← Chapters

အိပ်မက်အလား...

Vol. 018 Ch. 1715

အိပ်မက်အလား...

Vol. 018 Ch. 1715

ကောင်းကင်အာဏာစက်ကျောင်းတော်သည် လက်တလောတွင် များစွာ နာမည်ကျော်ကြားလာသည်။ ဘုံကိုးခုမှ တန်ခိုးရှင်များ အများအပြားသည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ လာရောက်ကျင့်ကြံရန် အဆက်မပြတ် ရောက်လာနေကြသည်။

ရှန်ကလန်မှ အဖြစ်အပျက်ကို အရ ရီဖူရှင်းသည် ကျောင်းတော်ကို လမ်းစဉ်ဖြန့်ဝေရန်သာ ရည်ရွယ်ကြောင်း သူတို့နားလည်ပြီးဖြစ်သည်။ မဟုတ်လျှင် သူ့ဘေးတွင် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင် အများအပြား ရှိမည် မဟုတ်ပေ။

ဆိုလိုသည်က ရီဖူရှင်းသည် တခြားလူများကိုလည်း အက်ကြောင်းမဲ့ဝင်ရိုးများဖွဲ့စည်းရန် ကူညီပေးနိုင်သည်။ မှန်သည်၊ သူက ထိုသို့လုပ်ပေးရန် တစ်ဘက်လူကလည်း လုံလောက်သော ပါရမီလိုပေသေးသည်။ ထို့ကြောင့် တစ်ခုတည်းသော နည်းလမ်းကား ကျောင်းတော်ကို ဝင်ရောက်ရန်နှင့် ပင်မတပည့်ဖြစ်ရန်ပင်။

သို့သော်လည်း လက်ရှိအချိန်တွင် ကျောင်းတော်၏ပင်မတပည့်ရရန်ကိုထား၊ ကျောင်းတော်ကို ဝင်ရောက်ရန်ပင် အလွန်ခက်ခဲနေပြီဖြစ်သည်။

အားလုံးက ကျောင်းတော်ကို ဝင်ရောက်ရန် အာရုံစိုက်နေကြချိန်တွင် ရီဖူရှင်းတို့လူတစ်စုသည် ကျောင်းတော်မှ တိတ်တဆိတ် ထွက်ခွာသွားကြသည်။ သူတို့ ထွက်ခွာသွားခြင်းကို ကျောင်းတော်၏အရေးကြီးပုဂ္ဂိုလ်တချို့မှလွဲ၍ မည်သူမှ မသိလိုက်ကြပေ။

…

ရက်အနည်းငယ်ကြာပြီးနောက် အင်ပါယာရှားဘုံတွင်...။

အင်ပါယာရှားနန်းတော်တွင် အင်ပါယာရှားသည် သူ၏သားတော်များကို ကြိမ်းမောင်းနေသည်။ ထိုအထဲတွင် သားတော်အကြီးဆုံး ရှားရုံလည်း ပါဝင်၏။

“ရှားရုံက ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်တော့မယ်ဟုတ်လား။ သူက ဒီထက် ပိုမြန်မြန်ကျင့်လို့ မရဘူးလား” သူ့ဘေးတွင် ဧကရီရှောင်က ပြုံးလျှက်မေးသည်။ အင်ပါယာရှားသည် အထက်ကောင်းကင်ဘုံများမှ ပြန်လာပြီးနောက်တွင် သူ့သဘောထားများ ပြောင်းလဲသွားရသည်။ သူ့ဆက်ခံသူများကို သူက သဘောမကျချက်များ ပိုမိုများပြားလာ၏။

အင်ပါယာရှားသည် သူ၏ထီးနန်းတော်ကို မြန်မြန်ဆန်ဆန် ပေးအပ်ကာ လောကကို ခြေဆန့်လိုသည်ကိုလည်း ဧကရီရှောင်က နားလည်ပေသည်။

