← Chapters

အစီအစဉ်

Vol. 106 Ch. 1475

အစီအစဉ်

Vol. 106 Ch. 1475

ဟူး... ဟူး...

အဆောင်ထဲကို လျှို့ဝှက် စွမ်းအင်များ ထည့်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် နွေးထွေးသော အလင်းရောင်မှာ ကောင်းကင်နှင့် မြေကြီးကို မိုင်သန်းပေါင်းများစွာ တိုင်အောင် ဖုံးလွှမ်းသွားခဲ့၏။ ထိုအလင်းရောင်များက မျက်စိစူးခြင်း မရှိပါချေ။ ထို့အစား.. ဖိတ်ခေါ်နေသည့်နှယ် ခံစားရ၏။

ဟင်းလင်းပြင် နဂါးကြီး အံ့အားသင့်သွားခဲ့သည်။ ထိုတောက်ပသည့် အလင်းရောင်နှင့် နွေးထွေးမှုတို့က ထူးဆန်းစွာ ရင်းနှီးနေသယောင် သူ ခံစားရ၏။ အဆုံးမဲ့ ဟင်းလင်းပြင်ကြေးမုံ၏ တည်ငြိမ်မှုကို ခြိမ်းခြောက်နေသည့် အန္တရာယ်တစ်ခုကို ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်သော်လည်း ရှင်းလင်းစရာ အမှိုက်များစွာ ကျန်ရှိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း သူ ဒေါသထွက်ရန် သို့မဟုတ် ပြင်ဆင်ရန် မလုပ်ဆောင်နိုင်ခင်မှာပင် အလင်းရောင်မှာ သူ့ကို လုံးဝ ဖုံးလွှမ်းသွားခဲ့သည်။

၁၈...

ကစဉ့်ကလျား ရုန်းကန်မှု မရှ်ချေ။

၁၂...

ထိန်လန့်တကြား ဟိန်းဟောက်သံများ မရှိခဲ့ပါချေ။

၆...

ကောင်းကင် ရတနာ၏ ဝိညာဉ် သားရဲကြီးမှာ လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်ထောင်ကျော် တုန်းကလိုပင် ဖြည်းဖြည်းချင်း သက်တောင့်သက်သာ အိပ်စက်ခြင်းဆီသို့ ပြန်လည် နစ်ဝင် သွားခဲ့သည်။ ရွှေရောင် နေကြယ်၏ အလင်းရောင်များက အလွန် ထိရောက်ခဲ့ကြောင်း သံသယ ရှိစရာ မလိုတော့ချေ။

ဝူယု၏ လက်များမှ သွေးများ တစိမ့်စိမ့်စီး ကျနေ၏။ သို့သော်လည်း... သူက အင်ပါယာ ကောင်းကင် စွမ်းအားများကို အဆောင်ထဲသို့ အဆက်မပြတ် လောင်းထည့်နေဆဲ ဖြစ်သည်။ သူ၏ လက်များထက်ရှိ သွေးပြန်ကြောများမှာ ပေါက်ထွက်ကုန်ကာ မျက်လုံးများမှာ ချင်းချင်းနီရဲ လာခဲ့၏။ တစ်ချိန်တည်း၌ သူ၏ နှလုံးသားမှာ မြင်းတစ်ထောင်၏ ပြင်းအားဖြင့် ခုန်နေခဲ့သည်။

ဝေ့ဝူယင်၏ သတိပေးချက်နှင့် ညွှန်ကြားချက်ကို ဝူယု ပြန်သတိရလိုက်၏။ အကယ်၍ သူသာ ဤအရာကို မလုပ်ဆောင်နိုင်ပါက နောက်ဆက်တွဲ အစီအစဉ်များအားလုံးသည်လည်း သေချာပေါက် ကျရှုံးလိမ့်မည် ဖြစ်ကာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှာ မကြာမီ ပြိုလဲသွားဖွယ်ရှိသည်။ ထို့အပြင် ဟင်းလင်းပြင် နဂါးကြီးမှာ ဟင်းလင်းပြင် စွမ်းအား စွန်းထင်နေသမျှ လူအားလုံးကို လိုက်လံရှာဖွေ ဖယ်ရှားပစ်ပေလိမ့်မည်။

၃...

၎င်းက သာမန် ဝါးမြိုခြင်းမျိုး မဟုတ်...

၂...

