ပျော်ပါးခြင်း (၂)
Vol. 106 Ch. 1473
ဝေ့ဝူယင်၏ ငွေရောင်မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများနှင့် တလက်လက် တောက်ပနေခဲ့၏။ မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
ဟင်းလင်းပြင် နဂါးကြီးကတော့ အမှောင် ဟင်းလင်းပြင်ထဲတွင် ပရမ်းပတာ တွန့်လိမ်နေဆဲ ဖြစ်ကာ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းသိမ်းရန်နှင့် စွမ်းအင်များကို အမှောင် ဟင်းလင်းပြင် တစ်လျှောက် ဖြန့်ကျက်ရန် ကြိုးပမ်း နေခဲ့သည်။ သို့သော်လည်း... အာကာသနှင့် အချိန် စွမ်းအင်များကို အသုံးပြု၍ ထိန်းချုပ်ရန် ကြိုးပမ်းသည့် သူ၏ ပုံမှန် နည်းလမ်းမှာ ဝေ့ဝူယင် အပေါ် မည်ကဲ့သို့ သက်ရောက်မှု ရှိမည်နည်း။
ဝှစ်...
ကောင်းကင် ရတနာ ဝိညာဉ်သားရဲကြီး၏ မျက်လုံးများ မှိတ်တုပ်မှိတ်တုပ် ဖြစ်သွားသည့် အချိန်တွင်ပင် ဝေ့ဝူယင်’ ခန္ဓာကိုယ်လေးမှာ ဖျပ်ခနဲ ရွေ့လျား သွားခဲ့၏။ နဂါးကြီး၏ မျက်လုံးများမှာ ဝေ့ဝူယင်၏ လှုပ်ရှားမှုကို ချက်ချင်း သတိထားလိုက်မိသော်လည်း... တုန့်ပြန်ဖို့ မျက်တောင် တစ်ခပ်စာမျှ အချိန် မရခင်မှာပင် ဝေ့ဝူယင်၏ ညာဘက် ခြေကန်ချက်က သူ့အပေါ် ကျရောက်လာခဲ့ပြန်တော့သည်
ဘုန်း...
နောက်ထပ် အကြေးခွံ သုံးခု ကွဲအက်သွားခဲ့၏။ ဝေ့ဝူယင်ကတော့ မရပ်တန့်ခဲ့ပါချေ။ သူက လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် ဟင်းလင်းပြင် နဂါးကြီး၏ ဧရာမ ခန္ဓာကိုယ်ကြီးကို နည်းလမ်းမျိုးစုံဖြင့် ထိုးနှက်နေခဲ့ကာ ၎င်း၏ အကြေးခွံများစွာကို အဆုံးမရှိ ကွဲအက်နေစေခဲ့သည်။
အာရုဏ်ဦး ကြယ်တာရာနယ်မြေ အတွင်းတွင်တော့ အစွမ်းထက်ဆုံး ကျင့်ကြံသူများမှ လွဲ၍ အခြားလူများမှာ ဟင်းလင်းပြင် နဂါးကြီး တဖြည်းဖြည်းချင်း နှေးကွေး သွားသည်ကိုသာ တွေ့လိုက်ရ၏။ ထို့နောက်တွင်တော့ ၎င်းမှာ နောက်ကိုပင် ပြန်လည် ရွေ့လျး သွားခဲ့လေသည်။
သို့သော်လည်း... တစ်ခဏအကြာတွင် ဟင်းလင်းပြင် နဂါးကြီးမှာ ပိုမိုမြန်ဆန်စွာ ပြန်လာခဲ့ပြန်၏။ ၎င်းမှာ ပြန်လည် ဦးမော့လာနိုင်ခြင်း မဟုတ်။ ဝေ့ဝူယင်မှာ ဆန့်ကျင်ဘက်မှ နေရာယူကာ ၎င်းကို အာရုဏ်ဦး ကြယ်တာရာနယ်မြေဘက်သို့ ပြန်လည် ပို့ဆောင်နေခြင်း ဖြစ်သည်။
"နေဦး... ငါ မေ့တော့မလို့..."
ဝေ့ဝူယင်က ဟင်းလင်းပြင် နဂါးကြီးကို နောက်တစ်ကြိမ် ကန်ကျောက်လိုက်ရင်း ထအော်လိုက်၏။ အသစ် ရရှိထားသည့် အားအင်များကို စမ်းသပ်ရင်း အဓိက အရာကို သူ မေ့လုနီးပါး ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင် တိုက်ခိုက်မှုများကို ရပ်တန့်ကာ ဟင်းလင်းပြင် နဂါးကြီးကို အချိန်ပေးလိုက်၏။
ဟူး... ဟူး...