သို့သော်လည်း သူ၏သားတော်များမှာ ရန်ဟောင်အဆင့်ကို တက်လှမ်းရန် များစွာ လိုသေးသည်။

“ရှင်းယွန် မရှိတာ နာတာပဲ။ မဟုတ်ရင် နောက်နှစ်နည်းနည်းမှာ ငါ့သမီးက ငါ့နေရာကို ဆက်ခံနိုင်မှာ...” အင်ပါယာရှားက ပြောသည်။

“အဲဒီကလေးမကို ငါလည်း သတိရတာပဲ။ သမီးက ငါတို့ကို လာပြီး မတွေ့တာတောင် တော်တော်ကြာပြီ” ဧကရီရှောင်က ပြုံးလျှက်ပြောသည်။ သူမသည်လည်း သူမ၏သမီးကို လွမ်းဆွတ်နေလေပြီ။

“အဖေက ရှင်းယွန်ကို ထီးနန်းပေးချင်တယ်ဆိုလည်း ဘာလို့ ပြန်မခေါ်တာလဲ...” ရှားရုံက မေးသည်။ သူသည် ယခင်က ရှားရှင်းယွန်နှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိကာ ငယ်စဉ်ကတည်းက သူ၏ညီမလေးကို ဂရုစိုက်ခဲ့သူဖြစ်သည်။ သို့သော်လည်း ယခင်က ဖြစ်ခဲ့သော ပြဿနာအချို့က သူတို့နှစ်ယောက်အကြား အက်ကြောင်းများ ထင်စေခဲ့သည်။

ယခု ရှားရှင်းယွန်ကို ထီးနန်းပေးလိုသော သူ့အဖေ၏သဘောကို ကြားသောအခါ သားအကြီးဆုံးအနေဖြင့် အနည်းနှင့်အများ သဘောမကျဖြစ်မိပေသည်။

“ရှင်းယွန်က ဂရုစိုက်မယ်လို့ မင်းထင်လား...” အင်ပါယာရှားက ရှားရုံကို အေးအေးလူလူမေးသည် “တကယ်လို့ ရှင်းယွန်သာ ပြန်လာဖို့ ဆန္ဒရှိရင် ငါက မင်းတို့ကို တွန်းပေးနေစရာတောင် မလိုတော့ဘူး”

“ဘာလို့ ညီမက ပြန်မလာတာလဲ...” ရှားရုံက မေးသည် “အဖေက တကယ်ပဲ ညီမလေးကို သူ့နောက် လိုက်ခိုင်းတော့မှာလား...”

ပုံမှန်အားဖြင့် သူက ရီဖူရှင်းကို ရည်ညွန်းခြင်းဖြစ်သည်။

အင်ပါယာရှားက ရှားရုံကို ကြည့်သည်။ သူက သက်ပြင်းချရုံသာ တတ်နိုင်သည်။ ရီဖူရှင်း၏လက်ရှိ အဆင့်အတန်းကို သူက ထုတ်မပြောလိုတော့သည်။ ကွာဟချက်ကား ကြီးမားလွန်းလှသည်။

ထိုအခိုက်တွင် ကောင်းကင်မှ အလင်းတစ်ခု ကျဆင်းလာခဲ့သည်။

အင်ပါယာရှားက ခေါင်းမော့ကာ ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။ အင်ပါယာရှားသာမဟုတ်၊ အင်ပါယာရှားမြို့မှ လူများအားလုံး မော့ကြည့်ကြသည်။

ကောင်းကင်ထက်မှ အလွန်ဆန်းကျယ်လှပသော နတ်ငှက်တစ်ကောင် ပျံသန်းကျဆင်းလာခဲ့သည်။

“နတ်ငှက်...”

“ဘယ်လောက်ဆန်းကျယ်လှပလိုက်တဲ့ နတ်ငှက်လဲ... ဒါက ဘယ်လိုနတ်ငှက်အမျိုးအစားပါလဲ...”

