← Chapters

သတ္တဝါကြီး၏ မူလ

Vol. 106 Ch. 1471

သတ္တဝါကြီး၏ မူလ

Vol. 106 Ch. 1471

ဝေ့ဝူယင် တစ်ယောက် အမှောင် ဟင်းလင်းပြင် အတွင်း၌ လွတ်လပ်စွာ ပျံသန်းနေခဲ့၏။ သာမန် ကြယ်တာရာ သခင်များ အတွက် အပျက်အစီး မန်နာများ ကြားတွင် ရှင်သန်ရပ်တည်ရန် လောကနယ်မြေကို လိုအပ်သော်လည်း အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက် ဖြစ်သည့် ဝေ့ဝူယင်ကတော့ ထိုမန်နာ အမျိုးအစားကို ကမ္ဘာဦး သားရဲများ ကဲ့သို့ လွတ်လပ်စွာ ရှူရှိုက်နိုင်ကာ အသက်ရှင်သန်ရေးအတွက် အာဟာရအဖြစ်ပင် ပြောင်းလဲနိုင်သည်။

အာရုဏ်ဦး ကြယ်တာရာ နယ်မြေဘက်သို့ ပျံသန်းလာနေသည့် မီးခိုးရောင် အကြေးခွံများနှင့် ဟင်းလင်းပြင် နဂါးကြီးကို ကြည့်ရင်း ဝေ့ဝူယင် အတိတ်ကိုပင် ပြန်ပြောင်း သတိရလိုက်မိသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ဝေ့ဝူယင်မှာ ဟင်းလင်းပြင် ပေါ်တယ်များ ဖန်တီးခြင်းဖြင့် အိပ်ပျော်နေသည့် ထိုသတ္တဝါကြီးကို မတော်တဆ နှိုးဆွခဲ့ဖူးသည်။ ပထမတုန်းက ထိုကောင်ကြီးမှာ သူ သို့မဟုတ် ပိုင်လင် တစ်ယောက်ယောက်ထံမှ သွေးမျိုးဆက် ရင်းမြစ်ကို လိုချင်သောကြောင့် လိုက်လံ ရှာဖွေနေသည်ဟု ထင်မြင်ခဲ့သေးသည်။ ထိုယုံကြည်ချက်ကြောင့်ပင် ဝေ့ဝူယင် ပိုင်လင်ကို အချိန်အတော်ကြာအောင် အသုံးမပြုပဲ ထားခဲ့သေးသည်။

သို့သော်လည်း အာကာသ ဝေဟင်ဂိုဏ်းချုပ် အဖြစ် တာဝန်ယူရန် အတင်းအကြပ် စေခိုင်းခံရသည့် ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များကို ရရှိပြီး နောက်တွင် ဝေ့ဝူယင်မှာ ချိပ်ပိတ် နယ်မြေကြီး၏ သမိုင်းကြောင်းကို ပိုမို နှံ့စပ်စွာ သိလာခဲ့သည်။

ထိုဟင်းလင်းပြင် နဂါးကြီးက မည်သည့် အရာ ဖြစ်ကြောင်း သူ သိရှိလာခဲ့သည်။ လျူစုယင်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် မည်မျှ ကံကောင်းခဲ့ကြောင်း နားလည်လာခဲ့သည်။

ခိုင်မာသည့် ဆုံးဖြတ်ချက်များနှင့် ပြည့်နှက် နေသည့် ဝေ့ဝူယင်၏ ငွေရောင်မျက်လုံးများက ရုတ်တရက်… နူးညံ့ နွေးထွေးလာခဲ့၏။

အေးစက်စက်နှင့် စိတ်ခံစားချက် ကင်းမဲ့ပုံပေါ်သည့် ထိုမိန်းကလေးမှာ မဟာ စက်ဝန်း ရှန့်ထို ညီလာခံ အဆုံးသတ်တွင် သူ့အား အလွှာကြားက လောကထံ အတင်းအကြပ် ခေါ်ဆောင်သွားခြင်းဖြင့် မထင်မှတ်ပဲ သူတို့ အားလုံး၏ အသက်ကို ကယ်တင်ခဲ့သည်။

