တာဝန်နှင့် သတင်း
Vol. 106 Ch. 1481
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၌…
အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှာ ရာဇပလ္လင်ထက်၌ ထိုင်ကာ အဆုံးမဲ့ ကြယ်တာရာ ဟင်းလင်းပြင် အလား မျက်လုံးများနှင် တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။
စန်းလော့ယန် ထာဝရသော့ကို ဆင့်ခေါ်လိုက်သည့် အခိုက်တွင် ထိုမျက်လုံးများမှာ ကြယ်ကွင်းပြင် တစ်ခုကိုပင် သက်ရောက်နိုင်သည့် မဟာ ကပ်ဘေး တစ်ခု ကဲ့သို့ ပြောင်းလဲသွားပုံရသည်။ သူ၏ မျက်ဝန်းများ အတွင်းရှိ ကြယ်များမှာ ပုံမှန်မဟုတ်ပဲ လျှင်မြန်စွာ လှုပ်ရှားလာကာ မျက်တောင် တစ်ခပ်စာမျှ ကာလ အတွင်း အမျိုးမျိုးသော မွေးဖွားခြင်းနှင့် ပျက်စီးခြင်းများကို ကြုံတွေ့ခဲ့ရလေသည်။
အသက် တစ်ချက်မျှ ရှူပြီးနောက် အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ ကြယ်တာရာ မျက်ဝန်းများမှာ ယခင်ကနှင့် များစွာ ခြားနားသည့် ပုံရိပ်တစ်ခုကို ထုတ်ဖော် ပြသလာခဲ့သည်။ ကြယ်များ၏ နေရာချထားပုံမှာ ပြောင်းလဲ သွားခဲ့ကာ အမှောင် ဟင်းလင်းပြင်၏ ထူထဲမှုက ပိုမို အုံ့မှိုင်းလာသည်။ ကြယ်တစ်လုံးချင်းစီမှာလည်း ယခင်ကထက် ပိုမို တောက်ပလာခဲ့၏။ ထိုခဏတာအတွင်း၌ သူက ကောင်းကင်ကို လှုပ်ခတ်စေနိုင်သည့် ပြောင်းလဲမှုတစ်ခုအား ကြုံတွေ့ခဲ့ရသည့်ပုံ ရသည်။
တစ်ခဏမျှ ကြာပြီးနောက် အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှာ ရာဇပလ္လင်ထက်မှ ဖြည်းညင်းစွာ ထလာခဲ့၏။
"ဟူး..."
သူက အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထိုကဲ့သို့ လုပ်ဆောင်လိုက်သည်နှင့် တစ်ပြိုင်နက် ရာဇပလ္လင် ခန်းမအ တွင်းရှိ ဟင်းလင်းပြင်၊ အချိန်နှင့် အမတေ စွမ်းအင်အားလုံး သူ့ထံသို့ ဆွဲငင်ခံလိုက်ရသည်။ သူ၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက အဆုံးမဲ့ အုပ်စိုးသူ တစ်ပါး အလား ကောင်းကင်နှင့် မြေကြီးကြားရှိ အရာအားလုံးကို ထိန်းချုပ် နေသယောင် ထင်ရသည်။
"အံ့မခန်းပဲ..."
သူ၏ အသံက နက်ရှိုင်း၏။ ကြည်လင်၏။ အကြွင်းမဲ့ အင်အားများနှင့် ပြည့်နှက်နေ၏။ ဧကရာဇ် တစ်ပါး၏ အင်္ဂါရပ်များနှင့် ပြီးပြည့်စုံပေသည်။ အသံလှိုင်းများ၏ ပြင်းအားအောက်တွင် ကျောက်နံရံများပင်လျှင် တုန်ခါကာ ပုံပျက်သွားခဲ့သည်။
"နောက်ထပ် ခြေတစ်လှမ်းပဲ ကျန်တော့တယ်"
...
