← Chapters

ရှန်ကလန်၏အလျှော့ပေးခြင်း

Vol. 018 Ch. 1712

ရှန်ကလန်၏အလျှော့ပေးခြင်း

Vol. 018 Ch. 1712

ကောင်းကင်ကား သွေးနီရောင်မုန်တိုင်းအသွင်ပြောင်းလဲသွားသည်။ ထိုအားကောင်းသော လှိုင်းထန်နေသည့်မုန်တိုင်းထဲတွင် ဖျက်ဆီးနိုင်စွမ်းများပြည့်နှက်နေသည့် အနီရောင်အလင်းတန်းများက ရှန်ကလန်ပေါ်သို့ ကျဆင်းလာလေသည်။

ထိုအချိန်တွင် ရှန်ကလန်မှကျင့်ကြံသူအားလုံးက ကောင်းကင်သို့ မော့ကြည့်နေကြသည်။

လေထုက အလွန်လေးလံမှုန်မှိုင်းနေလေသည်။

ထျန်းဟယ်အကြီးအကဲဝင်ရောက်လာသည်နှင့် အခြေအနေအားလုံးက ပြောင်းလဲသွားပေသည်။ ထိုရူးသွပ်နေသောလူကြီးက ညီမျှနေသောအခြေအနေကို ပြောင်းလဲသွားစေသည်။

သူတိုက်ခိုက်ခဲ့ချိန်တွင် ရှန်ကလန်မှကျင့်ကြံသူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့လေသည်။ သူမလုပ်နိုင်သည့်အရာဟူ၍မရှိပေ။ ရှန်ကလန်က ထိုလူများအားလုံးကို လွှတ်မပေးခဲ့လျှင် ထျန်းဟယ်အကြီးအကဲက သူတို့အားတိုက်ခိုက်မည့် ဖြစ်နိုင်ချေကိုလည်း ထည့်သွင်းစဥ်းစားဖို့လိုအပ်လေသည်။

သူသာတိုက်ခိုက်ခဲ့လျှင် အခြားသောထိပ်သီးပုဂ္ဂိုလ်လေးယောက်ကရော ဝင်ပါမည်လား ထိုင်၍ကြည့်နေမည်လား...။

သူတို့သာဝင်ပါခဲ့လျှင် ထိုတိုက်ပွဲမှာ ကြီးကျယ်သောတိုက်ပွဲကြီးဖြစ်သွားပေမည်။

ထိုတိုက်ပွဲကြီးသာဖြစ်သွားခဲ့လျှင် ရှန်ကလန်မှာ အထိခိုက်အနစ်နာဆုံးဖြစ်ပေလိမ့်မည်။ ထို့နောက်တွင် ဘာတွေဆက်ဖြစ်လာနိုင်မည်နည်း...။

ဘယ်သူမှမသိနိုင်ပေ။ သူတို့စိတ်ကူးကြည့်ရုံသာ တတ်နိုင်ပေသည်။

ရှန်ကလန်မှ အကြီးအကဲက အချိန်အတန်ကြာတိတ်ဆိတ်နေသလိုပင် ထိုထိပ်သီးပုဂ္ဂိုလ်များသည်လည်း တိတ်ဆိတ်နေကာ တွက်ချက်နေကြသည်။

ကောင်းကင်ဒေသတစ်ခုလုံး ပေါင်းစည်းပြီးကတည်းက ရှန်ကလန်က ဤကဲ့သို့အခြေအနေမျိုးအား မကြုံတွေ့ခဲ့ဖူးပေ။

မဟာလမ်းစဥ်၏ ဘုံသုံးထောင်တွင် သူတို့သည် ထိပ်ဆုံးမှရပ်တည်နေသော အင်အားစုတစ်ခုဖြစ်ခဲ့လေသည်။ ယခုမူ လူတစ်ဦးတစ်ယောက်ထဲက သူတို့ကိုလာရောက်တိုက်ခိုက်ခဲ့ပြီး သူတို့၏လုပ်နိုင်စွမ်းအားကို မေးခွန်းထုတ်ခံရကာ၊ သူတို့၏အကျဥ်းသားများအား လွှတ်ပေးရန် အတင်းအကြပ်ဖိအားပေးခံနေရလေသည်။

ဝှီး...