ခဏတာ လွင့်စဉ်သွားပြီး နောက်၌ ဟင်းလင်းပြင် နဂါးကြီးမှာ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည်၍ ရရှိလာခဲ့သည်။ အချိန်ကာလအားဖြင့် အလွန် တိုတောင်းသော်လည်း ၎င်းက အကြေးခွံထက်ရှိ ဒဏ်ရာများအား ပြန်လည် ကုသရန်နှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အာကာသနှင့် ယှဉ်တွဲ ချည်နှောင်ရန် သူ့အတွက် လုံလောက်ပေသည်။
"နင် သူ့ကို ဆက်ပြီး ရွှေ့နိုင်တော့မှာ မဟုတ်ဘူး.. သူ့ကိုယ်သူ အာကာသမှာ ချည်နှောင်လိုက်ပြီ"
ကောင်းကင် စစ်ဝိညာဉ်က ထောက်ပြလိုက်၏။
"ဟုတ်လား...”
ဝေ့ဝူယင်က ထိုအရာကို စိတ်ခေါ်မှု တစ်ခု အဖြစ် မှတ်ယူလိုက်၏။ ထိုကောင်ကြီးကို တကယ်ပဲ ရွှေ့ဖို့ မဖြစ်နိုင်တော့သည်လား။
ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ အင်ပါယာ ကောင်းကင် အော်ရာဖြင့် စတင်ကာ လောင်ကြွမ်း လာခဲ့၏။ သူ့ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် ဖိအားများ အောက်တွင် ကောင်းကင်နှင့် မြေကြီးက စတင်တုန်ရီလာခဲ့သည်။ ထိုအခိုက်၌ ဝေ့ဝူယင်၏ အသွင် သဏ္ဌာန်သည်ကား ကောင်းကင်မှ ခန့်အပ်လိုက်သည့် ဧကရာဇ်ငယ် တစ်ပါးလိုပင် ဖြစ်လေသည်။
"ရွှေ့..."
ဝေ့ဝူယင်က အမိန့်ပေးသံဖြင့် ဟိန်းဟောက်လိုက်၏။ ဟင်းလင်းပြင် နဂါးကြီးမှာ အနည်းငယ် တုန်ယင်သွားပြီး နောက်သို့ ဆုတ်သွားခဲ့သည်။
"တွေ့လား..."
ဝေ့ဝူယင်က ဟင်းလင်းပြင် နဂါးကြီးဘက်သို့ လက်ညိုးထိုးပြလိုက်၏။ သူ၏ မျက်လုံးများနှင့် အမူအရာတို့က "ရွေ့သွားပြန်ပြီ" ဟု ပြောနေ သယောင်ပင်။
"ဒါက သက်သက်ညစ်တာ... နင်က ဥပဒေသ အပေါ် သာမည အာဏာနဲ့ ပုံမှန်မဟုတ်တဲ့ ဝိညာဉ် အင်အားကို သုံးနေတာလေ..."
ကောင်းကင် စစ်ဝိညာဉ်က မကျေမနပ်ဖြင့် ပြောလိုက်၏။ သူမ တစ်ခါမျှ စိန်မခေါ်ခဲ့သော်လည်း ဝေ့ဝူယင်က သူမ၏ စကားလုံးများ မှားယွင်းကြောင်း ချက်ချင်း သက်သေပြလိုက်လေရာ ထိုအရာက သူမကို စိတ်ပျက်စေခဲ့သည်။
"နောက်ပြီး သူက ခုမှ နိုးလာခါစ ဆိုတော့ ပင်ပန်း နေတုန်းပဲ”
ဝေ့ဝူယင် ရယ်မောလိုက်၏။
"သူ အားနည်းနေလို့ပဲ ငါ တိုက်ရဲတာပေါ့ဟ... မဟုတ်ရင် တိုက်ရဲပါ့မလား”
ထိုကဲ့သို့ ပြောပြီးနောက် ဝေ့ဝူယင်၏ အမူအရာက ချက်ချင်းပင် တည်ကြည်လေးနက်လာခဲ့၏။ သူ၏ အမူအရာက ဆက်လက် ပေါ့ပါးခြင်း မရှိတော့ချေ။ ကမ္ဘာလောကကြီးကို စောင့်ရောက်ရမည့် အချိန် ရောက်လာခဲ့ပြီ ဖြစ်သည်။