အင်ပါယာရှားမြို့မှ လူများက အံ့အားသင့်စွာ ရေရွက်လိုက်ကြသည်။ ထိုမြင့်မှ မိစ္ဆာသားရဲငှက်များအားလုံး မြေပြင်ပေါ်တွင် ဝပ်တွားကြရသည်။ သူတို့အားလုံးက ကောင်းကင်ထက်မှ နတ်ငှက်ကို ခစားနေသည့်အလား ပြုမူကြ၏။

အင်ပါယာရှားနန်းတော်မှ သားရဲများလည်း ထိုနည်းတူပင်။

နန်းတော်အပြင်ဘက်တွင် ရှားရုံ၏စီးတော်သားရဲသည်လည်း မြေပြင်ပေါ်တွင် ဝပ်တွားလျှက်ရှိသည်။

ရှားရုံကလည်း သူ့သားရဲ၏အပြုအမူကို သတိထားမိသည်။ သူက အနည်းငယ် အံ့အားသင့်ကာ တွေးနေမိသည်။ မည်သို့သော နတ်ငှက်က ထိုသို့သော လွမ်းမိုးမှုကို ပေးသနည်း။

မည်သူက အင်ပါယာရှားဘုံသို့ ရောက်လာသနည်း။

“အရှင်မင်းကြီး...” နတ်ငှက်ပေါ်မှ အသံတစ်သံကို ကြားရသည်။ အင်ပါယာရှားက ပြုံးလျှက် ထရပ်သည်။ သူတွေးတောနေသောသူက တိုက်ဆိုင်စွာ ရောက်လာမည်ဟု သူမထင်ထားပေ။

နတ်ငှက်သည် အင်ပါယာရှားနန်းတော်အပေါ်တွင် ရပ်တန့်လိုက်သည်။ အင်ပါယာရှားက လေထဲကို ပျံတက်ကာ သူတို့အား သွားရောက်တွေ့ဆုံ၏။ နန်းတော်ထဲတွင် ဧကရီရှောင်နှင့် တခြားလူများအားလုံးက နတ်ငှက်ပေါ်မှ လူများကို လှမ်းကြည့်နေကြသည်။

ဦးဆောင်လာသူကား ရီဖူရှင်းဖြစ်သည်။

ရှားရှင်းယွန်လည်း အတူပါလာပေသည်။

“အဖေ... အမေ...” ရှားရှင်းယွန်က လှမ်းခေါ်သည်။ သူက နတ်ငှက်ပေါ်မှ အောက်သို့ ဆင်းလာ၏။ ရီဖူရှင်းဘေးတွင် လူအများအပြားပါကာ သူတို့သည် အောက်ဘုံမှ လူကြီးမျိုးဆက်များဖြစ်ကြသည်။ သူတို့အထဲတွင် ရီဖူရှင်းကို စောင့်ရှောက်ကာကွယ်ရန် ကျန့်ချန်ကျီလည်း ပါလာသည်။

နတ်ငှက်သည် မြေပြင်သို့ရောက်လျှင် လူအသွင်သို့ ပြောင်းလဲသွား၏။ သူ့ထံမှ အရှိန်အဝါကား အင်ပါယာရှားကိုပင် ကြက်သီးများ ထစေသည်။

“စီနီယာများကို နှုတ်ဆက်ပါတယ်...” အင်ပါယာရှားက အနည်းငယ် ဦးညွတ်သည်။

“ထုံးစံတွေ မလိုပါဘူး...” ကျန့်ချန်ကျီက လက်ကာပြသည်။ သားရဲအင်ပါယာကလည်း အနည်းငယ် ခေါင်းညိတ်သည်။

ထိုအဖြစ်က လူအများကို အံ့အားသင့်စေသည်။

စီနီယာများ...။

အင်ပါယာရှားသည်ပင် ထိုသားရဲနှင့် တခြားလူများကို စီနီယာများအဖြစ် ခရီးဦးကြိုပြုရသည်။ ရီဖူရှင်းက ထိုသားရဲကို စီးနင်းကာ ရောက်လာ၏။

ဒါက...