သွေးနီရောင်မုန်တိုင်းက ကောင်းကင်မှဆင်းသက်လာနေပြီး ရှန်ကလန်ဆီသို့ဦးတည်လာနေသည်။ ရှန်ကျဲ့က ရှေ့သို့ထွက်လိုက်ပြီး ထိုမုန်တိုင်း၏အောက်တွင် ရပ်လိုက်သည်။ အဆုံးမဲ့အာကာသအလင်းတန်းများက သူ့ထံမှပေါ်ထွက်လာပြီး ထိုမုန်တိုင်းကို ဖိနှိပ်ရန်ကြိုးပမ်းလေသည်။ သို့သော် မုန်တိုင်း၏အခြားတစ်ဖက်တွင် အလွန်အားကောင်းသော မကောင်းဆိုးဝါးသဖွယ်ပုံရိပ်တစ်ခုက ရှေ့သို့ထွက်ပေါ်လာပြီး အချိန်မရွေးသူတို့ဆီသို့ ရောက်လာတော့မလိုထင်မှတ်ရလေသည်။

အရှင်ထိုက်ရွှမ်တွင် သိက္ခာစောင့်ထိန်းမှုရှိကောင်းရှိနိုင်သည်။ ရှောင်ကလန်၊ ယွင်ယန်ကလန်နှင့် သောမျိုးနွယ်စုတို့က သိက္ခာစောင့်ထိန်းမှုရှိကောင်းရှိနိုင်သည်။ သို့သော် ထိုထျန်းဟယ်အကြီးအကဲကမူ မည်သည့်အရာကိုမျှ စောင့်ထိန်းမည်မဟုတ်ပေ။ သူသည် အတိတ်တွင် ထိတ်လန့်ကြောက်မက်ဖွယ်စစ်ပွဲကိုကြုံတွေ့ခဲ့ပြီးဖြစ်သည်။ သူက ထိုကဲ့သို့သောစစ်ပွဲမျိုးကို တဖန်ပြန်အသက်သွင်းလိုခြင်းပေလော...။

သူက မည်သည်ကိုများ ဂရုစိုက်နေမည်နည်း။

သူက ရီဖူရှင်းအား သူ၏အမွေဆက်ခံသူအဖြစ်သတ်မှတ်ခဲ့ပြီး ထိုအရာကိုအသုံးပြုကာ ရှန်ကလန်ကိုအန္တရာယ်ထဲရောက်စေရန် ပြုလုပ်ခဲ့သည်။ သူက အမွေဆက်ခံသူတစ်ယောက်တွေ့ရှိခဲ့သောကြောင့် သူတတ်မြောက်သောအရာအားလုံးကို ထိုဆက်ခံသူအားသင်ကြားပေးလိုခဲ့သော်လည်း သူကိုယ်တိုင်က ကံတရား၏ရက်စက်မှုကို နားလည်လက်ခံခဲ့ရသည်ဟု သူတို့ထင်ခဲ့ကြသည်။

သို့သော် ထိုအရာက အမှန်တရားဟုတ်ပါ၏လော...

ရီဖူရှင်း၏ သေခြင်းရှင်ခြင်းကိုပင် သူဂရုစိုက်ခဲ့ပါ၏လော...။ ချီရွှမ်ကန်း၏ သေခြင်းရှင်ခြင်းကိုပင် သူဂရုစိုက်ခဲ့ပါ၏လော...။

ဘယ်သူများ သိနိုင်ပါမည်နည်း...

"သူတို့ကို ခေါ်လာခဲ့..." ရှန်ကလန်၏အကြီးအကဲက တိတ်ဆိတ်မှုကိုဖြိုခွင်းကာ ပြောလိုက်သည်။

ရုတ်တရက် တော်ဝင်ခန်းမထဲတွင် ကျင့်ကြံသူများစွာပေါ်ပေါက်လာခဲ့ပြီး သူတို့နှင့်အတူလူတစ်ယောက်ကို ခေါ်လာခဲ့သည်။

ထိုသည်မှာ အပြာရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။ သူမ၏ပုံစံမှာ အလွန်အားနည်းနေပြီး ဆံပင်များကဖရိုဖရဲဖြစ်နေသော်လည်း သူမ၏မျက်လုံးများသည်တော့ ကြည်လင်တောက်ပနေလေသည်။ သူမက ရီဖူရှင်းကိုကြည့်ကာ တောက်ပစွာပြုံးလိုက်သည်။

သို့သော် သူမပြုံးလိုက်ချိန်တွင် မျက်ရည်များက သူမမျက်နှာတစ်လျှောက်ကျဆင်းလာလေသည်။

သူမက နောက်ဆုံးတော့ သူ၏မျက်နှာကိုတွေ့နိုင်လေပြီ...

