( ဝန်ထမ်းသစ်၏ ပထမဆုံးလေ့ကျင့်ရေး.. ရေနွေးထည့်၊ စောင့်လိုက်..ပြီးရင်နတ်ပြည် တက်တော့!)
Vol. 2 Ch. 24
ပျောက်သွားမှာစိုး၍ မိုရှီရှီ အမြန်ပဲ ပြန်တပ်လိုက်သည်။ အစုံအများကြီး ပါသော ဝတ်စုံတွေနဲ့ မတူလှစွာ နာမည်ပြားသည် တစ်ခုသာရှိသည်။
ကျေနပ်သွားသည်နှင့် သူမ သေတ္တာကို ပြန်ပိတ်လိုက်ပြီး အဝတ်ဟောင်းများကို ဘေးတွင် ထားလိုက်သည်။
ဆိုင်ထဲ ပြန်ဝင်လိုက်ချိန်တွင် ကောင်တာတွင် ထိုင်နေသော ဟောင်ကို တွေ့သည်။
“ ရှီရှီလေး ဒီလာခဲ့”
ဟောင် ခေါ်လိုက်သည်။
မိုရှီရှီ အနားကိုလျှောက်သွားလိုက်ရင်း စိတ်လှုပ်ရှားနေသေး၏။ သူမ နောက်ဆုံးတော့ အလုပ်လုပ်ရတော့မှာလား? ဘာလုပ်ရတော့မှာများလဲ?
တစ်ခါမှ သူမ ဆိုင်တစ်ခုမှာ မလုပ်ဖူးပေ။
ငါအမှားလုပ်မိရင် ဘယ်လိုလုပ်မလဲ? အဲ့လိုဆို မောင်းထုတ်ခံရမှာလား?.
ဒါပေမဲ့ ညွှန်ကြားချက်တွေအစား ဟောင် ပုံမှန်ဆန်စွာ ပြောလာခဲ့၏။
“ အရင်စားကြရအောင်”
“ စားပြီးရင် မင်းတစ်ကယ် အလုပ်လုပ်ရတော့မယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ အလုပ်ချိန်အတွင်းမှာပါပဲ”
‘ မှန်တယ်မလား စနစ်? အလုပ်သမား တစ်ယောက်အနေနဲ့ ဆိုင်ရဲ့ခေါက်ဆွဲက ဘယ်လောက်တောင် အံ့သြဖို့ ကောင်းလဲ သူမအရင် မြည်းကြည့်သင့်တယ်လေ။ ဟုတ်တယ်မလား?’
( မှန်ပါတယ်။ စားသောက်ချိန်က အလုပ်ချိန်ထဲမှာ ထည့်ပေးထားပေမဲ့ မိနစ်သုံးဆယ်ထက် ပိုပြီးတော့ ခွင့်မပြုထားဘူးနော်)
( ပြီးတော့ ပထမဆုံးအကြိမ် စားပြီးတော့ အဆင့်တက်မှုကို ကြုံပြီးသွားတာက အလုပ်သမားအတွက် ဆိုင်ရောင်းကုန်ကို ကောင်းစွာ ညွှန်းပေးဖို့ အကူအညီဖြစ်စေပါတယ်)
‘ အင်း ငါပြောချင်တာလဲ ဒါပဲ’
ဘာလုပ်ရမယ်မသိ ရပ်မြဲအတိုင်း ရပ်နေသော မိုရှီရှီကို ဟောင် လှမ်းကြည့်လိုက်သည်။ သူ့ရဲ့ဘေးက ခုံကို ပြလိုက်ရင်း
“ ဒီမှာလာထိုင်”
စားပွဲပေါ်တွင် အသင့်စားခေါက်ဆွဲ နှစ်ဗူး ရှိသည်။ ဟောင် သူမဘက်ကို တစ်ဗူး လှမ်းပေးလိုက်ရင်း
“ ဒါက မင်းအတွက်”
“ ဒါက ဝိညာဥ်ကျောက်တုံးတစ်တုံး ပေးရတဲ့ ဟာမလား?”
မိုရှီရှီ ခေါက်ဆွဲဗူးကို ကြည့်လိုက်သည်။
“ အင်း” ဟောင် ကိုယ်ကို ပြန်မတ်လိုက်ကာ
“ ဒါပေမဲ့ မင်းအတွက် အလကားပဲ။ အလုပ်သမား အခွင့်အရေးပေါ့”
“ မင်းအရင်က အသင့်စား ခေါက်ဆွဲ မစားဖူးသေးဘူးမလား?”
