ပျော်ပါးခြင်း
Vol. 106 Ch. 1472
အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းရှိ ထိပ်သီး ကျင့်ကြံသူ အားလုံး၏ မျက်လုံးများက ဝေ့ဝူယင် အပေါ်တွင် စုပြုံကာ ကျရောက် နေခဲ့၏။ သူတို့စိတ်ထဲ၌ မေးခွန်းထောင်ပေါင်းများစွာ တဖွားဖွား ပေါ်လာနေခဲ့သည့်တိုင် မည်သူကမှ စကားတစ်ခွန်းပင် မဆိုခဲ့ကြပါချေ။ အင်ပါယာနှင့် ဟင်းလင်းပြင် နဂါးကြီး ပိုမို နီးကပ်လာနေသည်ကို ကြည့်ရင်း သူတို့ အားလုံး၏ စိုးရိမ် ပူပန်စိတ်များမှာ အရှိန်အဟုန်နှင့် မြင့်တက် လာနေခဲ့လေသည်။
"ငါ ဒီကောင်ကြီးနဲ့ နည်းနည်းလောက်တော့ ပျော်လို့ ရပါတယ်...”
အကယ်၍ ကြယ်တာရာ အမြုတေ အဆင့် သေမျိုး တစ်ယောက်က ကောင်းကင် ရတနာ၏ ဝိညာဉ် သားရဲနှင့် ကစားလိုနေကြောင်း သိရှိပါက အလွှာ အပြင်က လောက တစ်ခုလုံး အော်ဟစ် ရယ်မောမိကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ကောင်းကင် စစ်ဝိညာဉ်ကတော့ ဝေ့ဝူယင် လက်လွန်ခြေလွန် ဖြစ်သွားမည်ကိုသာ စိုးရိမ် နေခဲ့သည်။
ကံဆိုးစွာဖြင့် သူမ ဝင်ရောက် မစွက်ဖက် နိုင်ခင်မှာပင် ဟင်းလင်းပြင် နဂါးကြီးမှာ ၎င်း၏ ရှေ့တွင် ရပ်တည်နေသည့် အလွန် သေးငယ်ကာ၊ မထင်ရှားလွန်းလှသော အစက်အပျောက်လေးကို သတိထားမိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းက အမြန်နှုန်းကို လျှော့ချလိုက်ကာ မြွေတစ်ကောင်း အလား မျက်ဝန်းများနှင့် ဝေ့ဝူယင်၏ တည်နေရာကို လေ့လာ လိုက်လေ၏။ ထို့နောက်... ဖီဆန်ပေါက်စလေးနှင့် အာရုဏ်ဦး ကြယ်တာရာ နယ်မြေဘက်သို့ ရွေ့လျား သွားခဲ့ပြန်သည်။
ထိုအကြည့်များမှ တစ်ဆင့် ဟင်းလင်းပြင် နဂါးကြီး၏ စိတ်ထဲတွင် ရှိနေသည့် မေးခွန်းကို ဝေ့ဝူယင် ရှင်းလင်းစွာပင် တွေ့မြင်နိုင်ပေသည်။
“ဒီသတ္တဝါ သေးသေးလေးက ဘယ်လိုလုပ်ပြီး ဒီလောက် ကြီးမားတဲ့ ဟင်းလင်းပြင် စွမ်းအင်တွေကို ထုတ်လွှတ်နိုင်ရတာလဲ”
အာရုဏ်ဦး ကြယ်တာရာ နယ်မြေနှင့် နှိုင်းယှဉ်ပါက ဝေ့ဝူယင်၏ အရွယ်အစားမှာ အကြွင်းမဲ့ အရွယ် နေကြယ် တစ်စင်းနှင့် နေကြယ်ပု တစ်ခု အကြား ကွာခြားသလိုမျိုး ကွာခြားပေသည်။ ၎င်းက လုံးဝ နှိုင်းယှဉ်လို့ မရနိုင်လောက်အောင်ပင် ဖြစ်သည်။ ထူးဆန်းလွန်းလှသည်။
ချိပ်ပိတ်နယ်မြေ အတွင်း ထိုကဲ့သို့သော အကြောင်းအရာများ ဖြစ်ပျက် သွားခဲ့သည်ကို သူ မည်ကဲ့သို့ လွဲချော် သွားခဲ့သနည်း။
သူ အိပ်ပျော်နေခဲ့သည့် နှစ်များ အတွင်း မည်သည့် အရာများ ဖြစ်ပျက်သွားခဲ့သနည်း။ ထိုမျှ အန္တရာယ် များလှသည့် တားမြစ်ခံ ဟင်းလင်းပြင် စွမ်းအင်များကို သေမျိုးတစ်ယောက်က မည်ကဲ့သို့ ပိုင်ဆိုင်နိုင်သနည်း။ ထိုသတ္တဝါမှာ အလွှာများကြားက လောက၏ တည်ငြိမ်မှုကို ခြိမ်းခြောက်နေသည့် တည်ရှိမှု တစ်ခု ဖြစ်ပေသည်။ သူ့အား သုတ်သင်ပစ်ရပေမည်။
ဝှစ်...
