( ဒီနေရာမှာ ကျင့်ကြံတာကို အလုပ်အဖြစ် သတ်မှတ်တယ်)
Vol. 2 Ch. 25
လုပ်စရာ မရှိတော့တာမို့ ဟောင် ထလိုက်ပြီး စားပွဲရှင်းလိုက်လေ၏။ ထို့နောက်တွင် အမှိုက်ပါ ပစ်ထားလိုက်ပြီးမှ ကောင်တာမှာ ပြန်လာထိုင်လိုက်သည်။
သူသည် မိုရှီရှီလိုမျိုး ကျင့်ကြံသူတစ်ယောက် မဟုတ်ချေ။ ခေါက်ဆွဲဗူး ဘယ်လောက်ပဲ စားပါစေ၊ သူ့အတွက် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။
ဘာအလင်းပွင့်မှုမှ မဖြစ်လာသလို ဘယ်လို အဆင့်တက်မှုမှ မကြုံရဘူး။ ချီစွမ်းအင်ဓာတ်ကို မရသည့်အတွက် သူ့အနေနဲ့ သာမာန် ဗိုက်ပြည့်စေသော အစားအသောက်တစ်ခုသာ ဖြစ်သည်။
အရန်မစ်ရှင် နှစ်- အကူအလုပ်သမားခန့်ရန်။ အရာအားလုံးကို ကိုယ်တိုင်လုပ်ဖို့ စဥ်းစားနေတာ မဟုတ်ဘူးမလား? 1/1
ဆုလာဘ်- ဆိုင်ခန်းချဲ့ထွင်ခြင်း။ တတိယအထပ် ပွင့်ပြီး ကိုယ်ပိုင်အခန်း ရပါမည်။ ဒုတိယထပ်က အခု အလုပ်သမား အတွက်ဖြစ်သည်။
အခြေအနေ- မစ်ရှင်ပြီးမြှောက်!
ဆုလာဘ် ယူတော့မည်လော?
ဟောင်ရဲ့ မျက်လုံးများ လက်သွားသည်။
‘ အနည်းဆုံးတော့ မစ်ရှင်တွေ အောင်မြင် သွားပြီပဲ’
ဟောင် ပုံရိပ်ယောင် မျက်နှာပြင်ကို နှိပ်လိုက်သည်။
‘ယူမည်’
ဆုလာဘ် ရယူပြီးပါပြီ!
‘ စနစ် တစ်ခြား မစ်ရှင်အသစ် ရှိလား?’
( မရှိဘူး။ မစ်ရှင် အသစ်တွေ မပေးခင် ပင်မ မစ်ရှင်နဲ့ အရန်မစ်ရှင် တစ်ကို ပြီးအောင် လုပ်ရပါအုံးမယ်)
‘ အာ ဒါလဲ အဓိပ္ပါယ်ရှိတာပဲ’ ဟောင် ပုခုံးသာ တွန့်လိုက်သည်။
‘ ဒီတော့ ငါ အကုန်လုံး မပြီးသေးခင်အထိ ဒီတိုင်းပဲပေါ့?’
အခုအခြေအနေက အတင်းအကျပ် လိုအပ်ချက်တွေပါတဲ့ ဗီဒီယိုဂိမ်းတွေလိုပဲ.. လိုအပ်တဲ့ တာဝန်မပြီးဘူးဆိုရင် ဘယ်လို ရှေ့ကျော်တာမျိုးကိုမှ လက်မခံဘူး!