အဆုံးတိုင် သုတ်သင်ခြင်း ဖြစ်သည်။

၁...

"သွားကြတော့..."

ဟင်းလင်းပြင် နဂါးကြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်နှင့် တစ်ပြိုင်နက်ပင် ဝူယုက အော်ဟစ်လိုက်၏။ တစ်ချိန်တည်းတွင်ပင် သူက ဟင်းလင်းပြင် ဖြတ်ကျော်ခြင်း နည်းလမ်းကို အတင်းအကြပ် အသုံးပြုကာ နောက်သို့ ဆုတ်လိုက်သည်။

မြေကြီးရှန့်ထိုများမှာ လွန်ခဲ့သည့် စက္ကန့် နှစ်ဆယ်လုံးလုံး ဤအခိုက်အတန့်အတွက် ကြိုတင် ပြင်ဆင်ထားခဲ့ကြခြင်း ဖြစ်သည်။

ဘုန်း... ဘုန်း...

သူတို့၏ လျှို့ဝှက် အော်ရာများက ချက်ချင်းပင် ပေါက်ကွဲ ထွက်ပေါ်လာကာ အဆင့်ဆင့် နေရာယူထားသည့် သေမျိုးတစ်ပိုင်း အရှင်များ၊ လျှို့ဝှက် ဝိညာဉ် အဆင့်များ၊ လျှို့ဝှက် ကြယ်တာရာ အဆင့်များနှင့် ကြယ်တာရာ သခင်များကို ဖုံးအုပ်လိုက်၏။ ထို့နောက်တွင်တော့ သူတို့ အားလုံးကို ခေါ်ဆောင်ကာ အမြင့်မားဆုံးသော အမြန်နှုန်းနှင့် စတင်ကာ ပျံသန်းတော့သည်။

အချို့သော မြေကြီး ရှန့်ထိုများမှာ ပိုမို၍ မြန်ဆန်သော်လည်း အာကာသ အကျိအချွဲများမှာ ရှိနေသေးဆဲ ဖြစ်သည်။ ရှေ့သို့ ခြေတစ်လှမ်း တိုးဖို့ အတွက်ပင် အလွန် ခက်ခဲလှသော်လည်း သူတို့မှာ လက်လျှော့ခဲ့ကြခြင်း မရှိချေ။ ထိုကဲ့သို့သော အခြေအနေတွင် ဝူယုနှင့် ဝေ့ဝူယင်တို့ နှစ်ယောက် မည်ကဲ့သို့ ရှေ့တိုးသွားခဲ့သည်ကို သူတို့ အံ့ဩနေမိကြ၏။

မိုင်ပေါင်း သုံးသိန်း အမှတ်အသားသို့ ရောက်ရှိပြီးနောက် မြေကြီး ရှန့်ထိုများမှာ အော်ဟစ်ကာ ရပ်လိုက်လိုက်ကြသည်။ ထို့နောက် သူတို့က လျှို့ဝှက် စွမ်းအင်များနှင့် အတူ သေမျိုးတစ်ပိုင်း အရှင်များကို ရှေ့သို့ တွန်းတင်လိုက်ကြ၏။

ဘုန်း...

သေမျိုးတစ်ပိုင်း အရှင်များမှာ သူတို့၏ လျှို့ဝှက်အော်ရာများကို အစွမ်းကုန် ထုတ်ဖော်ကာ အဆင့်နိမ့် ကျင့်ကြံသူများနှင့် မီးခိုးရောင်ဝတ် သေမျိုးများကို ဂရုတစိုက် လွှမ်းခြုံ လိုက်ကြ၏။ ထို့နောက်တွင်တော့ အစွမ်းကုန်သော နှုန်းထားနှင့် ရှေ့သို့ ဆက်လက် ချီတက်သွားခဲ့ကြသည်။

သေမျိုးတစ်ပိုင်း အရှင် အဆင့်များမှာ မြေကြီးရှန့်ထိုများ ထက်ပင် ပိုမို ရုန်းကန်ခဲ့ကြရ၏။ အချို့မှာ လက်လျှော့ဖို့ပင် ကြိုးစားခဲ့ကြသော်လည်း ဝူယုက အော်ဟစ် ဟိန်းဟောက်လိုက်သည်။ ထိုအခါတွင်မှ သူတို့မှာ အားမန် အပြည့် ချက်ချင်း ပြန်ဖြစ်လာကာ ကျွဲလိုနွားလို ရုန်းဖို့ ကြိုးပမ်းခဲ့ကြတော့သည်။

ဟူး... ဟူး...

