့်တင်မှု ရှိလာရင် ဟွာဖေးရှုက သူ့ထက် အများကြီး ပိုသန်မာ သွားမှာပဲ။ အချိန်ခဏပဲ ကြာမယ်ဆိုရင်တောင်မှ အခု သူ့အခြေအနေက လုံးဝကို အရေးနိမ့်နေခဲ့ပြီ။
လင်ယွီကျွင်း သက်ပြင်းချလိုက်သည်။ သို့ပေမဲ့ သူက အတွေးကြောင်တတ်သူ မဟုတ်ပါချေ။ တိုက်ခိုက်တဲ့ အချိန်မှာ သူများရဲ့ အကူအညီ ယူဖို့ ဖြစ်လာတယ်ဆိုမှတော့ ဘာဖြစ်လဲ? အကူအညီ ယူလိုက်ရုံပေါ့။
“ ကိုလာ သောက်လိုက်ကြတော့” ယွဲ့ရှုယန် ဝင်ပြောလိုက်သည်။
လေထုသည် ပြောင်းလဲသွားသည်။ ဟွာဖေးရှုနဲ့ ယွဲ့ရှုယန် ချက်ချင်းပဲ ကိုလာဗူးကို ဖောက်ကာ ယွဲ့ရှုယန်နောက် လိုက်သွားလိုက်သည်။ လေထုထဲတွင် ဂတ်စ်သံသာ ကျန်ရစ်နေခဲ့၏။
လင်ယွီကျွင်း ထိုသုံးယောက်နောက်ကို လိုက်မသွားနိုင်သေးဘဲ သူ့ရဲ့လက်ဗလာကို ငုံ့ကြည့်လိုက်သည်။ သူ့ရဲ့ခံစားချက်တွေ ထိုးကျသွားလေပြီ။
ကျန်သုံးယောက်သည် လင်ယွီကျွင်းကို တစ်ခါသာ လှမ်းကြည့်ပြီး ကိုယ့်လက်ထဲက ဗူးကိုသာ အာရုံစိုက်လိုက်ကြသည်။
ဟွာဖေးရှု တစ်ငုံသောက်လိုက်ပြီး ချက်ချင်း အာမေဋိတ်သံ ထွက်လာခဲ့သည်။
“ ဝါးးးးး!”
အေးမြမှုက လည်ချောင်းတစ်လျှောက် စီးဝင်သွားရုံတင်မကဘဲ ပေါက်ကွဲထွက်လာသော အချိုဓာတ်က လျှာဖျားမှာ စွဲကျန်နေသေးသည်။ သူမ အံ့သြတကြီးဖြစ်သွားသည်။
“ ဒါက အရမ်းသောက်ကောင်းတယ်!”
ရှောင်လျန်ဖန်းလဲ တစ်ငုံသောက်ကြည့် လိုက်သည်။ အအေးဓာတ်က လျှာထိပ်မှာ ရစ်ဝဲသွားပြီး သူ့ရဲ့အာရုံကို နှိုးဆွသွားသည်။ ချိုမြတဲ့အပြင် စူးရှရှ အရသာက တစ်ကိုယ်လုံးအနှံ့ကို စီးဝင်သွားသည်။
ယွဲ့ရှုယန်လဲ ဗူးဖွင့်ပြီးတာနဲ့ တန်းမော့ချ လိုက်သည်။ အချိုရည်အလုံးလိုက်သည် သူမရဲ့လျှာကိုပင်ထုံထိုင်းသွားစေသည်။ စူးရှရှနှင့် သန့်စင်လှ၏။ အမြုပ်သေးသေးလေးများက လည်ချောင်းတစ်လျှောက် စီးဝင်သွားပြီး တစ်ခါမှ မခံစားဖူးသော လန်းဆန်းမှုများကို ဖြစ်ပေါ်သွားစေသည်။ တစ်ငုံသောက်ပြီး တာတောင်မှ အရသာက လျှာဖျားမှာ စွဲနေတုန်းပင်။
ဂလု ဂလု ဂလု
ပတ်ဝန်းကျင်တစ်ခုလုံးကို ဂရုမပြုမိလောက်သည် အထိ ထိုသုံးယောက်သည် အချိုရည်ကိုပဲ မော့သောက်နေကြသည်။
ရှောင်လျန်ဖန်း နောက်ဆုံးတစ်ကျိုက် အပြီးမှာ ဖျော်ရည် ကုန်သွားခဲ့သည်။ သူ မထိန်းနိုင်လိုက်ဘဲ ကျယ်လောင်စွာ လေတက်သွားသေးသည်။
“ ဟ! လန်းသွားတာပဲ”
ဟွာဖေးရှု ရယ်လိုက်ပြီး
“ ဟဟ! အကိုရှောင်ရဲ့ အခုပုံက အရင်လို ဂုဏ်ရှိပုံမဟုတ်တော့ဘူးနော်”
ရှောင်လျန်ဖန်း နှုတ်ခမ်းသုတ်လိုက်ပြီး
“ ဒီလောက်ကောင်းတာ သောက်နေရတာကို ဘယ်သူက ပုံစံထိန်းနိုင်တော့မှာလဲ?”