အချိန်က တစ်ဖြည်းဖြည်း ကုန်ဆုံးသွားပြီး အဆုံးမှာ မိုရှီရှီ အသိပြန်ဝင်လာခဲ့သည်။
သူမရဲ့ မျက်လုံးတွေ ဖွင့်လိုက်တဲ့ အချိန်မှာပဲ အင်အားကြီးသော အရှိန်အဝါတစ်ခု ထွက်လာသည်။ သူမရဲ့ သွေးကြောတွေထဲ ချီစွမ်းအင်တွေ ဒလဟော စီးဝင်နေတာမို့ သန်မာမှုက တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွား၏။ အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ချီစွမ်းအင်ကို ဖိနှိပ်လိုက်သည်။
သူမ ကောင်းကင်ဘုရင်နယ်ပယ်ရဲ့ အဆင့် ငါးအထိ ချိုးဖြတ်လုနီးနီး တိုးတက်သွားသည်။
နည်းနည်းလောက်သာ ထပ်ရခဲ့ရင် သေချာပေါက် နောက်တစ်ဆင့် ရောက်သွားမှာပင်။
သူမရဲ့ နှလုံးက တုန်ယင်နေ၏။ အခုလို လျင်မြန်တဲ့ တိုးတက်မှုမျိုး မခံစားရတာ အနည်းဆုံး လတစ်ချို့ ကြာခဲ့ပြီပင်။ သူမရဲ့ ဂိုဏ်းပျက်ဆီးသွားတည်းက မတိုးတက်လာသော သန်မာမှုက အခုချိန်မှာ..
သူမ လက်သီးနှစ်ဖက်ကို တင်းနေအောင် ဆုတ်လိုက်၏။
ဒီဆိုင်က… အရမ်း ထူးခြားတာပဲ!
အသိစိတ် ပြန်ကပ်လာပြီးနောက်မှာ မိုရှီရှီ လျင်မြန်စွာ ဆိုင်တစ်ခုလုံးကို စစ်ဆေးလိုက်သည်။ သူမဘေးမှာ သူဋ္ဌေး မရှိတော့ဘဲ ကောင်တာကို ပြန်ရောက်နေခဲ့ပြီ။
သူမ ချက်ချင်းပဲ မတ်တပ်ရပ်ကာ လျှောက်သွားလိုက်သည်။
“ သူဋ္ဌေး”
သူမ လက်နှစ်ဖက်ကို ယှက်လိုက်ပြီး
“ ကျေးဇူးပါ”
သူမ အမှန်တော့ အများကြီး ပြောလိုက်ချင်သည်။ ဒါပေမဲ့ ကျေးဇူးတင်မှုဆိုတာ စကားလုံးတွေနဲ့ ဖော်ပြရုံဖြင့် မလုံလောက်ပါချေ။ သူမ ထိုက်တန်တဲ့ လုပ်ရပ်နဲ့ သက်သေပြမည်။
ခဏလောက် ရပ်ပြီးနောက်မှာ သူမရဲ့ ခေါင်းက အနည်းငယ် ငုံ့သွားသည်။
“ တောင်းပန်ပါတယ်… ငါ အလင်းပွင့်နေချိန်မှာ အချိန်အများကြီး ယူမိခဲ့တယ်။ နေ့လည်စာနားချိန်ကို ကျော်သွားခဲ့တယ်”
ဟောင် လက်ယမ်းပြလိုက်ရင်း
“ ရတယ်။ သန်မာအောင်လုပ်တာလဲ အလုပ်ထဲကတစ်ခုပဲ။ ဒါကို နားချိန်ထဲက မသတ်မှတ်ဘူး”
မိုရှီရှီ အလွန်အံ့သြသွားကာ
“ …ဘယ်လို?”
ကျင့်ကြံတာကို အလုပ်အဖြစ် သတ်မှတ်တယ်လား?
သူမ တစ်ဘဝလုံးမှာ ထိုသို့တစ်ခါမှ မကြားဖူးဘူး။ ဒါက အရောင်းဆိုင် တစ်ခုလေ။ ကျင့်ကြံရေးဂိုဏ်းတစ်ခုမှ မဟုတ်တာ။ သန်မာအောင်လုပ်တာက ဘယ်တုန်းတည်းက အရောင်းဆိုင် ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ် ဖြစ်သွားတာလဲ? ကျင့်ကြံမဲ့အစား ဆိုင်ကို ဘယ်လို စီမံခန့်ခွဲရမယ်၊ ဈေးဝယ်တွေကို ဘယ်လို ပြောဆိုရမယ်ဆိုတာ သင်ရမှာ မဟုတ်ဘူးလား?