နဂါးငွေ့တန်း ကြယ်ကွင်းပြင်၏ တစ်နေရာ၌...
ဝမ်ယုထျန်းမှာ ဟင်းလင်းပြင် နဂါးကြီး လှုပ်ရှားနေသည်ကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သည်။ ၎င်း ပြန်လည် နိုးထလာမည်ကို သူ အမှန်ပင် ကြောက်ရွံ့နေခဲ့သည်။ ရုတ်တရက် သူ၏ နားများက ထောင်မတ်သွားကာ မျက်လုံးများက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေဘက်ကို လှမ်းကြည့်လိုက်သည်။ ချက်ချင်း ဆိုသလိုပင်... သူ၏ မျက်လုံးများမှာ မှိန်ဖျော့သော အလင်းရောင်များနှင့် တောက်ပလာကာ လောက၏ စီးဆင်းမှု အပြောင်းအလဲများကို စစ်ဆေးရင်း တွက်ချက်လိုက်သည်။
"မင်းမှာ ဘယ်လောက်တောင် သတ္တိရှိလဲ..."
ဝမ်ယုထျန်းက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို စိုက်ကြည့်ရင်း လက်ဖြင့် မေးစေ့ကို ပွတ်သပ်ကာ မှတ်ချက်ပေးလိုက်သည်။
"မင်း လုပ်ဖို့ လိုအပ်သမျှ အားလုံးက ဝင်ရောက်ခွင့်ပဲ... ဒါဆိုရင် လွတ်လပ်မှုက မင်းအတွက် ဖြစ်လာနိုင်တယ်... ဒါပေမဲ့ မင်းက ဘယ်လောက် အန္တရာယ်များတဲ့ ကစားကွက်မျိုးကို ပုံဖော်နေတာလဲ”
ထိုကဲ့သို့ ပြောပြီးနောက် ဝမ်ယုထျန်း၏ စိတ်ဝင်စားမှုများမှာ လျော့ကျသွားခဲ့၏။ သူ၏ မျက်လုံးများက အပျက်အစီး အာကာသ အတွင်း အိပ်မောကျနေသည့် ဟင်းလင်းပြင် နဂါးကြီးထံ ပြန်လည် ရောက်ရှိသွားခဲ့တော့သည်။ ဝေ့ဝူယင် ထိုသတ္တဝါကြီး၏ ဝမ်းဗိုက် အတွင်း ဝင်ရောက်သွားခဲ့သည့် အချိန်က စလို့ သူ ယခုအထိ ကဏှာမငြိမ်နိုင်သေးပါချေ။
"ကောင်လေးလေ... မင်းဘာသာမင်း ဘယ်လောက်ပဲ တော်တော် နောက်တစ်ခါ ဒီလောက်တော့ မဆင်မခြင် မလုပ်ပါနဲ့"
ဟင်းလင်းပြင်နဂါးကြီး ၏ နှာခေါင်းပေါက်များ လှုပ်ရှားသွားသည်ကို ကြည့်ရင်း ဝမ်ယုထျန်း တစ်ယောက် တံတွေး မျိုချလိုက်မိ၏။ အနည်းငယ်မျှ လှုပ်ရှားရုံဖြင့်ပင် သားရဲကြီး နိုးထလာနိုင်ကြောင်း သူ ခံစားရသည်။ သည်အတိုင်းသာ ဆက်လက်ဖြစ်နေမည် ဆိုပါက သူ၏ ဝိညာဉ်နှလုံးသားမှာ ဆက်လက် ကြံ့ကြံ့ခိုင်နိုင်တော့မည် မဟုတ်ပါချေ။
...
မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်သီး ကျင့်ကြံသူ များစွာမှာ သူတို့၏ ရွေးချယ်ခံလေးများ ပြိုင်ပွဲ၌ အောင်မြင်မှုများ ရရှိကာ ထိပ်သီး ပညာရှင်များ ဖြစ်လာစေရန် လိုအပ်သည့် ရင်းမြစ် ဘဏ္ဍာများစွာနှင့် အတူ ပြန်လာနိုင်ကြပါစေဟု ဆုတောင်းရင်း ရင်သပ်ရှုမောစွာ စောင့်ဆိုင်းနေခဲ့ကြလေသည်။
သို့သော်လည်း... ထိုအထဲ၌ ဝူယု မပါဝင်ပါချေ။ အဘယ်ကြောင့် ဆိုသော်... ထာဝရ ဧကရာဇ်၏ လက်ကျန် ဆုလာဒ်များမှာ ဝေ့ဝူယင်၏ လိုအပ်ချက်များကို ပြည့်မှီစေမည် မဟုတ်ကြောင်း နက်ရှိုင်းစွာ နားလည်ထားသောကြောင့်ပင်။
ဝူယု၏ နံဘေးတွင်တော့ ဖုန်းချင်းချူ ရှိနေခဲ့၏။ သူတို့ နှစ်ယောက်မှာ အတူတကွ ရပ်နေကြခြင်း ဖြစ်ကာ မြင့်မြတ် ထည်ဝါသည့် တော်ဝင် စုံတွဲတစ်တွဲ အလား လောကကြီး၏ အပြောင်းအလဲများကို ငေးမောကြည့် နေခဲ့ကြခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက် ကြားတွင် ထူးခြားသည့် စည်းလုံး ညီညွှတ်မှု တစ်ခု ရှိသော်လည်း တစ်ချိန်တည်း၌ မရေရာမှု တစ်စွန်းတစ်စလည်း ရှိနေခဲ့သည်။
"ရှင် ဘယ်တော့ ထွက်သွားရမှာလဲ"
ဖုန်းချင်းချူက ညင်သာစွာ မေးလိုက်၏။ ဝူယု မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ ဝေ့ဝူယင်မှာ လွန်ခဲ့သည့် နှစ်များ ကတည်းက ဝူယုကို တာဝန် တစ်ခု ပေးအပ်ခဲ့ပြီး ၎င်းမှာ ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ စတင်သည်နှင့် အသက်ဝင်မည် ဖြစ်ကြောင်း ဖုန်းချင်းချူ သိပေသည်။ ၎င်းမှာ အန္တရာယ်များလိမ့်မည် ဖြစ်ကြောင်း သေချာသော်လည်း ဝူယုမှာ ဘယ်သောအခါမှ ကြောက်ရွံ့တတ်သူ တစ်ယောက် မဟုတ်ပေ။
"နောက်ထပ် နာရီပိုင်းလောက်ပေါ့"
ဝူယုက ပြောလိုက်သည်။ ဝူယုမှာ အသံကို ညင်သာရန် ကြိုးပမ်း နေခဲ့သော်လည်း တာဝန်ကြောင့်ပင် စိတ်အေးလက်အေး ဖြစ်ရန်မှာ ခက်ခဲလှသည်။ အမှားအယွင်း ဖြစ်သွားနိုင်သည့် အခွင့်အလမ်းက အမြဲတမ်း ရှိနေပြီး ဤသည်က ဖုန်းချင်းချူနှင့် နောက်ဆုံးအကြိမ် စကားပြောခြင်းလည်း ဖြစ်ကောင်း ဖြစ်သွားနိုင်ပေသည်။
"နောက်ထပ် နာရီပိုင်းလောက်...”
ဖုန်းချင်းချူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူမ၏ တုံ့ပြန်ပုံက အတော်လေး ထူးခြားနေလေရာ ဝူယု တစ်ယောက် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူ မိန်းကလေး၏ လက်ကို ဆွဲလိုက်ရင်း ရှားရှားပါးပါး မေတ္တာစိတ်ကို ထုတ်ဖော် ပြသလိုက်သည်။
"မင်းလည်း ငါ့အကြောင်းကို သိတာပဲ... ငါ ဘယ်တုန်းက မအောင်မြင်ခဲ့ဖူးလို့လဲ..."