ရှားရုံကား မယုံကြည်နိုင်ခြင်းများစွာဖြင့် ကြည့်နေသည်။

ထို့အပြင် ရီဖူရှင်း၏အရှိန်အဝါသည် အမှန်တကယ် ကြောက်စရာကောင်းနေသည်။ သူ့ထံမှ အရှိန်အဝါသည် သူ့အဖေကဲ့သို့ ရန်ဟောင်အငွေ့အသက်များဖြစ်နေသည်။

သို့သော်လည်း သူက ထိုအချက်ကို ယုံရခက်နေသည်။

ရီဖူရှင်း၏ပါရမီသည် အင်ပါယာရှားဘုံတွင် အကောင်းဆုံးဖြစ်သည်ကို သူတို့အားလုံး သိကြသည်။ သို့သော်လည်း နှစ်အနည်းငယ်အတွင်း ရန်ဟောင်အဆင့်ကို တက်ရောက်ရန်ကား ...။ ထိုသည်က...။

“နောက်ဆုံတစ်ခေါက်က အရှင်မင်းကြီး မြန်မြန်ဆန်ဆန် ထွက်သွားတော့ ဒီတစ်ခေါက် အရှင်မင်းကြီးကို တကူးတက လာတွေ့ဖြစ်တာ။ ရှင်းယွန်ကလည်း ပြန်လာချင်တယ်လေ။ ရှင်းယွန်က အရှင်မင်းကြီးကို အထက်ဘုံတွေကို လိုက်ပြီး ကျင့်ကြံစေချင်တယ်...”

“အထက်ဘုံတွေကို...” အမှန်ပင် အင်ပါယာရှားသည် အထက်ဘုံများသို့ သွားရောက်ကျင့်ကြံလိုသည်။သို့သော်လည်း အင်ပါယာရှားဘုံတွင် သူ့နေရာကို ဆက်ခံသူမရှိခြင်းက သူ့အား ခေါင်းခဲစေ၏။

ထို့ကြောင့်ပင် သူ့သားများကို ကြိမ်းမောင်းရန် ဖြစ်လာခဲ့သည်။

“ကျွန်တော်က ကျောင်းတော်တစ်ခု တည်ထောင်ထားတယ်။ အဲဒီမှာ လူအများကြီး လေ့ကျင့်နေကြတယ်။ လီဟန်ဓားသမားနဲ့ တခြားလူတွေလည်း အဲဒီမှာပဲ။ အရှင်မင်းကြီးသာ သဘောတူရင် ကျုပ်တို့ အတူပြန်သွားကြတာပေါ့။ အရှင်မင်းကြီးက သွေးနဂါးဘုံတိုက်ပွဲမှာ ပါဝင်ပေးခဲ့ကြတဲ့ စီနီယာတွေကိုလည်း မေးကြည့်ပါ။ သူတို့ စိတ်ဝင်စားရင် သူတို့ကိုလည်း တစ်ခါတည်း ခေါ်ယူသွားမှာပါ” ရီဖူရှင်းက ပြောသည်။ သူ့အနေဖြင့် အတိတ်က ကျေးဇူးကို ပြန်လည်ပေးဆပ်လိုပေသည်။

သွေးနဂါးဘုံတိုက်ပွဲတွင် လီဟန်ဓားသမားအပါအဝင် တခြားသော တန်ခိုးရှင် အများအပြားလည်း ပါဝင်ကူညီတိုက်ခိုက်ပေးခဲ့ကြသည်။

“မင်းက ငါ့ဘုံကို အားနည်းအောင် စုပ်ယူချင်တာလား...” အင်ပါယာရှားက မေးသည်။

“အရှင်မင်းကြီးက ကျွန်တော်ဆိုလိုတာကို နားလည်ပါတယ်...” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ သည်ကိစ္စက သူတို့၏တစ်ကိုယ်ရည်သဘောထားနှင့် သက်ဆိုင်သည်။ အင်ပါယာရှားဘုံတွင် နေပါက သူတို့အနေဖြင့် အခွင့်အလမ်းများ နည်းပါးသော်လည်း အထက်ဘုံများတွင်ကား မရေမတွက်နိုင်သော အခွင့်အလမ်းများ ရှိပေသည်။