အရာအားလုံးမှာ သူမမျှော်လင့်ထားသကဲ့သို့ ဖြစ်လာခဲ့လေသည်။

ရီဖူရှင်းက ဖေးရွှီထံသို့ ကြည့်လိုက်ပြီး အကြည့်မလွှဲဘဲခေါ်လိုက်လေသည်။ "ဖေးရွှီ..."

"ဟုတ်တယ်..." သူမက ခေါင်းညိမ့်ကာပြောလိုက်သည်။ သူဘာမေးမည်ဆိုသည်ကို သူမသိရှိပြီးဖြစ်သည်။ " ငါက ကျင့်ကြံဆင့်တက်သွားလို့ မျက်စိပြန်မြင်ရပြီ"

အတိတ်တုန်းက ရီဖူရှင်းက သူမခန္ဓာကိုယ်အတွင်းရှိ ပြသနာများအား ဖြေရှင်းပေးခဲ့သည်။ ထို့နောက်တွင် သူမက နတ်ဝိညာဥ်လက်နက်ကို သူမကိုယ်တွင်းသို့ပေါင်းစည်းစေခဲ့ပြီး ကျင့်ကြံဆင့်မှာ အံ့အားသင့်ဖွယ်အမြန်နှုန်းဖြင့် တိုးတက်လာခဲ့သည်။ နတ်ဝိညာဥ်လက်နက်တွင် သဘာဝအားဖြင့် မဟာလမ်းစဥ်၏စွမ်းအားများပါဝင်နေသောကြောင့် သူမသည် အခုအချိန်တွင် ပြန်လည်မွေးဖွားခြင်း ရှန့်ထိုအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

သူမမျက်လုံးများက အပြင်းအထန်ဒဏ်ရာရခဲ့သော်လည်း သူမ ပြန်လည်မွေးဖွားခြင်း ရှန့်ထိုအဆင့်သို့ရောက်ရှိသွားသောအချိန်တွင် ထိုသေဆုံးသွားသောမျက်လုံးများက တဖန်ပြန်၍ ကောင်းမွန်လာခဲ့သည်။

သူမသည် ရီဖူရှင်းအား မည်သည့်အချိန်တွင် ပြန်မြင်နိုင်မည်ကို အမြဲတမ်းတွေးတောနေခဲ့ရသည်။ သူမက ထိုအရာမှာ ဘယ်တော့မှဖြစ်လာနိုင်မည်မဟုတ်ဟု တွေးထင်ခဲ့ဖူးသည်။

ရှန်ကလန်က သူမကိုသတ်ဖြတ်ရန်ကြံစည်နေချိန် မျှော်လင့်ချက်မရှိတော့ဟုထင်ထားသည့်အခိုက်အတန့်တွင် ရီဖူရှင်းက ရောက်ရှိလာလိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့မိချေ။

"မင်းက ငါထင်ထားသလိုပဲ အရမ်းလှတာပဲ..." ရီဖူရှင်းက တောက်ပသောအပြုံးဖြင့်ပြောလိုက်လေသည်။ သူသည် ရှန်ကလန်တွင် ခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်ခဲ့ရသည်။ အခုတော့ သူတို့နှစ်ယောက်သည် ဤနေရာတွင်ရပ်နေ၍ တစ်ဦးကိုတစ်ဦး ပြုံးကာကြည့်နေကြလေသည်။

ထိုအပြုံးက ဖေးရွှီ၏နှလုံးသားမှလာသော အပြုံးဖြစ်ဟန်တူသည်။ သူမသည် ခက်ခဲဆင်းရဲမှုပေါင်းများစွာကို ကြုံတွေ့ခဲ့ရသော်လည်း ဘဝက အလွန်လှပပေသည်။ အဆုံးမဲ့စိတ်ပျက်စရာအမှောင်ထုထဲတွင်ပင် အလင်းရောင်ရှိနေခဲ့သည်။

ဘယ်လောက်တောင် ကောင်းလိုက်တဲ့ခံစားချက်လဲ...