ဝူယုက တည်ငြိမ်စွာ ပြုံးရင်း ပြောလိုက်၏။
"..."
ဖုန်းချင်းချူမှာ သူ့ကို စိုက်ကြည့်နေခဲ့သည်။ သူမ၏ မျက်ဝန်းများတွင် ဖျောက်ဖျက်ရန် ခက်ခဲသည့် ခံစားချက် တစ်ခု ရစ်ဝဲ နေခဲ့၏။
"ဘာလို့လဲ..."
ဝူယု မျက်မှောင်ကြုတ်လိုက်သည်။ ဖုန်းချင်းချူ၏ အပြုအမူက တစ်ခုခု မှားယွင်းနေသည်ကို သူ သတိပြုမိလိုက်သည်။
ဝူယု ညင်သာစွာပင် သူမ၏ လက်ကို ကိုင်ရင်း ခန္ဓာကိုယ် တစ်ခုလုံးကို ဝိညာဉ်အာရုံဖြင့် ဆန်းစစ်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း... ဖုန်းချင်းချူက လျှပ်စီးအလား လျင်မြန်စွာပင် သူမ၏ လက်ကို ရုန်းထွက်လိုက်၏။
"...”
ဝူယု အံ့ဩသွားခဲ့၏။ သူတို့ နှစ်ယောက် ပထမဆုံးညကို အတူ ဖြတ်သန်းခဲ့ကြပြီး ဖြစ်သည်။ နှစ်ပေါင်းများစွာ အတူတူ ရှိခဲ့ကြပြီး ဖြစ်သည်။ ခံစားချက်များကို ဖွင့်ဟခဲ့ကြပြီး ဖြစ်သည်။ ထိုကာလ တစ်လျှောက်လုံး ဖုန်းချင်းချူမှာ သူ့ ဝိညာဉ်အာရုံကို တစ်ခါမှ မရှောင်တိမ်းခဲ့ဖူးချေ။ ဤသည်က ပထမဆုံး အကြိမ် ဖြစ်သည်။ ထို့ကြောင့်ပင် ဝူယု တစ်ယောက် မည်ကဲ့သို့ တုန့်ပြန်ရမည်ကိုပင် သေချာ မသိတော့ချေ။
မဟာ ဧကရာဇ် တစ်ပါးအနေဖြင့် ပြင်ကလောကို အကြောက်အလန့် ကင်းမဲ့စွာ အုပ်စိုးခဲ့သော်လည်း ချစ်ရသူနှင့် ရင်ဆိုင်ရချိန်တွင်တော့ သူ့ အဖြစ်က ဆယ်ကျော်သက် တစ်ယောက်လို ကယောင်ချောက်ချား ဖြစ်နေခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ဝူယုမှာ အချစ်စစ်ကို ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည့် ကျွင်းယာ တစ်ယောက်တည်း အတွက်သာ ရည်စူးခဲ့သည်။ နတ်မိမယ်လေးပေါင်းများစွာ နံဘေးတွင် ဝန်းရံနေခဲ့သည့်တိုင် သူကတော့ ကျွင်းယာကိုသာ တမ်းတခဲ့သည်။ ဖုန်းချင်းချူမှာ ကျွင်းယာနှင့် တူသည်ဟု ဝူယုခံစားရသည်။ ထို့ကြောင့်ပင် သူ့ ချစ်ခြင်း မေတ္တာ အားလုံးကို ပုံပေးခဲ့သည်။ နောက်တစ်ကြိမ် အချစ်ကို ရှာတွေ့ခဲ့သည်။
သို့သော်လည်း... ယခုတွင်တော့ သူမမှာ သူ့ ဝိညာဉ်အာရုံကို ရှောင်ထွက်နေခဲ့ပြီ ဖြစ်သည်။ ထိုခံစားချက်က ဝူယု အတွက် အတော်လေး ပြင်းထန်လှသည်။
“ကျွန်မ... ကျွန်မ...”
