ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ စတင်ခြင်း
Vol. 106 Ch. 1477
အလွန်တရာ ကြီးမားလွန်းလှသည့် သတ္တဝါကြီးကား ရုတ်ချည်းပင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။ လူများမှာ သူတို့ ကြာရှည်စွာ ထိန်းသိမ်းထားသည့် အသက်ရှူသံများကို ရှည်လျားစွာ ပြန်လည် ထုတ်လွှတ် လိုက်ကြ၏။ ထိုကြောက်မက်ဖွယ် ကောင်းသည့် သတ္တဝါကြီးမှာ ယခုအခါတွင်တော့ ခြားနားသည့် အာကာသ အလွှာတစ်ခု အတွင်း ပြန်လည် ဝင်ရောက်ကာ အိပ်စက် သွားခဲ့ပြီ ဖြစ်သည်။
"ဟူး..."
ဝူယု သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ခန္ဓာကိုယ်အတွင်းမှ ဖိအားများက ချက်ချင်းပင် ပြန်လည် ပြေလျော့သွားကာ အိပ်ချင်လာသလို သူ ခံစားလိုက်ရသည်။ ထိုအရာက လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း ပထမဆုံးအကြိမ်အဖြစ် သူ အိပ်ချင်ခြင်း ဖြစ်သည်။ ပထမဆုံးနေ့မှ နောက်ဆုံးနေ့ အထိ သူ၏ စိတ်အစဉ်မှာ ဝေ့ဝူယင် တာဝန် ပေးအပ်ထားခဲ့သည့် ဖြစ်နိုင်ခြေရှိသမျှ အခြေအနေများအားလုံးကို ရင်ဆိုင်ရန် အပြည့်အဝ တက်ကြွနေခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာပင် မူလအစီအစဉ် တစ်ခုတည်းကပင် အလုပ်ဖြစ်ခဲ့သည်
"ဟိုသေမျိုးတွေ ဘာဖြစ်သွားတာလဲ…"
ဟုန်ယန်ရှင်းရှီက စိုးရိမ်တကြီး မေးရင်း ဝူယု အနားသို့ ပျံသန်းလာခဲ့၏။
သူက ထိုသေမျိုးများနှင့် မည်သို့မျှ ဆက်စပ်မှု မရှိသော်လည်း သူတို့၏ အသုံးဝင်မှု အားလုံးကို ရယူပြီးနောက်တွင် သူတို့ကို ဒုက္ခခံစေခြင်းမှာ မှန်ကန်မှု ရှိသည်ဟု မခံစား ရချေ။
ဝူယုမှာ လူတိုင်း၏ မျက်ဝန်းများထဲတွင် သိလိုစိတ်များ ပြည့်နှက်နေသည်ကို သတိထားမိလိုက်၏။ သူက ပေါ့ပေါ့ပါးပါးပင် လက်များကို ဆန့်ထုတ်ကာ ပြန်လည် ကုသရေး ကျင့်စဉ်ကို အသက်သွင်းလိုက်ရင်း ဒဏ်ရာများကို လျင်မြန်စွာ ပြန်လည် ကုသလိုက်သည်။ မကြာခင်မှာပင် ဝူယုမှာ အင်ပါယာ တစ်ပါး၏ ဆွဲဆောင်နိုင်စွမ်းကို ပြန်လည်ရရှိလာကာ ပြုံးလိုက်သည်။
"သတ္တဝါကြီးရဲ့ သွေးနဲ့ အကြေးခွံတွေကို သီးသန့် နေရာ တစ်ခုမှာ ထာဖို့ လိုအပ်တယ်… မဟုတ်ရင် အဲဒီကောင်ကြီးက သူတို့ကို လိုက်ရှာပြီး သတ်ပစ်လိမ့်မယ်… အာဏာရှင် အင်ပါယာက သူတို့ကို ကြိုတင် စီစဉ်ထားတဲ့အတိုင်း တခြား တစ်နေရာကို ပို့လိုက်တာ”
“...”