"မင်းဒီကထွက်သွားလို့ရပြီ" ရှန်ကလန်အကြီးအကဲက အေးစက်စွာပြောလိုက်သည်။ သူမည်သို့ခံစားနေရသလဲဆိုသည်အား မည်သူမှမခန့်မှန်းနိုင်ပေ။ ဘုံသုံးထောင်၏အထိဋ်အထိပ်တွင် ရပ်တည်နေနိုင်သော သူကဲ့သို့ပုဂ္ဂိုလ်တစ်ဦးသည်ပင် ဤအခြေအနေသို့ရောက်အောင် တွန်းပို့ခံခဲ့ရပေသေးသည်။ သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ သူမကိုလက်လွှဲပေးရပေတော့မည်။

"နောက်တစ်ယောက်ကျန်နေသေးတယ်" ကောင်းကင်ထက်မှ အေးစက်သောအသံတစ်သံထွက်ပေါ်လာသည်။

ရှန်ကလန်အကြီးအကဲက ကောင်းကင်သို့မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများက အလွန်အမင်းအေးစက်သွားလေသည်။

ထျန်းဟယ်အကြီးအကဲဆိုလိုသောသူမှာ မည်သူဖြစ်ကြောင်း သူချက်ချင်းသိလိုက်သည်။

ရီဖူရှင်းကလည်း ထိုနေရာသို့ကြည့်လိုက်သည်။ သူက ထိုသည်ကိုမတွေးမိခဲ့သော်လည်း ထျန်းဟယ်အကြီးအကဲကမူ သူနှင့်မတူပေ။ အကြီးအကဲက သူ၏ဇနီးကို ကယ်တင်လိုသည်မှာ သဘာဝကျပေသည်။

ရှန်ကလန်၏ အစွမ်းထက်၍ သူရဲကောင်းဆန်လှသော သမီးဖြစ်သူမှာ ရီဖူရှင်းဆရာ၏ ဇနီးသည်ဖြစ်ပေသည်။ သူမက ရှန်ကလန်တွင်ရှိနေသေးသည်လား...

အုန်း...

ရှန်ကလန်အတွင်းပိုင်းမှ ခပ်အုပ်အုပ်ဟိန်းသံကြီးမြည်ဟီးလာသည်။ ရီဖူရှင်းနှင့် တခြားသူများကထိုနေရာသို့ကြည့်လိုက်ကြသည်။ ထိုနေရာတွင် တစ်ယောက်ယောက်က တိုက်ခိုက်လိုက်သကဲ့သို့ ကြောက်မက်ဖွယ်အလင်းရောင်က ပေါက်ကွဲထွက်လာလေသည်။

ရှန်ကလန်၏ အတွင်းဆုံးပိုင်းမှ တိုက်ခိုက်မှုတစ်ခု...

ထိုအခိုက်တွင် အားလုံးက ဘာဖြစ်နေသလဲဆိုသည်အား ခန့်မှန်းမိလိုက်ကြသည်။

"မင်းတို့က လိုချင်တာအားလုံးရပြီးတာတောင် မသွားသေးဘူးလား..." ရှန်ကလန်အကြီးအကဲက ရီဖူရှင်းနှင့် အရှင်ထိုက်ရွှမ်တို့အားကြည့်ကာပြောလိုက်သည်။

ရှန်ကလန်အတွင်းတွင် အကျဥ်းချခံထားရသူမှာ သူ၏သမီးဖြစ်သည်။ သူမသည် ရှန်ကလန်သားတစ်ဦးဖြစ်သည်။

"နောက်တစ်ယောက်ကျန်နေသေးတယ်" အရှင်ထိုက်ရွှမ်ကပြောလိုက်သည်။ သိသာစွာပင် သူသည် ထျန်းဟယ်အကြီးအကဲကို ကူညီရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

သူတို့အခုထွက်သွားလိုက်လျှင် ထျန်းဟယ်အကြီးအကဲက သူတစ်ယောက်ထဲဖြင့် သူ၏ဇနီးကို ကယ်တင်နိုင်မည်မဟုတ်ပေ။