ထိုအချိန်က ဝေ့ဝူယင်မှာ သူ သို့မဟုတ် ပိုင်လင် တစ်ဦးဦ်း အပေါ် အချိန်မရွေး ကျရောက်လာနိုင်သည့် အန္တရာယ်ကို ဖယ်ရှားရန် အတွက် ထိုသတ္တဝါကြီးအား ရင်ဆိုင် တိုက်ခိုက်ရန် ဆုံးဖြတ် ထားခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က လျူစုယင်၏ လုပ်ရပ်မှာ ကောင်းကင် တာအို၏ လွှမ်းမိုးမှု ကြောင့်လား သို့မဟုတ် ကံကောင်း ထောက်မမှု တစ်ခုကြောင့်လားဟု သူ တွေးမိသည်။ ထိုအချိန်ကိုက်မှုက အလွန်ပင် ထူးခြားလွန်းလှသည်။

တစ်ခုသော စကြဝဠာတွင် တစ်ယောက်ယောက်သော ဝေ့ဝူယင်မှာ လျူစုယင်ထံမှ ရှောင်ပြေးကာ ဟင်းလင်းပြင် နဂါးကြီးကို ရင်ဆိုင်ခဲ့ခြင်းမျိုးရော ရှိခဲ့လေသလားဟု ဝေ့ဝူယင် တွေးနေမိသည်။

ထိုဝေ့ဝူယင်မှာ အသက်ရှင်နိုင်ပါမည်လော။ ဝေ့ဝူယင်ကတော့ မရှင်နိုင်ဟု ထင်မိသည်။ သူက ထာဝရ နတ်ဘုရားလို ကံကြမ္မာမျိုးနှင့် ရင်ဆိုင် သွားရနိုင်သည်။

နောင်တစ်ချိန် လျူစုယင်နှင့် ထပ်မံတွေ့ဆုံခွင့် ရခဲ့လျှင် သူမ စိတ်ချမ်းသာအောင်၊ ပျော်ရွှင်အာင် အကောင်းဆုံး ကြိုးစားမည်ဟု ဝေ့ဝူယင် ဆုံးဖြတ်ချက် ချလိုက်မိသည်။

"နင် ဒါကို တကယ်ပဲ စမ်းကြည့်ချင်တာ သေချာလား"

ရုတ်တရက်… ကောင်းကင် စစ်ဝိညာဉ်က မေးလိုက်၏။

ဤသည်က အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည် ပြပွဲ ကျင်းပပြီးနောက် သူမ ပထမဆုံး ပြန်လည် စကားပြောလာခြင်း ဖြစ်သည်။ ထိုကာလ အတွင်း ရွှေရောင် ဥကလေးမှာ သူ၏ အသိစိတ် ပင်လယ်ထဲမှ စိတ်စွမ်းအင်များကို စုပ်ယူနေခဲ့ကာ ဆင့်ကဲ ပြောင်းလဲမှု အခြေအနေ တစ်ခု အတွင်း ဝင်ရောက် နေခဲ့ခြင်း ဖြစ်သည်။ စိတ်မျက်လုံးအတွင်း တည်ရှိနေသည့် ဖီဆန်ပေါက်စကြောင့်ပင် ဝေ့ဝူယင်မှာ လိုအပ်သည့် နေရောင်ခြည် အမတေများကို အဆက်မပြတ် ရရှိကာ အသုံးပြုလိုက်သည့် စွမ်းအင်များအားလုံးကို အလွယ်တကူ ပြန်လည် ဖြည့်တင်းနိုင်နေခဲ့သည်။

