ပျောက်ကွယ်ခြင်း
Vol. 106 Ch. 1480
ယနေ့၌...
ဝှစ်... ဝှစ်...
လူငယ် များစွာမှာ ထာဝရ ကမ္ဘာထက်ရှိ နေရာ အနှံ့အပြားတွင် စတင်ကာ ထွက်ပေါ်လာခဲ့လေသည်။ သူတို့မှာ သင်းအီ မွှေးပျံ့သည့် ရနံ့များ ရှိသည့် ပန်းခင်းများ အကြား၊ သို့မဟုတ်လည်း လေကောင်း လေသန့် ရရှိကာ သစ်ပင်ငယ်များ ပေါက်ရောက်နေသည့် မြင်ခင်းပြင်ကြီးများထက်တွင် ရောက်ရှိနေကြောင်း သူတို့ကိုယ် သူတို့ တွေ့ရှိခဲ့ကြရသည်။
သူတို့ မြင်တွေ့ရသော မြင်ကွင်းများက ကန့်သတ်ချက် မရှိပါချေ။ ဝက်သစ်ခြဖြူပင်မှသည် မက်မွန်ပင် အထိ...၊ ဘောဘီပန်းမှသည် စိန်ပန်း အထိ...၊ အုန်းပင်မှသည် စတော်ဘယ်ရီခြုံများ အထိ အမျိုးအစား စုံလင်လှပေသည်။
၎င်းမှာ ရာသီဥတု မရွေး အဆုံးမဲ့ ကွဲပြားမှုများနှင့် ပြည့်နှက်နေကာ စိမ်းလန်းစိုပြည်မှု၊ အသက်ဓာတ်တို့ဖြင့် ပြည့်နှက်နေသည့် ဂြိုဟ်တစ်လုံး ဖြစ်သည်။ လေကိုယ်တိုင်ကပင် ထူးခြားသော စွမ်းအင်များနှင့် ပြည့်နှက်နေကာ တစ်ချက် ရှူရှိုက်ရုံဖြင့်ပင် စွမ်းအင်များ ပြည့်ဝစေသည်။ ဤနေရာတွင် နေထိုင်ပါက ကျင့်ကြံခြင်း မပြုဖူးသေးသော သေမျိုးများ ပင်လျှင် သက်တမ်းရှည်စွာ ရှင်သန်နိုင်မည်ဖြစ်သည်။
"လှလိုက်တာ..."
အမျိုးသမီးငယ် တစ်ဦးက မျက်လုံးများကို မှိတ်ကာ လာဗင်ဒါပန်းကို တယုတယ ရှူရှိုက်လိုက်သည်။ ထိုအခါ သူမ၏ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်ဘဲ ဖိအားများ ပြေလျော့ သွားသယောင် ခံစားလိုက်ရသည်။ ထိုခံစားချက်က အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။
"နောက်ပြီးတော့ အနံ့ကလည်း တကယ် မွှေးတယ်..."
သူမက ပန်းကို ခူးယူရန် လက်လှမ်းလိုက်၏။ ထိုပန်းမျိုးစိတ်ကို လေ့လာကာ သူမ၏ ခြံဝန်း အတွင်း ပြန်လည် စိုက်ပျိုးရင်း ရနံ့ ထုတ်ယူရမည့် နည်းလမ်းကို သူမ သင်ယူလိုခဲ့သည်။
"မလုပ်နဲ့..."
ရုတ်တရက် လက်တစ်ဖက်က လှမ်းလာကာ သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ မိန်းကလေးမှာ လန့်ဖျပ်သွားကာ ကြောက်လန့်တကြား ခုန်မိလုနီးပါး ဖြစ်သွားခဲ့၏။ သူမ၏ လက်ကို ဆွဲလိုက်သူက အခြားလူ မဟုတ်...။ ဂိုဏ်းတူ အကိုကြီး တစ်ယောက်ပင် ဖြစ်သည်။
"ဘာလဲ..."