"ဒါကမိသားစုကိစ္စပဲ..." ရှန်ကလန်အကြီးအကဲက အရှင်ထိုက်ရွှမ်ကိုအေးစက်စွာကြည့်၍ ပြောလိုက်သည်။ "မင်းတို့သုံးယောက်က ဝင်ပါချင်တာလား"

"သူမကိုလွှတ်ပေးပါ" ရီဖူရှင်းက ရှန်ကလန်အကြီးအကဲကိုကြည့်၍ ပြောလိုက်သည်။ အကျဥ်းချခံထားရသူမှာ ထျန်းဟယ်အကြီးအကဲ၏ ဇနီးသည်၊ သူ့ဆရာ၏ဇနီးဖြစ်ပြီး ဖေးရွှီ၏အဘွားဖြစ်သည်။

အခြေအနေက ထိုအထိရောက်လာပြီးဖြစ်ကာ သူတို့က ရှန်ကလန်ကိုတတ်နိုင်သလောက်ဆန့်ကျင်မည်ဖြစ်၍ နည်းနည်းလောက်ထပ်သွားရလျှင်လည်း အရေးမဟုတ်ပေ။

ရှန်ကလန်အကြီးအကဲ၏မျက်နှာက မည်းမှောင်သွားသည်။ သူကရီဖူရှင်းကိုစိုက်ကြည့်ကာ အေးစက်စွာပြောလိုက်သည်။ "မင်းက တကယ်ပဲ သေရမှာမကြောက်တာပဲ..."

"ကျုပ် ဒီနေရာကိုရောက်လာကတည်းက သေရေးရှင်ရေးကို ကျုပ်စိတ်ထဲက ထုတ်လာခဲ့ပြီးသားပါ" ရီဖူရှင်းက ပြောလိုက်သည်။ ရှန်ကလန်အကြီးအကဲက လက်တစ်ချောင်းမြှောက်ရုံနှင့် သူ့ကိုဖျက်ဆီးပစ်နိုင်သော်လည်း သူက ဒီနေရာထိရောက်လာပြီး သူ့ရှေ့တွင်ရပ်နေပေသေးသည်။

သူက သူ့ကိုဖျက်ဆီးရန် လုပ်ဝံ့သလား...။

သူမလုပ်ဝံ့ပေ။ သူက သူမကို လွှတ်ပေးလိမ့်မည်။

"ရှန်ကျဲ့က ကောင်းကင်ဘုံအာဏာစက်ကျောင်းတော်ကိုလာခဲ့တုန်းက တခြားလူတွေရဲ့အင်အားကိုပါ ဆွဲထည့်ခဲ့လိမ့်မယ်လို့ ငါလုံးဝမထင်ခဲ့မိဘူး။ ရှန်ကလန်က အဲ့လိုလုပ်ရဲတယ်ဆိုမှတော့ အခုဖြစ်တဲ့ကိစ္စအားလုံးကို သူတို့လက်ခံနိုင်ရမှာပဲ..." သောမျိုးနွယ်စုအကြီးအကဲပြောလိုက်သော စကားသံက မြို့တစ်ခုလုံးလွှမ်းသွားလေသည်။

ကျောင်းတော်အပေါ် သူပြုလုပ်ခဲ့သော ​စော်ကားမှုက ထိုမျှကြီးမားသောရိုက်ခတ်မှုကိုဖြစ်ပေါ်စေခဲ့ပြီး ရှန်ကလန်အား ဤအခြေအနေသို့ရောက်စေခဲ့လိမ့်မည်ဟု ရှန်ကျဲ့က မည်သို့သိနိုင်ခဲ့ပါမည်နည်း။

သူတို့သာ ကြိုသိနိုင်ခဲ့လျှင် ဤသို့မဆင်မခြင်ဖြင့် ကောင်းကင်ဘုံအာဏာစက်ကျောင်းတော်နှင့် ရန်သူဖြစ်စေရန်လုပ်ဆောင်ခဲ့လိမ့်မည်မဟုတ်ပေ။

သို့သော် မည်သူက ဤသို့ဖြစ်လာမည်ဟု ထင်ခဲ့ပါမည်နည်း...

