( မောက်မာတဲ့ သခင်လေး VS နတ်ဘုရားခေါက်ဆွဲ)
Vol. 2 Ch. 26
ကုန်းရှောက်ယန်သည် စတိုးဆိုင်ထဲကို သူ့အပိုင် ဆိုင်ထဲ လှည့်ပတ်ကြည့်နေသည့် အတိုင်း ကြည့်လိုက်သည်။ ပစ္စည်းတစ်ခု ဆီကို အထင်သေးမှု အထင်သားနဲ့ စစ်ဆေးနေ၏။
ကြက်သားအရသာ ခေါက်ဆွဲစင်ရှေ့တွင် ရပ်လိုက်ကာ တစ်ဗူးယူလိုက်သည်။
ဟောင် စိတ်ဝင်စားစွာ ကြည့်နေရင်း
‘ ထပ်ပြောရတော့မှာပေါ့’
“ ဒါအတွက် ဝိညာဥ်ကျောက်တုံး တစ်တုံးပေါ့?”
ခေါက်ဆွဲဗူးကို ကိုင်ထားရင်း ကုန်းရှောက်ယန် လှောင်ပြောင်လိုက်သည်။
“ မင်း လာနောက်နေတာလား? ဒီဘာမှန်းမသိတဲ့အရာတစ်ခုအတွက်… ဝိညာဥ်ကျောက်တုံးတစ်တုံး ပေးရမယ်?”
“ ဟုတ်တယ်။ အဲ့ဒီဈေးပဲ”
ဟောင် ပြောလိုက်သည်။
‘ ဘရိုရေ မသိရင် မင်းက ဒီမြို့တစ်ဝက်လောက်ကို ပိုင်သလို ဝတ်စားထားပြီး ဝိညာဥ်ကျောက်တုံးတစ်တုံး အတွက်နဲ့ စကားများနေတာလား?’
‘ ဘာလဲ? ဖေဖေက မုန့်ဖိုး ဖြတ်ထားလို့လား ကလေး?’
ကုန်းရှောက်ယန် လျှာလိပ်သွားပြီး
“ အဲ့လောက်ပိုက်ဆံနဲ့ဆို ငါတို့စံအိမ်မှာ စားကောင်းသောက်ဖွယ်တွေ ဝယ်လို့ရနေပြီ”
“ ဟာသပဲ! ငါဒီဗူးထဲကနေ ချီစွမ်းအင် တစ်စက်တောင် အာရုံမခံမိဘူး။ ဒီဆိုင်က နေ့ခင်းကြီး ငါ့ကို ဓားပြတိုက်ချင်နေတာလား?”
စိတ်တိုရမဲ့အစား ဟောင် စိတ်လှုပ်ရှားမှုကြောင့် ရင်ခုန်သွားသည်။
နောက်ဆုံးတော့ မောက်မာတဲ့ သခင်လေးနဲ့ တွေ့ပြီပဲ!
ငါကမ္ဘာရွေးမှားပြီလို့ကို ဒီရက်ပိုင်း တွေးနေခဲ့မိတာ!
သခင်လေးပါးရိုက်ဇာတ်ကွက်ကို စောင့်နေတာကွ ဟားဟား
ဒါပဲလေ။
ငါစောင့်နေရတဲ့ အခိုက်အတန့်က နောက်ဆုံးတော့ ရောက်ရှိလာပြီ!