ဟင်းလင်းပြင် နဂါးကြီးမှာ တုန့်ဆိုင်းနေခြင်း မပြုပါချေ။ ၎င်း၏ ခန္ဓာကိုယ်ကြီး စတင် လှုပ်ရှား သွားသည်နှင့် အချိန်၊ အာကာသနှင့် အကွာအဝေး အယူအဆ အားလုံး ပျောက်ကွယ်သွားခဲ့၏။ ၎င်း၏ အမြီးဖျားမှာ သေမျိုးထံသို့ ဦးတည်၍ ကျဆင်းလာခဲ့သည်။ ၎င်းက ပုံမှန် အားအင် သိပ်မသုံးသည့် တိုက်ခိုက်မှု တစ်ခု ဖြစ်ပေသည်။
သို့သော်လည်း... အတွင်း၌ ပါဝင်နေသည့် အင်အားမှာ အသေးစား ကြယ်တာရာ နယ်မြေ တစ်လောက်ကို အသာကလေး ဖျက်ဆီးပစ်ဖို့ လုံလောက်ပေသည်။
ထိုရိုက်ချက်ကို ထုတ်ဖော်လိုက်ပြီးနောက် နဂါးကြီးမှာ ချိပ်ပိတ်နယ်မြေ အတွက် အန္တရာယ်ကို နှိမ်နင်း နိုင်လိုက်ပြီ ဖြစ်ကြောင်း ယုံကြည်ချက် ရှိလာခဲ့သည်။ ထို့ကြောင့်ပင် ၎င်းမှာ အမြီး ကျဆင်းမည့် အချိန်အထိကိုပင် မစောင့်တော့ပဲ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ လောလောဆယ်၌ သူက နိုးထလာလာချင်း ပင်ပန်း နွမ်းနယ်သည့် အခြေအနေ တစ်ရပ်၌ ရှိနေဆဲ ဖြစ်သည်။
“ဟင်းလင်းပြင် စွမ်းအင်တွေ...”
ဟင်းလင်းပြင် နဂါးကြီး၏ မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်း သွားခဲ့၏။ စောစောပိုင်းတုန်းက အလွန်တရာ ကြီးမားလှသည့် နေကြယ်ကြီးကိုသာ အာရုံစိုက် နေခဲ့လေရာ ပတ်ဝန်းကျင်ကို လေ့လာ ဆန်းစစ်ဖို့ သူ လွဲချော်နေခဲ့သည်။ ယခုအခါတွင်တော့ နေရာ အနှံ့၌ ဟင်းလင်းပြင် စွမ်းအင် အကြွင်းအကျန်များ ပြန့်ကျဲနေသည်ကို သူ သတိထားမိသွားခဲ့ပြီ ဖြစ်သည်။ ထိုအရာ အားလုံး ဖြစ်ပေါ်လာအောင် သူ မည်ကဲ့သို့ ခွင့်ပြုခဲ့သနည်း။ သတ္တဝါကြီး၏ စိတ်က ထူးဆန်းမှုများနှင့် ပြည့်နှက် သွားခဲ့၏။ သို့သော်လည်း သတိထားရမည် ဆိုသည့် သဘောမျိုးနှင့် မဟုတ်ပဲ အလွန်အမင်း အားနည်းကာ စိတ်ရှုပ်ထွေး နေသောကြောင့် ဖြစ်သည်။
၎င်း အိပ်ပျော်သွားခဲ့သည်မှာ ဘယ်လောက်တောင် ကြာခဲ့ပြီနည်း။
အဘယ်ကြောင့် အိပ်ပျော် သွားရသနည်း။
နောက်ဆုံး မှတ်မိခဲ့သည်မှာ ဘယ်တုန်းကနည်း။
မေးခွန်းပေါင်းများစွာက ၎င်း၏ အတွေးများထဲတွင် ဝဲလည်နေကာ အချိန်တိုင်း၌ အဖြေတစ်ခုစီကို တဖြည်းဖြည်း နားလည်လာခဲ့သည်။
"ရှစ်ထောင်နှစ်ရာလေးဆယ့်ခြောက်နှစ်၊ ရှစ်လနဲ့ ဆယ့်ကိုးရက်... "
သို့သော်လည်း နောက်မေးခွန်း နှစ်ခုကတော့ ယခုအချိန်ထိ သူ့စိတ်ထဲတွင် ဝေတေဝါးဝါး ဖြစ်နေသေးဆဲ ဖြစ်သည်။ နဂါးကြီး၏ မြွေအလား မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့၏။
အလွန် တောက်ပ နွေးထွေးလှသည့် အလင်း...
