ထာဝရ ကမ္ဘာ
Vol. 106 Ch. 1479
အာရုဏ်ဦး ကြယ်တရာ နယ်မြေ၊ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ ဌာနချုပ်မှာ များလှစွာသော လှုပ်ရှားမှုများနှင့် စည်ကားလျက်ရှိ၏။ ဂိုဏ်းတစ်ခုလုံးမှာ စုဝေး ရောက်ရှိနေကာ လူသုံးဦးကို လိုက်ပါ ပို့ဆောင် နေခြင်း ဖြစ်ပေသည်။
ထိုသုံးယောက်ထဲ၌ သူတို့၏ ဂိုဏ်းချုပ် ဝူပိုင်ကျိုးမှာ တစ်ဦး အပါအဝင် ဖြစ်ပေသည်။ သူမ၏ နံဘေးတွင်တော့ ယောင်ကျန်း၏ သားငယ် ယောင်ဝေ့ ရပ်နေခဲ့၏။ ထိုနှစ်ယောက် အပြင် အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ တစ်ဦးတည်းသော တရားဝင် ကိုယ်လုပ်တော် အဖြစ် ကျော်ကြားသည့် နဂါး နတ်မိမယ် ရွှယ်ရီဖေးလည်း ရှိနေခဲ့ပေသည်။
“အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း အတွက်...”
“အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း အတွက်...”
ဟစ်အော် အားပေးသံများမှာ အလွန် ကျယ်လောင်လွန်းရကား ဂြိုဟ်တစ်ခုလုံး ပင်လျှင် တဟုန်းဟုန်း တုန်ဟီး သွားခဲ့၏။ စိတ်ခွန်အား ကူးစက်မှုမှာ အလွန်ပင် ပြင်းထန် မြန်ဆန်လွန်းရကား ထိုအခိုက်၌ မည်သူမျှ ကိုယ့်အတွေးကို မကြားနိုင်ကြတော့ချေ။ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ ရွေးချယ်ခံများကား အဆင်သင့် ဖြစ်နေကြပြီ ဖြစ်လေသည်။
"ကျွန်မတို့ ပြန်လာခဲ့မယ်..."
ဝူပိုင်ကျိုး၏ အားမာန် အပြည့် အော်ဟစ်သံမှာ ဆူညံ ပွက်လောရိုက်နေသည့် လူများ အကြား ထွင်းဖောက်ကာ ဝင်ရောက် သွားခဲ့၏။ သူမက တောက်ပသော အပြုံးဖြင့် လက်ကို ကောင်းကင်သို့ မြှောက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
"အောင်ပွဲခံဖို့ ကျွန်မတို့ ပြန်လာခဲ့မယ်..."
"ဟေး..."
ထာဝရဂြိုဟ်သစ်ထက်၌ အော်ဟစ် ကြွေးကြော်သံများမှာ သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လုနီးပါး အဆင့် အထိကိုပင် ရောက်ရှိ သွားခဲ့သည်။ ဤသို့နှင့် အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ ရွေးချယ်ခံ သုံးဦးမှာ ဇာတိမြေ၏ ကောင်းချီးများနှင့် အတူ ထွက်ခွာသွားခဲ့ကြတော့သည်။
...
ထာဝရကမ္ဘာ...