ဟုန်ယန်ရှင်းရှီ နှင့် အခြားလူများမှာ နားလည် သဘောပေါက်သွားခဲ့ကြသည်။
မှန်ပေသည်။ အကယ်၍ ထိုကောင်ကြီးသာ သူ၏ သွေးနှင့် အကြေးခွံများကို ယူဆောင်သွား ခံရကြောင်း သိရှိသွားပါက ကျိန်းသေ ဒေါသထွက် သွားလိမ့်မည် ဖြစ်သည်။
အိပ်စက် စောင့်ကြပ်ခြင်း အခြေအနေတွင် ဟင်းလင်းပြင်နဂါးကြီးမှာ နေကြယ် အလင်းရောင် ဖုံးလွှမ်းသည့် နေရာများကို ရှောင်ရှားရန် ဒီဇိုင်းထုတ် ထားသကဲ့သို့ ဖြစ်လေရာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ကဲ့သို့သော နေရာများမှာ လုံခြုံပေလိမ့်မည်။ သို့သော်လည်း ပြန်လည် နိုးထလာလျှင်တော့ ကျိန်းသေပင် ပြန်လာလိမ့်မည် ဖြစ်သည်။
"အာဏာရှင် အင်ပါယာရော…"
ယဲ့မူဖန်က မေးလိုက်၏။ ဝူယုက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"အာဏာရှင် အင်ပါယာက ပြန်လာနိုင်တဲ့အခါ ပြန်လာမှာပါ… အခုတော့ သူ ညွှန်ကြား ထားခဲ့တဲ့အတိုင်း ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွက် ငါတို့ ပြင်ဆင်ရမယ်"
“...”
လူအများစု၏ မျက်နှာအမူအရာများက ပြောင်းလဲသွားကြသည်။
အထူးသဖြင့် လျှို့ဝှက် ကြယ်တာရာ အဆင့်များပင်။ ဝေ့ဝူယင်မှာ သူတို့၏ ကံကြမ္မာများကို ပြောင်းလဲဖို့၊ အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဆင့်ကို ဝင်ရောက်ဖို့ အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်သည်။ အကယ်၍ သူသာ ပျောက်ဆုံးသွားခဲ့ပါက…။
"ဘာပဲဖြစ်ဖြစ်… မင်းတို့အားလုံး အသက်စွန့် ကြိုးပမ်း အားထုတ်ခဲ့မှုတွေ အတွက် ဆုချခံရမှာပါ… အာဏာရှင် အင်ပါယာက မင်းတို့ တစ်ဦးချင်းစီအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားပြီးသား"
ဝူယု၏ စကားလုံးများက သူတို့နှလုံးသားထဲမှ မျှော်လင့်ချက် မီးတောက်ကို ပြန်လည်၍ အသက်ဝင် လာစေခဲ့သည်။ လွယ်ကူသည်ဟု ထင်ရသော်လည်း သူတို့အားလုံး အသက်ကို စွန့်ကာ ကြိုးပမ်းခဲ့ရခြင်း ဖြစ်သည်။ အမှားတစ်ခု လုပ်လျှင်ပင် ဟင်းလင်းပြင်နဂါးကြီးကို နိုးထစေနိုင်သည်။
"သွားကြစို့"
ဝူယုက ပြောလိုက်ရင်း အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အပြန်လမ်းကို စတင် လိုက်တော့၏။
အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ ထိပ်သီး ပညာရှင်များမှာ လောကအား လှုပ်ခတ်စေမည့် အကြီးမားဆုံး ခိုးယူမှုကြီးကို ကျူးလွန်ခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း သူတို့ မသိလိုက်သည့် အရာကား ထိုခိုးရာပါ ပစ္စည်းများမှာ မကြာခင် ရောက်ရှိလာတော့မည့် ကပ်ဘေး အတွက် အသက်ရှင်သန် ရပ်တည်ရေး လမ်းကြောင်းကို ဖွင့်ပေးလိုက်သည် ဆိုခြင်းပင်။