“ အရင်က ခေါက်ဆွဲတော့ စားဖူးတယ် သူဋ္ဌေး.. ဒါပေမဲ့ အသင့်စား ခေါက်ဆွဲတော့ မကြားဖူးဘူး”
သူမ ရိုးရိုးသားသား ပြောဖို့သာ ရွေးချယ်လိုက်သည်။ သူမ လိမ်လိုက်မိရင် နောက်ကျမှ ပြဿနာ ဖြစ်နေ လိမ့်မည်။
“ အဆင်ပြေတယ်။ ဒါကို သေချာကြည့်ပေါ့။ ဘယ်လိုလုပ်ပြီး ဘယ်လိုစားရမယ်ဆိုတာ မင်းသိဖို့လိုတယ်။ မဟုတ်ရင် မင်း ဈေးဝယ်တွေကို ဘယ်လို ရှင်းပြမှာလဲ?”
“ ဒီတော့ဒါက ငါ့အတွက် လေ့ကျင့်ရေးပေါ့?”
“ အတိအကျပဲ”
ဟောင် ခေါက်ဆွဲဗူးတွေကို လက်ညိုးထိုးလိုက်ကာ
“ ဒါတွေက ချက်ပြီးသွားပြီဆိုပေမဲ့ ငါမင်းကို လုပ်နည်းပြောပြမယ်”
ဆိုင်ထောင့်က ရေထည့်စက်ကို ဟောင် လက်ညိုး ထိုးပြလိုက်ရင်း
“ အရင်ဆုံး ဗူးကို အဖုံးဖွင့်ပြီး ရေထည့်စက်နားကို ယူသွားရမယ်”
မိုရှီရှီ လှမ်းကြည့်လိုက်ကာ
“ ရေထည့်စက်ဆိုတာ အဲ့ဒီဟာလား သူဋ္ဌေး?”
“ အင်း ရေထည့်စက်လို့ခေါ်တယ်”
“ မင်း အဲ့ဒါကို ရေထုတ်တဲ့အရာလို့သာ အလွယ်မှတ်လိုက်။ အဲ့ဒါက ရေအေး၊ ရေနွေး၊ အနေတော်ရေ စသဖြင့် မင်းလိုတာကို ထုတ်ပေးတယ်”
မိုရှီရှီ သေချာကြည့်လိုက်သည်။ အခုလို ပစ္စည်းမျိုး သူမ မြင်ဖူးတာဒါပထမဆုံး ဆိုသော်ငြား ဟောင် ပြောပုံအရဆိုလျှင် တော်တော် အသုံးဝင်တဲ့ ပစ္စည်းပဲ။
“ ရေထည့်စက်က မှန်ကန်တဲ့ ပမာဏကို အလိုအလျောက် ထည့်ပေးတယ်။ မင်း လုပ်ရမှာတစ်ခုက ရေထည့်ပြီးရင် အဖုံးပိတ်ပြီး ခေါက်ဆွဲကျက်ဖို့ စောင့်ရမယ်”
ထို့နောက်တွင် ဟောင် စားပွဲကို လက်ဆစ်နှင့် ခေါက်လိုက်ရင်း
“ ငါလဲ အဲ့လိုလုပ်ခဲ့တာပဲ။ အခု ငါတို့ စောင့်နေရမယ်”
“ မင်းနားလည်လား? မသိလိုက်တဲ့ အပိုင်းရှိလား?”
မိုရှီရှီ ခေါင်းညိတ်လိုက်ကာ
“ ငါနားလည်ပြီထင်တယ် သူဋ္ဌေး”
“ မင်းငါ့ကို လုပ်ရမဲ့အဆင့်တွေ ပြန်ပြော ပေးမလား?”
မိုရှီရှီ ချက်ချင်းပဲ အဖုံး ဖွင့်သည့်အဆင့်မှ စ၍ ရေနွေးထည့်တဲ့ နေရာအထိ လိုက်လုပ်ပြ လိုက်သည်။ အဆင့်တိုင်းကို သူမ သေချာ မှတ်မိသည်။
ဟောင် ပြုံးလိုက်ပြီး သူမကို လက်မ ထောင်ပြလိုက်တော့၏။
“ ပြည့်စုံတယ်။ မင်း အကုန်ရပြီပဲ”
“ အခု ခေါက်ဆွဲလဲ စားလို့ရလောက်ပြီ”
ဟောင် တူတစ်စုံ ကောက်ကိုင်လိုက်ပြီး
“ မင်း တူတော့ ကိုင်တတ် တယ်မလား?”