ဒါပေမဲ့ သူမက အရင်ဆုံးခေါက်ဆွဲတစ်ပွဲ စားလိုက်ပြီး အလင်းပွင့်သွားခဲ့တယ်။ ဒါကို သူဋ္ဌေးကလဲ အလုပ်တစ်ခုလိုမျိုး သတ်မှတ်နေသေးတယ်။
“ ကောင်းကောင်း ကျင့်ကြံပါ ရှီရှီလေး။ ဈေးဝယ် မလာဘူးဆိုရင် အချိန်ကို ကောင်းကောင်း အသုံးချနေပေါ့”
မိုရှီရှီ ခဏတာ ပြောစရာ ပျောက်ဆုံးကုန် တော့၏။
“ ဟမ့်! ဒီလိုလုပ်ဖို့ မလိုဘူး သူဋ္ဌေး။ ငါက နူးညံ့တဲ့မိန်းကလေး မဟုတ်ဘူး”
သူမ ချက်ချင်းပဲ ဟောင်ရဲ့ ဘေးကို သွားပြီး ဖြောင့်တန်းစွာ မတ်တပ်ရပ်လိုက်သည်။
“ မတ်တပ်ရပ်နေရင်းနဲ့လဲ ငါ ကျင့်ကြံနိုင်တယ်”
ဟောင် သူမကို စိုက်ပဲကြည့်နိုင်တော့သည်။
‘ ဝှက်သယ်ဖက်… မတ်တပ်ရပ်နေရင်းနဲ့လေ!?’
ဒီလောက် အရည်အချင်းရှိတာကြီးက ရူးချင်စရာပဲ။
ထို့နောက်မှာ ဟောင် အမှတ်ရသွားသည်။ မိုရှီရှီက သာမာန်ကောင်းချီးပေးခံထားရသူ မဟုတ်ဘူး။ သူမက လူတိုင်းထက်ကို ကျော်လွန်တဲ့ မွေးရာပါ ပါရမီရှင်ပဲ။ သူမက ယွဲ့ရှုယန်လိုမျိုး အံ့ဖွယ်သိုင်းသမားကိုပါ အပြတ်သတ် ကျော်သွားနိုင်တဲ့ ပါရမီရှင်မျိုးပဲ။
ဟောင် လက်နှစ်ဖက်ပိုက်လိုက်သည်။ သူအခုချိန်မှာ အထင်ကြီးမှုကော၊ ဂုဏ်ယူမှုကော ခံစားနေရသည်။ သူမလို ပါရမီရှင်က သူ့လက်အောက်မှာ အလုပ်လုပ် နေတယ်? ဘယ်လို နှမြောစရာကောင်းလိုက်သလဲ?
သူမရဲ့ ကျင့်ကြံမှုက ထိပ်ဆုံးကို မရောက်သေးသော်ငြား တော်တော်လေး မြင့်မားနေပြီပင်။ ဒါ့အပြင် သူမရဲ့ အရည်အချင်းနဲ့ဆိုရင် အဲ့ဒီ အိုကြီးအိုမ ထိပ်သီးပညာရှင်တွေကို ကျော်သွားဖို့ အချိန်ခဏသာ လိုမှာပဲ။
သူမ အဲ့လိုမျိုး သန်မာမှုကို ကြွားလုံးထုတ်နိုင်မဲ့ အချိန်ကျရင် ငါ အပြင်ထွက်ပြီး ကြည့်မရတာတော့ စိတ်မကောင်းစရာပဲ။ ကောင်းကင်ဘုရင် ကျွမ်းကျင် သိုင်းသမားရဲ့ တိုက်ပွဲမလား? သေချာပေါက် ကြည့်ဖို့ ထိုက်တန်တဲ့ပွဲတစ်ခု ဖြစ်မှာလေ။
ဟောင် ရေခဲသေတ္တာဆီ သွားပြီး ကိုလာတစ်ဗူး ထုတ်ယူလိုက်သည်။ သူ မိုရှီရှီကို လှမ်းပစ်လိုက်သည်။ သူမ အလွယ်တကူပဲ ဖမ်းလိုက်၏။
“ ရော့ဒါသောက်ကြည့်”
သူမလက်ထဲက ထူးဆန်းတဲ့ ဗူးကိုငုံ့ကြည့်ကာ ခေါင်းစောင်းလိုက်ရင်း
“ ဒါဘာကြီးလဲ?”