…
နေ့ရက်များက ဆက်လက်ကုန်ဆုံးခဲ့၏။ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် နှစ်နှစ် ဆိုတော့ အချိန်မှာ ကုန်လွန်သွားခဲ့သည်။
အာရုဏ်ဦး အဂ္ဂိရတ်ကုန်စည်ပြပွဲ ပြီးဆုံးပြီးနောက် ချိပ်ပိတ် နယ်မြေ အတွင်း မျှော်လင့် မထားသည့် ဖြစ်ရပ်များ၊ ကြေညာချက်များနှင့် တိုးတက် ပြောင်းလဲမှုများ ဆက်တိုက် ပေါ်ပေါက်လာခဲ့သည်။
ပထမဆုံးသော ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်မှာ သမိုင်းထဲမှ ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သော ဟင်းလင်းပြင် နဂါးကြီး ပြန်လည် ပေါ်ပေါက်လာခြင်းပင် ဖြစ်ပြီး ၎င်းမှာ တစ်နေရာရာတွင် တကယ်ရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်။
အကျိုးဆက် အနေဖြင့် အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ခရီးသွားလာမှုများမှာ ကြယ်နယ်မြေများ၏ အပြင်ဘက်တွင် သိသိသာသာ လျော့ကျသွားခဲ့သည်။
ဟင်းလင်းပြင် ဓားပြများ၊ ဟင်းလင်းပြင် မုဆိုးများ နှင့် လေလွင့် ကျင့်ကြံသူများမှာ ၎င်းတို့၏ ဇာတိမြေများ သို့မဟုတ် အာရုဏ်ဦး ကြယ်တာရာ နယ်မြေများထံသို့ အလျင်အမြန်ပင် ထွက်ပြေးဖို့ ကြိုးစားခဲ့ကြသည်။
အသစ် တည်ထောင်ထားသည့် ကြယ်တာရာ နယ်မြေတစ်ခု ဖြစ်ခြင်း၊ ဝေ့ဝူယင် ၏ အမည် နာမည်တို့နှင့် အတူ ထိုနေရာတွင် နေထိုင်လိုကြခြင်းက ကူးစက်ရောဂါ တစ်ခုလို ပြင်းထန်လာခဲ့သည်။
ဝေ့ဝူယင်မှာ မည်သည့် ရွေးချယ်ခံ ထက်မဆို သာလွန် ထူးကဲသည့် အရည်အချင်းမျိုးကို ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်သည်။ သူက ထာဝရ နတ်ဘုရား၏ ဒဏ္ဍာရီကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိသူ ဖြစ်သည်။ အသက် ၉၅ နှစ် အရွယ်တွင်ပင် ထိုလူငယ်မှာ ကိုယ်ပိုင် ကြယ်တာရာ နယ်မြေကို ထူထောင်ခဲ့ကာ၊ အခြား အင်ပါယာ စနစ်များနှင့် ခြားနားသည့် ကိုယ်ပိုင် စည်းမျဉ်းဥပဒေများကို ချမှတ်ခဲ့သည်။ ထိုမျှမက ဝေ့ဝူယင်မှာ လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကိုပင် ဝင်ရောက်နိုင်ခဲ့သည်။
အကျိုးဆက် အနေဖြင့် အသက်အရွယ် မျိုးစုံ၊ အလွှာပေါင်းစုံ ကျင့်ကြံသူများမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း ဝင်ရောက် လာခဲ့ကြသည်။ ထိုအထဲ၌ မျိုးနွယ်များ၊ ဂိုဏ်းများနှင့် အခြား အဖွဲ့အစည်းများ အားလုံးလည်း အပါအဝင် ဖြစ်သည်။ သူတို့ အားလုံး၏ ရည်ရွယ်ချက်များကတော့ ရှင်းလင်းပေသည်။ မိမိကိုယ်ကို ထူထောင်ရန်သာ မကပဲ ခေတ်သစ်၏ စီးကြောင်း အတိုင်း အလိုက်သင့် စီးမြောနိုင်အောင်ပင် ဖြစ်သည်။