"သူမကို လွှတ်ပေးလိုက်" ရှန်ကလန်အကြီးအကဲ၏အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ထိုအခိုက်တွင် ရှန်ကလန်မှလူများမှာ ​ပြောစရာမဲ့သွားကြသည်။

သူတို့က နောက်ဆုံးတော့အလျှော့ပေးလိုက်ရတာလား...

ရှန်ကလန်မှထိပ်သီးပုဂ္ဂိုလ်များသည် စတင်ထွက်ခွာကာ မဟာအစီအရင်ဆီသို့ လျှောက်သွားလိုက်ကြသည်။ မကြာခင်တွင် စူးရှသောအလင်းရောင်က လူတိုင်း၏မျက်လုံးသို့ ဝင်ရောက်လာသည်။ အဝေးမှနေ၍ အားကောင်းသောအရှိန်အဝါက သူတို့အားရိုက်ခတ်လာသည်။

ပုံရိပ်တစ်ခုက ကောင်းကင်ကိုဖြတ်၍ ကျဆင်းလာသည်။ တခဏအတွင်းတွင် သူမရောက်ရှိလာလေသည်။

ကလန်မှကျင့်ကြံသူအများစုအတွက်ပင် ဤသည်မှာ သူမကို ပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းဖြစ်လေသည်။ ထိုကိစ္စများက လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရှန့်ထိုအဆင့်နှင့်အောက်လူများမှာ ထိုအချိန်က မွေးပင်မမွေးသေးပေ။

ကလန်ခေါင်းဆောင်တွင် သမီးတစ်ယောက်ရှိကာ သူမအားအကျဥ်းချထားသည်ဟုသာ သူတို့သိကြသည်။

ရီဖူရှင်းက ထိုပုံရိပ်အားကြည့်လိုက်သည်။ သူမ၏ဆံပင်ဖြူများက လေနှင့်အတူကခုန်နေပြီး ဖရိုဖရဲဖြစ်နေကာ အချို့မှာ သူမမျက်နှာပေါ်သို့ကျဆင်းနေလေသည်။ သူမက အချိန်ကြာမြင့်စွာ အကျဥ်းချခံခဲ့ရ၍ သူမ၏သွင်ပြင်မှာ ပိန်လှီဖျော့တော့နေပေသည်။

သို့သော် သူမ၏မျက်လုံးများကမူ အကြောက်တရားကင်းမဲ့ကာ တောက်ပနေဆဲဖြစ်သည်။

လေက သူမ၏ဆံပင်များကို တိုက်ခတ်သွားပြီး လေဒဏ်မိုးဒဏ်ခံထားရသော သူမ၏မျက်နှာအား ပေါ်ထွက်လာစေသည်။ သို့သော် ထိုသို့ ဆင်းရဲပင်ပန်းစွာနေခဲ့ရသော်လည်း သူမသည်အလွန်လှပသောအမျိုးသမီးဖြစ်ကြောင်း သေချာပြောနိုင်လေသည်။ သူမက ရှန်ကလန်၏အဖိုးတန်ရတနာတပါး ဖြစ်ခဲ့ဖူးလေသည်။ သူမသည် ဗဟိုအင်ပါယာဘုံတွင် အလွန်ကျော်ကြားခဲ့ပြီး နာမည်ကျော်များစွာ၏ နှစ်သက်ပိုးပမ်းခြင်းကို ခံခဲ့ရလေသည်။

"ဆရာကတော်" ချီရွှမ်ကန်းကပြောလိုက်သည်။ သူ့မျက်လုံးထောင့်မှမျက်ရည်များစီးကျလာလေသည်။ ယောက်ျားများက တော်ရုံမငိုတတ်ကြပေ။ အထူးသဖြင့် သူ့လိုအင်အားကြီးလူတစ်ယောက်က အလွန်တကူမျက်ရည်ကျမည်မဟုတ်ပေ။ သို့သော် သူမကိုမြင်လိုက်ရချိန်တွင် သူ့နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှ အားငယ်မှုကိုခံစားလိုက်ရသည်။

