← Chapters

၇၂ နာရီ

Vol. 106 Ch. 1476

၇၂ နာရီ

Vol. 106 Ch. 1476

နဂါးကြီး၏ ဝမ်းဗိုက်အတွင်း ကျဆင်း သွားပြီနောက်...

ဝေ့ဝူယင်မှာ အာကာသ ဝေဟင်ဂိုဏ်း၏ စမ်းသပ်မှု သုံးခုအနက် နောက်ဆုံး တစ်ခု ဖြစ်သည့် လှည့်လည် သွားလာခြင်း ခရီးလမ်းထဲ ရောက်ရှိသွားသလို ခံစားနေရသည်။ ထိုနေရာ၌ ရှေ့၊ နောက်၊ အပေါ်၊ အောက်၊ ဘယ်၊ ညာကိုပင် ခွဲခြားရန် ခက်ခဲလွန်းလှသည်။ ထိုနေရာ၌ ရှိရှိသမျှ အရာအားလုံးက တူညီနေကာ၊ ငွေရောင် မြူခိုးများသာလျှင် လွတ်လပ်စွာ စီးဆင်းနေခဲ့၏။

"အဆုံးမဲ့ ငရဲ"

ဝေ့ဝူယင်၏ မျက်လုံးများက ငွေရောင် တလက်လက် တောက်ပနေခဲ့၏။ အာကာသ ဥပဒေသ အပေါ် သာမည အာဏာမှာ စတင်လှုပ်ရှားနေခဲ့ကာ အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်ကတော့ ပျော်ရွှင်သည့် ခံစားချက်များနှင့် လည်ပတ်နေခဲ့၏။ ဤနေရာက သူ့အတွက် အိမ်တစ်လုံးကဲ့သို့ပင်။

"ဒီနေရာမှာ ဘာမှ မခံစားရဘူး"

ကောင်းကင် စစ်ဝိညာဉ်က မှတ်ချက်ချလိုက်သည်။

"မင်း မျက်စိကွယ်နေတာ ဖြစ်နိုင်တယ်... ဒါပေမဲ့ ငါ့အတွက်ကတော့..."

ဝေ့ဝူယင် ပြုံးလိုက်ရင်း ဘယ်ဘက်သို့ လှည့်လိုက်၏။ ထို့နောက်... ရင်းနှီးသော အငွေ့အသက်တစ်ခုကို သူ ခံစားလိုက်ရသည်။

"မင်္ဂလာပါ..."

ထိုအရပ်မျက်နှာ၌ ရှိနေသည်ကတော့ သစ်အယ်သီးရောင် အသားအရေ၊ ရွှေရောင်ဝတ်ရုံနှင့် အဂ္ဂိရတ်ရှန့်ထို ထာဝရ နတ်ဘုရားမှ တစ်ပါး အခြား မည်သူ ဖြစ်နိုင်တော့မည်နည်း။

"ဒီနေရာက တကယ့်ကို ရတနာသိုက်ကြီးပဲ"

ဝေ့ဝူယင် ရယ်မောလိုက်၏။ သူ၏ လက်များ၊ ခြေထောက်များ၊ ခန္ဓာကိုယ်နှင့် လည်ပင်းတို့တွင် မမြင်ရသော သံကြိုးများ ရှိနေခဲ့သည်။ ညင်သာစွာ လှုပ်ခါလိုက်သော အခိုက်၌ သံကြိုးများမှာ သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့ကြ၏။

"အထူးသဖြင့် ဆက်စပ်မှု စစ်အလံ အတွက်ပေါ့"

ဝေ့ဝူယင်က ခါးရှိ ဆေဘာဓားရိုးကို ထိလိုက်၏။

“အမဲလိုက်လိုက်ကြတာပေါ့...”