ကိုလာရဲ့ သက်ရောက်မှု စတင်လာခဲ့သည်။ သွေးကြောမျှင်တွေထဲ မီးရှို့လိုက်သလိုမျိုး လျင်မြန်စွာ ကူးစက်သွားပေမဲ့ ခံစားချက်သည် ပေါ့ပါးပြီး လေပြေလေးက အာရုံကြောတွေကို အားဖြည့်ပေးနေသည့်နှယ်ပင်။
သူတို့ရဲ့ တုံ့ပြန်နိုင်စွမ်းက နှစ်ဆ ဖြစ်လာခဲ့သည်။ သူတို့ရဲ့ ကြွက်သား လှုပ်ရှားမှုက ပိုမြန်လာပြီး အတွေးတွေသည် ကြည်လင်လာသည်။ ခန္ဓာကိုယ်အတွင်းက ပျင်းရိမှုအားလုံးက တိုက်စားခံလိုက်ရသကဲ့သို့ပင်။
ရှောင်လျန်ဖန်း လက်သီးဆုတ်ကြည့်လိုက်သည်။ စွမ်းအင်တစ်ခုက သူ့ရဲ့ကိုယ်တွင်းတွင် စီးဝင်နေသည်။
“ ဒီလောက်တိုးတက်မှုကြီးနဲ့ဆို ငါတို့ ဘယ်လိုလုပ်ရှုံးမှာလဲ?”
ဟွာဖေးရှု လက်နှစ်ဖက်ပိုက်လိုက်ပြီး ရှေ့ရေးကို ကြိုတွေးနေရင်း ပြုံးဖြဲဖြဲ လုပ်နေလိုက်သည်။
“ ခံစားလို့အရမ်းကောင်းနေတယ်။ အကိုရှောင်သာ အရမ်းအလျင်မလိုရင် ငါတစ်ယောက်ထဲနဲ့ အဆင့်မြင့် မဟာ ဝံပုလွေကို သတ်ပစ်လို့ရရင် ရမှာ”
ယွဲ့ရှုယန် ဟွာဖေးရှုရဲ့ ခေါင်းကို အသာခေါက်လိုက်ပြီး
“ စကားပြောတာ တော်တော့ တိုက်ဖို့ အသင့်ပြင်ကြ”
သူတို့တွေ လက်နက်ထုတ်ပြီး ပုံစံအသင့် ပြင်လိုက်ကြသည်။
“ အရင်အတိုင်းပဲ ငါဦးဆောင်မယ်။ လင်ယွီကျွင်းက အနောက်မှာနေပြီး အားအနည်းဆုံး ကောင်တွေကို တိုက်ပါ။ လျှောက်မလုပ်နဲ့”
မကြာမီမှာပဲ အဆင့်မြင့် မဟာဝံပုလွေ ဦးဆောင်သော ဝံပုလွေအုပ်ကြီး ရောက်လာခဲ့သည်။
ဝံပုလွေကြီး၏ ကျယ်လောင်သော ဟိန်းသံကြီးက တိုက်ပွဲကို အချက်ပြ လိုက်သည်။ ဝံပုလွေငယ်များ ချက်ချင်းပဲ အရှေ့ကို အပြေးတက်လာလေ၏။
တိုက်ပွဲ စတင်တော့သည်။
ဓားတွေဝဲပျံရင်း လက်သီးချက်တွေကြား သွေးစတွေ လွင့်စင်ကုန်သည်။ ထင်ခဲ့သည့်အတိုင်းပင် တိုက်ပွဲသည် အရင်ကထက် အဆများစွာ ပိုလွယ်ကူ သွားသည်… လင်ယွီကျွင်းမှလွဲ၍ပေါ့။
ဝံပုလွေရဲ့ အရည်အချင်းက ရှေ့ကကောင်တွေနဲ့ အတူတူပင်ဖြစ်ပြီး သူတို့လေးယောက်ကလဲ အသစ်ရသိုင်းကွက် တွေနဲ့ တော်တော်လေး ရင်းနီးနေကြပြီ။ ကိုလာရဲ့ အစွမ်းကိုပါ ရထားတာမို့ ထိုသုံးယောက်သည် ဝံပုလွေအုပ်ကြားထဲ မုန်တိုင်းတစ်ခုလို မွှေနှောက်သွား တော့၏။
ဒါက တိုက်ပွဲမဟုတ်တော့ပဲ တစ်ဖတ်သတ် ရှင်းလင်းမှုသာ ဖြစ်ခဲ့ရသည်။
လှုပ်ရှားမှုတစ်ခုစီတိုင်းက ပိုမြန်လာသလို ရိုက်ချက်တစ်ခုစီတိုင်းက ပိုတိကျလာသည်။ ရင်ဖိုစရာကောင်းသော တိုက်ပွဲတစ်ခု ဖြစ်ခဲ့၏။ သူတို့လေးယောက်လုံး အစွမ်း မကုန်ခင် အပြီးသတ်ဖို့ ကြိုးစားလိုက်ကြသည်။
နောက်ဆုံးဝံပုလွေသည် သနားစဖွယ် အော်သံနှင့် အဆုံးသတ်သွားရှာ၏။
“....”