မိုင်ပေါင်း တစ်သိန်းခွဲ အမှတ်အသားသို့ အရောက်၌ သူတို့မှာ ရပ်တန့်လိုက်ကြကာ မြေကြီး ရှန့်ထိုများ၏ ဗျူဟာများ အတိုင်း လိုက်လံ လုပ်ဆောင် လိုက်ကြသည်။ သူတို့က လျှို့ဝှက် ဝိညာဉ် အဆင့်များကို ရှေ့တန်း၌ ထားကာ လျှို့ဝှက် ကြယ်တာရာ အဆင့်များ၊ ကြယ်တာရာ သခင်များနှင့် သေမျိုး ကျင့်ကြံသူများကို ရှေ့သို့ ပစ်လွှတ်လိုက်ကြ၏။

ဝှစ်... ဝှစ်...

မြေကြီးရှန့်ထိုများက သေမျိုးတစ်ပိုင်း အရှင် အဆင့်များကို ဝိညာဉ်ကြိုးများနှင့် ပြန်လည် ဆွဲထုတ် လိုက်ကြ၏။

ဘုန်း... ဘုန်း...

မိုင်ပေါင်း သုံးသောင်း အမှတ်အသားသို့ အ‌ရောက်၌ လျှို့ဝှက် ဝိညာဉ် အဆင့်များမှာလည်း အလားတူပင် လျှို့ဝှက် ကြယ်တာရာ အဆင့်များကို ရှေ့သို့ ပစ်ထုတ် လိုက်ကြပြန်သည်။ သူတို့ကို သေမျိုးတစ်ပိုင်း အရှင် အဆင့်များက ဝိညာဉ်ကြိုးများနှင့် လှမ်းဆွဲ လိုက်ကြ၏။

လျှို့ဝှက် ကြယ်တာရာ အဆင့်များကို ကျင့်ကြံခြင်း လူ့အဖွဲ့အစည်း၌ ကျရှုံးပုဂ္ဂိုလ်များ အဖြစ် သတ်မှတ်ထားကြသော်လည်း ဤအချိန်တွင်တော့ သူတို့မှာ မတွေးဝံ့လောက်အောင် အရေးကြီးသော အခန်းကဏ္ဍ တစ်ရပ်ကို ပိုင်ဆိုင်ထားခဲ့ကြသည်။

သက်တမ်း ကုန်ခါနီး ကျင့်ကြံသူ တစ်ချို့ ဆိုလျှင် တာဝန်ပြီးမြောက်ဖို့ လုံလောက်သည့် စွမ်းအင်ကို ထုတ်လွှတ်ရန် အတွက် သူတို့၏ သက်တမ်းကိုပင် လောင်ကျွမ်း ပစ်ခဲ့ကြ၏။ ဝူယုက သူတို့ကို အတိုချုံး အမိန့် တစ်ခုသာ ပေးခဲ့သော်လည်း ထိုအမိန့်မှာ ဝေ့ဝူယင်ထံမှ လာခြင်း ဖြစ်ကြောင်း သူတို့ သိရှိပေသည်။ စောစောပိုင်းက ဝေ့ဝူယင် စိုက်ပျိုးထားခဲ့သည့် သူတို့၏ နှလုံးသားများထဲမှ မျိုးစေ့များမှာ အကြီးမားဆုံး ကြိုးပမ်းအားထုတ်မှုကို ဖြစ်ပေါ်စေခဲ့လေသည်။

"အား..."

လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူ တစ်ယောက်မှာ ကြယ်တာရာ သခင်များ နှင့် သေမျိုးများကို ရှေ့သို့ ပို့ဆောင်ပြီးနောက်တွင် အသက်ဆုံးရှုံးသွားခဲ့သည်။ သူက အစကတည်းက သက်တမ်းကုန်လုနီးပါး ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ ထိုကုန်လုနီးပါး လက်ကျန် သက်တမ်းလေးကို တာဝန်ပြီးမြောက်ရေး အတွက် အသုံးချခဲ့ပေသည်။

လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်က သူ၏ အလောင်းကို နောက်သို့ ပြန်လည် ဆွဲထုတ် သွားခဲ့၏။ ထို့နောက် အဆင့်ဆင့်ပင် မြေကြီး ရှန့်ထိုများထံသို့ ရောက်ရှိသွားကာ ဖုန်းချင်းချူက သူ၏ ပြိုကွဲလုနီးပါး ဖြစ်နေသော ကျင့်ကြံခြင်း ဝိညာဉ်ကို အချိန် နောက်ပြန်ဆုတ်ခြင်း စွမ်းအားဖြင့် ကယ်တင် ပေးခဲ့သည်။ နောက်တစ်ကြိမ် မျက်လုံးများ ပြန်လည် ဖွင့်လာသော အခိုက်၌ လျှို့ဝှက် ကြယ်တာရာ အဆင့်မှာ သူ့ဘဝ တစ်လျှောက် တစ်ခါမှ မြင်တွေ့ခွင့် ရလိမ့်မှာ မဟုတ်သည့် မျက်နှာ တစ်ခုကို တွေ့မြင်လိုက်ရလေ၏။

"မင်း ကောင်းကောင်းလုပ်ခဲ့တယ်..."

ဖုန်းချင်းချူက ထိုကဲ့သို့ ချီးကျူးပြီးနောက် နောက်သို့ အရှိန်အဟုန်နှင့် ပြန်လည် ရောက်ရှိလာသည့် ဝူယုအား ပြေးကာ ဖေးမလိုက်၏။

ဝူယုမှာ ဆက်လက် ရပ်တည်ရန် မဟန်နိုင်ရတော့ကား သူမ၏ ရင်ခွင်ထဲသို့ ပြိုလဲကျသွားခဲ့သည်။ သွေးများမှာ သူ၏ ဒွါရ ခုနစ်ပေါက်လုံးမှ စီးကျနေခဲ့၏။ သို့သော်လည်း... သူ၏ မျက်လုံးများကတော့ ဟင်းလင်းပြင် နဂါးကြီးနှင့် မီးခိုးရောင်ဝတ် သေမျိုးများထံမှ တစ်ခဏမျှပင် မခွာခဲ့ပါချေ။

နောက်ဆုံး အင်အား အဖြစ် ကြယ်တာရာ သခင်များသာ ကျန်ရှိပေတော့သည်။ သူတို့မှာ လောကနယ်မြေကို ထုတ်ဖော်ထားသော်လည်း အံ့သြဖွယ် ကောင်းလောက်အောင်ပင် ဟင်းလင်းပြင်နဂါးကြီး၏ ဖိအားများ အောက်၌ ထိခိုက်မှု မရှိခဲ့ပါချေ။ သူတို့မှာ မိုင်တစ်ရာ ပတ်လည်သို့ ရောက်ရှိလာခဲ့ကာ မီးခိုးရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် သေမျိုးများကို ဟင်းလင်းပြင်နဂါးကြီး၏ ပတ်လည် နေရာ အသီးသီး၌ ထားရှိလိုက်၏။

ထို့နောက်တွင်တော့... ကြယ်တာရာ သခင်များမှာ ဆက်လက်၍ မနေရဲတော့ဘဲ ချက်ချင်းဆိုသလို အလျင်အမြန် ပြန်လည် ဆုတ်ခွာခဲ့ကြသည်။ ဟင်းလင်းပြင် နဂါးကြီးမှာ အလွန် ကြောက်စရာ ကောင်းလွန်းလှသည်။ သူတို့ထဲရှိ အချို့ဆိုလျှင် မူးဝေ၍ပင် နေကြလေရာ လျှို့ဝှက် ကြယ်တာရာ အဆင့်များက ဝိညာဉ်ကြိုးများဖြင့် လျင်မြန်စွာ ပြန်ဆွဲတင်ခဲ့ကြရ၏။

မကြာခင်မှာပင် ဟင်းလင်းပြင် နဂါးကြီး၏ အလွန်တရာ ကြီးမားလှသော ခန္ဓာကိုယ်ကြီးထက်၌ သေမျိုး သိန်းချီသာလျှင် ကျန်ရှိပေတော့သည်။

"မင်းတို့မှာ သုံးရက်ပဲ အချိန် ရှိတယ်... သုံးရက်ပဲ... မြန်မြန် လုပ်ကြ...”