ဆက်လက် နှောင့်နှေးခြင်း မပြုတော့ပဲ ရှေးဟောင်း ဝိညာဉ် အော်ရာများ ရှိသည့် နေရာများထံသို့ ဝေ့ဝူယင် ဦးတည် လိုက်တော့၏။ ဤနေရာကြီးမှာ ထာဝရ နတ်ဘုရားနှင့် သူ့ကိုသာ မဟုတ်ပဲ အခြား မရေမတွက်နိုင်သည့် တည်ရှိမှုများကိုပါ ထိန်းသိမ်းထားသည့် နေရာတစ်ခု ဖြစ်လေတော့သည်။

...

နေ့ရက်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ လေထု၏ အခြေအနေမှာ ပိုမို၍ တင်းမာလာခဲ့သည်။

ပထမဆုံးနေ့တွင် မီးခိုးရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် သေမျိုး သိန်းပေါင်းများစွာမှာ သူတို့၏ ခန္ဓာကိုယ် အရွယ်အစားထက် ပိုမို ကြီးမားသည့် ဆေးထိုးအပ်ကြီးများနှင့် အတူ မီးခိုးရောင် သွေးများကို ထုတ်ယူခဲ့ကြသည်။ သို့သော်လည်း ဆေးထိုးအပ်များမှာ လုံးဝ ပုံမှန်မဟုတ်ဘဲ စုပ်ယူထားသည့် သွေးများကို ကိုယ်ထည်ထဲတွင် ထိန်းသိမ်းထားပုံ မပေါ်ချေ။ ထို့အစား... ဟင်းလင်းပြင်နဂါးကြီး ၏ သွေးများမှာ ထုတ်ယူပြီးသည်နှင့် အခြားတစ်နေရာသို့ ရောက်ရှိသွားခဲ့၏။

ထိုကဲ့သို့သော စွမ်းရည်ကပင် ကီလိုမီတာ ၁၈၀,၀၀၀ ရှည်လျားသော သတ္တဝါကြီးထံမှ သွေးများကို အဆက်မပြတ် စုပ်ထုတ်နိုင်စေခဲ့သည်။ သူတို့၏ စုပ်ယူမှု ပမာဏများမှာ အလွန်ကြီးမားလွန်းရကား ဟင်းလင်းပြင်နဂါးကြီး၏ အရွယ်အစား ပင်လျှင် သိသိသာသာ ကျုံ့ဝင် သွားခဲ့၏။ ၎င်းက မူလအရွယ်အစား၏ ဆယ်ပုံတစ်ပုံခန့် ဖြစ်လေရာ ကြည့်ရှုသူ ထောင်ပေါင်းများစွာကို တုန်လှုပ် သွားစေခဲ့သည်။

"ဟင်းလင်းပြင်နဂါးကြီးရဲ့ သွေးက ထူးဆန်းတယ်..."

ဝူယုက ဘေးနားရှိ ဖုန်းချင်းချူအား ပြောပြလိုက်၏။

"ဘာလို့ ထူးဆန်းတာလဲ..."

ဖုန်းချင်းချူက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ ကိုယ်ပိုင် တာဝန်များ ပြီးဆုံးသွားခဲ့ပြီ ဖြစ်လေရာ သူတို့ အနေဖြင့် ဝိညာဉ်ကြိုးများ ပေါ်တွင် လက်တင်ကာ စောင့်ဆိုင်းရုံသာ ရှိပေတော့သည်။ သူတို့က သေမျိုးတစ်ပိုင်း အရှင်များကို ဆွဲတင်မည် ဖြစ်ကာ ထိုလူများကလည်း လျှို့ဝှက် ဝိညာဉ် အဆင့်များကို ပြန်ဆွဲတင်ရန် စောင့်ဆိုင်း နေကြသည်။ ကျင့်ကြံခြင်း အခြေခံ အလိုက် သူတို့ အားလုံး ထိုကဲ့သို့ အဆင့်ဆင့် လုပ်ဆောင် သွားမည် ဖြစ်သည်။