မိန်းကလေးက ဒေါသတကြီး နှုတ်ခမ်းကို စူလိုက်ရင်း လက်ကို လိမ္မာပါးနပ်စွာ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ ဂိုဏ်းတူ အကိုကြီးမှာ အလွန် ထိတ်လန့် နေလေရာ သူ လိုက်ဖို့ ကြိုးစားတိုင်း ဂျူနီယာ ညီမဖြစ်သူက ငြင်းဆန်ခဲ့သည့် အဖြစ်ကိုပင် မေ့လျော့ နေခဲ့သည်။
"မင်း အနံ့ခံလို့ရတယ်... ထိလို့ရတယ်.. ဒါပေမဲ့ ဘာကိုမှ ယူဖို့ မကြိုးစားနဲ့... ဟုတ်ပြီလား"
မိန်းကလေး အတင်းရုန်းနေသည်ကို တွေ့ မြင်ပြီးနောက် သူက အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
"ဘာလို့လဲ"
ချုပ်နှောင်ခံရမှုမှ လွတ်မြောက်သွားပြီးနောက် မိန်းကလေးက လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်ရင်း ဂိုဏ်းတူ အကိုကြီးကို ကြည့်လိုက်သည်။
"ထာဝရကမ္ဘာ က သာမန်ဂြိုဟ်တစ်ခု မဟုတ်ဘူး... ငါပြောတာ ရိုးရိုးလေးပဲ... မယူနဲ့ ဟုတ်ပြီလား... မင်းရဲ့ ဆရာက မင်းကို မပြောခဲ့ဘူးလား"
ဂိုဏ်းတူ အကိုကြီးက အများကြီး ရှင်းမပြပဲ လိုရင်းကိုသာ ဆိုလိုက်၏။ မိန်းကလေးက ဘာမှ ပြန်မပြောပဲ မျက်လုံးကိုသာ လှန်လိုက်သည်။ သို့သော်လည်း တန်ခိုးရှင် အင်အားစု၏ တစ်ခု၏ ရွေးချယ်ခံ တစ်ဦးအနေဖြင့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတွင် အသက် အန္တရာယ်ကို အချိန်မရွေး နှုတ်ယူနိုင်သည့် အန္တရာယ်များကို ရှိနေကြောင်းကို သူမ သတိပြုမိပေသည်။ သူမ၏ ဆရာဖြစ်သူက အရာအားလုံးကို သတိထားရန် မှာကြာခဲ့သော်လည်း အသေးစိတ်တော့ ရှင်းမပြခဲ့ပါချေ။
ဂိုဏ်းတူ အကိုကြီးမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို ယခင်ကတည်းက ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးလေရာ အတွေ့အကြုံ ကောင်းကောင်း ရှိသည်ဟု ဆိုနိုင်ပေသည်။ သို့သော်လည်း ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲဝင်ဖူးသူတိုင်းမှာ ပြိုင်ပွဲ၏ အချက်အလက်များကို ထုတ်ဖော် မပြောပါဟု ကောင်းကင် ကျိန်စာ ကျိန်ဆို ကြရသည်။ ၎င်းက လျှို့ဝှက်ကျိန်စာ မဟုတ်ပဲ ကောင်းကင် ကျိန်စာ ဖြစ်သည်။ ချိုးဖောက်ရန် စိတ်ကူးမိရုံဖြင့် အသက်ရှင်နိုင်ခြေ မရှိတော့ပေ။
"စိတ်ရှည်ရှည်နဲ့သာ စောင့်ပါ… မကြာခင် မင်း အားလုံးကို သိလာလိမ့်မယ်”
သူက အသက်ပြင်းပြင်း ရှူကာ ဆိုလိုက်လေ၏။
"မကြာခင်…"
မိန်းကလေးက မျက်မှောင်ကြုတ် လိုက်သော်လည်း ဘာမှ ဆက်မပြောတော့ချေ။
နာရီများ တရွေ့ရွေ့ ရွေ့လျားနေသည်နှင့် အမျှ ထာဝရကမ္ဘာ၏ နေရာအနှံ့အပြားတွင် ရွေးချယ်ခံများစွာ တဖွဲဖွဲ ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ဤသို့နှင့် အရေအတွက်မှာ သိန်းပေါင်းများစွာ အထိ ရောက်ရှိ သွားခဲ့သည်။ ထာဝရကမ္ဘာမှာ ဂြိုဟ်ငယ်လေး တစ်ခုသာ ဖြစ်သော်လည်း အလွန် ကျယ်ဝန်းနေဆဲ ဖြစ်လေရာ အတူတကွ လာရောက်သည့် အဓိက အစုအဖွဲ့များမှလွဲ၍ အခြားသူများနှင့် တွေ့ဆုံခြင်းမျိုး နည်းပါးလှသည်။
…
ထာဝရကမ္ဘာထက်ရှိ ကြီးမား ကျယ်ပြန့်လှသော မြက်ခင်း တစ်ခုထက်တွင် လှပသည့် မိန်းကလေး သုံးဦး ရပ်နေခဲ့သည်။ အလယ်၌ ရပ်နေသည့် မိန်းကလေးမှာ ခေါင်းဆောင် ဖြစ်ဟန်တူကာ သူမမှာ အခြား နှစ်ဦးထက် သိသိသာသာ ပိုမို၍ လှပသည်။ သူမမှာ ရုပ်ရည်နှင့် အော်ရာတို့တွင် အဆပေါင်းများစွာ ပိုမို သာလွန်ရုံမျှ သာမက မွေးရာပါ မာနတရားနှင့် ဧကရီ တစ်ပါး၏ အငွေ့အသက်များကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် ဆန့်ကျင်ဘက်လိင် အပေါ် အဆုံးစွန်သော စွဲဆောင်နိုင်စွမ်းကိုပါ ဆွဲကိုင် ထားနိုင်သည်။