“ ဖွင့်ပြီးသောက်ကြည့်လိုက်စမ်းပါ”
သူမက ပြောတဲ့အတိုင်းပဲ အဖုံးကို ဆွဲလိုက်သည်။ စူးရှရှ အသံတစ်ခုအပြီးမှာ အဖုံးဝကို အမြုပ်တွေ တက်လာခဲ့ပြီး အချိုနံ့လေးပါ တစ်ဆက်တည်း သင်းပျံ့လာခဲ့၏။ အနံ့နဲ့တင် သူမ တံတွေးမျိုချဖို့ လုံလောက်နေခဲ့ပြီ။
တစ်ငုံသောက်ပြီးနောက်မှာ ထိတ်လန့်သွားတဲ့ ကြောင်တစ်ကောင်လိုမျိုး သူမရဲ့ နားရွက်နှစ်ဖက်လုံး ထောင်မတ်သွားသည်။ အေးမြတဲ့ အချိုဓာတ်စူးစူးက သူမရဲ့ ပါးစပ်ထဲ ပေါက်ကွဲဝင်သွား၏။ ဂတ်စ်ရဲ့ စူးရှရှ အရသာက လည်ချောင်းတစ်လျှောက် ချောမွေ့စွာ စီးဝင်သွားပြီး နောက်တစ်ငုံ သောက်ချင်စိတ် ဖြစ်ပေါ်စေသည်။
“ အာ!”
သူမ ပါးစပ် အုပ်လိုက်ကာ ဗူးကို ပြန်ကြည့်လိုက်သည်။
“ ကောင်းတယ်မလား?”
“ အွန်း…ကောင်းတယ် သူဋ္ဌေး!”
သူမ သောက်ရင်း စကားပြောဖို့ ကြိုးစားနေသော်ငြား ကိုလာက အရမ်း ဆွဲဆောင်လွန်းလှ၏။ သူမ မသိလိုက်ခင်မှာပဲ တစ်ဗူးလုံး ကုန်သွားတော့သည်။
ကိုလာရဲ့ သက်ရောက်မှုက အလုံးလိုက် တိုးဝင်လာပြီမို့ သူမ မျက်တောင် တစ်ဖြတ်ဖြတ် ဖြစ်သွားသည်။ သူမရဲ့ တုံ့ပြန်မှုက ပိုထက်လာပြီး တုံ့ပြန်ချိန်က ပုံမှန်မဟုတ်စွာ အလွန်လျင်မြန်လာခဲ့၏.. သူမ မတွေးရသေးခင်မှာပဲ ခန္ဓာကိုယ်က တုံ့ပြန်ပြီးနေသလို ခံစားရသည်။
သူမလက်ထဲက ဗူးအလွတ်ကို စိုက်ကြည့်ပြီး နောက်မှာ ဟောင် ကို ပြန်ကြည့်လိုက်သည်။ အစက အလင်းပွင့်မှု ဖြစ်စေတဲ့ အသင့်စား ခေါက်ဆွဲတစ်ဗူးပင်။ အခု တုံ့ပြန်မှု တိုးစေတဲ့ ဖျော်ရည်တဲ့လား?