ထိုကဲ့သို့ လိုအပ်သမျှ စွမ်းအင် အားလုံးကို အလွယ်တကူ ရရှိနေခဲ့မှုကြောင့်ပင် ရွှေရောင် ဥကလေးမှာ မကြာမီ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိ လာလိမ့်မည်ဖြစ်ကာ အစစ်အမှန် ကောင်းကင် စစ်ဝိညာဉ်မှာလည်း မွေးဖွားလာလိမ့်မည် ဖြစ်သည်။

ရွှေရောင် ဥကလေးက ဆက်ပြောလိုက်၏။

"နင် ကိုယ်တိုင်လည်း သတိထားမိမှာပေါ့… အဲဒီကောင်ကြီးက ရုပ်ခန္ဓာ သက်သက်ပဲ ရှိနေတာ မဟုတ်ဘူး… အချိန်၊ အာကာသနဲ့ နဂါး သွေးမျိုးဆက်တွေကို ပေါင်းစပ်ထားတာ… နင့်ကို မျိုချဖို့ အပြင်းအထန် ကြိုးစားလိမ့်မယ်… နောက်ပြီး အဲဒီကောင်ကြီးက သာမန် သားရဲ မဟုတ်ဘူးနော်… ကောင်းကင် ရတနာရဲ့ ဝိညာဉ်သားရဲ”

"..."

ဝေ့ဝူယင်မှာ ဘာမှ ပြန်မပြောပဲ တိတ်ဆိတ် နေခဲ့၏။

ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များ အရ ထိုဟင်းလင်းပြင် နဂါးကြီးက မည်ကဲ့သို့သော သတ္တဝါ ဖြစ်ကြောင်းကို ဝေ့ဝူယင် သိရှိပြီး ဖြစ်သည်။

ချိပ်ပိတ်နယ်မြေ၏ သမိုင်းတစ်လျှောက်၌ အမျိုးမျိုးသော ဒဏ္ဍာရီများကို ပျံ့နှံ့စေခဲ့သော်လည်း အမှန်တကယ်တွင်တော့ အာကာသ အလွှာများ ကြားထဲ၌ ပုန်းအောင်းနေသည့် ထိုသတ္တဝါကြီးမှာ ကောင်းကင် ရတနာ၏ ဝိညာဉ်ပင် ဖြစ်သည်။

ထိုကောင်းကင် ရတနာက အဘယ်နည်း။

ကြယ်ကွင်းပြင် တစ်ဆယ့်ရှစ်ခုကို အလုံပိတ်ကာ ချိပ်ပိတ် နယ်မြေများကို ဖန်တီးခဲ့သည့် ရတနာ ဖြစ်သည်။

အဆုံးမဲ့ ခရီးသွား နယ်မြေကို ထိန်းသိမ်း ပေးထားသည့် ရတနာ ဖြစ်သည်။

ချိပ်ပိတ် နယ်မြေ၏ ကျင့်ကြံသူများကို လောကရှန့်ထို အဆင့် မရောက်အောင် တားဆီးထားသည့် ရတနာ ဖြစ်သည်။

အာဏာရှင် ရှန့်ထို သုံးဦး ပူးပေါင်း ဖန်တီးခဲ့သည့် ရတနာ ဖြစ်သည်။

၎င်းမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံမှ တစ်ပါး အခြား မည်သည့် အရာ ဖြစ်နိုင်တော့မည်နည်း။

"..."