မည်သည့်ဆုံးဖြတ်ချက်ကို သူတို့ပြုလုပ်ပါစေ၊ ရီဖူရှင်းက လေးစားသွားမည်ဖြစ်သည်။

“အဖေ... ကောင်းကင်အာဏာစက်ကျောင်းတော်က လတ်တလောမှ တည်ထောင်ထားတယ်ဆိုပေမဲ့ ဘုံသုံးထောင်မှာ အကောင်းဆုံး ကျောင်းတော် ဖြစ်လာတော့မယ်။ ကျောင်းတော်မှာ ထိပ်သီးရန်ဟောင်တွေက ကျောင်းအုပ်အဖြစ် ဆောင်ရွက်နေပြီးတော့ ကျောင်းတော်ကို ဝင်ရောက်ဖို့တောင် အတော်ခက်ခဲတယ်။ အဖေက သူတို့ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ ပြောသင့်တယ်” ရှားရှင်းယွန်ကလည်း ဝင်ပြောသည်။ ရီဖူရှင်း၏ဖိတ်ခေါ်မှုကို သူမ၏အဖေက နားလည်မှု မလွဲရန် ရှားရှင်းယွန်က မျှော်လင့်သည်။ ထို့အပြင် သူတို့ကိုလည်း ကြီးမားသော အခွင့်အလမ်းနှင့် မလွဲသွားစေချင်။

အင်ပါယာရှား၏စိတ်နှလုံးများ အမှန်တကယ် လှုပ်ရှားနေပါသည်။ သူသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် ရီဖူရှင်းကြောင့် တိုက်ပွဲကြီး ဖြစ်ပွားသည်ကို မြင်တွေ့ခဲ့၏။

သည်လူငယ်သည် မျက်လုံးတမှိတ်အတွင်း ကြီးမားသော အပြောင်းအလဲများကို ပြုလုပ်ခဲ့လေသည်။

“နားလည်ပြီ...” အင်ပါယာရှားက ခေါင်းညိတ်သည်။

“ဒါဆိုလည်း အရှင်မင်းကြီး... ကျွန်တော်က ပြည်နယ်ကိုးခုကို အရင်ပြန်လိုက်ပါဦးမယ်။ အပြန်ကျရင် အရှင်မင်းကြီးကို တစ်ခေါက်ပြန်လာတွေ့ပါဦးမယ်...” ရီဖူရှင်းက ပြုံးလျှက်ပြောသည် “ရှင်းယွန်... မင်း ဒီမှာ ကျန်ခဲ့မယ်မလား...”

ရှားရှင်းယွန်သည် သူမ၏မိဘများနှင့် မတွေ့ရသည်မှာ အတော်ကြာပြီမလား။

ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်ကာ သူ့နောက်မှ ဟွာဂျီယူကိုလည်း တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

အင်ပါယာရှားကလည်း တစ်ချက် သတိထားမိ၏။ သူက ရီဖူရှင်းကို မေးသည် “မင်း သွားတော့မှာလား...”

“ကျွန်တော်က အပြန် ဝင်လာရဦးမှာပဲ။ အရှင်မင်းကြီးက ချင်းယွင်နဲ့ မတွေ့တာကြာပြီဆိုတော့ အေးအေးဆေးဆေး နေရစ်ခဲ့ကြပါ။ ကျွန်တော် အခု သွားတော့မယ်...” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

ထို့နောက်တွင် နတ်ငှက်က အသွင်ပြောင်းလိုက်ပြီးနောက် ရီဖူရှင်းတို့အုပ်စု ပြန်ထွက်ခွာသွားတော့သည်။

“သူက နန်းတော်ရဲ့ဝင်္ကပါကို မသုံးဘူးလား...” ဧကရီရှောင်က တီးတိုးမေးသည်။

အင်ပါယာရှားက သူမကို ကြည့်ကာ ပြန်ဖြေသည် “သူတို့စီးလာတာ အဆင့်မြင့်ရန်ဟောင်နတ်ငှက်ပဲ။ သူ့အဆင့်နဲ့ဆို ငါတို့ ဝင်္ကပါကိုသုံးတာထက်တောင် ပြည်နယ်ကိုးခုကို မြန်မြန်ရောက်သွားဦးမယ်...”