ဟုတ်သည်။ ထိုအလင်းက သူ့ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းမိုးသွားကာ အလွန် သက်တောင့်သက်သာ ရှိသည့် ခံစားချက် တစ်ခုကို ခံစားခဲ့ရသည်။ ထို့နောက် အချိန်များက တဒင်္ဂ အတွင်း ကုန်လွန် သွားခဲ့သည်။ ဘာမျှ မကြာလိုက်။ မြေကြီးရှန့်ထို ကိုးယောက် ရောက်ရှိလာကာ သူ့အာရုံကို ဖျက်ဆီးပစ်မည့် အချက်ပြလှိုင်းများကို ထုတ်လွှတ်လာခဲ့သည်။
ထိုကိုးယောက်ထဲ၌ သစ်ကြားသီးရောင် အသားအရေ၊ ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူတစ်ယောက်လည်း ပါဝင်သည်။ ထိုလူမှာ သူ့ကို အရေးတကြီး လိုအပ်သလို ထူးဆန်းသည့် ခံစားချက် တစ်မျိုးအား ပေးသည်။
ကံဆိုးစွာပင်... ထိုအရာ အားလုံးကို တိကျစွာ စဉ်းစားရန် သူ့ထံတွင် အချိန် မရှိပါချေ။ အရှေ့တွင် သူ၏ တာဝန် ပျက်ကွက်မှုများကြောင့် ဖြစ်ပေါ်လာသည့် ကြယ်တာရာ နယ်မြေ တစ်ခု ရှိနေချေသည်။ ဟိုသုံးယောက် မသိခင် သူ ဤအရာကို ပြုပြင်ရမည် ဖြစ်သည်။
ဟင်းလင်းပြင် နဂါးကြီးမှာ ၎င်း၏ အတွေးများကို အချိန်စွမ်းအင်ဖြင့် မြှင့်တင်ထားလေရာ စိတ်ကူးပင် မယဉ်နိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် လည်ပတ်နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းမှာ ရိုက်ချက်က ပစ်မှတ်ကို မထိခင် အရာအားလုံးကို ပြန်လည် အမှတ်ရ လာခဲ့သည်။ သို့သော်လည်း ၎င်း၏ စိတ်ထဲတွင် သေးငယ်သော သေမျိုးလေးမှာ သေဆုံးပြီးသားဖြစ်သည်။
ဗြောင်း...