သူအခုထိ တွေ့ခဲ့ရသော ကျင့်ကြံသူတိုင်းသည် ဂုဏ်ရှိကြပြီး စောင့်ထိန်းတတ်ကြသည်။ စည်းကမ်းရှိတဲ့ သူကောင်းတွေပဲ ဖြစ်ခဲ့၏။ သူ့အပေါ် အထင်သေးတဲ့ ဈေးဝယ်တစ်ချို့ တွေ့ခဲ့ရသော်ငြား ကျင့်ကြံသူတစ်ယောက်ရဲ့ သာမာန်ဂုဏ်မောက်သော အနေအထားမှာပဲ ရှိသေးသည်။
ဒါပေမဲ့ ဒီလူကကော? ဒီလူက ဟောင် မျှော်လင့်နေတဲ့ ကျင့်ကြံရေးလောကရဲ့ မောက်မာတဲ့ သခင်လေး ဟန်ပန်အပြည့်ပဲ။
ကုန်းရှောက်ယန်ဆီမှ ‘အမောက်မာဆုံး သခင်လေး’ အရှိန်အဝါများ ဖြာထွက်နေသည်။
“ ဝိညာဥ်ကျောက်တုံးတစ်တုံးနဲ့ တစ်ကယ် တန်ရင်တော့ကောင်းတာပေါ့”
ကုန်းရှောက်ယန် မျက်နှာကို မဲ့လိုက်သည်။
မိုရှီရှီ သည်းမခံနိုင်တော့ချေ။ သူမ ဟောင်ကို စိတ်ထဲမှ ဆက်သွယ်လိုက်သည်။
‘ သူဋ္ဌေး ဒီလူကို ငါ ဖြေရှင်း ပေးရမလား?’
ဟောင် အကျယ်ကြီး ရယ်ချင်သွားသည်။
‘ ဟေးဟေးဟေး! ဒီလောက်အမြန် အဆုံးသတ်မပစ်နဲ့လေ! ငါပျော်ချင်သေးတယ်ဟ!’
ဟောင် ခေါင်းရမ်းပြရင်း သူမကို စိတ်လျော့ဖို့ အချက်ပြလိုက်သည်။
မိုရှီရှီ လက်တစ်ချက် လှုပ်လိုက်တာနဲ့ ဒီလူ မြေပေါ်မှာ မသေမရှင် လူးလွန့်သွားရမှာကို ဟောင် ကောင်းကောင်း သိ၏။
“ ကောင်းပြီ ငါဝယ်မယ်”
ထိုလူက ပြောလိုက်သည်။
“ ဒါပေမဲ့ ငါမင်းကို သတိပေးထားမယ်.. ဒါသာ အလိမ်အညာ ဖြစ်လို့ကတော့ ငါ့ရဲ့ မြူခိုးပြာ နတ်အိမ်တော်စံအိမ်က ဒီဆိုင်ကို သေချာပေါက် ညတွင်းချင်း ပျောက်ကွယ်သွားအောင် လုပ်ပေးမယ်”
ဟောင် အပြုံးကို မနည်းထိန်းချုပ် ထားရ၏။
အိုး? သခင်လေးရဲ့ ခြိမ်းခြောက်မှုကြီး ပါလား?
အရမ်း ပြည့်စုံနေပြီ။
ဒါပေမဲ့ ဟောင် လိုက်ကစားပေးလိုက်သည်။ သူ ခေါင်းညိတ်ပြလိုက်ရင်း
“ ကောင်းပြီ”
“ ငါ့ကို ဗူးအရင်ပြန်ပေး”
“ ဘာ?”
“ မင်းရဲ့ဝယ်ယူမှုကို အတည်ပြုဖို့အတွက် စကန်ဖတ်ဖို့ လိုတယ်”
ကုန်းရှောက်ယန်ရဲ့ ရုပ်က မပြောင်းလဲ ပေမဲ့ အတွင်းထဲမှာတော့ ရှုတ်ထွေးနေခဲ့သည်။
ခွက်ကို စကန်ဖတ်မယ်? အဲ့ဒါ ဘာအဓိပ္ပါယ်လဲ?
ဒါပေမဲ့ သူ့အနေနဲ့ နားမလည်ကြောင်း ဝန်ခံစရာ အကြောင်းအရင်း မရှိပေ။
“ ရတယ်လေ”
“ ကုန်သည် အစစ်တစ်ယောက်က ဝယ်ယူမှုကို အတည်ပြုရမှာပေါ့။ အနည်းဆုံးတော့ မင်း စီးပွားရေး လုပ်တတ်သားပဲ”
ထိုလူသည် ကြက်သားအရသာ ခေါက်ဆွဲဗူးကို တင်းနေအောင် ဆုတ်ကိုင်ထားရင် ကောင်တာ အရှေ့တွင် ရပ်လိုက်သည်။ သူ လက်မြှောက်ပြီး ကောင်တာပေါ် တင်ပေးဖို့ လုပ်ချိန်မှာပဲ…
ဝူးရှ်!
