( တားမြစ်စာရင်းက ကြိုဆိုပါတယ် သခင်လေး!)
Vol. 2 Ch. 28
အခု သူမ တွေးကြည့်မိသည်။ သူမ သူဋ္ဌေးသာ လုပ်ချင်ရင် သူ တစ်မြို့လုံးကို ပြောင်းပြန် လှန်ပစ်နိုင်လောက်သည်။
ဖြစ်နိုင်တာ သူဋ္ဌေးက အေးအေးဆေးဆေး ဈေးရောင်းချင်နေလို့သာပဲ။ ဒါကြောင့်သာ ဒီမှာ ရှိနေတာဖြစ်မယ်။
ဟုတ််တယ် အဲ့လိုပဲ ဖြစ်ရမယ်။
အထွတ်အထိပ်ကို ရောက်နေတဲ့ ပညာရှင်က သာမာန် ဘဝမှာ နေဖို့ရွေးချယ်ပြီး ဈေးနည်းနည်းနဲ့ ပစ္စည်းတွေရောင်းပေးဖို့ ကြိုးစားနေတယ်။
‘ သူဋ္ဌေးက.. အရမ်းမိုက်တာပဲ’
“ ငါ့ကိုလွှတ်! အရူးမ!”
ကုန်းရှောက်ယန် လွတ်မြောက်ဖို့ ကြိုးစားသော်ငြား သူမက တင်းကျပ်စွာ ဆုတ်ကိုင်ထားလေ၏။
“ ငါအမှားတစ်ခုမှ မလုပ်ရသေးဘူး! ငါ့ဘာငါ လမ်းလျှောက်သွားမယ်ကွ!”
ကုန်းရှောက်ယန် ဂုဏ်ထိန်းဖို့ ကြိုးစားလိုက်သည်။ ဆိုင်ထဲကနေ ဆွဲထုတ်ခံရတာက လုံးဝ စော်ကားခံလိုက်ရတာပဲ မလား?
“ မင်းတို့ငါ့ကို ဒီလိုဆက်ဆံနိုင်မယ် ထင်လား?” သူ့ရဲ့ မျက်နှာက ဒေါသကြောင့် မဲမှောင်နေသည်။
“ မင်း ငါဘယ်သူလဲသိလား? ငါ့ မြူခိုးပြာနတ်အိမ်တော်က ဒီလိုစော်ကားမှုမျိုး ခံထားပြီးရင် မင်းတို့ဆိုင်ကို အကြီးဆုံးမြို့မှာ ဆက်ဖွင့်ခွင့်ပေးမယ်ထင်လားကွ?”
ကုန်းရှောက်ယန်ရဲ့ စကားတိုင်းကို မိုရှီရှီ မကြားချင်ယောင် ဆောင်လိုက်သည်။ တံခါးဖွင့်ပြီးတာနဲ့ လက်မောင်းကို ယမ်းလိုက်ကာ လူကော၊ ဓားကောကို လေထဲ ပစ်လွှတ်လိုက်တော့၏။
ဘုတ်!
ကုန်းရှောက်ယန် မြေပေါ်ကို ပြုတ်ကျသွားသည်။ အဖြစ်အပျက်တွေကို သူ မတွေးနိုင်ခင်မှာဘဲ တံခါးက အလိုအလျောက် ပြန်ပိတ်သွားတော့၏။
မိုရှီရှီ သူမရဲ့လက်တွေကို ဖုန်ခါလိုက်သည်။
ဟောင် သူမကို လက်မ ထောင်ပြလိုက်ရင်း
“ ရှီရှီလေး အမှိုက်ပစ်တာတော်တယ်”
ဟောင် ပျင်းရိစွာ အကြောဆန့်လိုက်ရင်း
‘ ဒီနေ့ရဲ့ အဆုံးသတ်လေးက မိုက်လိုက်တာပဲ။ ငါက ဒီနေ့လဲ ပျင်းဖို့ကောင်းအုံးမယ် ထင်ခဲ့တာ’
‘ အလုပ်သမားရတဲ့ ပထမနေ့ အပြင် ပထမဆုံး ဘလော့စရာ လူပါတွေ့ခဲ့တယ်။ မဆိုးပါဘူး’
ဟောင် နံရံပေါ်ကို ကြည့်လိုက်သည်။
စည်းကမ်းနံပါတ်ငါး- စတိုးဆိုင်က ပြဿနာရှာသူတွေကို မကြိုဆိုဘူး။ လေသံ မြင့်လိုက်တာလဲ ပြဿနာရှာတာထဲက တစ်ခု ဖြစ်သည်။ လက်ပါတာက နောက်ထပ် ပြဿနာရှာတာပဲ။ မင်း စည်းကျော်တာနဲ့ မင်းကို မောင်းထုတ်မယ်။