"ဒီသတ္တဝါကြီးက အာဏာရှင် အင်ပါယာရဲ့ ရှေးဟောင်း မီးဖီးနစ် လိုမျိုး သာမန်သားရဲ မဟုတ်ဘူး... သားရဲထက် ကျင့်ကြံခြင်း ဝိညာဉ် နဲ့ ပိုနီးစပ်တယ်လို့တောင် ပြောတယ်... ငါ သိထားသလောက် ဆိုရင် သူ့ရဲ့ သွေးကို ကျင့်ကြံသူ တစ်ယောက်ရဲ့ မူလ အဆင့်၊ အာကာသ နဲ့ အချိန်၊ နောက်ပြီး ရုပ်ခန္ဓာတွေကို ပြုစုပျိုးထောင်ဖို့ အသုံးပြုနိုင်တယ်"

ဝူယုက စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်၏။ လျှို့ဝှက် အာဏာရှင် အထက်ဆင့်များ အတွက် အမျိုးမျိုးသော လိုအပ်ချက်များကို သိရှိပြီးနောက်တွင် သူ၏ မူလအဆင့်ကို မြှင့်တင်နိုင်ခြေမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

ပထမဆုံးနေ့ ပြီးဆုံးပြီးနောက် သေမျိုးများမှာ ပုဆိန်များကို ထုတ်ယူကာ ချက်ချင်းပင် အလုပ်စတင်ခဲ့ကြပြီး ဟင်းလင်းပြင် နဂါးကြီး၏ အကြေးခွံများကို အားမာန်အပြည့်ဖြင့် ထုရိုက်ခဲ့ကြသည်။ အမှောင် ဟင်းလင်းပြင် အတွင်း ဖြစ်လေရာ ထိမှန်မှုများထံမှ အသံမထွက်ခဲ့သော်လည်း အကြေးခွံများကတော့ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့ကြသည်။ သူတို့က ထိုအပိုင်းအစများကို ကောက်ယူကာ ကြိုတင် ပြင်ဆင်ထားသည့် အိတ်များထဲသို့ ထည့်ခဲ့ကြသည်။

ဝှစ်... ဝှစ်...

ကြယ်တာရာ သခင်များမှာ သတ်မှတ်ထားသည့် နေရာများသို့ ရောက်ရှိလာကာ ထိုအိတ်များကို နောက်တန်းသို့ ပြန်လည် ရွှေ့ပြောင်း ပေးနေခဲ့သည်။ အကယ်၍ သူတို့၏ အကူအညီကြောင့်သာ မဟုတ်ပါက ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများ၏ လုပ်ဆောင်နိုင်စွမ်း အကွာအဝေးမှာ အလွန်နည်းပါးလိမ့်မည်။ သို့သော်လည်း ယခုတွင်တော့ သူတို့မှာ ကီလိုမီတာပေါင်း ၁၆၂,၀၀၀ ရှည်လျားသည့် ခန္ဓာကိုယ်ကြီး တစ်ခုလုံးကိုပင် ဖုံးအုပ် ထားနိုင်ခဲ့သည်။

"အဲဒီကောင်ကြီးက နိုးလာရင် ဘယ်လိုလုပ်မလဲ..."

ဖုန်းချင်းချူက ထိတ်လန့်တကြား မျက်မှောင်ကြုတ်လိုက်၏။ သေမျိုးများမှာ သူတို့၏ ပုဆိန်များဖြင့် ဟင်းလင်းပြင် နဂါးကြီးကို ပြင်းထန်စွာ ရိုက်ခတ်နေခြင်း ဖြစ်သည်။ ဘယ်လောက်ပင် အအိပ်မက် စေကာမူ အချိန်မရွေး နိုးထလာနိုင်သည်ဟု သူမ ခံစားရသည်။