မိန်းကလေးက သူမ၏ မီးခိုးရောင် မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်သည်။
သူမမှာ အစွန်းရောက်ယင် နတ်မိမယ် တစ်ဖြစ်လည်း နာ့ရှင်းရီမှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။
"သူ ဒီမှာ ရှိနေလောက်လား"
နာ့ရှင်းရီက ခပ်တိုးတိုး ရေရွတ်ရရင်း ရှာဖွေ လိုက်၏။
…
တစ်ရက်
အချိန်တစ်ရက် ကုန်ဆုံးသွားခဲ့လေပြီ။ ထာဝရကမ္ဘာ ပေါ်လာပြီးနောက် ၂၄ နာရီ ပြည့်သွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်သို့ အရောက်၌ ကျင့်ကြံသူပေါင်း များစွာမှာ ဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ အရေအတွက်အားဖြင့် သန်းချီသည် အထိ ရှိပေလိမ့်မည်။ သူတို့မှာ ရွေးချယ်ခံများနှင့် ရွေးချယ်ခံ ဖျက်မြင်းများပင် ဖြစ်ကြသည်။
ထို့အပြင်… သူတို့ အားလုံးမှာ ဝေ့ဝူယင် အသစ် သတ်မှတ်ထားသည့် ရွေးချယ်ခံ စံနှုန်းများ အတွင်း ဝင်သူများ ဖြစ်ကြသည်။ သူတို့ထဲရှိ တစ်ဦးတစ်ယောက်မှ သာမန် မဟုတ်ကြချေ။
ဂျိန်း…
တစ်ရက် ပြည့်မြောက်ပြီးနောက် မကြာမီမှာပင် ထာဝရ ကမ္ဘာထက်ရှိ လူတိုင်းမှာ အလွန် ကျယ်လောင်သည့် မိုးခြိမ်းသံကြီးကို ကြားလိုက်ရလေ၏။
အားလုံး ကောင်းကင်ကို မော့ကြည့်လိုက်သော အခိုက်၌ ထာဝရကမ္ဘာ၏ လေထုအလွှာအပြင်ဘက်တွင် ကြီးမားသော အရိုးသော့ကြီး တစ်ခု ပေါ်လာခဲ့သည်ကို တွေ့လိုက်ရသည်။
“ထာဝရသော့ကို ကိုင်ဆောင်ထားသူ အနေနဲ့ ကျုပ် စန်းလော့ယန်ကနေ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကြီး စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်… ရွေးချယ်ခံတွေ အားလုံး ကံကောင်းကြပါစေ… ကောင်းကင်က သင်တို့ဘက်မှာ ရှိပါစေ"
ရုတ်ချည်း ဆိုသလိုပင် စန်းလော့ယန်၏ အသံက မိုးခြိမ်း သကဲ့သို့ ထွက်ပေါ်လာကာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အပါအဝင် ချိပ်ပိတ်နယ်မြေ အတွင်းရှိ ကြယ်ကွင်းပြင်ကြီး ဆယ့်ရှစ်ခုလုံးကို ပျံ့နှံ့ သွားခဲ့သည်။
ဂျိန်း… ဂျိန်း…
ထို့နောက်တွင်တော့ အလွန် ကြီးမားသည့် အရိုးခေါင်းသော့ကြီးမှာ ဂြိုဟ်ပေါ်သို့ ထိုးစိုက် ကျလာကာ အနည်းငယ် ဖောက်ဝင်သွားပြီး ကိုးဆယ် ဒီဂရီ လှည့်ပတ်လိုက်လေသည်။
ဝှစ်…
ရုတ်ချည်း ဆိုသလိုပင် ထာဝရကမ္ဘာမှာ အမှောင် ဟင်းလင်းပြင် အတွင်းမှ ဆိုင်းမဆင့် ဗုံမဆင့် ပျောက်ကွယ် သွားခဲ့သည်။ အဝေးမှ လေ့လာနေကြသူများမှာ ထိုမြင်ကွင်းကို တွေ့မြင် လိုက်ရသော်လည်း မည်သူ တစ်ဦးတစ်ယောက်မျှ ထိတ်လန့်ခြင်းမရှိကြချေ။ ထာဝရကမ္ဘာ ပျောက်ကွယ်သွားခြင်းမှာ ထာဝရသော့ အသုံးပြုပြီးနောက် အမြဲတမ်း ဖြစ်ပေါ်လေ့ရှိသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။
မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်လျှောက် ဆုတောင်းသံများ စတင်ထွက်ပေါ်လာခဲ့၏။ အားလုံးမှာ သူတို့၏ အဖိုးတန် ပါရမီရှင်များနှင့် အနာဂတ် မျှော်လင့်ချက်များ ဘေးကင်းစွာ ပြန်လာနိုင်ပါစေဟု ဆုတောင်းနေကြသည်။ ရွေးချယ်ခံကလေးများ အားလုံးမှာ သူတို့၏ အကြီးအကဲများ၊ မိသားစုများ၊ မိတ်ဆွေများနှင့် ချစ်ရသူများ၏ အိပ်မက်များကို ပခုံးပေါ် ထမ်းထားကြသူများ ဖြစ်သည်။ ထိုအိပ်မက်များ မပျက်စီးရအောင် သူတို့ မသေဖို့ လိုအပ်ပေသည်။
***