ထာဝရကမ္ဘာမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ တည်းဟူသော အဓိပ္ပာယ်ကို ဆောင်သည့် သေးငယ်သော ဂြိုဟ်လေး တစ်လုံး ဖြစ်သည်။ ၎င်းမှာ နှစ်ပေါင်း ရှစ်ဆယ့်တစ်နှစ်တွင် တစ်ကြိမ်သာ ပေါ်လာလေ့ရှိသော်လည်း တည်နေရာကတော့ အမြဲတမ်း တူညီနေလေ့ ရှိသည်။ ထို့ကြောင့်ပင်... ၎င်း၏ အာကာသ ကိုဩဒိနိတ်များကို လူတိုင်းနီးပါး သိရှိကြသည်။
ပေါ်လာခဲ့ပြီး နောက်တွင်လည်း ထာဝရ ကမ္ဘာမှာ သတ်မှတ်ထားသည့် နေရာတစ်ခုတည်းတွင်သာ ကျောက်ဆူးချ နေလေ့ရှိသည်။ ထို့အပြင်... ၎င်းမှာ ကိုယ်ပိုင် ဝင်ရိုးပေါ်တွင်သာ လည်ပတ်နေကာ အဆုံးမဲ့ ကောင်းကင် နေကြယ်ကြီးကိုပင် လှည့်ပတ်ခြင်း မရှိချေ။
တစ်နည်းဆိုရသော်... ၎င်းမှာ လုံးဝ အမှီအခို ကင်းမဲ့သည့် ဂြိုဟ်တစ်လုံး ဖြစ်သည်။ ထာဝရကမ္ဘ်၏ အံ့ဖွယ် ထူးခြားချက်များမှာ ထိုမျှနှင့် ရပ်တန့်သွားခြင်း မရှိပေ။ ဂြိုဟ်ကို လုံးဝဥဿုံ ကာရံထားသည့် အတားအဆီးတစ်ခုက ဝန်းရံထားကာ အသက်ငါးရာအထက် မည်သူမဆို ဝင်ရောက်ခြင်းမှ တားဆီးထားသည်။ ထိုအရာက ကျင့်ကြံခြင်းကို ကန့်သတ်ခြင်း မဟုတ်ပဲ အသက်အရွယ်ကိုသာ ကန့်သတ်ခြင်း ဖြစ်သည်။
ဂြိုဟ်ထက်တွင် ခုခံကာကွယ်ရေးနှင့် တိုက်ခိုက်ရေး စွမ်းအားများ မရှိသော်လည်း အသက်ငါးရာကျော်သည့် မည်သူမဆို လေထု နယ်နိမိတ်အတွင်းသို့ ဝင်ရောက်ရုံဖြင့်ပင် တစ်လောကလုံး ဒေါသူပုန်ထ လာလိမ့်မည် ဖြစ်သည်။
သေမျိုး ပျက်သုဉ်းခြင်း...
မှန်ပေသည်။ စည်းမျဉ်းကို ချိုးဖောက်သူတိုင်း သေမျိုး တာအို၏ အပြင်းထန်ဆုံး ငြင်းပယ်မှုနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။ အကန့်အသတ်မဲ့သည့် စွမ်းအားများနှင့် ကာလတို့ကြောင့်ပင် သေမျိုး ပျက်သုဉ်းခြင်းမှာ လျှို့ဝှက် အာဏာရှင်များ ပင်လျှင် ထိတ်လန့်ရသည့် ဖြစ်ရပ်တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ သေမျိုးတစ်ဦး ချိုးဖောက်ဖို့ ကြိုးစားပါကတော့ ချွင်းချက်မရှိ သေဆုံးမည်ဖြစ်သည်။
သေမျိုး ကျင့်ကြံသူများ၏ ခွန်အားမှာ သေမျိုး တာအို အပေါ်တွင်သာ အမှီပြုထားသည်။ သို့ဖြစ်လေရာ သူတို့ မည်သို့လျှင် အသက်ရှင်နိုင်မည်နည်း။