မိုင်ပေါင်း တစ်သိန်းခန့်သာ ကွာဝေးတော့သည့် ဟင်းလင်းပြင် နဂါးကြီးကို ဝေ့ဝူယင် စူးစိုက်ကာ လှမ်းကြည့် လိုက်မိသည်။

"ငါ့မှာ ရွေးချယ်စရာမှ သိပ်မရှိတာ... ငါ ရှိနေတာက သူ့ရဲ့ ရည်ရွယ်ချက်ကို ခြိမ်းခြောက်နေတယ်လေ... အခု သူက နိုးလာပြီ ဆိုတော့ ငါ ဘယ်သွားသွား သူ ကျိန်းသေ ခံစားမိမှာပဲ... မင်းသိတဲ့ အတိုင်း သူ့ရဲ့ အာရုံခံစားမှုတွေက အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ဖန်တီးတဲ့ လောကရဲ့ စီးဆင်းမှုတွေနဲ့ ချည်နှောင်ထားတာလေ... ဆိုတော့ ချိပ်ပိတ်နယ်မြေထဲမှာ ရှိနေသရွေ့ ငါ့မှာ တစ်ခြား ရွေးချယ်စရာ မရှိတော့ဘူး”

"..."

ယခုတစ်ကြိမ်တွင်တော့ ကောင်းကင် စစ်ဝိညာဉ်မှာ တိတ်ဆိတ် သွားခဲ့၏။ သူမထံတွင် ပြန်လည် ချေပစရာ စကားလုံး မရှိပါချေ။ ဝေ့ဝူယင် ပြောသွားသည်များမှာ အမှန်ပင် ဖြစ်သည်။

သမိုင်းတစ်လျှောက်၌ ဖြစ်ပေါ်ခဲ့သည့် ပျောက်ကွယ်မှုများကို ပြန်လည်၍ ကြည့်ရှုရပါက ထိုအရာ အားလုံးမှာ ဟင်းလင်းပြင် စွမ်းအင်၊ ဟင်းလင်းပြင် ကိရိယာ စသည့် နှစ်မျိုးနှင့် ပတ်သက်နေသည်။ ဟင်းလင်းပြင် ကိရိယာများထဲ၌ ဟင်းလင်းပြင် အမှတ်နှင့် ဟင်းလင်းပြင် ဂိတ်တံခါး ကဲ့သို့သော အရာများမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ တားမြစ်ထားသည့် ဖန်တီးမှုများ ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များမှာတုန်းက ထျန်းရီဝူမှာ ဟင်းလင်းပြင် ကိရိယာ တစ်ခုကို အသုံးပြု၍ ချိပ်ပိတ် နယ်မြေ အတွင်းမှ လွတ်မြောက်ခဲ့ဖူးသည်။ ထိုအချက်ကို ထောက်ရှုခြင်းဖြင့် ဟင်းလင်းပြင် ကိရိယာများမှာ ချိပ်ပိတ်နယ်မြေ၏ တည်တံ့မှုနှင့် ရည်ရွယ်ချက်တို့ကို အဘယ်ကြောင့် ခြိမ်းခြောက်နေကြောင်း နားလည် နိုင်လိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်မှာ အစစ်အမှန် နဂါး သွေးမျိုးဆက် တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူ၏ တည်ရှိမှုမှာ လောက အတွင်း... အထူးသဖြင့် ချိပ်ပိတ်နယ်မြေ အတွင်း တစ်ခါမှ မပေါ်ထွန်းခဲ့ဖူးသည့် အမျိုးအစားလည်း ဖြစ်သည်။ အခြားသူများ မသိမြင်နိုင်သည့်တိုင် ဝေ့ဝူယင်၏ ဆဲလယ်များထဲတွင် ဟင်းလင်းပြင် နဂါး စွမ်းအင်များ စိမ့်ဝင် နေပေသည်။ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ပင် ထိုအချက်ကို ပြောင်းလဲနိုင်စွမ်း မရှိခဲ့ချေ။

အကယ်၍ သတ္တဝါကြီးသာ နိုးထခြင်း မရှိသေးပါက ၎င်း၏ အာရုံခံစားမှုများကို ရှောင်ရှားရန် နည်းလမ်းများကို ဝေ့ဝူယင် ကြံဆနိုင်ခဲ့လိမ့်မည်ဖြစ်သည်။ သို့သော်လည်း ယခုလက်ရှိတွင်တော့ သားရဲကြီးမှာ လောက တစ်ခုလုံးနှင့် သဟဇာတ ဖြစ်စွာ ချည်နှောင်ထားခဲ့ပြီ ဖြစ်လေရာ ၎င်း၏ အာရုံခံစားမှုများကို ရှောင်ရှား၍ မရတော့ပေ။ ၎င်းက လုံးဝကို နိုးထ နေခဲ့ပြီ ဖြစ်သည်။