ဝံပုလွေတွေရဲ့ အလောင်းကိုသိမ်းနေရင်း သူတို့တွေ အကြည့်ဖလှယ်လိုက်ကြသည်။
“ ငါတို့မပြီးသေးဘူးမလား? နောက်သားကောင် ရှာကြရအောင်!”
ဟွာဖေးရှု ပြောလိုက်သည်။
“ ငါတို့ အချိန်ကျန်သေးတယ်” ရှောင်လျန်ဖန်း ပုခုံးအကြောလျှော့ရင်း ပြောလိုက်သည်။
ကိုလာရဲ့ သက်ရောက်မှုက မကုန်သေးဘူး။ ဒီအချိန်မှာ ရပ်လိုက်တာက ဖြုန်းတီးရာ ကျမှာပေါ့။ သူတို့ ရှေ့ဆက်မှဖြစ်မည်။
ဒါက စိတ်တက်ကြွမှု တစ်ခုကြောင့်ပဲ မဟုတ်ဘူး။ ကျင့်ကြံသူတစ်ယောက်ရဲ့ ရှေ့သွားလိုတဲ့ စိတ်ဆန္ဒပင်။
ယွဲ့ရှုယန် ခပ်တိုတို ခေါင်းညိတ်ပြလိုက်သည်။
တုံ့ဆိုင်းမှုမရှိ သူတို့တွေ ဓားကိုယ်စီပေါ် တက်လိုက်ကာ တောအတွင်း ပိုတိုးဝင်သွားလိုက်သည်။ ကံဆိုးတော့မဲ့ သားရဲတွေကို ရှာဖွေကြလေ၏။
…..
စတိုးဆိုင်ထဲတွင် ဟောင် အလွန်ကို ပျင်းရိနေခဲ့သည်။
ကောင်တာကို ကြည့်နေရုံကလွဲလျှင် လုပ်စရာ တစ်ခြားမရှိတာမို့ သူလက်တစ်ဖက်ပေါ် မေးတင်ပြီး အပြင်သာ ငေးနေလိုက်သည်။
မကြာခဏ ဆိုင်ထဲသို့ ဈေးဝယ်တွေ ဝင်လာတတ်ပါသည်။ သို့ပေမဲ့ရောင်းဈေးကို မြင်သွားတာနှင့် မသိလျှင် ဟောင် ကပဲ စော်ကားမော်ကား ပြောဆိုလိုက်သလိုမျိုး ဒေါသတကြီး ပြန်ထွက်သွားကြသည်။
“ ဒီသေးသေးလေးအတွက် ဝိညာဥ်ကျောက်တုံး သုံးတုံးပေးရမယ်? မင်း ဓားပြလာတိုက်နေတာလား?”
“ မသေမျိုးတစ်ယောက်တောင် ဒီလောက် ပေးမှာမဟုတ်ဘူး”
“ ကျွတ်! ဆိုင်မှာ လူမရှိတာ မဆန်းတော့ပါဘူး။ သောက်ကျိုးနည်း ဂျင်းဆိုင်”
ဟောင် ပြန်တောင် မပြောနိုင်တော့ပေ။ အကုန်လုံးကို လက်ပြနှုတ်ဆက်လိုက်တော့သည်။
အပြစ်မပြောခင် စမ်းပြီး စားကြည့်ကြလေ!