သူ့ဆရာနှင့်ဆရာကတော်အပေါ်တွင် အလွန်အပြစ်ရှိနေသလိုခံစားနေရသည်။ သူ့အတွက်ကြောင့်သာမဟုတ်ခဲ့လျှင် ထိုအရာများက ဖြစ်လာခဲ့လိမ့်မည်မဟုတ်ပေ။ နွမ်ယွဲ့ ကသူ့ထက်အရည်အချင်းရှိသောလူတစ်ယောက်ကို ရှာတွေ့ပြီး သူ့ဆရာနှင့်ဆရာကတော်တို့သည်လည်း ဘုံသုံးထောင်၏ ထိပ်ဆုံးမှ သူတို့၏နေရာအားထိန်းသိမ်းထားနိုင်ပေလိမ့်မည်။

တချိန်က အလွန်ကျက်သရေရှိ၍ ထက်မြက်လှသော သူ၏ဆရာကတော်မှာ အခုအခါတွင် အလွန်ပင်ပန်းနေခဲ့ရသည်။

"မင်းက အရင်တုန်းက ဒီလောက်မပျော့ညံ့ပါဘူး" ထိုအမျိုးသမီးက ချီရွှမ်ကန်းကိုကြည့်၍ အေးစက်သောအသံဖြင့်ပြောလိုက်သည်။ သူမ၏မျက်လုံးများတွင်မူ ခံစားချက်အရိပ်အယောင်အချို့ စွန်းထင်းနေလေသည်။

ချီရွှမ်ကန်းက မျက်ရည်များကိုသုတ်လိုက်သည်။ ဆရာကတော်သည် ယခင်ကမည်မျှအင်အားကြီးမားကြောင်း သူသိလေသည်။ မဟုတ်လျှင် သူမ၏ကလန်ကိုဆန့်ကျင်၍ သူတို့နှင့်အတူတိုက်ပွဲဝင်ရန် ရွေးချယ်ဝံ့မည်မဟုတ်ပေ။

သို့သော် အခုအချိန်တွင် သူ၏ခံစားချက်များက ပြင်းထန်နေလေသည်။

အမျိုးသမီးက ရှန်ကလန်အကြီးအကဲဖြစ်သူ သူမ၏ဖခင်အားကြည့်လိုက်သည်။

ထို့နောက် သူမကမုန်တိုင်းဆီသို့ကြည့်လိုက်ပြီး မုန်တိုင်း၏တစ်ဖက်မှပုံရိပ်ကိုလှမ်းကြည့်လိုက်သည်။

သို့သော် ထိုခဏတွင် မုန်တိုင်းကပျောက်ကွယ်သွားလေသည်။

အမျိုးသမီးက ထိုမုန်တိုင်းထဲသို့လှမ်းဝင်လိုက်သော်လည်း ဝင်၍မရအောင် မုန်တိုင်းကပိတ်ဆို့သွားသည်။

သူမသည် ကြက်သေသေသွားပြီး ထိုမုန်တိုင်းက ကောင်းကင်ယံတွင်ပျောက်ကွယ်သွားသည်ကို ကြောင်ကြည့်နေမိသည်။

ဘာလို့ သူ့ကိုမမြင်နိုင်ရတာလဲ...

"သူဘယ်မှာလဲ" အမျိုးသမီးက အရှင်ထိုက်ရွှမ်ကိုမေးလိုက်သည်။ သူမသည် အရှင်ထိုက်ရွှမ်ကိုသိသည်မှာ ပုံမှန်ပင်ဖြစ်သည်။

အရှင်ထိုက်ရွှမ်က ခေါင်းယမ်းကာ ပြောလိုက်သည်။ "ငါနဲ့အတူ ကောင်းကင်အာဏာစက်ကျောင်းတော်ကို အရင်ပြန်လိုက်လာခဲ့ပါ"

"ငါသူ့ကိုသွားရှာမယ်" အမျိုးသမီးက လေထဲသို့ခြေလှမ်းလိုက်ကာ ထွက်သွားရန်ပြင်သည်။

"အဘွား..." နူးညံ့သောအသံလေး ထွက်ပေါ်လာကာ အမျိုးသမီးကိုရပ်တန့်သွားစေသည်။ သူမကဖြည်းညင်းစွာလှည့်၍ အောက်သို့ငုံ့ကြည့်လိုက်သည်။ သူမ၏အကြည့်က ဖေးရွှီထံသို့ကျရောက်သွားသည်။