“ဒီကောင်ကြီးက ဟင်းလင်းပြင် စွမ်းအင်ကို ပိုင်ဆိုင်ထားတဲ့ ဒါမှမဟုတ် ဟင်းလင်းပြင် စွမ်းအင်နဲ့ ထိတွေ့ဖူးတဲ့ သက်ရှိပဲ ဖြစ်ဖြစ် သက်မဲ့ပဲ ဖြစ်ဖြစ် အရာအားလုံးကို ပစ်မှတ်ထားလိမ့်မယ်... ယုတ်စွ အဆုံး ဟင်းလင်းပြင် ပေါ်တယ်တွေနဲ့ ဟင်းလင်းပြင် ဂိတ်တံခါးတွေကို ဖြတ်သန်းခဲ့ဖူးသူတွေတောင် သူ့ပစ်မှတ် ဖြစ်လာလိမ့်မယ်”

ဝေ့ဝူယင်၏ မျက်လုံးများ အတွင်းမှ နွေးထွေးမှုများမှာ ပျောက်ကွယ်သွားခဲ့ကာ ထိုနေရာတွင် ရေခဲ ကဲ့သို့ အေးစက် တောက်ပသည့် အကြည့်များက ပြန်လည် အစားထိုး နေရာယူ လာခဲ့၏။

ထိုအရာက ဘာကို ဆိုသလိုသနည်း။

လူတိုင်းကို ဆိုလိုသည်။ အရာအားလုံးကို ဆိုလိုသည်။

ဖီဆန်ပေါက်စ၏ နေရောင်ခြည် တောက်ပမှုအောက်တွင် ရှိနေသမျှသော အရာအားလုံးမှာ သူ့ ပစ်မှတ် ဖြစ်လာပေလိမ့်မည်။

ဝှစ်...

ဝေ့ဝူယင် ပျံသန်းနေရာမှ ရပ်တန့်လိုက်၏။ ထို့နောက် သူက လောက တစ်ခုလုံးကို အစိုးရသည့် ဧကရာဇ် တစ်ဦး အလား အမှောင် ဟင်းလင်းပြင် အတွင်း ရပ်တည် လိုက်သည်။

ဖီဆန်ပေါက်စမှာ သူ့ ကြယ်ဝိညာဉ်လေးခု၏ စွမ်းအားများ ပေါင်းစပ်မှုဖြစ်သည်။ ကြယ်တာရာ အမြုတေ ကပ်ဘေးမှာ အိုရီနှင့် ဘုရင်တို့ အပေါ် အဓိက အာရုံစိုက်ခဲ့သော်လည်း ဧဒင်နှင့် ခရာတိုတို့မှာလည်း သူတို့၏ ကိုယ်ပိုင် ကပ်ဘေးများကို ထပ်တူညီစွာ ရင်ဆိုင်ခဲ့ရကာ ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံကို ပြီးပြည့်စုံစွာ ဟန်ချက်ညီစေခဲ့သည်။

ဝေ့ဝူယင် ခါးထက်တွင် ချိတ်ထားသည့် ဒြပ်စင်ဓားအိမ်ကို ထိလိုက်၏။

"နင် သူ့ကို မသတ်နိုင်ဘူး"

ကောင်းကင် စစ်ဝိညာဉ်က အလျင်အမြန် သတိပေးလိုက်သည်။

"ငါ မသတ်ပါဘူး..."