ဟောင် သက်ပြင်းပဲ ချလိုက်သည်။ သူသာ အကျိုးကျေးဇူးအကြောင်း ထုတ်ပြောလို့ ရလို့ကတော့…
သို့ပေမဲ့စနစ်က အပြင်းအထန် တားမြစ်ထားပြန်သည်။ သူ လုပ်နိုင်တာဆိုလို့ ထွက်ခွာသွားသော နောက်ကျောများကို စိုက်ကြည့်နေရုံသာ။
ဈေးရောင်းရတဲ့ဘဝက ခါးသီးဖို့ကောင်းလိုက်တာ။
ဒီ လိုနဲ့ ညဘက်ပင် ရောက်လာခဲ့ပြီ။
ဟောင် ခေါက်ဆွဲဗူးဖွင့်ပြီး စားခါနီးမှာပဲ တံခါးက ပွင့်လာခဲ့သည်။ သူ မော့ကြည့်ပြီး နောက်ထပ် ခေါင်းစားအုံးမဲ့ ဈေးဝယ်ကို စောင့်စားနေလိုက်သည်။ ဒါပေမဲ့ ရောက်လာသူက…
ကလေးမလေး?
ဟောင် ဒီဆိုင်ကို စရောက်တည်းက ကလေးတစ်ယောက် ဝင်လာဖူးတာ ဒါပထမဆုံးပဲ။
သူမ၏ အရပ်သည် ၄ပေ ၆ လက်မလောက်သာ ရှိပြီး အနီရောင် ဆံပင်များရှိသည်။ သူမ၏ မျက်စံနက်များသည် စူးရှနေသည်။ ဟိုနားပြဲ ဒီနားပြဲ ဒီဇိုင်း ဖြစ်နေသော သူမရဲ့ အနက်ရောင် ဝတ်စုံနဲ့ ချစ်စဖွယ် ကလေး မျက်နှာနှင့်က မလိုက်ဖက်လှပေ။
ဟောင် သေချာကြည့်လို့ မပြီးသေးခင်မှာပဲ အသိပေးချက် တစ်ခု ထွက်ပေါ်လာသည်။
( ပိုင်ရှင် စံနှုန်းမှီသော အလုပ်သမား ဖြစ်နိုင်သူ ရောက်လာပြီ)
ဟောင်ရဲ့ အမြင်အာရုံတွင် ပုံရိပ်ယောင်မျက်နှာပြင် ပေါ်လာသည်။
နာမည်- မိုရှီရှီ
အသက်- ၁၃နှစ်
ကျင့်ကြံဆင့်- ကောင်းကင်ဘုရင်နယ်ပယ် အဆင့်၄
ဟောင် မျက်တောင်ခတ်လိုက်သည်။ သူ မျက်တောင်ထပ်ခတ်လိုက်ပြန်သည်။
သူ ထို့နောက်တွင် ကလေးမကို ကြည့်လိုက်သည်။ တစ်ဖန် ပုံရိပ်ယောင် မျက်နှာပြင် ထက်ကို ကြည့်လိုက်ပြန်သည်။
‘...ဟမ်?’
သူ့ရဲ့မျက်လုံးက မျက်နှာပြင်နဲ့ ကလေးမဆီမှာ ပြေးလွှာနေပြီး ခဏအကြာတွင် မူးဝေ လာတော့၏။
‘...စနစ် မင်းဟာက သေချာရဲ့လား?’
‘ ဆယ့်သုံးနှစ်နဲ့လေ? ကောင်းကင်ဘုရင် နယ်ပယ်မှာ?’
( ဒေတာက မှားစရာမရှိဘူးပိုင်ရှင်)
‘ ချီးကို မှားစရာမရှိပါလား! အဲ့မှာ မင်းကြည့်လိုက်! ဒီလောက် သေးသေးလေးက!’
ခေါက်ဆွဲဗူးတွေ ကြည့်နေသော မိုရှီရှီကို ဟောင် လှမ်းပြလိုက်သည်။
‘ ဒီကလေးမ တစ်ခါရိုက်တာနဲ့ ငါ့ကို နောက်ဘဝကို လိုင်စင်မဲ့ ဖရီးပို့ပေးနိုင်တယ်လို့ မင်းပြောချင်တာလား?’
( သေချာပေါက်ပေါ့)
ဟောင် တံတွေးမြိုချလိုက်သည်။ ဆယ့်သုံးနှစ်အရွယ် ကောင်းကင်ဘုရင် အဆင့် ကျင့်ကြံသူတဲ့လား? ဒီလောက်ဆို သူ ဖတ်နေကြ ဝတ္ထုထဲက ကောင်းကင်ဘုံကို ဆန့်ကျင်မဲ့ ဒဏ္ဍာရီလာ ပါရမီရှင် ဖြစ်နေပြီမလား?