သို့သော်လည်း ဟင်းလင်းပြင် နဂါးကြီ၏ ယုံကြည်ချက်များမှာ လက်တွေ့နှင့် ထပ်တူ မကျခဲ့ပါချေ။ ဝေ့ဝူယင်မှာ မူလနေရာ၌ပင် တစ်လက်မမျှ မရွေ့လျားပဲ ရပ်နေဆဲ ဖြစ်သည်။
သူ၏ ညာဘက်လက်ဖဝါးက ဟင်းလင်းပြင် နဂါး၏ အကြေးခွံတစ်ခုကို ဖိထားခဲ့၏။ သူ၏ လက်မောင်း သွေးကြောများက ဖောင်းကြွနေကာ အားစိုက်ထုတ်ရမှုကို ရှင်းရှင်းလင်းလင်း ပြသနေသော်လည်း ထိုမှတစ်ပါး အခြား ဘာမျှ မရှိခဲ့ချေ။ အလွန် သေးငယ်သည့် သူ၏ လက်ကလေးမှာ အမြင့် ကီလိုမီတာ ထောင်ပေါင်းများစွာ ရှိသည့် ဟင်းလင်းပြင် နဂါးကြီး၏ အမြီးကို ကိုင်ထားနေသည်။ ထိုမြင်ကွင်းမှာ ပုရွက်ဆိတ်လေး တစ်ကောင်က တောင်ကြီး တစ်လုံးကို မတင်ဖို့ ကြိုးစားနေသည့် အလား ဖြစ်သည်။
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ ထို့နောက် သူက လက်ဖဝါး၊ လက်မောင်း၊ ခန္ဓာကိုယ်နှင့် ခြေထောက်တို့ထံသို့ အားအင်များကို ပို့ဆောင် လိုက်သည်။ စွမ်းအင်များ စုစည်းလာသည်နှင့်အမျှ အပျက်အစီး မန်နာကို ကျစ်လစ် ခိုင်မာသည့် မြေပြင် အဖြစ် ပြောင်းလဲ အသုံးပြုကာ ဝေ့ဝူယင် အမြီးကြီးကို တွန်းလွှတ် လိုက်လေသည်။ ထိုလှုပ်ရှားမှု တစ်ခုတည်းကပင် လောကတစ်ခုလုံးအား ဖြိုခွင်း ပစ်နိုင်သည့် အင်အားမျိုးကို ဖန်တီးလိုက်လေ၏။
ဘုန်း... ဘုန်း...
စွမ်းအင်၊ အမတေ၊ မန်နာ၊ မြေဆွဲအား၊ အလင်း၊ အာကာသနှင့် အချိန် စွမ်းအင် အားလုံး တွန်းဖယ် ခံလိုက်ရ၏။ ၎င်းကား ကြယ်တာရာ နယ်မြေများကိုပင် တဒင်္ဂ အတွင်း ဖျက်ဆီးပစ်နိုင်သည့် အင်အားမျိုး ဖြစ်သည်။
ဟင်းလင်းပြင် နဂါးကြီး၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်လာကာ မတွန်းလှန်နိုင်သည့် စွမ်းအားလှိုင်း တစ်ခုက ၎င်း၏ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားသလို ခံစားလိုက်ရသည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ ရွေ့လျားသွားခဲ့၏။ ကြောက်မက်ဖွယ် အင်အား တစ်ရပ်က သူ့ကို အတင်းအကြပ် နောက်သို့ တွန်းပို့လိုက်ခြင်း ဖြစ်သည်။
ဘုန်း... ဘုန်း...
ဟင်းလင်းပြင် နဂါးကြီး နောက်ပြန် ရွေ့လျား သွားခဲ့၏။ အကွာအဝေးအားဖြင့် တစ်မိုင်ခန့်မျှသာ ဖြစ်သော်လည်း သာမန် သေမျိုးတစ်ဦးတည်းက ထိုမျှ အကွာအဝေးမျိုးအား တွန့်ပို့ နိုင်လိုက်ခြင်းမှာ ၎င်း အတွက်တော့ စိတ်ကူးပင် မယဉ်နိုင်လောက်သော အရာတစ်ခု ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ ထိုမျှနှင့် ရပ်တန့်ခဲ့ခြင်း မရှိပါချေ။ ဟင်းလင်းပြင် နဂါးကြီးကို တွန်းထုတ်ပြီးနောက် သူ၏ ခြေထောက်က အနည်းငယ် နောက်သို့ လျှောသွားကာ ညာဘက်လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်လိုက်၏။
ဟူး... ဟူး...
ဝေ့ဝူယင် လက်သီးကို ဖြည်းညင်းစွာ ဆုပ်နေသည်နှင့် တစ်ပြိုင်နက်တည်းပင် လက်ဖဝါး၏ အလယ်ဗဟို နေရာတွင် အလွန် ပြင်းထန်လွန်းလှသည့် မြေဆွဲအား စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ ထုထည် အမှုန်တိုင်းမှာ ထိုနေရာတွင် စိတ်ကူးပင် မယဉ်နိုင်လောက်သော အတိုင်းအတာအထိ စုစည်းသွားကာ တွင်းနက်တစ်ခုကို ဖန်တီးလိုက်သည်။
၎င်းမှာ သေးငယ်ကာ လက်ဖဝါးထဲတွင်ပင် ကိုင်ဆောင် ထားနိုင်သည် ဆိုသော်လည်း စောစောပိုင်းက လွင့်စဉ်သွားခဲ့သည့် စွမ်းအင်၊ အမတေ၊ မန်နာနှင့် အလင်းအားလုံးကို ဆွဲငင်ရန် ကြိုးပမ်း နေခဲ့၏။
ဝေ့ဝူယင် တွင်းနက်ကို လက်ဝါးထဲတွင် ထားရင်း လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်သည်။ ထို့နောက် သူက ပေါ့ပါးစွာ အသက်ရှူထုတ်လိုက်ရင်း ထိုလက်သီးကို ရှေ့သို့ ပစ်ထုတ်လိုက်လေ၏။
ဘုန်း...