သူ့လက်ထဲက ခွက်က ပျောက်ကွယ်သွားလေ၏။
“...?”
ကုန်းရှောက်ယန် စိတ်လှုပ်ရှားမှုကြောင့် မျက်တောင် တစ်ဖြတ်ဖြတ် ဖြစ်သွားသည်။ ခွက်က ဒီ..ဒီတိုင်း ပျောက်သွားတာလား?
ကောင်တာရဲ့ အပေါ်နားမှာ ကုန်းရှောက်ယန်ရဲ့ လက်က ထိုအတိုင်း မလှုပ်မယှက် လေမှာတန့်နေခဲ့သည်။
ထိုအချိန်မှာ ခေါက်ဆွဲဗူးကိုင်ထားတဲ့ မိုရှီရှီက ပုံမှန်လိုပဲ ဟောင် ကို ကမ်းပေးလိုက်သည်။ မသိလျှင် လမ်းတစ်ဝက်က ဖြတ်လုသွားသူ မဟုတ်တဲ့အတိုင်းပဲ။
“....”
ကုန်းရှောက်ယန် ဖြည်းဖြည်းချင်း လက်ကို ပြန်ရုတ်လိုက်ကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင် နေလိုက်သည်။
ဟောင် ရယ်ချင်စိတ်ကို ဖိနှိပ်ရင်း စကန်ဖတ်ဖို့ အပြေးသွားလိုက်တော့၏။
ဘိ!
ပြီးမြှောက်သွားပြီမို့ သူ ခေါက်ဆွဲဗူးကို ပြန်ပေးလိုက်သည်။
ကုန်းရှောက်ယန် မြန်ဆန်စွာ ခွက်ကို လုယူလိုက်ကာ ဘာမှမဖြစ်ခဲ့သလို ဆက်လက် ဟန်ဆောင်နေ၏။
ဒါပေမဲ့ ကြည့်နေရင်းဖြင့် သူ့ရဲ့ မောက်မာမှုက မရေရာမှုအဖြစ် အနည်းငယ် အသွင်ပြောင်း ချင်လာလေပြီ။
“ ငါဒါကို ဘယ်လိုစားရမလဲ?” သူ မေးလိုက်သည်။
“ ဒါကို အစိမ်းစားရမှာတော့ မဟုတ်ဘူးမလား?”
မိုရှီရှီ ဖြေခါနီးမှာပဲ သူမရဲ့ခေါင်းပေါ်ကို လက်တစ်ဖက်က နူးညံ့စွာ သပ်တင်လာသည်။
ဟောင် သူမ အနားကို ကပ်လိုက်ပြီး
“ ငါဒါကို ကိုင်တွယ်လိုက်မယ် ရှီရှီလေး”
ထို့နောက်မှာ ဟောင် ကုန်းရှောက်ယန် ဘက်ကို လှည့်လိုက်ရင်း အလေးစားဆုံးသော ဆိုင်ရှင် ဟန်ပန်ကိုလဲ ပြောင်းလဲထားသေး၏။
“ ဒါပေါ့ သခင်လေး”
ဟောင် ယဥ်ကျေးစွာ ပြုံးလိုက်သည်။
“ ပြပေးပါရစေ”
ပြောပြီးတာနဲ့ သူ ရေထည့်စက်နားကို သွားလိုက်သည်။
“ ပြင်ဆင်ရတဲ့ အချက်က ရိုးရှင်းပါတယ်”
သူ ညွှန်ပြလိုက်သည်။
“ အရင်ဆုံး အဖုံးကိုခွာလိုက်ပါ။ ပြီးရင် ဗူးကို ဒီပစ္စည်းပေါ်တင်လိုက်။ လိုအပ်တဲ့ ရေနွေးပမာဏ အတိအကျကို ထည့်ပေးလိမ့်မယ်”
“ ထည့်ပြီးသွားရင် အဖုံးပြန်ပိတ်ပြီး စောင့်ရမယ်။ သုံးမိနစ်နေရင် စားကောင်း သွားပြီ”
ကုန်းရှောက်ယန် မျက်လုံးများ မှေးစင်းလိုက်ပြီး
“ …ဒါပဲလား?”