အာရုဏ်ဦး အာဏာရှင် အင်ပါယာမှာ ဤခေတ်သစ်၏ ဖခင်ပင် ဖြစ်ကြောင်း အချက်အလက် အားလုံးက ပြသနေခဲ့သည်။ အထူးသဖြင့်… သူ၏ အဂ္ဂိရတ် ကုန်စည်ပြပွဲတွင် သေမျိုး အဂ္ဂိရတ် အာဏာရှင် ၃၃ ဦး၊ မြေကြီး အဂ္ဂိရတ် ရှန့်ထို တစ်ဦးနှင့် လောက အဂ္ဂိရတ် ရှန့်ထို တစ်ဦး ပေါ်ထွန်း လာခဲ့ခြင်းတို့က အံ့မခန်း ဖြစ်ရပ်များပင် ဖြစ်လေသည်။
ဟင်းလင်းပြင် နဂါးကြီး အမှန်တကယ် တည်ရှိနေကြောင်း အတည်ပြုမှုများ အပြီးတွင်တော့ ဟင်းလင်းပြင် ဂိတ်တံခါးများ၊ ဟင်းလင်းပြင် အမှတ်များကို အသုံးပြုမှုများမှာ သိသိသာသာ တိုးပွား လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဟင်းလင်းပြင် သင်္ဘော ခရီးစဉ်များ အားလုံးမှာ အချိန်မရွေး ဟင်းလင်းပြင် နဂါးကြီး၏ စက်ကွင်းအတွင်း ကျရောက် သွားနိုင်သောကြောင့် ဖြစ်သည်။
အာရုဏ်ဦး အဂ္ဂိရတ်ကုန်စည်ပြပွဲ အပြီး ပထမ လအနည်းငယ်အတွင်း၌ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ၏ လူဦးရေမှာ ထရီလျံပေါင်း တစ်သောင်း သုံးထောင်သို့ ရောက်ရှိခဲ့သည်။
ထို့အပြင်... ဝေ့ဝူယင်၏ ဧဒင်ကမ္ဘာမှာ ဆက်လက် တည်ရှိနေဆဲ ဖြစ်ကာ ပုံမှန် ပွဲလမ်း သဘင်များ၊ လေလံပွဲများကို လက်ခံ ကျင်းပခဲ့သည်။ ၎င်းက အဆက်မပြတ် တည်ရှိနေသည့် ဝိညာဉ်ကွန်ယက် တစ်ခု ဖြစ်လေရာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေအတွင်း နေထိုင်သူ အသစ်များနှင့် မဟာစက်ဝန်း ကြယ်ကွင်းပြင်သားများကို အံ့အားသင့် စေခဲ့လေသည်။
ဧဒင်ကမ္ဘာ အလွန် ထူးခြားသည့် နေရာတစ်ခု ဖြစ်သည်။ ဆန္ဒပြု၍ အနည်းငယ်မျှ စောင့်ဆိုင်းရုံဖြင့် တောက်ပသည့် အလင်းတန်း တစ်ခု ဆင်းသက်လာကာ စိတ်ဝိညာဉ်ကို ဧဒင်ကမ္ဘာထဲ ခေါ်ဆောင်သွားလိမ့်မည် ဖြစ်သည်။
ထို့အပြင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဝန်းရံလျှက် ကျန်ရစ်ခဲ့သည့် အလင်းတန်းမှာလည်း ပြင်ပမှ အနှောက်အယှက် အားလုံးကို တားဆီး ကာကွယ်ပေးလိမ့်မည် ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် တစ်စုံတစ်ဦးကို ဆက်သွယ်လိုပါက ဧဒင်ကမ္ဘာအတွင်း ဝင်ရောက်၍လည်း ဆက်သွယ်နိုင်ပေသည်။
သို့သော်လည်း ဧဒင်ကမ္ဘာအတွင်း ဝင်ချင်တိုင်း ဝင်နိုင်သည်တော့ မဟုတ်ပါချေ။ ထိုအခွင့်အရေး အတွက် နေရာ ကန့်သတ်ချက်များ ရှိသည်။ ဥပမာအားဖြင့် လျှို့ဝှက် အာဏာရှင် အဆင့်များထံမှ ခွင့်ပြုချက် မရရှိသေးသော အငြင်းပွားဖွယ်ရာ နေရာများမှ လူများမှာ ထိုကဲ့သို့ အခွင့်အရေးမျိုးကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ပါချေ။ ဝိညာဉ် ကွန်ယက်စနစ်မှာ မည်သည့် အလွဲသုံးစား ပြုမှုမျိုးကိုမှ ခွင့်မပြုပါချေ။