ဟင်းလင်းပြင် နဂါးကြီး၏ မျက်လုံးများထဲတွင်လည်း ယခင်ကလို အထင်အမြင်သေးမှုနှင့် ပေါ့ဆမှုများ မရှိတော့ချေ။ ဤသတ္တဝါလေးထံတွင် လုံးဝ လျစ်လျူရှုလို့ မရနိုင်သည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များ ရှိနေသည်။ ထိုသေမျိုးလေး၏ လက်သီးထိုးချက်နှင့် ခြေကန်ချက်များက သူ့ကို များစွာ မနာကျင်စေသည့်တိုင်အောင် အကြေးခွံများကို စုတ်ပြဲစေခဲ့သည်။ ထိုအချက်က ဟင်းလင်းပြင် စွမ်းအင်များကို ဘေးဖယ်ထားလျှင်ပင် ထိုသတ္တဝါလေးမှာ ချိပ်ပိတ်နယ်မြေ၏ တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သည်ဟု ဆိုလိုပေသည်။
ကောင်းကင် ရတနာ ဝိညာဉ်သားရဲ၏ မျက်လုံးများက ချက်ချင်းပင် သတ်ဖြတ်လိုစိတ်များနှင့် ပြင်းထန်စွာ ပြည့်နက်လာနေသည်ကို ဝေ့ဝူယင် ခံစားလိုက်မိ၏။ ၎င်းသည် သူလိုချင်သည့် တုံ့ပြန်မှု မဟုတ်ချေ။ ၎င်းက မလုံလောက်သေးချေ။ လုံးဝ မလုံလောက်သေးပေ။
"ဒါဆိုလည်း စမ်းကြည့်လိုက်ရအောင်..."
ဝေ့ဝူယင် သူ အချိန် အတော်ကြာ အသုံးမပြုခဲ့သည့် စွမ်းအားတစ်ခုကို ပြန်လည် အသုံးပြုဖို့ ဆုံးဖြတ် လိုက်သည်။ ထိုစွမ်းအားဖြင့် မြေကြီးရှန့်ထို အဆင့်ကို ကျော်လွန်ကာ လောကရှန့်ထို အဆင့်ကို မဝင်ရောက်နိုင်ပါ အခြား လမ်းကြောင်း တစ်ခုကို သူ ရွေးချယ်ရတော့မည် ဖြစ်သည်။
လောကကြီး တစ်ခုလုံးမှာ တိတ်ဆိတ်သွားခဲ့၏။
သတ္တဝါကြီး၏ မျက်လုံးများမှာ ဖုံးကွယ်သွားခဲ့သည်။
၎င်းမှာ ကမ္ဘာလောကကို မခံစားနိုင်တော့ပါချေ။
ဝေ့ဝူယင်၏ ကိုယ်ခန္ဓာ အတွင်းမှ နေ၍ လောက ဖိအား တစ်ခုမှာ ရုန်းကြွကာ ထွက်ပေါ်လာခဲ့၏။
ဟူး...
ဟင်းလင်းပြင် နဂါးကြီး၏ ခန္ဓာကိုယ်မှာ ဗီဇစိတ် အတိုင်းပင် ရွေ့လျားသွားခဲ့၏။ ၎င်းက ကြီးမားလှသော ပါးစပ်ကြီးကို ဖွင့်ဟလိုက်ရာ အပျက်အစီး အာကာသ နယ်မြေ တစ်ခုကို တွေ့မြင်လိုက်ရသည်။ ထို့နောက် ၎င်းမှာ အကွာအဝေး၊ အချိန်နှင့် နေရာတို့ကို လျစ်လျူကာ လောကရှန့်ထိုများပင်လျှင် တုံ့ပြန်နိုင်စွမ်း မရှိသော အရှိန်မျိုးဖြင့် ခုန်အုပ်လိုက်လေ၏။
ဝေ့ဝူယင်က လောကနယ်မြေကို မထုတ်မဖော်နိုင်မီပင် ဟင်းလင်းပြင် နဂါးကြီးမှာ သူ့ တစ်ကိုယ်လုံးကို မျိုချလိုက်ပြီ ဖြစ်လေသည်။
ဟူး...