မိုရှီရှီ မျက်နှာကို မဲ့လိုက်ကာ
“ ကိုင်တတ်တာပေါ့ သူဋ္ဌေးကလဲ။ ဘယ်လို ထင်နေတာလဲ?”
သူမ တူကိုကိုင်လိုက်ပြီး တူနဲ့ပဲ အဖုံးကို လှန်လိုက်သည်။
မွှေးရနံ့လှိုင်းလုံးကြီးက သူမ နှာခေါင်းဝကို လာကျီစယ်သွားသည်။
ချက်ချင်းပဲ သူမ ဇက်ပုသွားကာ သွားရည်ယိုသွားသော်ငြား ကိုယ်ဟန်ကို ပြန်ထိန်းလိုက်လေ၏။ အိန္ဒြေလေးတော့ ဆယ်အုံးမှပေါ့။
မိုရှီရှီ ပထမ တစ်လုပ် စားကြည့်လိုက်သည်..
သူမ ကောင်းကင်ဘုံကို တက်လှမ်း သွားသလိုပဲ!
“....”
'ဒါ.. ဒီ.. ဒီအနံ့က..’
‘ ဘယ်နတ်က ဒီလောက်ကောင်းတဲ့ အစားအသောက်ကို ဖန်တီးထားတာလဲ?’
အရသာစုံသော ခေါက်ဆွဲရည်ထဲမှာ ခေါက်ဆွဲဖတ်တိုင်းကလဲ ကောင်းကောင်း စိမ့်ဝင်နေသည်။ ခေါက်ဆွဲတစ်မျှင် တိုင်းက တစ်ကိုယ်လုံးကို နွေးထွေးသွားစေပြီး ခန္ဓာကိုယ်ကိုယ်သာမက ချီစွမ်းအင်ကိုပါ အာဟာရ ဖြည့်တင်းပေးနေသည်။
သူမ ဆာလောင်နေလို့ ဒါကပိုစားကောင်း နေတာလား? ဒါမှမဟုတ် ဒါကိုက အရမ်း စားကောင်းတာများလား?
မဟုတ်ဘူး။ ဒါကိုက အရမ်းစားကောင်းတာ!
ဆာလောင်နေတဲ့ သားရဲတစ်ကောင်လို သူမ အငမ်းမရ စားသောက်နေလိုက်ပြီး အိန္ဒြေတွေ ဘာတွေ အကုန်မေ့သွားလေပြီ။
မိုရှီရှီ နောက်ဆုံးတော့ သဘောပေါက်သွားပြီ။ ဒါကြောင့် ဝိညာဥ်ကျောက်တုံးတစ်တုံး ပေးရတာကိုး! ဒါက တန်တာထက်ကိုပိုတယ်!
သူမ စားနေရင်း ရပ်လိုက်ပြီး ဟောင် ကို တည်တံ့စွာကြည့်လိုက်သည်။
“ သူဋ္ဌေး ငါတို့ဒါကို ဝိညာဥ်ကျောက်တုံး တစ်တုံးထက် ပိုရောင်းသင့်တယ်”
ဟောင် ချက်ချင်းပဲ ငြင်းလိုက်လေ၏။
“ မရဘူး”
“မရဘူးလား?”
ဟောင် သေချာစွာ ခေါင်းရမ်းပြလိုက်ကာ
“ ဈေးနှုန်းက အမြဲတမ်း အတူတူပဲ”
“ ဒါပေမဲ့ သူဋ္ဌေး..”
“ လောဘကြီးမှုက မင်းရဲ့အမြင်ကို ဖုံးမသွားစေနဲ့”
ဟောင် ဖြတ်ပြောလိုက်လေ၏။
“ အခုမင်းက ဆိုင်ရဲ့ အလုပ်သမား ဖြစ်လာပြီဆိုတော့ မှတ်ထားပါ.. ဒီက ပစ္စည်းတိုင်းက သင့်တော်တဲ့ ဈေးမှာ ထားထားတယ်။ ပြီးတော့ ဈေးဘယ်တော့မှ ပြောင်းမှာမဟုတ်ဘူး”
“ အင်ပါယာက ဒူးထောက်ပြီး ဈေးတင်ဖို့ တောင်းဆိုရင်တောင်မှ ဝိညာဥ်ကျောက်တုံး တစ်တုံးပဲ!”