ဧဒင်ကမ္ဘာထံမှ တစ်ဆင့် ဖီဆန် ဖန်တီးခြင်း အစည်းအရုံး၏ ဌာနခွဲကြီးငါးခု ဖြစ်သော သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့၊ ယင်ဆေးပညာ တက္ကသိုလ်၊ ဆည်းဆာပန်းပဲ အစည်းအရုံး၊ အသွင်ပြောင်းခြင်း ကိုးသွယ် အကယ်ဒမီ နှင့် လောကကံကြမ္မာ ဂိတ်တံခါးတို့နှင့် အသီးသီး ဆက်သွယ်နိုင်သည်။ ၎င်းတို့ တစ်ခုချင်းစီမှာ အဂ္ဂိရတ်ပညာရှင်များ၊ ဆေးပညာရှင်များ၊ ပန်းပဲ ဆရာများ၊ ဗိသုကာပညာရှင်များ နှင့် ကောင်းကင် နိမိဖိတ် ပညာရှင်များ (ဥပမာ- ကောင်းကင် သူတော်စင်များ၊ နတ်ဆရာများ နှင့် ဗေဒင်ဆရာများ) အတွက် အသီးသီး ရည်ရွယ်ထားပေသည်။
ထိုအင်အားစုများ အပြင် ရွှေရောင် အသက်နန်းတော်နှင့် ဆက်နွယ်ကာ အာဏာရှင် အင်ပါယာ ကိုယ်တိုင် လည်ပတ်နေသည့် အကြွင်းမဲ့ စည်းစိမ် နန်းတော်လည်း တည်ရှိပေသည်။ သူတို့မှာ ဌာနကြီးငါးခု၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ကြားခံ ကုန်သည်များအဖြစ် ဆောင်ရွက်ပေးသည်။
ရွှေရောင် အသက် နန်းတော်ကတော့ သူတို့ အခြေစိုက်ရာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၊ အထူးသဖြင့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ဆက်လက် လည်ပတ်နေဆဲ ဖြစ်ပြီး ဈေးကွက်၏ ကဏ္ဍတိုင်းကို လွှမ်းမိုးထားဆဲ ဖြစ်သည်။ ရွှေရောင် အသက် နန်းတော်၏ အဓိက အရင်းအမြစ်များမှာ အဆုံးမဲ့ ကောင်းကင် ကြယ်နယ်မြေတွင် တည်ရှိနေလေရာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို ရွှေ့ပြောင်းဖို့က ခက်ခဲလှသည်။ ထို့အပြင်... ၎င်းမှာ သူတို့၏ ရည်မှန်းချက် မဟုတ်ချေ။
ရွှေရောင် အသက် နန်းတော်၏ လမ်းစဉ်မှာ ကိုယ်တိုင် သီးခြား ရပ်တည်ခြင်း ဖြစ်သည်။ သူတို့က မည်သည့် အင်အားစု၏ လက်အောက်ကိုမှ ဝင်ရောက်လိမ့်မည် မဟုတ်ပါချေ။ လက်ရှိ နန်းတော် သခင် ဖြစ်သူ မာ့ကျန်းကလည်း ရွှေရောင် အသက် နန်းတော်မှာ လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု အဖြစ် ဆက်လက် ရှိနေမည် ဖြစ်ပြီး မည်သည့် လက်အောက်ကိုမှ ဝင်ရောက်မည် မဟုတ်ကြောင်း အသိပေးခဲ့သည်။
တစ်ချိန်တည်း၌ ထာဝရ နတ်ဘုရား၏ ပျောက်ဆုံးမှု သတင်းကာ တောမီးအလား ပျံ့နှံ့ နေခဲ့သည်။ သို့သော်လည်း... ထာဝရ အစည်းအရုံးကတော့ များစွာ စိုးရိမ်ခြင်း မရှိပါချေ။ အာရုဏ်ဦး အာဏာရှင် အင်ပါယာမှာ ရည်ရွယ်ချက် ရှိရှိပင် ဟင်းလင်းပြင် နဂါးကြီး၏ ဝါးမြိုမှုကို ခံခဲ့သည်။ ထိုအရာက သူ့ထံတွင် အသက် ရှင်သန်ရန် ယုံကြည်ချက် ရှိနေသည်ဟု ဆိုလိုပေသည်။