သူ့ရဲ့ အသံထဲမှာ သံသယတစ်ချို့ ပါဝင်နေသည်။ ဒါပေမဲ့ အကြောင်းအရင်း မရှိ မောက်မာစွာ ပြောဆိုနေတာမျိုး မဟုတ်တော့ပဲ သူအမှန် ရှုတ်ထွေးနေလို့ ဖြစ်လေ၏။
ကျင့်ကြံသူ တစ်ယောက်အနေနဲ့ ပါဝင်ပစ္စည်း အတိအကျ၊ မီးအရှိန်အတိအကျ အသုံးပြုတာကို သူ အသားကျပြီးသားပဲ။ ဒါပေမဲ့ ဒါက ရယ်ဖို့ကောင်းလွန်းတယ်!
အခု ခေါက်ဆွဲမှာ ဘာ အရည်အချင်းမှ မပါဘူး။ ဘာ ကြိုးစားမှုမှ မထုတ်ထားဘဲ ဘာသန့်စင်တဲ့ ဖြစ်စဥ်မှ မလိုအပ်ဘူးလား? ရေနွေးလောင်းထည့်ပြီး စောင့်ရုံပဲပေါ့?
အဆိုးဆုံးက ရေတောင် ကိုယ်တိုင်ထည့်ဖို့ မလိုဘူး။ ပစ္စည်းက ကိုယ်တိုင် လုပ်သွားအုံးမယ်!?
ဒါနဲ့တင် ခေါက်ဆွဲက အလိုလို ကျက်တယ်ပေါ့? သူ ရေနွေးမထည့်ခင် ခေါက်ဆွဲဗူးကို လှုပ်လိုက်ရင်း ချီစွမ်းအင် ပို့ကာ အာရုံခံလိုက်သည်။ ဒါက လုံးဝ ပုံမှန်ပဲ။ တစ်ခြားသာမာန် အစားအသောက်တွေလိုမျိုး လုံးဝကို ပုံမှန်ပင်။
“ မင်းငါ့ကို လာနောက်နေတာလား?”
ကုန်းရှောက်ယန် သံသယဝင်စွာ မေးလိုက်သည်။
ဟောင် မျက်ခုံးတစ်ဖက် ပင့်သွားပြီး
“ ငါဘာလို့ ဈေးဝယ်ကို အဲ့လို လုပ်ရမှာလဲ? ဒါက ပြင်ဆင်ရမဲ့ နည်းလမ်းပဲလေ”
“ လိုက်လုပ်ကြည့်ပြီး ကိုယ်တိုင် အရင်စားကြည့်လိုက်။ စားပြီးမှ မင်း ပြဿနာ ရှာစရာ ရှိသေးတယ်ဆိုပြော၊ ငါကောင်းကောင်း နားထောင်ပေးမယ်”
ကုန်းရှောက်ယန် ရန်ဖြစ်ပြီး အလုပ်ရှုတ် မခံချင်တော့ဘူး။ သူ့ရဲ့စိတ်ထဲမှာ ဒါက လုံးဝကိုစားမကောင်းမဲ့ ပစ္စည်းတစ်ခုလို့ မှတ်ယူပြီးသားပင်။ ဘယ် အစားအသောက်ကောင်းမှ ဒီလောက် အမြန်ပြင်ဆင်လို့ မရဘူး။
ဒါပေမဲ့ သူ ညွှန်ကြားတဲ့အတိုင်း ခုံမှာထိုင်ကာ စောင့်နေလိုက်၏။
မိနစ်တစ်ချို့ ကုန်ဆုံးသွားသည်။
အခုစားလို့ ရလောက်ပြီမလား?
