အန္တရာယ်များ
Vol. 106 Ch. 1482
"ကိုယ်... ကိုယ်ဝန်..."
ဝူယု တစ်ယောက် အလွန် ထိတ်လန့် တုန်လှုပ်ကာ အံ့အားသင့် သွားခဲ့၏။ သို့သော်လည်း ထိုထိတ်လန့်မှုကြားမှ ဖြည်းဖြည်းချင်း ပေါ်လွင်လာသည့် အပြုံးမှာ အလွန်ပင် တောက်ပ လန်းဆန်းလှကာ စကြဝဠာတစ်ခုလုံး၏ အလင်းရောင်များကိုပင် မှေးမှိန်သွားအောင် စွမ်းဆောင်နိုင်စွမ်း ရှိပေသည်။
"မင်းမှာ ကိုယ်ဝန်ရှိနေပြီ ဟုတ်လား..."
သူ နောက်တစ်ကြိမ် ထပ်မေးလိုက်၏။ ဖုန်းချင်းချူက မဝံ့မရဲ အမူအရာဖြင့်ခေါင်းညိတ်လိုက်သည်။ သူမမှာ နှစ်ထောင်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့သည့် မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သော်လည်း ထိုအခိုက်တွင်တော့ မိန်းမငယ်လေး တစ်ယောက်လို ပြုမူနေခဲ့သည်။
"ဟား ဟား... ငါတို့မှာ ကိုယ်ဝန် ရှိနေပြီပေါ့..."
ဝူယု တစ်ယောက် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပဲ မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်သည့် ရယ်မောသံများဖြင့် ကောင်းကင်ကို ကြည့်ကာ အော်ဟစ်လိုက်လေ၏။ ထို့နောက်တွင်တော့ သူက ဖုန်းချင်းချူ၏ လက်ကို ဆုပ်ကိုင်ကာ သေမျိုးများ မမြင်နိုင်သည့် အမြန်နှုန်းနှင့် ပျံသန်း သွားခဲ့တော့သည်။ ဖုန်းချင်းချူ တစ်ယောက် ထိတ်လန့် သွားသော်လည်း ဝူယု၏ တုန့်ပြန်မှုများက သူမကိုပါ ကူးစက် သွားခဲ့ကာ လိုက်လံ၍ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
အလွန်တရာ ရှုပ်ထွေးလှသည့် အကြံအစည်များ၊ အပြောင်းအလဲများနှင့် ကပ်ဘေးများ ဆိုက်ကပ်နေသည့် လောကကြီး တစ်ခု အတွင်း၌ မဟာ သူရဲကောင်း တစ်ဦးနှင့် ဧကရီ တစ်ပါးတို့မှာ အညစ်အထေး ကင်းစင်သည့် ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့် တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြလေသည်။
ကျင့်ကြံခြင်း လောကမှာ ခါးသီးသည့် အမှန်တရားများနှင့် ပြည့်နှက်နေသည်။ ပျော်ရွှင်ခြင်းမှာ သွေး၊ ချွေး၊ စိတ်ဖိစီးမှုနှင့် မျက်ရည်များ ပြည့်နှက်နေသည့် ပင်လယ်ပြင်ထဲတွင် သတိမမူမိဘဲ မကြာခဏဆိုသလို ပျောက်ဆုံး သွားတတ်သည်။
ဝူယုနှင့် ဖုန်းချင်းချူတို့ နှစ်ယောက် မမွေးဖွားလာသေးသည့် ကလေး အတွက် ပျော်ရွှင်မှုကို ခံစားနေခဲ့ရချိန်တွင် ခေတ်သစ် ရွေးချယ်ခံလေးများကတော့ ကြောက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းတို့နှင့် အတူ သေခြင်းတရား တည်းဟူသော ကပ်ဘေးကြီးနှင့် ရင်ဆိုင်နေကြရလေသည်။
"အား.... ကယ်ကြပါဦး..."