ဒီစည်းကမ်းကို ကုန်းရှောက်ယန်နှင့် လက်တွေ့ ကျင့်သုံးလိုက်တာပင်။
တစ်ဖက်ကကြည့်လျှင် စည်းကမ်းသည် အနည်းငယ် မတိကျချေ။ စည်းကျော်တယ်ဆိုတာ ဘာမှန်း စနစ်က အတိအကျ မသတ်မှတ်ထားပါချေ။ ဈေးဝယ် တစ်ယောက်က ပြဿနာရှာမဲ့ ပုံပေါက်တယ်လို့ ဟောင် ယူဆတာနဲ့ သူ့မှာ ထိန်းချုပ်ပိုင်ခွင့် အပြည့်ရှိသွားခဲ့ပြီ။
သူတို့ ဘယ်လောက်ပဲ သန်မာပါစေ၊ ဘယ်လောက်ကောင်းတဲ့ နောက်ခံတွေ ရှိနေပါစေ၊ ဘယ်လိုပဲ နာမည်ကြီးနေပါစေ ဟောင် က သူတို့ကို မောင်းထုတ်ချင်ရင် သူတို့ ထွက်သွားရမှာပဲ။
ဆိုလိုတာက ဆိုင်အတွင်းမှာဆို ဟောင့်ကို အနိုင်ယူနိုင်သူ ဘယ်သူမှ မရှိဘူး။ ဆိုင်အတွင်းမှာဆိုရင် သူက ဆရာကြီးပဲ။ အပြင်ထွက်ရင်သာ ခွေးဖြစ်ရင်ဖြစ်မယ်။ ဒါကို ဘယ်သူမှ သိစရာမလိုဘူးလေ။ ခွေးမဖြစ်အောင်လို့ အပြင်မထွက်ဘူးပေါ့။ ဘာခက်
ဥပမာပြရမလား? ကုန်းရှောက်ယန်ကို အစောက လုပ်ခဲ့တာပဲ ကြည့်လေ။ ချက်ချင်းပဲ ကုန်းရှောက်ယန်ရဲ့ သန်မာမှု တစ်ခုမကျန် ဆွဲခွာပစ်လိုက်တယ်။ မောက်မာတဲ့ သခင်လေးကနေ ကူကယ်ရာမဲ့တဲ့ သေမျိုး အဖြစ်ပြောင်းသွားရတာပဲမလား?
ဒါက ပျော်ဖို့ကောင်းသည်။ ရိုးရိုးသားသား ပြောရလျှင် ဆန်းကြယ်တဲ့ ဆရာကြီးလို ပြုမူရတာကလဲ ဆွဲဆောင်မှုတစ်မျိုး ရှိစေတာပဲ။
ဟောင် ထိုအဖြစ်အပျက်ကို ခေါင်းထဲမှာ ပြန်တွေးလိုက်သည်။
“ လုံလောက်ပြီ”
စကားလေးတစ်ခွန်းပဲ။ သာမာန် စကားလေး တစ်ခွန်းက အကုန်လုံးကို ဖန်တီးသွားသည်။
‘ လုံလောက်ပြီဆိုတာက ဘယ်လိုကြီးလဲ?’
ဟောင် ရယ်လိုက်ကာ
‘ ငါ့ပုံစံက တော်တော်လေး ဟိတ်ကြီးဟန်ကြီးပုံ ပေါက်နေတယ်’
မြေကြီးမှာ ညည်းတွားနေရင်း ကုန်းရှောက်ယန် ချက်ချင်းပဲ အင်အားတွေ တိုးဝင်လာတာကို ခံစားမိလိုက်သည်။ သူ့ရဲ့ ကျင့်ကြံမှုက ပြန်ရောက်လာခဲ့ပြီး သန်မာမှုက ရေစီးကြောင်းလို ဝင်ရောက်လာသည်။
သူ ချက်ချင်းပဲ မတ်တပ်ရပ်လိုက်ကာ ဖုန်ခါလိုက်သည်။ ကြိုးတွေကို သေချာ ပြန်ချလိုက်ရင်း အင်္ကျီလက်ကိုပါ ဆွဲခါလိုက်သည်။ ဆံပင်ပါ သပ်တင် လိုက်သေး၏။
‘ ဟမ့်! ငါထင်ပြီးသားပါ! ဒီဆိုင်ရှင် ဘာပဲလုပ်လုပ် ယာယီပါပဲ!’
‘ အဲ့မျိုးမစစ်က လှည့်ကွက်တစ်ချို့ သုံးထားတာ ဖြစ်ရမယ်’
‘ ဒီကောင်ငါ့ကို ထာဝရ ပိတ်ပင်နိုင်မှာမလို့လား?’