ထာဝရကမ္ဘာမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ရောက်ရှိအသက် ငါးရာအောက် မည်သူမဆို ဂြိုဟ်အတွင်း ဝင်ရောက်ခွင့် ပြုထားသည်။ ဂိုဏ်းကြီးများ၏ ထိပ်သီး ရွေးချယ်ခံများကတော့ သူတို့၏ နောက်ခံများပေါ် မူတည်၍ ဟင်းလင်းပြင် ဂိတ်တံခါးများ၊ ဟင်းလင်းပြင် သင်္ဘောများနှင့် လာရောက်လေ့ ရှိကြသည်။ သို့သော်လည်း... ရွေးချယ်ခံဘွဲ့ကို ပိုင်ဆိုင်ထားခြင်း မရှိပါပဲ ကိုယ်တိုင် ပျံသန်းကာ ရောက်ရှိလာသည့် လူငယ် ပါရမီရှင် တစ်ချို့လည်း ရှိပေသည်။ သူတို့မှာ မိမိကိုယ်ကို ရွေးချယ်ခံများ ဖြစ်သည်ဟု တရားဝင် ယုံကြည်ကြပြီး ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ သူတို့ကို သမိုင်းတွင် ရွေးချယ်ခံ ဖျက်မြင်းများဟု ဝေါဟာရ အသစ် တစ်ခုဖြင့် ပညတ်ခဲ့ကြသည်။
ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ တစ်လျှောက်ကို ပြန်လည်၍ ကြည့်ရပါက ရွေးချယ်ခံ ဖျက်မြင်း တစ်ချို့မှာ ကောင်းကင်ဘုံကိုပင် စိန်ခေါ်နိုင်သည့် စွမ်းရည်များကို ပြသခဲ့ကြသည်။ ထိုအထဲမှ တစ်ယောက်ကတော့ ပြည်ထောင်စု ရင်းမြစ် အစစ်အမှန် ဧကရီ တစ်ဖြစ်လည်း ဖုန်းချင်းချူပင် ဖြစ်သည်။ သူမမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို ရွေးချယ်ခံ ဖျက်မြင်း တစ်ယောက် အနေဖြင့် ဝင်ရောက်ခဲ့ကာ ထူးခြားသော စွမ်းဆောင်ရည်များနှင့် မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို တုန်လှုပ်စေခဲ့ဖူးသည်။ အင်ပါယာ ကလန်မှာ ကောင်းကင် ဧကရာဇ် လျောင်းလျူ “ကောင်းကင် သူရဲကောင်း” ရာထူးဖြင့်ပင် သူမကို ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း... ဖုန်ချင်းချူမှာ ထိုမက်မောဖွယ် ရာထူးကို ငြင်းဆန်ကာ ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေမှာတွင်သာ ဆက်လက် နေထိုင်ခဲ့သည်။
ယဲ့မူဖန်သည်လည်း အလားတူပင် ရွေးချယ်ခံ ဖျက်မြင်းတစ်ဦး ဖြစ်ခဲ့သည်။ ရက်စက်ကြမ်းကြုတ်သည့် သွေးနတ်ဆိုး မိစ္ဆာ ဘုရင်ဘွဲ့နှင့် အလွန် ကျော်ကြားသည့်တိုင် ယဲ့မူဖန်မှာ မြေကြီး ရှန့်ထို တစ်ဦး အနေဖြင့် အလွန် ငယ်ရွယ်သေးကာ အသက် ၅၅၀၀ နီးပါးသာ ရှိပေသေးသည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ သမိုင်း တစ်လျှောက်လုံးတွင် အထင်ရှားဆုံး၊ အကျော်ကြားဆုံးသော ရွေးချယ်ခံ ဖျက်မြင်းကတော့ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ နံပတ်တစ် အလှမယ်၊ ဧကရာဇ် မျိုးနွယ်၏ လက်ရှိ ဧကရီ ထျန်းရှောင်ချွမ်းပင် ဖြစ်လေသည်။
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၌ အလွန်တရာ ထူးခြားလှသည့် ပါရမီနှင့် ပြိုင်စံရှား အလှတရားကို ထုတ်ဖော် ပြသခဲ့ပြီး နောက်တွင် နတ်ဘုရား အင်ပါယာ ကိုယ်တိုင်က သူမကို အင်ပါယာ မျိုးနွယ် အတွင်း ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ...
အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှာ ချိပ်ပိတ်နယ်မြေ၏ ကျင့်ကြံခြင်း သမိုင်းတွင် အဓိက အကျဆုံး အခန်း ကဏ္ဍမှ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သူ၏ အရေးပါမှုကို မည်သူမှ မငြင်းပယ်နိုင်ပါချေ။ ယနေ့ခေတ်၏ မြေကြီးရှန့်ထို အများစုမှာ သူ၏ ရှေ့ဆောင် လမ်းပြမှုများကို အမှီသဟဲပြုကာ လက်ရှိ အဆင့်ထိ တိုးတက် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ သူသာ မရှိခဲ့ပါက ယနေ့ခေတ်ကို ထာဝရခေတ်ဟုပင် မှည့်ခေါ်နေလိမ့်မည်လား မပြောတတ်ပါချေ။
ချိပ်ပိတ်နယ်မြေ၏ ကျင့်ကြံခြင်း သမိုင်း၌ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာနှင့် ရင်ဘောင်တန်းနိုင်ခဲ့သည်ကတော့ ထာဝရ ဧကရာဇ်ပင် ဖြစ်သည်။ မြေကြီးရှန့်ထိုများမှာ သူ မရောက်လာခင် နှစ်ပေါင်း တစ်သောင်း သုံးထောင်ကျော်ကတည်းက ရှိနေခဲ့သည် ဆိုသော်လည်း ထိုစဉ်က မြေကြီးရှန့်ထို အရေအတွက်မှာ ယနေ့ခေတ်၏ ဆယ်ပုံတစ်ပုံမျှသာ ရှိခဲ့ပါတယ်။ ထိုအရာက ထာဝရ ဧကရာဇ်၏ သက်ရောက်မှုများ မည်မျှ ကြီးမားခဲ့ကြောင်း ဖော်ပြနေသည့် သက်သေ တစ်ခုပင် ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့် တိုးတက်မှု ဆိုလျှင် ဆယ်ဆထက်ပင် အဆပေါင်းများစွာ ပိုမို၍ များပြားပေသည်။
ယနေ့တွင်တော့ ချိပ်ပိတ် နယ်မြေကြီး၏ ကျင့်ကြံခြင်း လောကသားများမှာ ထိုပုဂ္ဂိုလ်ကြီး ချန်ရစ်ခဲ့သည့် အမွေအနှစ် အကြွင်းအကျန်များကို ရယူဖို့၊ သူတို့ကိုယ် သူတို့ သက်သေပြဖို့ စုဝေးလာနေခဲ့ကြပြီ ဖြစ်လေသည်။
...
ထာဝရ ကမ္ဘာ...
ထာဝရ ကမ္ဘာမှာ စိမ်းလန်းစိုပြည်ကာ သစ်ပင်ပန်းမန်ပေါများလှသော ဘုံတစ်ခုဖြစ်သည်။ သို့သော်လည်း အလွန် မြင့်မားလှသည့် တောအုပ်ကြီးများနှင့် သားရိုင်းတိရစ္ဆာန်များ မရှိပဲ နေရာ အများစုကို မြက်ခင်းများ၊ ပန်းနွယ်ပင်များနှင့် သစ်ပင်များသာ အဓိက ဖုံးလွှမ်းထားသည်။ မည်သို့ပင် ဆိုစေ... ထာဝရ ကမ္ဘာမှာ ငြင်းဆို၍ မရနိုင်အောင် လှပသည်။ ၎င်းမှာ စံပြနိဗ္ဗာန်ဘုံတစ်ခု ဖြစ်ကာ လောကအတွင်း တည်ရှိနေသမျှ အကြီးမားဆုံးသော ဥယျာဉ်လည်း ဖြစ်သည်။
"ဒါတော့ ဒါက ထာဝရကမ္ဘာပေါ့..."
အံ့သြ ထိတ်လန့်ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် မသေချာ မရေမရာခြင်းတို့ ပြည့်နှက်နေသည့် အသံများမှာ တိတ်ဆိတ်သည့် ထာဝရ ကမ္ဘာထက်တွင် စတင်ကာ ပျံ့နှံ့လာခဲ့သည်။
***