ဧကရီရှောင်က ဆွံ့အသွားပြီးမှ ထပ်မေးသည် “ရီဖူရှင်းက ဘယ်အဆင့်လဲ...”

“ရန်ဟောင်... သူက ငါ့ထက်တောင် အများကြီး သန်မာနေပြီ။ လီဟန်တောင်မှ ငါ့ထက် အများကြီး သာသွားပြီ။ ယူချင်းနဲ့ တခြားလူတွေလည်း...” အင်ပါယာရှားက ရှားရှင်းယွန်ကို ကြည့်သည်။

“သူတို့အားလုံး ရန်ဟောင်အဆင့်ကို ရောက်နေပြီ...” ရှားရှင်းယွန်က ခေါင်းညိတ်သည်။

ဧကရီရှောင်ကား အနည်းငယ် မှင်တက်နေသည်။

“တခြားလူတွေကို ဆွဲခေါ်ဖို့ လူတစ်ယောက်တည်းပဲလိုတယ်” အင်ပါယာရှားက မှတ်ချက်ချသည် “အခု ငါဘာကြောင့် သူတို့ကို ကြိမ်းမောင်းလဲ မင်းနားလည်ပြီလား...ရီဖူရှင်းက ဘုံသုံးထောင်မှာ လျှမ်းလျှမ်းတောက်ကျော်ကြားနေပြီ။ ငါ့သားတွေကတော့ ရန်ဟောင်အဆင့်ရောက်ဖို့ အစအနတောင် မရှိသေးဘူး...”

“မကြာသေးခင်က သူဟာ ဗဟိုအင်ပါယာဘုံမှာ တိုက်ပွဲတစ်ခု တိုက်ခိုက်ခဲ့တယ်။ အဲဒါက ကောင်းကင်အာဏာစက်ကျောင်းတော်ကို ပိုမိုခိုင်မာစေပြီးတော့ ဘုံကိုးခုလုံးမှာ နာမည်ကျော်ကြားစေခဲ့တယ်” ရှားရှင်းယွန်က တီးတိုးပြောသည်။

အင်ပါယာရှားကား မျက်လုံးပြူးသွားကာ ဘာမှ ထပ်မပြောနိုင်တော့။

“ရှင်းယွန်... သူ့နောက်က အမျိုးသမီးက...” အင်ပါယာရှားက မေးသည်။

“အင်း...” ရှားရှင်းယွန်၏မျက်နှာက ညိုးငယ်သွားကာ ညင်သာစွာ ပြောသည် “သူ့ဇနီး...”

အင်ပါယာရှားက ကြိတ်၍ သက်ပြင်းချသည်။ သူမ အမှန်တကယ် အသက်ရှင်နိုင်ခဲ့၏။

ရှားရုံနှင့် တခြားလူများအားလုံးမှာလည်း ပြောစရာ စကားများ မဲ့နေသည်။

ရန်ဟောင်... ရီဖူရှင်း...။

ရီဖူရှင်းသည် ရောက်လာကတည်းက သူတို့ကို တစ်ချက်မျှပင် မကြည့်သွားပေ။ သူသည် အင်ပါယာရှား၏ဆက်ခံသူကိစ္စနှင့်ပတ်သက်၍လည်း တစ်ခွန်းမျှပင် မဟသွားပေ။

ရီဖူရှင်းက သူ့အဖေကို လေးစားကာ ကူညီလိုခြင်းသည် သူတို့နှင့် အနည်းငယ်မျှပင် မသက်ဆိုင်ပေ။

ဘုံသုံးထောင်... အမြင့်ဆုံးသော အဆင့်...။

အရာအားလုံးက အဘယ်ကြောင့် အိပ်မက်ဆန်နေရပါသနည်း။

***

All Chapters