ကြက်သီးထဖွယ် အအေးလှိုင်းတစ်ခု အမှောင် ဟင်းလင်းပြင် အတွင်း ပျံ့နှံ့သွားခဲ့၏။ ဖုန်းချင်းချူ တစ်ယောက် ပါးစပ်ကို လက်ဖြင့် ဖုံးအုပ်ကာ အော်ဟစ်သံ တစ်ခု မထုတ်လွှတ်မိအောင် ထိန်းချုပ်လိုက်သည်။ သူမ၏ မျက်လုံးများမှာ ယခင်ကထက် ပိုမို ပြူးကျယ် လာခဲ့၏။
အခြားသော မြေကြီး ရှန့်ထိုများ၏ တုန့်ပြန်မှုများမှာလည်း သူမနှင့် ခြားနားခြင်း မရှိပါချေ။ သူတို့ အားလုံးမှာ ဝေ့ဝူယင်နှင့် ဟင်းလင်းပြင် နဂါးကြီး၏ ထိပ်တိုက် ရင်ဆိုင်မှုများကို အချိန်နှင့် တစ်ပြေးညီ မြင်တွေ့ခွင့် ရရှိခဲ့သူများ ဖြစ်သည်။
လျှို့ဝှက် အာဏာရှင် အဆင့်ကိုပင် မရောက်သေးသည့် သေမျိုး တစ်ဦးမှာ ကီလိုမီတာပေါင်း ရှစ်သောင်း ရှည်လျားသည့် ဟင်းလင်းပြင် နဂါးကြီးကို တစ်ကိုယ်တော် ရင်ဆိုင်ခဲ့သည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်အားများ ပါဝင်နေကာ ရက်စက် ကြမ်းကြုတ်လှသည့် ဒဏ္ဍာရီလာ ဟင်းလင်းပြင် နဂါးကြီးကို ကစားစရာ တစ်ခု ကဲ့သို့ ပြုမူ နိုင်ခဲ့သည်။ အလွန်တရာ အရွယ်အစား ကြီးမားလှသည့် သတ္တဝါကြီး၏ အမြီးကို ဖုန်မှုန့်အရွယ် သေမျိုး တစ်ဦးတည်းက ဆွဲကိုင်ထားသည့် မြင်ကွင်းမှာ အသက်ရှူး မှားလောက်စရာ ကောင်းလွန်းလှသည်။
ထိုသတ္တဝါကြီးမှာ ထာဝရ နတ်ဘုရားနှင့် အခြား မြေကြီး ရှန့်ထို ရှစ်ယောက်ကို မြိုချခဲ့သူ ဆိုလျှင် မည်သူက ယုံကြည်နိုင်မည်နည်း။
ထို့နောက်တွင်တော့ အာဏာရှင် အင်ပါယာမှာ ဆက်တိုက် ဆိုသလိုပင် ဟင်းလင်းပြင် နဂါးကြီးကို ခြေထောက် လက်သီးများနှင့် တိုက်ခိုက် ထိုးနှက် ခဲ့ကာ ဦးတည်ချက် ကင်းမဲ့အောင် လုပ်ဆောင်ခဲ့သည်။ သူ့ တိုက်ခိုက်မှုများ အောက်၌ နဂါးကြီး အလဲလဲ အပြိုပြို ဖြစ်နေသည်ကို ကြည့်ရင်း သူတို့အားလုံး ဆွံ့အ တိတ်ဆိတ် ခဲ့ကြရသည်။ ဘယ်သော အခါမှ ပျောက်ကွယ်သွားလိမ့်မှာ မဟုတ်သည့် အမျိုးမျိုးသော မျိုးစေ့များကို သူတို့ နှလုံးသားများ အတွင်း စိုက်ပျိုးပေးခဲ့သည်။
ကြောက်ရွံ့မှုမျိုးစေ့...
လေးစားမှုမျိုးစေ့...
ကိုးကွယ်မှုမျိုးစေ့...
ယုံကြည်မှုမျိုးစေ့...
မျှော်လင့်ချက်မျိုးစေ့...
ဝေ့ဝူယင်မှာ လောက၏ အထွတ်အထိပ် စွမ်းအားများ ရရှိနိုင်ခြေကို ကိုယ်စားပြုသည်။ ခေတ်သစ် တစ်ခု၏ အနက်ရှိုင်းဆုံးသော အပြောင်းအလဲများကို ကိုယ်စားပြုသည်။
သေမျိုးတစ်ယောက်၏ လက်အောက်သို့ အခစားဝင်ဖို့ ဆုံးဖြတ်ခဲ့သည့် ပေးဆပ်မှုတိုင်းက သူတို့ ကိုယ်တိုင် အတွက် တန်ဖိုးရှိသည်ဟု ခံစားလိုက်ကြရလေတော့သည်။
***