ရွေးချယ်ခံ လူငယ် တစ်ဦးက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။ ကြောက်မက်ဖွယ် ဆူးပင်များမှာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်ထားကာ နတ်ဆိုးတစ်ကောင်လို အင်အားမျိုးနှင့် ဖျစ်ညှစ်နေခဲ့လေသည်။ အရိုးများ ကွဲကြေနေသည့် တဂျွပ်ဂျွပ် မြည်သံများနှင့် ချွေးပေါက်များမှ သွေးများ ပန်းထွက်နေသည့် မြင်ကွင်းများက ကြည့်ရှုသူတိုင်းကို ကြက်သီးများထသည် အထိ ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
သူက အသက်အရွယ်အားဖြင့် အလွန်ပင် ငယ်ရွယ်သေးကာ မျှော်လင့်ချက်များစွာနှင့် အတူ ခေတ်သစ်၏ ကြယ်ပွင့် တစ်ပွင့်အဖြစ် ထွန်းတောက်ရန် အလားအလာ များစွာ ရှိသူ တစ်ယောက် ဖြစ်သည်။ သို့သော်လည်း ယခုလို ငယ်ရွယ်ကာ အားမာန်အပြည့် ဘဝတွင်ပင် ကြောက်မက်ဖွယ် သေခြင်းတရားမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု စိတ်ပင် မကူးခဲ့ဖူးချေ။ လူငယ်လေး၏ အော်ဟစ် အကူအညီတောင်းခံမှုများကြောင့် လူအုပ်စုများ လျင်မြန်စွာ စုဝေးရောက်ရှိလာခဲ့ကြ၏။
သို့သော်လည်း... ကံဆိုးစွာပင် သူ့ကို ကူညီဖို့ အတွက်တော့ မည်သူမှ လှုပ်ရှားခြင်း မရှိကြပါချေ။
"ကျွန်မတို့ ကူညီကြမလား"
အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ရွေးချယ်ခံ မိန်မငယ်လေး တစ်ဦးက သူမ မျက်စိရှေ့တွင် ဖြစ်ပေါ်နေသည့် ရက်ရက်စက်စက် သေဆုံးနေမှုကို ကြည့်ရင်း သည်းမခံနိုင်တော့ဟန်ဖြင့် မေးလိုက်သည်။ သူမ ကူညီချင်သော်လည်း စောစီးစွာ ရောက်ရှိနေကြသည့် စီနီယာ ရွေးချယ်ခံများကတော့ လုံးဝ မလှုပ်မယှက် ရပ်နေကြကာ သနား ဂရုဏာသက်သည့် မျက်လုံးများနှင့်သာ ကြည့်ရှုနေကြသည်။
"ကူညီကြမလား ဟုတ်လား... သွားလေ..."
အသက်ပိုကြီးပုံ ရသည့် နောက်ထပ် ရွေးချယ်ခံ မိန်းကလေး တစ်ယောက်က မှိန်ဖျော့ဖျော့ အပြုံးဖြင့် လက်ဟန်ပြလိုက်၏။
"သွားကူညီလိုက်ပါ"
“...”
အပြာရောင်ဝတ် ရွေးချယ်ခံ မိန်းကလေးမှာ ထိုစကားလုံးများ အတွင်းမှ မကောင်းသော ရည်ရွယ်ချက်ကို ခံစားလိုက်မိသည်။ ချက်ချင်းပင် သူမ၏ စိတ်တစ်ခုလုံးမှာ အချက်ပေးသံများနှင့် ပြည့်နှက် သွားခဲ့၏။
"အား… ကယ်… ကယ်ကြပါဦး…"
လူငယ်လေး၏ အော်ဟစ်သံများမှာ မရပ်တန့်ခဲ့သလို အရိုး ကြေမွသံများနှင့် သွေးများ ခန္ဓာကိုယ်ထဲမှ ရေပန်းကဲ့သို့ ပန်းထွက်သံများလည်း မရပ်တန့်ခဲ့ပေ။ မြင်တွေ့ရသည်မှာ မခံမရပ်နိုင်လောက်အောင် စိတ်ညည်ညူးစရာ ကောင်းလွန်းလှသည်။ လူငယ်လေး၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဆူးပင်များဖြင့် ဖုံးအုပ်နေပြီး ဖြစ်လေရာ မှတ်မိရန်ပင် ခက်ခဲလှသည်။ ဦးခေါင်းမှလွဲ၍ ကျန်အစိတ်အပိုင်းများ အားလုံးမှာ ရုန်းရင်း ကန်ရင်း ဝိညာဉ်အလင်းတန်းများ အဖြစ် အရည်ပျော်ကျ နေခဲ့သည်။