မိုရှီရှီ အလွန်အံ့သြသွားသည်။ သူမ နောက်ထပ် ခေါက်ဆွဲတစ်ဗူးစားလို့ ရသေးတာ သိပေမဲ့ အခုတော့ အလုပ်ကိုပဲ အာရုံစိုက်ချင်သေးသည်။ လုပ်စရာ အများကြီး ရှိနေတာတော့ မဟုတ်ပေ။ သူမ ရောက်တည်းကနေ အခုချိန်အထိ ဈေးဝယ် တစ်ယောက်မှ မလာသေးဘူးလေ။
“ သူဋ္ဌေး အနာဂတ်မှာ ပစ္စည်းအသစ်တွေ ထပ်ရှိအုံးမှာလား? ကိုလာနဲ့ ခေါက်ဆွဲ အပြင်လေ”
“ သေချာပေါက် အများကြီး လာမှာပေါ့။ ငါတို့ ဒီစင်အလွတ်တွေ အများကြီးကို ဖြည့်ရအုံးမှာလေ”
ဟောင် ပုံမှန်လို ပြန်ဖြေလိုက်သည်။
မိုရှီရှီ ခပ်ဖြည်းဖြည်း ခေါင်းညိတ်ရင်း လှည့်ပတ်ကြည့်လိုက်သည်။ ဒီဆိုင်ထဲမှာ နေရာလွတ် အများကြီးကျန်သေးသည်။ သောက်စရာ သေးသေးလေးကတောင် အခုလို အစွမ်းပေးနိုင်နေရင် အနာဂတ် ပစ္စည်းတွေက ဘာတွေပေးနိုင်လောက်လဲ? အခုလိုမျိုး ဆန်းကြယ်တဲ့ ပစ္စည်းတွေ ဖြစ်လာအုံးမှာလား?
အစက သူမက ဟောင်ကိုမသေမျိုး တစ်ယောက်ဟု ယူဆခဲ့သည်။ အခု ဖြစ်နိုင်တာ.. သူဋ္ဌေးက မသေမျိုးထက် ပိုအဆင့်မြင့်လောက်သည်။
ဆိုင်ပိတ်ချိန် နီးလာပြီမို့ ဟောင် သန်းဝေလိုက်သည်။ ဘယ်ဈေးဝယ်မှ ထပ် ရောက်မလာသေးဘူး။
‘ ငါတို့ ဆိုင်စောစော ပိတ်သင့်တယ်’
မိုရှီရှီကို အကြံပေးခါနီးမှာပဲ ဆိုင်တံခါးက ပွင့်လာခဲ့သည်။
အရပ်ရှည်ရှည် လူငယ်တစ်ယောက် ဝင်လာပြီး အနက်ရောင် ဆံပင်ရှည်များကို ကျောက်စိမ်း ဆံထိုးတစ်ခုဖြင့် ရိုးရှင်းစွာ ထိုးထားသည်။
အနီရောင် နဂါးပုံပါသော သူ့ရဲ့ ဝတ်စုံသည် ရွှေရောင်ကြိုးမျှင်များဖြင့် အလှဆင်ထားသည်။ အလင်းရောင်အောက်မှာ ရွှေရောင်သည် ပိုတောက်နေတော့၏။ ရွှေရောင်ဓားကို နောက်ကျောဘက်ကနေ ပိုးကြိုးတစ်ခုဖြင့် စလွယ်သိုင်းထားသည်။
ချမ်းသာကြောင်း ပြခြင်းကသာ အနုပညာ တစ်ရပ်ဆိုလျှင် ဒီလူက ဆရာကြီးပဲ။ လိုနေတာဆိုလို့ သူသွားမဲ့ လမ်းတစ်လျှောက်မှာ ရွှေဒင်္ဂါး ကြဲပေးမည့် အစေခံ တစ်ယောက်သာ။
ထိုသူသည် မြူခိုးပြာနတ်အိမ်တော် စံအိမ်ရဲ့ ဒုတိယသခင်ကြီး ကုန်းကြွယ်ယုံရဲ့သား ကုန်းရှောက်ယန် ဖြစ်လေ၏။
“ ကြိုဆိုပါတယ်” ဟောင် နှုတ်ဆက်လိုက်သည်။
နှုတ်ခမ်းပေါ်က လက်ကျန်ကိုလာ တစ်စက်ကို ယပ်နေတဲ့ မိုရှီရှီလဲ ဟောင် နှုတ်ဆက် သည့်အတိုင်း လိုက်ပြောလိုက်၏။
“ ကြိုဆိုပါတယ်”
ကုန်းရှောက်ယန် ထိုနှစ်ယောက်ကို အဖက်မလုပ်ချေ။ မရှိတဲ့ လေပြေလို သဘောထားရင်း ခေါက်ဆွဲစင်ဘက်ကို သွားလိုက်သည်။