သူ ဘာမှ ထူးထူးခြားခြား ဖြစ်လာဖို့ မမျှော်လင့်စွာ အဖုံးမလိုက်သည်။ ဒါပေမဲ့ အဖုံးဖွင့်လိုက်တာနဲ့ သူ ရင်ဆိုင်လိုက်ရတာက မွှေးပျံ့လွန်းတဲ့ ရေငွေ့ အလုံးလိုက်ကြီးပင်။ ထိုအရာက သူ့ရဲ့ အာရုံအသိစိတ် တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။
သူ့ရဲ့ နှုတ်ခမ်းက ခြောက်သွေ့ သွားသည်။
ဂလု။ ကုန်းရှောက်ယန် မမြည်းကြည့် ရသေးသော်ငြား သူ့ရဲ့ခန္ဓာကိုယ်က တုံ့ပြန်ချက် ပေးနေပြီပင်။
သူ တူယူကာ သတိကြီးကြီးထားပြီး ပါးစပ်ထဲ သွင်းလိုက်သည်။
ရှလွတ်!
ခေါက်ဆွဲနဲ့ လျှာနဲ့ထိတွေ့တာနဲ့ သူ့ရဲ့တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူ့ရဲ့ကျင့်ကြံမှု၊ သူ့ရဲ့သွေးကြောတွေ၊ သူ့ရဲ့ စိတ်ဝိညာဥ် တစ်ခုကမှ ခေါက်ဆွဲရဲ့ အရသာကို မဆန့်ကျင်နိုင်တော့ဘူး။
‘ မဖြစ်နိုင်ဘူး… ဒီလောက်ရိုးရှင်းတဲ့ အရာက ဘယ်လိုလုပ် အရမ်းကောင်းနေရတာလဲ?’
‘ ငါတို့ရဲ့ မြူခိုးပြာနတ်အိမ်တော်မှာသာ ရောင်းနိုင်ရင် သေချာပေါက် အောင်မြင်မှာပဲ’
ဒါက ဝိညာဥ်ကျောက်တုံးတစ်တုံးပဲ ကျတာလေ!
ကျောက်တုံးတစ်တုံးပဲ!
.
ငါတို့ရဲ့ မြူခိုးပြာနတ်အိမ်တော်မှာဆို ဘယ်လောက်တောင် ဈေးတင်လို့ ရနိုင်မလဲ? ကျောက်တုံးဆယ်တုံးလား? မဟုတ်ဘူး အနည်းဆုံး အတုံးငါးဆယ်ပဲ!
ဒီခေါက်ဆွဲကို နာမည်အဆန်းကြီး တပ်ပစ်လိုက်လို့ရသည်။
“ ကောင်းကင်နဂါးအဆီအနှစ်ခေါက်ဆွဲ” ဒါမှမဟုတ်
“ ကြယ်စင်နတ်မင်းရဲ့နှစ်သိမ့်မှု”
ပြီးတော့ ဒါကို တစ်သက်မှာတစ်ခါပဲ စားနိုင်မဲ့ လုံးဝရှားပါး အစားအသောက်အနေနဲ့ ရောင်းလို့ရတယ်!
သူ မြင်ယောင်မိနေပြီ။ ချမ်းသာတဲ့ ဂိုဏ်းတပည့်တွေ၊ အကြီးအကဲတွေ ခေါက်ဆွဲ တစ်လုပ်စားရဖို့အရေး သူ့ရှေ့မှာ အနူးအညွတ် တောင်းဆိုနေကြမဲ့ အဖြစ်ကို..
ဒီလို.. နတ်ဘုရားခေါက်ဆွဲကို သာမာန် ဆိုင်တစ်ခုက ဝိညာဥ်ကျောက်တုံးတစ်တုံးနဲ့ ရောင်းနေတာလား?!!