မကြာခင်မှာပင် ပိုမို များပြားသောသူများ ရောက်ရှိလာခဲ့ကြ၏။ အချို့မှာ ကူညီဖို့ တွေးတောမိကြသော်လည်း စီနီယာ ကျင့်ကြံသူများ ငြိမ်သက်စွာ ရပ်နေသည်ကို မြင်တွေ့လိုက်သော အခိုက်၌ ထိုဖြစ်ရပ်က သံသယဖြစ်ဖွယ် ကောင်းသည်ဟု ခံစားလိုက်ရသည်။ ၎င်းက ထောင်ချောက်တစ်ခုလော။
"သူ ဘာလုပ်ခဲ့လို့လဲ…"
အပြာရောင်ဝတ် ရွေးချယ်ခံ မိန်းမငယ်လေးက ပတ်ဝန်းကျင်ရှိ လူများကို ကြည့်ရင်း မေးလိုက်၏။
အသက် ပိုကြီးသည့် ရွေးချယ်ခံ မိန်းကလေးက သူမကို ခေါင်းမှ ခြေဖျားအထိ ကြည့်ရှုလိုက်သည်။ သူမ၏ မျက်ဝန်းများမှာ ပါးနပ်စွာ ဖုံးကွယ်ထားသည့် လိုအင်ဆန္ဒတစ်ခုဖြင့် တောက်ပနေ၏။ သေမျိုး လူ့ဘောင်၌ ဖြစ်စေ… ကျင့်ကြံခြင်း လောက၌ ဖြစ်စေ… ဆွဲဆောင်မှုရှိသူများ၊ အထူးသဖြင့် အမျိုးသမီးများမှာ မကြာခဏ ဆိုသလို အခွင့်အရေးအချို့ကို ရရှိတတ်ကြသည်။
မိန်းကလေးက သက်ပြင်းချလိုက်လိုက်ရင်း…
"သူက…"
သူမ ပြန်ဖြေဖို့ ဟန်ပြင် လိုက်စဉ်မှာပင် နောက်ထပ် လူငယ် တစ်ဦးမှာ အကူအညီတောင်းခံသံကို ကြား၍ ရောက်ရှိလာခဲ့သည်။ ရောက်လျှင် ရောက်ချင်း ဒုက္ခ ရောက်နေသည့် ကျင့်ကြံသူ တစ်ယောက်ကို လူဒါဇင်ပေါင်းများစွာက ပြဇာတ်တစ်ခု ကဲ့သို့ ဝိုင်းကြည့်နေသည်ကို တွေ့လိုက်ရသော အခိုက်၌ သူ၏ စိတ်တစ်ခုလုံးမှာ ဒေါသများနှင့် ပေါက်ကွဲ သွားခဲ့တော့သည်။ ဖြောင့်မတ် တည်ကြည်သည့် စိတ်ဓာတ်က သူ့သွေးကြောများ အတွင်း စီးဆင်းလာကာ ဓားကိုကိုင်လျက် ဆူးပင်များဆီသို့ တိုးသွားတော့ခဲ့သည်။
ဟူး… ဟူး…
လေရည်ရွယ်ချက်နှင့် ရောယှက်နေသည့် ဓားစွမ်းအား တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ ၎င်းမှာ အထွတ်အထိပ်အဆင့် ရည်ရွယ်ချက် တစ်ခု မဟုတ်သော်လည်း အလယ်အလတ် အဆင့် ရည်ရွယ်ချက် များကြားတွင် ထိပ်တန်း ရည်ရွယ်ချက် တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ ဓားစွမ်းအားမှာ လူငယ်လေး၏ ခန္ဓာကိုယ်ကို ရှောင်တိမ်းကာ ဆူးပင်များကို အပိုင်းပိုင်း အစစ ဖြစ်သည် အထိ လှီးဖြတ်လိုက်၏။ သူ၏ ထိန်းချုပ်မှုက အပြစ်ကင်းစင်သည်။
အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ထိုလူငယ် ရွေးချယ်ခံလေးမှာ ဓားတန်ခိုးရှင်များ၏ ဒဏ္ဍာရီပုံပြင်များကို အတုယူထားပုံ ပေါ်ကာ ဆူးပင်များ၏ ဖမ်းချုပ်ခံထားရသော သနားစရာ သားကောင်ငယ်ကို ကယ်တင်လိုခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း… ဆူးပင်များ ရှင်းလင်းသွားသော အခိုက်၌ ထိုရွေးချယ်ခံမီ သေဆုံးပြီး ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သူ့ခန္ဓာကိုယ်တွင် အသက်ဓာတ် တစ်မျှင်မျှပင် မကျန်ရှိတော့ချေ။ ထိုပုံရိပ်မှာ အသံကုန် အော်ဟစ်နေခဲ့သည့် လွန်ခဲ့သည့် စက္ကန့်ပိုင်းကနှင့် သိသိသာသာ ကွာခြားနေပေသည်။ လူငယ်လေးမှာ စိတ်ရှုပ်ထွေးသွားကာ တစ်ခုခု မှားယွင်း နေသယောင် ခံစားလိုက်ရသည်။
"သူ့ကိုသာကြည့်…"
အသက် အနည်းငယ် ပိုကြီးသည့် ရွေးချယ်ခံ မိန်းကလေးက သနားဂရုဏာ သက်စွာဖြင့် ညွှန်ပြလိုက်သည်။
"ဟမ်…"
ထိုစကားလုံးထဲ၌ အဓိပ္ပာယ်များစွာ ပါဝင် နေလေရာ အပြာရောင်ဝတ် မိန်းကလေးမှာ အံ့အားသင့်သွားခဲ့သည်။
ဝှစ်…
တစ်ချိန်တည်း၌ အဖြူရောင်ဝတ် ရွေးချယ်ခံ လူငယ်လေး၏ မျက်လုံးများမှာ ဝိညာဉ် အလင်းများဖြင့် တောက်ပသွားကာ နောက်ကို ခုန်ဆုတ်လိုက်သည်။ ကံဆိုးစွာပင် နောက်ကျ သွားခဲ့လေပြီ ဖြစ်သည်။
လူငယ်လေး နောက်ကို နှစ်ပေခန့်သာ ဆုတ်ရ ပေသေးသည်။ ဆူးပင်များမှာ လျှပ်စီးကဲ့သို့ အလျင်ဖြင့် လှုပ်ရှားလာကာ သူ့လက်ခြေများကို ဖုံးအုပ်လိုက်၏။ ဓားကို မလွှဲနိုင်မီမှာပင် လူငယ်လေးမှာ ဆူးပင်ရိုင်းများစွာ၏ ဝိုင်းရံ ချုပ်နှောင်မှုကို ခံလိုက်ရပြီ ဖြစ်သည်။
“အား…”
သူ အော်ဟစ်ရန် ကြိုးပမ်းလိုက်သော်လည်း ဆူပင်များမှာ သူ့ ပါးစပ်ကို ပိတ်ဆို့သွားကာ ဝိညာဉ်စွမ်းအားကိုပင် တားမြစ်လိုက်သည်။
ချက်ချင်းပင်… လူငယ်လေး၏ မျက်လုံးများ ပြူးကျယ်လာကာ ဘောင်းဘီများမှာ စိုစွတ်သွားခဲ့၏။ သူ့ နှလုံးသားက အကူအညီ ကင်းမဲ့စွာဖြင့် မိုးခြိမ်းသံကဲ့သို့ ပြင်းထန်စွာ တုန်ခါနေသည်။ သူ ချက်ချင်းပင် ကျင့်ကြံခြင်း အခြေခံကို လောင်ကြွမ်းကာ လွတ်မြောက်ဖို့ ကြိုးပမ်းလိုက်သော်လည်း သွေးကြောများနှင့် ထျန်းတျန်တို့ အပါအဝင် ခန္ဓာကိုယ် တစ်ခုလုံး လုံး ဝပိတ်ဆို့ခံထားရသည်ကို တွေ့ရှိလိုက်ရသည်။
ချွမ်…
ဓားမှာ လက်မှ လွတ်ကျသွားခဲ့၏။ ဓားသမားတစ်ဦး အတွက် ၎င်းမှာ မလျော်ကန်သော လုပ်ရပ် ဖြစ်သည်။ ယင်းက သူ၏ အဆုံးသတ်ကို ညွှန်ပြနေသည်။
"အွတ်… အွတ်…"
ရုန်းရင်းကန်ရင်းပင် ဆူးပင်များမှာ သူ့ကို ခေါင်းမှ ခြေဖျားအထိ လုံးဝ ဖုံးအုပ်သွားခဲ့ပြီ ဖြစ်သည်။ ဆူးပင်များမှာ မြေကြီးထဲသို့ တဖြည်းဖြည်း ပြန်လည် နစ်မြုပ်သွားကာ သူ့ ခန္ဓာကိုယ်မှာလည်း ပျောက်ကွယ်သွားခဲ့သည်။
ထိုနေရာတွင် ကြွင်းကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော အရာက ပထမ လူငယ်၏ ပျက်စီးနေသော ရုပ်အလောင်းပင် ဖြစ်လေတော့သည်။
***