သေမျိုးတစ်ဦး ပင်လျှင် ဟင်းလင်းပြင် နဂါးကြီး၏ ဝမ်းဗိုက်အတွင်း လုံခြုံစွာ အသက်ရှင်နိုင်လျှင် ထာဝရ နတ်ဘုရားသည်လည်း မည်ကဲ့သို့ သေနိုင်ပါမည်နည်း။ စန်းလော့ယန်က အစည်းအရုံး၏ ယာယီ ဒုတိယ ဥက္ကဌ အဖြစ် တာဝန်ယူလိုက်ချိန်တွင် ထာဝရ အစည်းအရုံးအတွင်း အတွင်းမှ ဖြစ်နိုင်ခြေရှိသမျှ မငြိမ်မသက်မှုများကို လျော့ပါးသွားစေခဲ့သည်။ ထို့နောက် ထာဝရ နတ်ဘုရား မဟုတ်ပဲ စန်းလော့ယန်ကသာ လာမည့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ကို လက်ခံကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထိုကြေညာချက်က ထာဝရ နတ်ဘုရား ကဲ့သို့ပင် ဝေ့ဝူယင်သည်လည်း ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ကို လွဲချော်လိမ့်မည် ဖြစ်ကြောင်း ယုံကြည်ချက် တစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။ ထာဝရ နတ်ဘုရား အချိန်မှီ ပြန်မလာနိုင်လျှင် ဝေ့ဝူယင်သည်လည်း ပြန်လာနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအတွေးက မရေမတွက်နိုင်သော လူများ၏ နှလုံးသားများကို စိတ်သက်သာရာ ရစေခဲ့သည်။ ဝေ့ဝူယင်မှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းသူ ဖြစ်သည်။ သူက အသက်တစ်ရာ မပြည့်ခင်မှာပင် သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်၏ ကိုယ်ပွားကို သတ်ဖြတ်နိုင်ခဲ့ကာ ဟင်းလင်းပြင် နဂါးကြီးကိုလည်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့သူ ဖြစ်သည်။
ထိုမျှ ကြောက်မက်ဖွယ်ကောင်းသည့် လူတစ်ယောက် ပြိုင်ပွဲအား လွဲချော်သွားခြင်း အပေါ် မည်သူက စိတ်သက်သာရာ မရဘဲ နေနိုင်ပါမည်နည်း။
ထို့အပြင်... လွန်ခဲ့သည့် နှစ်နှစ်တာမျှ ကာလ အတွင်း၌ မရေမတွက်နိုင်သည့် လူငယ်လေးများမှာ ကျင့်ကြံမှုအဆင့်များတွင် အမျိုးမျိုးသော အခွင့်အလမ်းများနှင့် ကြုံတွေ့ခဲ့ကြရကာ တိုးတက် ပြောင်းလဲမှုများစွာ ရရှိခဲ့ကြသည်။ သက်ဆိုင်ရာ အင်အားစုများမှာလည်း သူတို့ကို အရာအားလုံးနှင့် ရင်းနှီး မြှုပ်နှံပေးခဲ့ကြသည်။ မကြာခင် ရောက်ရှိလာတော့မည့် ခေတ်သစ်တွင် မိမိကိုယ်ကို ထိပ်သီး အင်အားစု တစ်ခု အဖြစ် ထူထောင်လိုပါက လူငယ်မျိုးဆက်မှာ အကောင်းဆုံးသော လောင်းကြေးပင် ဖြစ်သည်။
...
ဟူး... ဟူး...
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ အစွန်အဖျား တစ်နေရာ၌ ဂြိုဟ်ငယ်လေး တစ်လုံးမှာ နှစ်ပေါင်း ၈၁ နှစ်ကြာပြီးနောက်တွင် အမှောင် ဟင်းလင်းပြင်ကို ခွဲဖျက်၍ ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။
၎င်း၏ အဓိပ္ပာယ်က အဘယ်နည်း။ ခေတ်တစ်ခေတ်၊ မျိုးဆက်တစ်ဆက်၏ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ပြန်လည် စတင်လိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင် ဖြစ်လေတော့သည်။
...
***