ဖုန်းချင်းချူမှာ စကားပြောရန် ကြိုးစားခဲ့သော်လည်း ဘယ်ကစ၍ ပြောရမည် သို့မဟုတ် မည်ကဲ့သို့ ရှင်းပြရမည်ကို စဉ်းစားမရခဲ့ချေ။
"..."
သူတို့ နှစ်ယောက်မှာ ကောင်းကင်ယံ ကြယ်များကြားတွင် မသက်မသာပင် ရပ်နေခဲ့မိကြ၏။ ထိုအခိုက်၌ သူတို့ နှစ်ဦးတည်းသာ ရှိနေပြီး လောကကြီး တစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက် နေခဲ့သည်။
အချိန် ကြာရှည်စွာ တိတ်ပြီးနောက် ဝူယုက ထိုပြဿနာကို အတင်းအကြပ် မကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်၏။
"မင်း ဘာလို့ ဒီလို လုပ်ရသလဲ ဆိုတာ ငါ မသိဘူး... ဒါပေမဲ့ မင်း ပြောဖို့ အဆင်သင့်ဖြစ်တဲ့အခါ ငါ့ကို ပြောပြလို့ရတယ်... ဘယ်လိုပဲ ဖြစ်ဖြစ် ငါကတော့ မင်းကို နာကျင်အောင် မလုပ်ဘူး..."
သူက အေးအေးဆေးဆေးပင် ပြောပြလိုက်၏။ ဖုန်းချင်းချူဘက်မှ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို အဆုံးသတ်ချင်လျှင်ပင် သူဘက်က တုန့်ပြန်လိမ့်မည် မဟုတ်ချေ။ သူမကို အေးအေးဆေးဆေးပင် သွားခွင့်ပြုမည် ဖြစ်သည်။
ဝူယု နာရီ အနည်းငယ်ပင် ထပ်မစောင့်တော့ပဲ စောစော ထွက်ခွာဖို့ ဆုံးဖြတ်လိုက်၏။ စိတ်ခံစားချက်များက တာဝန်အား ထိခိုက်စေမည့် အဖြစ်မျိုးကို သူ ခွင့်မပြုနိုင်ပါချေ။
"..."
ကျောခိုင်း ထွက်ခွာဖို့ ဟန်ပြင်လိုက်သည့် ဝူယုကို ကြည့်ရင်း ဖုန်းချင်းချူ၏ နှလုံးသားမှာ နတ်ဆိုးလက်များနှင့် ဖျစ်ညှစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။ ရှင်းပြ၍ မရနိုင်သည့် ခံစားချက် တစ်ခုက သူမ၏ အသိစိတ် ပင်လယ် တစ်ခုလုံးကို လွှမ်းခြုံ ထားသည်။
"ခဏလေး..."
အသိစိတ်၏ စေ့ဆော်မှု မပါပဲ သူမ ဝူယု၏ လက်ကို လှမ်းဆွဲကာ တားဆီးလိုက်၏။ အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်းမှာ ထွက်ခွာတော့မလို ဟန်ပြင်လိုက်ပြီးမှ နောက်သို့ လှည့်ကြည့်လိုက်သည်။ အသားချင်း ထိတွေ့မှုမှ တစ်ဆင့် ဖုန်းချင်းချူ၏ ခန္ဓာကိုယ်က မသိမသာ တုန်ရီနေကြောင်း သူ ခံစားနိုင်ပေသည်။
"ဝူယု..."
သူမက လှပဝိုင်းစက်သည့် သမင် မျက်ဝန်းငယ်များနှင့် ဝူယုကို စိုက်ကြည့်လိုက်သည်။
"ကျွန်မ ကိုယ်ဝန်ရှိနေပြီ..."
"..." ဝူယု...။
"..." ဖုန်းချင်းချူ...။
***