သူမ၏လှုပ်ရှားမှုများက ဖေးရွှီထံသို့လျှောက်လှမ်းလာချိန်တွင် အလွန်နှေးကွေးလှသည်။

သူမက တုန်ယင်နေသောလက်ဖြင့် ဖေးရွှီ၏မျက်နှာအားကိုင်လိုက်သည်။

"မင်းက ဖေးရွှီ..." အမျိုးသမီးကြီးက သူမအားကြည့်ကာပြောသည်။ ထိုအခိုက်တွင် သူမက သူမ၏သမီးကိုမြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ဖေးရွှီသည် သူမနှင့်အလွန်တူလေသည်။

"ဟုတ်ကဲ့..." ဖေးရွှီက တောက်ပသောအပြုံးဖြင့်ဖြေလိုက်သည်။ သူမက အဖြူရောင်ဆံပင်များကြားတွင်ဖုံးကွယ်နေသော မျက်နှာအားကြည့်ကာ မျက်ရည်များကျလာလေသည်။ ဤသန်မာသောအမျိုးသမီးကြီးက ချီရွှမ်ကန်းအားဆူငေါက်ကာ သူမ၏ဖခင်ဖြစ်သော ရှန်ကလန်အကြီးအကဲကိုပင် အကြောက်အလန့်မရှိ ရင်ဆိုင်ခဲ့သည်။ သို့သော် သူမကိုတွေ့သည်နှင့် ထိုအမျိုးသမီးကြီးက စတင်ငိုကြွေးလေသည်။

"ကလေး..." အမျိုးသမီးကြီးက ဖေးရွှီကိုအသာအယာဖက်ကာ ခေါ်လိုက်သည်။

ဖေးရွှီက သူမအပေါ်အသာမှီလိုက်သည်။ ထိုခဏတွင် သူမသည် မိခင်၏နွေးထွေးမှုကိုခံစားလိုက်ရသည်။ သူမ၏မိခင်သည် သူမ၏အဘွားနှင့်တူမည်မှာသေချာလှသည်။

ရီဖူရှင်းက ထိုမြင်ကွင်းကြောင့် အလွန်ခံစားသွားရသည်။

"ဆရာကတော်...ကောင်းကင်အာဏာစက်ဘုံကို ပြန်ကြရအောင်ပါ။ ကျွန်တော်တို့ ဆရာ့ကိုရှာလို့ရမှာပါ..." ချီရွှမ်ကန်းက သူတို့ဆီသို့လျှောက်လှမ်းလာကာ ပြောလိုက်သည်။

အမျိုးသမီးကြီးက အသာအယာခေါင်းညိမ့်လိုက်သည်။ဤတစ်ကြိမ်တွင် သူမကမငြင်းဆန်တော့ပေ။

သူမက ဖေးရွှီ၏လက်ကိုကိုင်ကာပြောလိုက်သည်။ "သွားကြရအောင် "

ရီဖူရှင်းက ပြုံးလိုက်သည်။ ဤသည်မှာ အလွန်ကြည်နူးဖွယ်ပင်ဖြစ်လေသည်။

"ပြန်သွားကြရအောင်" အရှင်ထိုက်ရွှမ်ကပြောလိုက်သည်။ ရုတ်တရက် စစ်တပ်ကြီးက စတင်ထွက်ခွာလိုက်လေသည်။ သူတို့ထွက်ခွာချိန်တွင် ထိပ်သီးပုဂ္ဂိုလ်ကြီးသုံးယောက်သည်လည်း နတ်ဘုရားမြို့မှ ထွက်ခွာလိုက်လေသည်။

ရှန်ကလန်အတွင်းတွင်မူ အားကောင်းသောအရှိန်အဝါက သူတို့အပေါ်ဖိနှိပ်ထားဆဲဖြစ်သည်။ ကလန်တစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေလေသည်။

ရှန်ကလန်အကြီးအကဲက ထိုပုံရိပ်များပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေလေသည်။ သူ၏သမီးဖြစ်သူက ထွက်ခွာချိန်တွင် သူ့အားစကားတစ်ခွန်းမျှပင်မဆိုဘဲ ထွက်ခွာသွားခဲ့လေသည်။

***

All Chapters