ဝေ့ဝူယင်က ပြန်ဖြေလိုက်ရင်း ဓားအိမ်ထံမှ လက်ကို ပြန်လည် ဖယ်ရှားလိုက်သည်။ ထိုအခိုက်၌ ဟင်းလင်းပြင် နဂါးကြီးမှာ သူနှင့် မိုင်ပေါင်း သောင်းဂဏန်းခန့် အကွာအထိ နီးကပ် နေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် သတ္တဝါကြီးကို ခြေအစ ခေါင်းအဆုံး မြင်တွေ့နိုင်ပေသည်။ ၎င်း၏ မြွေနှင့် တူသော မျက်လုံးကြီးများက သူ့ကို စူးစိုက် ကြည့်နေခဲ့၏။

အကယ်၍ သတ်နိုင်လျှင်ပင် ဝေ့ဝူယင် ထိုနဂါးကြီးကို သတ်လိမ့်မည် မဟုတ်ပါချေ။ ၎င်းကိုသာ သတ်ဖြတ်လိုက်ပါက လောက၏ စီးဆင်းမှု အားလုံး အကုန် ကမောက်ကမ ဖြစ်ကုန်လိမ့်မည် ဖြစ်သည်။

"ငါက မြေကြီး ရှန့်ထို အဆင့်ထက် ကျော်လွန်နေတဲ့ တည်ရှိမှု တစ်ခု ဖြစ်တဲ့ အကြောင်း သူသိအောင် ပြလိုက်ဖို့ပဲ လိုတယ် မလား... အဲဒါက သိပ်မခက်ပါဘူး"

ဝေ့ဝူယင်က တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်၏။ ထို့နောက်တွင်တော့ သူ၏ အော်ရာက ပြင်းထန်သည့် အဟုန်ဖြင့် တရိပ်ရိပ် မြင့်တက် လာခဲ့တော့သည်။

ဟင်းလင်းပြင် နဂါးကြီး၏ ရွေ့လျားမှုများက နှေးကွေးသွားကာ ဝေ့ဝူယင်ဘက်သို့ ဆန်းစစ်သည့် မျက်လုံးများနှင့် လှမ်းကြည့်လိုက်သည်။ ၎င်းက ဗီဇအတိုင်းပင် ဝေ့ဝူယင်၏ မူလဇစ်မြစ်၊ ခြိမ်းခြောက်နိုင်မှု အဆင့်နှင့် ရည်ရွယ်ချက်တို့ကို စစ်ဆေးဖို့ ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ ပြုလုပ်စဉ် ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင် နဂါး သွေးမျိုးဆက် ခြေရာများမှာ စတင်ကာ လောင်ကြွမ်းတော့ မလို ပြင်းထန်စွာ တုံ့ပြန်လာခဲ့သည်။ စိတ်ကူးပင် မယဉ်နိုင်လောက်အောင် ပြင်းထန်သည့် စားသုံးလိုစိတ်က ၎င်း၏ စိတ်ဝိညာဉ် တစ်ခုလုံးကို ဖုံးအုပ်သွားကာ နှလုံးခုန်နှုန်းများမှာလည်း ပိုမို မြန်ဆန်လာခဲ့သည်။

"ဒါပေမယ့်"

ဝေ့ဝူယင်က ဟင်းလင်းပြင် နဂါးကြီး၏ ကီလိုမီတာ ရှစ်သောင်း ရှည်လျားသည့် ခန္ဓာကိုယ်ကြီးကို ကြည့်လိုက်၏။ သူ့ ခန္ဓာကိုယ် အတွင်းရှိ အစစ်အမှန် ဟင်းလင်းပြင် နဂါးသွေးမျိုးဆက်မှာ ဆူပွက်လာကာ ဆဲလ်တိုင်းကို လှုံ့ဆော်ရင်း ဗီဇများကို နိုးထလာစေခဲ့သည်။

"ငါ ဒီကောင်ကြီးနဲ့ နည်းနည်းလောက်တော့ ပျော်လို့ ရပါတယ်...”

***

All Chapters