ကုန်းရှောက်ယင် ဆိုင်ဘက်ကို ပြန်လှည့်ရင်း မျက်လုံးထဲ ဒေါသတွေပြည့်လျှံ သွားသည်။
“ ဒီတစ်ခေါက် ငါတံခါးကို ဖျက်ဆီးပစ််မယ်!”
ကုန်းရှောက်ယန် လက်မောင်းတွေ ဖြောင့်တန်းရင် ဆိုင်တံခါးရှိရာကို မုန်တိုင်းလို ပြေးဝင်သွားလိုက်၏။ တံခါးဖွင့်ဖို့ ရည်ရွယ်ချက်နှင့် မဟုတ်ဘဲ တံခါးကို အပိုင်းပိုင်း ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားသည်!
ဘုတ်!
သူ မရွေ့လျားနိုင်တဲ့ တောင်တစ်တောင်ကို ဝင်တိုက်လိုက်မိသလိုပဲ။ တံခါးက ရွေ့တောင် မသွားပေ။ တစ်လက်မလေးတောင် မလှုပ်ရှားသွားဘူး။
ကုန်းရှောက်ယင် မှန်တံခါးကို တွန်းထားရင်း အေးခဲသွားသည်။
“..ဟ..ဟမ်?”
လက်ဖဝါးက ထုံထိုင်းနေမှုကို ခါချရင်း ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ သူ မျက်မှောင်ကြုတ်ထား၏။
ဖြစ်နိုင်တာ သူ အားအကုန် မသုံးလိုက်လို့များလား?
သူ လက်ကို ဆန့်ထုတ်ရင်း လက်ဆစ်ချိုးလိုက်သည်။ ထို့နောက် ထပ်ကြိုးစားလေ၏။
ဘာမှ မထူးခြားပေ။
သူ့ရဲ့မျက်လုံးတွေက တွန့်လိမ်လာသလို လက်ဖဝါးတွေပါနာကျင်နေခဲ့ပြီ!
“ ဘယ်လိုငရဲလဲ?!”
သူ မှန်တံခါးကို စူးစိုက်ကြည့်လိုက်သည်။ ပုံစံကြည့်ရတာ သာမာန်ပါပဲ! အဆင့်မြင့် ရတနာ တစ်မျိုးမျိုးလား? မဖြစ်နိုင်ဘူး!
စိတ်ပျက်စွာ ကန်းရှောက်ယန် အဝေးကို နည်းနည်းဆုတ်လိုက်သည်။ ဒူးကွေးလိုက်ပြီး လက်သီးဆုတ်ပေါ်ကို ချီစွမ်းအင်တွေပါ ပို့ထား၏။ သူ့ရဲ့လက်ဆစ်တွေကနေ မှိန်ဖျော့ဖျော့ လင်းလာချိန်မှာ သူ အသက်ဝဝ ရှုသွင်းလိုက်သည်။
‘ မင်းဒါကို ခံနိုင်မလား ကြည့်မယ်!’
သူ လက်သီးတစ်ချက်နဲ့ ပြေးဝင်လိုက်သည်။
“ သံမဏိလက်သီး!”
ဒီသိုင်းပညာကို ခံတပ်တွေကို ဖြိုခွင်းဖို့ အထူးဖန်တီးထားသည်။ ချီစွမ်းအင် အားလုံးကို တစ်နေရာထဲမှာ စုဝေးစေတာက ထုထည်ကြီးတဲ့ အကာအရံတွေအတွက်ပါ ပြင်းထန်တဲ့ ရိုက်ခတ်မှု ဖန်တီးပေးနိုင်သည်။
ပြင်းထန်တဲ့ ဖျက်လိုဖျက်ဆီး စွမ်းအားကြောင့် ကုန်းရှောက်ယန် အကြိုက်ဆုံး သိုင်းတစ်ခုလဲ ဖြစ်သည်။
သူ့ရဲ့ လက်သီးနဲ့ မှန်နဲ့ထိတွေ့သွားပြီ။
ဂွက်!
တံခါးမှထွက်လာခြင်းမဟုတ်။ ကုန်းရှောက်ယန်ရဲ့ လက်သီးမှပင်။
ထက်ရှသော အရိုးကိုပါ တုန်ယင်စေသည့် တန်ပြန်အားက သူ့ရဲ့လက်မောင်းထိပ်ထိ ဆန်တက်သွားသည်။
“ အားးးးးး!”
အရိုက်ခံလိုက်ရတဲ့ ခွေးတစ်ကောင်လို ကုန်းရှောက်ယန် အော်ညည်းပြီး နီရဲသွားသော လက်သီးကို ဆုတ်ကိုင်လိုက်သည်။ ဒီတံခါးက? လုံးဝကို အဆင်ပြေနေတယ်? အပ်ရာလေးတစ်ခုတောင် မထင်ဘူး?
သူ့ရဲ့ အသက်ရှုသံ မမှန်တော့ပေ။
“ မဖြစ်နိုင်ဘူး..”