ဝူယု၏ အမိန့်ပေးသံက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ သေမျိုး ကျင့်ကြံသူများမှာ ပင့်သက်များ ရှိုက်လိုက်ကြရင်း အကြေးခွံများ ပြည့်နှက်နေသည့် လောကကြီးကို ကြည့်လိုက်ကြသည်။ ထို့နောက်တွင်တော့ သူတို့မှာ လူအရွယ်အစားခန့် ရှိသည့် အပ်ပြွန်ကြီးများကို ထုတ်ယူကာ တာဝန်ကို စတင် လုပ်ဆောင် လိုက်ကြတော့၏။

ရွှစ်... ရွှစ်...

သူတို့က ထိုအပ်များဖြင့် အကြေးခွံများထဲသို့ ထိုးသွင်းလိုက်ကြ၏။ ထောပတ်ကို သံချွန်ပူဖြင့် ထိုးသကဲ့သို့ အပ်များမှာ နဂါးကြီး၏ အရေပြား အတွင်း အလွယ်တကူ ထိုးဖောက်ဝင်ရောက် သွားခဲ့ကြသည်။

ဟင်းလင်းပြင်နဂါးကြီး အိပ်မောကျနေစဉ်တွင် သေမျိုး သိန်းပေါင်းများစွာမှာ မီးခိုးရောင် ဖျော့ဖျော့ သွေးများကို ထုတ်ယူနေခဲ့ကြပြီ ဖြစ်လေသည်။

ဝူယုမှာ ထိုအရာအားလုံးကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့၏။ သေမျိုးများသာလျှင် ဟင်းလင်းပြင် နဂါးကြီး၏ အလိုအလျောက် ခုခံကာကွယ်မှု ဗီဇ စနစ်ကို လှုံ့ဆော်မှု မရှိပဲ ၎င်းအား တိုက်ရိုက် ထိတွေ့နိုင်စွမ်းရှိသည်။ ထိုခုခံကာကွယ်မှု ဗီဇကြောင့် ဟင်းလင်းပြင် သင်္ဘောများ ပျောက်ကွယ်ခဲ့ရခြင်း ဖြစ်ကာ ထာဝရ နတ်ဘုရားနှင့် နောက်လိုက်ရှစ်ယောက်မှာလည်း ကြောက်မက်ဖွယ် ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ချဉ်းကပ်လာသည့် ကျင့်ကြံသူမှာ ပိုမို၍ အားကောင်းလေလေ၊ နဂါးကြီး၏ ခုခံ ကာကွယ်မှု စနစ်က ပိုမို၍ မြင့်မားလေလေပင်။

"သုံးရက်ကြာပြီးရင်ရော..."

ဖုန်းချင်းချူက မထိန်းချုပ်နိုင်ပဲ မေးလိုက်၏။ ဝူယုကလည်း ဖုံးကွယ်မထားပဲ ပွင့်ပွင့်လင်းလင်းပင် ရှင်းပြလိုက်သည်။

"သုံးရက်ကြာပြီးရင် သူက အမှောင် ဟင်းလင်းပြင်ကို ထိန်းညှိဖို့ အတွက် လှည့်လည်သွားလာတဲ့ အခြေအနေထဲကို ရောက်သွားလိမ့်မယ်... လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းကလိုပဲပေါ့... တိတိကျကျ ပြောရရင် သူက အပျက်အစီး အာကာသရဲ့ ဒိုင်မန်းရှင်း အလွှာထဲကို တိုးဝင် သွားလိမ့်မယ်”

အပျက်အစီး အာကာသ အလွှာ ဒိုင်မန်းရှင်းမှာ အလွန်ပင် ရှုပ်ထွေးလှသည့် နေရာတစ်ခု ဖြစ်သည်။ အကယ်၍ ထိုနေရာကို ရှောက်ရှိသွားပါက အမှောင် ဟင်းလင်းပြင် အတွင်း သာမန် သေမျိုးများ မရှင်သန်နိုင်သလို မြေကြီး ရှန့်ထိုများပင်လျှင် သေဆုံးသွားပေလိမ့်မည်။

"အဲဒီ မတိုင်ခင်တော့ ဒီရတနာသိုက်ကြီးကို ငါတို့ တူးဖော်ကြတာပေါ့... ဟား... ဟား..."

ဝူယုမှာ ခန္ဓာကိုယ် တစ်ခုလုံး သွေးများနှင့် ပေကျံနေခဲ့သည့်တိုင် အားရပါးရ ရယ်မောလိုက်၏။ သူ၏ မျက်လုံးများကတော့ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် တောက်ပနေခဲ့တော့သည်။

***

All Chapters