"အခု ဟင်းလင်းပြင် နဂါးကြီးက အိပ်စက်ခြင်းရဲ့ ကနဦး အခြေအနေမှာ ရှိနေတာ... လျှို့ဝှက် အာဏာရှင် အဆင့်တွေ မချဉ်းကပ်သရွေ့ သူ့ခေါင်းကို ဖြတ်တောင် မတုံ့ပြန်ဘူး... ကံဆိုးတာက သေမျိုးတွေ အတွက် သူ့ခေါင်းဖြတ်ဖို့ သုံးရက်နဲ့ မလုံလောက်တာပဲ"

ဝူယုက ပြုံးရင်း ပြောလိုက်၏။

"ဒါဆိုရင် ဘာလို့ သူ့ရဲ့ အကြေးခွံတွေကို ယူနေတာလဲ... ဘာအတွက် အသုံးပြုလို့ရလဲ"

ဖုန်းချင်းချူက မေးလိုက်ပြန်၏။ သူမ အတွက်တော့ ဝူယုမှာ အချက်အလက်များအား အလွယ်တကူ တူးဖော်၍ ရသည့် စမ်းရေတွင်းသဖွယ် ဖြစ်ပေသည်။ အခြား မြေကြီးရှန့်ထိုများကတော့ တိတ်ဆိတ် ငြိမ်သက်စွာသာ နားစွင့် နေခဲ့ကြ၏။

"အာဏာရှင် အင်ပါယာတောင် သူ့အကြေးခွံတွေကို အများကြီး ပျက်စီးအောင် မလုပ်နိုင်ခဲ့တာ မင်း တွေ့တယ် မလား... အဲဒီ အကြေးခွံတွေက အရမ်း တန်ဖိုးရှိတယ်... လျှို့ဝှက်မြေကြီး အဆင့်မြင့် ရတနာတွေနဲ့တောင် ယှဉ်ပြိုင်နိုင်တယ်... အကြေးခွံတွေထဲမှာ အာကာသ စွမ်းအင်တွေ စိမ့်ဝင်နေတာ ဆိုတော့ လက်နက်တွေ၊ ရတနာတွေနဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေ ဖန်တီးတဲ့ နေရာမှာလည်း သုံးလို့ ရတယ်... အာကာသ နဲ့ အချိန် ဂုဏ်သတ္တိရှိတဲ့ ရင်းမြစ်တွေ အတွက် အကောင်းဆုံး အစားထိုး ပစ္စည်း တစ်ခုပဲ... နဂါးကြီးရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ အသုံးမဝင်တာ တစ်ခုမှ မရှိဘူး...”

တတိယမြောက်နေ့တွင် သေမျိုးများမှာ သူတို့၏ ဝတ်ရုံများထဲမှ အမျိုးမျိုးသော ကျောက်စိမ်းပုလင်းများကို ထုတ်ယူကာ ကွဲကြေနေသည့် အကြေးခွံအပိုင်းအစများ အတွင်းသို့ စတင် ထည့်သွင်းခဲ့ကြသည်။ သူတို့က နေရာတိုင်းတွင် တတ်နိုင်သမျှ အကြိမ်ပေါင်းများစွာ ခိုင်မာစွာ ထည့်သွင်းခဲ့ကြသည်။

၇၂ နာရီပြည့်ခါနီးတွင် အကြေးခွံများမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့ကြသည်။ ထိုအခိုက်သို့ အရောက်၌ ဝူယုက အလွန် ကျယ်လောင်စွာ အော်ဟစ် လိုက်လေ၏။

"အခုပဲ"

“...”

မြေကြီး ရှန့်ထို အားလုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ကြ၏။ ဖုန်းချင်းချူမှာလည်း အတူတူပင်။ သေမျိုးများနှင့် ချိတ်ဆက်မှုမှာ ပျောက်ဆုံးနေကြောင်း သူမ မြင်နိုင်ပေသည်။

"သေမျိုးတွေ ဘယ်ရောက်သွားလဲ..."

တစ်ခုခု မှားယွင်းသွားပြီဟု သူမ ထင်နေမိ၏။

"ဆွဲ..."