သူ အစောကမှ အဆင့်တက်ထားတာလေ! သူက အသန်မာဆုံးနီးနီးပဲ! ဒါပေမဲ့ သာမာန် တံခါးတစ်ချပ်က သူ့ရဲ့ လက်သီးချက်ကို ခံနိုင်ရုံတင်မကပဲ ဘာမှမဖြစ်ဘူးတဲ့လား?
သေးသေးလေးတောင် မထိခိုက်သွားဘူး?
ကုန်းရှောက်ယန် အမှန်တရားကို မလက်ခံနိုင်စွာပဲ ဘေးက မှန်နံရံတွေကို ကြည့်လိုက်သည်။ တံခါးက ထူးခြားနေရင်တောင်မှ နံရံတွေကတော့ မထူးခြားနိုင်ဘူးမလား?
ဘန်းဘန်းဘန်း!
သူ လက်သီးချက်တွေ ဆက်တိုက် ပစ်သွင်းလိုက်သည်။ နံရံတွေကို ဆက်တိုက်ထိုးလိုက်ရင် နောက်ဆုံးကျ နံရံက အားပျော့သွားမယ်လို့ သူ ခံစားနေရသည်။
ဒါပေမဲ့ ရလဒ်က အတူတူပင်။
ကုန်းရှောက်ယန် အာမေဋိတ်သံ ထွက်သွားရင်း လက်ကို အကြမ်းပတမ်း ခါလိုက်သည်။ သူ့ရဲ့ လက်ဆစ်တွေ ဖူးယောင်နေပြီပင်။
“ ဒါ မဖြစ်နိုင်ဘူး”
အံကြိတ်လိုက်ပြီး နောက်ကျောက ဓားကို ဆွဲထုတ်လိုက်တော့သည်။ ကောင်းပြီ။ လက်သီးနဲ့ထိုးလို့ မရဘူးဆိုမှတော့..
ဒန်း! ခွက်!
သူ့ရဲ့ လက်နက်ကို ကျွမ်းကျင် ပန်းပဲသမားက သွန်းလုပ်ထားပြီး ထက်မြမှုက သံမဏိကိုပင် ပိုင်းဖြတ်နိုင်လေ၏။
သူ့ရဲ့ အဖိုးတန်ဓားလေး၏ မျက်နှာပြင်တွင် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာတော့သည်။
နောက်ဆုံး သဘောပေါက်သွားချိန်မှာ ကုန်းရှောက်ယန် တုန်ယင်သွားသည်။
ဒီဆိုင်က… သူ့ရဲ့အိပ်မက်ဆိုးပဲ!
သူ့ရဲ့ အသက်ရှုသံတွေ လျင်မြန်လာသည်။ သူ့ရဲ့မျက်လုံးတွေ အသက်မဲ့လာသည်။ ကံကောင်းလို့ ဆိုင်က လူမမြင်တဲ့ လမ်းကြားထဲ ရှိနေလို့ပင်။ မဟုတ်ရင် အခုလို နံရံကို လက်သီးနဲ့ထိုးပြီး ဓားပါကျိုးမတတ် ဖြစ်ခဲ့တဲ့ သူ့အဖြစ်ကို လူတွေ လှောင်ရယ် ကြလိမ့်မည်!
သူ့ရဲ့နဖူးပြင်မှာ ချွေးတွေ စို့လာတော့သည်။
… သူအမြန် ထွက်သွားမှဖြစ်တော့မည်။
နောက်ဆုံးအကြိမ် ဒေါသတကြီး စိုက်ကြည့်ပြီးနောက်မှာ ကုန်းရှောက်ယန် ခြေလှမ်းပြင်ပြီး ပြေးလေတော့၏။
သူ ပြေးနေရင်းနဲ့ တစ်နေ့ကျ ဒီနေရာကို သေချာပေါက် ပြန်လာဖို့ ကျိန်ဆိုခဲ့သည်။
ဆိုင်ရှင်နဲ့ အဲ့ကလေးမက သူ့ကို ဘယ်လိုတောင် မထီမဲ့မြင် ပြုရဲတာလဲ?
သူတို့တွေ နောက်တစ်ခေါက်ကျ သေချာပေါက် ပေးဆပ်ရမယ်!
ဒါပေမဲ့ ကုန်းရှောက်ယန် ဘယ်လောက်ပဲ ပြန်လာဖို့ ကျိန်ဆိုပါစေ ကံကြမ္မာက ဆန့်ကျင်ဘက် ဖြစ်လေ၏။
အဘယ်ကြောင့်ဆိုသော် သူ့ကို အပြင်ထုတ်လိုက်တည်းက ဟောင်က တားမြစ်စာရင်း သွင်းပြီးသားဖြစ်သည်။
စာစဉ်ပြီး၏