ဝေ့ဝူယင်၏ လက်သီးချက် အောက်တွင် ဟင်းလင်းပြင် နဂါးကြီး၏ အကြေးခွံများမှာ ကွဲအက် သွားခဲ့လေ၏။
“ဘာလဲ...”
ခန္ဓာကိုယ်တစ်လျှောက် ဖြစ်ပေါ်လာသည့် နာကျင်မှု လှိုင်းလုံးများကို ခံစားလိုက်ရလေရာ နဂါးကြီး၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားခဲ့လေ၏။ နောက်ထပ် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် သူ၏ ခန္ဓာကိုယ်ကြီးက ဟန်ချက်ပျက် ချော်လဲကာ နောက်သို့ မိုင်ပေါင်း နှစ်ရာကျော်တိုင် လွင့်စဉ် သွားခဲ့လေသည်။ အဝေးမှ ကြည့်ပါက မြွေတစ်ကောင် ပစ်ပေါက်ခံလိုက်ရသလိုပင် ဖြစ်လေ၏။
ဝေ့ဝူယင်က ဟင်းလင်းပြင် နဂါးကြီးကို လိုက်မကြည့်ပါချေ။ ထို့အစား... သူ့ လက်သီးကိုသာ စိုက်ကြည့်ကာ အံ့အားသင့် နေခဲ့၏။
"ဟ... လုပ်လှချည်လား..."
ကောင်းကင် စစ်ပွဲ ဝိညာဉ်က ထိတ်လန့်တကြား ထအော်လိုက်၏။ ထိုအရာက မည်ကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားမျိုးနည်း။
ဝေ့ဝူယင်မှာလည်း အလားတူပင် အံ့သြနေခဲ့သည်။ သူ အချိန်သခင် ဘဝမှာတုန်းက ဟယ်မျိုးနွယ်၏ မြေကြီး ရှန့်ထို ဟယ်ပို့ကျွင်းနှင့် ထိုကဲ့သို့ ရုပ်ခန္ဓာချင်းယှဉ်ကာ တိုက်ခိုက်ခဲ့ဖူးသေးသည်။ ထိုစဉ်တုန်းက အသာစီး ရခဲ့သော်လည်း... ထိုကဲ့သို့သော အောင်မြင်မှုကို ရရှိရန် အစစ်အမှန် နဂါး အသွင်ပြောင်းလဲခြင်း နည်းလမ်းကို အားကိုးခဲ့ရသည်။
ယခု အခါတွင်ကား...
ဝေ့ဝူယင် လက်သီးတစ်ချက်တည်းဖြင့်ပင် ဟယ်ပို့ကျွင်းလို မြေကြီး ရှန့်ထိုကို သတ်ဖြတ်နိုင်ရန် ယုံကြည်ချက် ရှိနေခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်များ အတွင်း၌ ဝေ့ဝူယင်၏ အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်မှာ လျှို့ဝှက် အဆင့်ကို ရောက်ရှိခဲ့ရုံမျှသာ မက ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ကိုလည်း ပုံဖော် ပိုင်ဆိုင်နိုင်ခဲ့သည်။ ထို့အပြင်... ဖီဆန်လေးနှင့် အတူ ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းခဲ့သည်။ ထိုအောင်မြင်မှုများမှာ ဝေ့ဝူယင်၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးကို များစွာ တိုးတက် စေခဲ့ပေသည်။
"ထပ်ကြိုးစားကြည့်စမ်း..."
ကောင်းကင် စစ်ဝိညာဉ်က စိတ်လှုပ်ရှားစွာဖြင့် တိုက်တွန်းလိုက်လေ၏။
***