ဝူယုက ဖုန်းချင်းချူ၏ မေးခွန်းကို ပြန်မဖြေပဲ ပြင်းထန်သည့် လေသံဖြင့် အမိန့်ပေးလိုက်၏။ ဖုန်းချင်းချူ တစ်ယောက် နှုတ်ခမ်းကို တင်းတင်းကိုက်ရင်း ဝူယု၏ အမိန့်အတိုင်း ဝိညာဉ် ကြိုးများကို အစွမ်းကုန် ဆွဲတင်လိုက်တော့သည်။

ဟူး... ဟူး...

မြေကြီး ရှန့်ထိုများမှသည် သေမျိုးတစ်ပိုင်း အရှင်များ၊ လျှို့ဝှက် ဝိညာဉ် အဆင့်များ၊ လျှို့ဝှက် ကြယ်တာရာ အဆင့်များနှင့် ကြယ်တာရာ သခင်များ အဆုံးအထိ ကျင့်ကြံသူများမှာ တစ်ယောက်ကို တစ်ယောက် ဝိညာဉ်ကြိုးများနှင့် ချိတ်ဆက်ကာ လျှင်မြန်စွာ ဆွဲတင် လိုက်ကြသည်။ သေမျိုးများကိုတော့ ဟင်းလင်းပြင် နဂါးကြီးပေါ်တွင် ချန်ထားခဲ့၏။

ဟူး... ဟူး...

တဖြည်းဖြည်းချင်း ဖိအားလှိုင်းတစ်ခုမှာ ဟင်းလင်းပြင်နဂါးကြီး၏ ခန္ဓာကိုယ်ပေါ်မှ စတင်ကာ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အိပ်စက် စောင့်ကြပ်ခြင်း အခြေအနေသို့ ဝင်ရောက်တော့မည် ဖြစ်သည်။ ဖိအားလှိုင်းများ ပြင်းထန်စွာ ထွက်ပေါ်လာသည်နှင့်အမျှ သေမျိုးတို့၏ ဝတ်ရုံများမှာ ထိုလှိုင်းများနှင့် အတူ တုန်ခါလာခဲ့၏။ ထို့နောက်တွင်တော့ သူတို့ အားလုံး၏ အနားတွင် ဟင်းလင်းပြင် ပေါ်တယ်များ ရုတ်ချည်း ပေါက်ကွဲ ထွက်ပေါ်လာကာ တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားခဲ့ကြတော့သည်။

မျက်တောင် တစ်ခပ်စာ အချိန်အတွင်းမှာပင်... သေမျိုး သိန်းပေါင်းများစွာမှာ ဟင်းလင်းပြင်နဂါးကြီး ၏ မျက်နှာပြင်ထက်မှ လုံးဝ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။

ဟူး... ဟူး....

ကျင့်ကြံသူများ အားလုံး နောက်ဆုံး ဆုတ်ခွာပြီးကြချိန်တွင်ပင် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ၏ ဝိညာဉ်သားရဲကြီးမှာ အာကာသအလွှာထဲသို့ စတင် နစ်မြုပ်စပြုလာခဲ့သည်။ အပျက်အစီး အာကာသ အလင်းများက ပတ်ဝန်းကျင် ဧရိယာများ၌ စတင် ယိုဖိတ်လာကာ ချိုင့်ဝှမ်းတစ်ခုပင် ဖြစ်ပေါ်လာခဲ့၏။ ထို့နောက်တွင်တော့ ၎င်းမှာ အပျင်အစီး အာကာသ အလွှာထဲသို့ ထိုးဖောက် ဝင်ရောက်သွားကာ လူတိုင်း၏ မျက်စိရှေ့မှောက်တွင်ပင် ပျောက်ကွယ်သွားခဲ့တော့သည်။

၎င်းအား သူတို့ အာရုံခံ၍ပင် မရပါတော့ချေ။

***

All Chapters