ဟောင် အခု ကိစ္စနှင့်ပတ်သတ်ပြီး ရွေးချယ်ခွင့်မှ မရှိတာပင်။ သူ့ပစ္စည်းသာ ဆိုရင်တော့ သေချာပေါက် ဈေးနည်းနည်း ထပ်တင်မှာပေါ့။ ဒီလောက် အရည်အသွေး ကောင်းတာက ဈေးပိုတင်သင့်တယ်လေ။ မဟုတ်ဘူးလား?
ဒါပေမဲ့ စနစ်က ဈေးသတ်မှတ်ပြီးသားပင်။ အင်အားကြီးလွန်းပြီး အတင်းအကျပ် စည်းမျဥ်းချမှတ်တတ်တဲ့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးနဲ့ ရန်မဖြစ်ချင်ရင်တော့ သူ လက်ခံရုံအပြင် မရှိတော့ဘူး။
မိုရှီရှီ သူမလက်ထဲက တူပင် လွတ်ကျမတတ် ဖြစ်သွား၏။
အင်ပါယာက ဒူးထောက်ရင်.ဟုတ်လား?
သူမ ဟောင်ကို အံ့သြမှင်သက်စွာ စိုက်ကြည့်လိုက်သည်။ ကမ္ဘာပေါ်က ဘယ်သူကများ ဒီလိုမျိုး စည်းမျဥ်းကို ဆန့်ကျင်ရဲလို့လဲ?
ဒါကိုရှင်းပြနိုင်တာ တစ်ခုပဲ ရှိတော့သည်။
သူမရဲ့သူဋ္ဌေးက.. ဖြစ်နိုင်တာ မသေမျိုးတစ်ယောက်ပဲ။ လူတိုင်းထက် ပိုသန်မာတဲ့ အရမ်းမိုက်တဲ့ မသေမျိုးပဲ ဖြစ်ရမည်!
သူမ ရင်ဘတ်ကို လက်လေးနှင့် ဖိလိုက်၏။
“ နားလည်ပါပြီ သူဋ္ဌေး။ သူဋ္ဌေးရဲ့ သစ္စာရှိ လက်အောက်ခံအနေနဲ့ သူဋ္ဌေးအမိန့်တွေကို အပိုမပြောဘဲ လက်ခံပါ့မယ်”
ဟောင် ခေါက်ဆွဲ သီးမတတ် ဖြစ်သွား၏။
“ သစ္စာရှိလက်အောက်ခံ?”
‘ ဒီရှီရှီလေး ဘာတွေ လာပေါနေတာလဲ? သူမ ကြောင်သွားတာလား?’
ဟောင် ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ မိုရှီရှီက အလင်းအရှိန်နဲ့ ခေါက်ဆွဲဆက်ငုံ့စား လေ တော့၏။
ဟောင် သက်ပြင်းသာ ချလိုက်ပြီး ခေါက်ဆွဲပဲ ပြန်ငုံ့စားလိုက်တော့သည်။
သူတို့တွေ စားပြီးသွားချိန်တွင် မိုရှီရှီ အေးခဲ သွားလေ၏။ သူမရဲ့ အသက်ရှုသံက တည်ငြိမ်လာပြီး သူမရဲ့မျက်နှာက ခံစားချက်မဲ့သွားသည်။
‘ အလင်းပွင့်တာ..’
ဟောင် ခေါင်းသာ ကုတ်လိုက်သည်။ ဒါက ပြဿနာပဲ။ သူမရဲ့ အလင်းပွင့်မှုက မိနစ်သုံးဆယ် ဒါမှမဟုတ် ထိုထက် ပိုကြာနိုင်သည်။ သူမ ပိုကြာသွားရင် အပြစ်ဒဏ် ခံရတော့မှာလား?
သူ အရမ်း စိတ်မပူရသေးခင်မှာပဲ စနစ်ရဲ့ အသံထွက်ပေါ်လာခဲ့၏။
( ပိုင်ရှင် စိတ်ပူဖို့ မလိုပါဘူး။ ဆိုင်ရဲ့ ပစ္စည်းကြောင့် အလင်းပွင့်တာကို အလုပ်ချိန် အနေနဲ့ သတ်မှတ်ပါတယ်။ အလုပ်သမားကို သန်မာစေတာက ဆိုင်ရဲ့ ခန့်ခွဲမှုအတွက် အကျိုးရှိတယ်။ ဒါကြောင့် ဒါကို နားချိန်ထဲက မဖြတ်ပါဘူး)
‘ ဒီတော့ သန်မာလာတာကလဲ အလုပ်ပဲပေါ့?’