နောက်ကြောင်းကိုစုံစမ်းခြင်း
Vol. 018 Ch. 1716
ရီဖူရှင်း အင်ပါယာရှားဘုံသို့မရောက်ခင်တွင် ကျင့်ကြံသူတစ်စုက သူ့အရင်ရောက်လာကြသည်။ သို့သော် သူတို့က အင်ပါယာရှားနန်းတော်အား အသိမပေးခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အင်ပါယာရှားဘုံရှိ သာမန်လူများ၏မှတ်ဉာဏ်အတွင်းမှ အသုံးဝင်သော သတင်းအချက်အလက်များကိုတွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့က အင်ပါယာရှားကို ထပ်မံအနှောက်အယှက်ပေးရန်မလိုတော့ဘဲ သူတို့ကိုသူတို့ အာရုံစိုက်ခံရစရာမလိုတော့ပေ။
ရီဖူရှင်းနှင့် သူ၏စစ်တပ်က ရှန်ကလန်အားတိုက်ခိုက်ခဲ့ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်သည် ဘုံကိုးခုတွင် နာမည်ကျော်ကြားလာကာ သူတို့က တပည့်များစတင်လက်ခံခဲ့ကြသည်။
သို့သော်လည်း ရှန်ကလန်က အခြားအစီအစဥ်တစ်ခုရှိနေလေသည်။ သူတို့က ရီဖူရှင်း၏နောက်ခံနှင့် ဇာတ်မြစ်ကိုစုံစမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့သည် လတ်တလောတွင် ရီဖူရှင်းအား ဘာမှမလုပ်နိုင်သေးသော်လည်း ထိုသို့စုံစမ်းခြင်းဖြင့် မတော်တဆ တစ်ခုခုရှာတွေ့လာနိုင်ပေသည်။ အနာဂတ်တွင် သူတို့က ရီဖူရှင်းနှင့်ရင်ဆိုင်ရမည့်အချိန်ရောက်လျှင် သူတို့၌ ဝှက်ဖဲအချို့ရှိထားရန်လိုအပ်သည်။
ထို့ကြောင့် ယခုအချိန်တွင် သူတို့က ရီဖူရှင်းသတိမပြုမိစေရန် စီစဥ်ထားကြသည်။ သူတို့က ထိုကိစ္စအား လျှို့ဝှက်ကာလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ မဟုတ်လျှင် သူတို့က ရီဖူရှင်းအား သတိပေးလိုက်သလို ဖြစ်သွားပေမည်။
ရီဖူရှင်း၏နောက်ခံအားစုံစမ်းခြင်းကို တိတ်တဆိတ်လုပ်ဆောင်မှသာလျှင် ထိုမှရလာသောသတင်းအချက်အလက်အား အနာဂတ်တွင် အရေးကြီးသောအခြေအနေသို့ရောက်လာပါက အသုံးချနိုင်ပေမည်။
ဂုဏ်ယူဝံ့ကြွားသော ထိပ်သီးရှန်ကလန်အနေဖြင့် သူတို့က ပုံမှန်အားဖြင့်ထိုသို့ကိစ္စမျိုးကိုလုပ်ရန်စိတ်ကူးမိမည်မဟုတ်ပေ။ သို့သော်လည်း ရီဖူရှင်းနှင့်တိုက်ပွဲတွင် သူတို့က ပထမဆုံးအကြိမ်အဖြစ် အန္တရာယ်ကိုခံစားမိခဲ့ကြသည်။ ရီဖူရှင်း၏ နောက်ခံနှင့်ပတ်သတ်၍သိလိုစိတ်ပြင်းပြလာခြင်းနှင့်အတူ အနာဂတ်အတွက် ပြင်ဆင်ထားလိုသောကြောင့် ရှန်ကလန်က ဤဘုံသို့လာရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အင်ပါရှားဘုံမှ အတိတ်ကိုတူးဆွပြီးနောက် ထပ်မံဆင်းသက်လာသောအခါ သူတို့သည် ဘုံသုံးထောင်၏ အောက်ဆုံးဘုံဖြစ်သော ပြည်နယ်ကိုးခုမှ သေမျိုးနယ်မြေသို့ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင် ရှန့်ထိုအဆင့်သည် ထိပ်ဆုံးတွင်ရပ်တည်နေသည့် ဒဏ္ဍာရီလာတည်ရှိမှုမျိူးဖြစ်နေလေသည်။
သေမျိုးနယ်ပယ်မှကျော်လွန်ပြီးနောက်တွင် ရှန့်ထိုတပါးဖြစ်လာပေမည်။ ရှန့်ထိုအဆင့်၏အောက်မှအဆင့်များအား သေမျိုးအဆင့်များဟု သတ်မှတ်နိုင်သည်။ ရှန်ကလန်၏အမြင်အရကြည့်လျှင် ပြည်နယ်ကိုးခုကဲ့သို့သောနေရာမျိုးမှာ အလွန်အားနည်း၍ သနားစရာကောင်းလှသည်။
ရီဖူရှင်းက ထိုသို့သောနေရာမျိုးမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်...
သို့သော်လည်း သူတို့က သိပ်မအံ့သြမိပေ။ မည်သို့ပင်ဖြစ်စေ မဟာအင်ပါယာနှစ်ပါးသည်လည်း သေမျိုးကမ္ဘာတွင် ကျင့်ကြံခဲ့ကြသည်ဟူသော ကောလဟာလတချို့လည်းရှိနေပေသည်။ အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့၏ ဇာတိမြေသည်လည်း အဆင့်နိမ့်ဘုံများမှဖြစ်သည်ဟူသော ကောလဟာလများပင်ရှိလေသည်။ ထိုကောလဟာလများမှာ များသောအားဖြင့် မယုံကြည်ရဘဲ အချို့သောနေရာများ၌ သူတို့ဘာသာဖန်တီးထားသော ဒဏ္ဍာရီများမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။
သာမန်အင်အားစုများက ထိုသို့သောကောလဟာလများကို ဂရုစိုက်မည်မဟုတ်သော်လည်း ရှန်ကလန်က ဘုံသုံးထောင်၏ထိပ်ဆုံးမှရပ်တည်နေသော အင်အားစုကြီးဖြစ်၍ သူတို့က လူအများစုသိထားသည်ထက် ပိုမိုတိကျစွာသိထားလေသည်။
အရှင်ဒွန်ဟောင်၏ဘဝက အလွန်ထူးခြားလှသည်။
အရှင်ဒွန်ဟောင်သည် အဆင့်နိမ့်ဘုံများသို့ ဆင်းသက်ခဲ့သော်လည်း ထိုသည်မှာ လောက၏စစ်မှန်သော ရက်စက်ကြမ်းတမ်းမှုကို ကြုံတွေ့လို၍ဖြစ်သည်။ ထို့နောက်တွင် အရှင်ဒွန်ဟောင်သည် ကောင်းကင်ဒေသတစ်ခုလုံးကို ပေါင်းစည်းခဲ့သည်။ ယနေ့ခေတ်နှင့်နှိုင်းယှဥ်လျှင် ထိုစဥ်က ဘုံသုံးထောင်မှာ ကာလကြာရှည်စွာ ကသောင်းကနင်းဖြစ်နေခဲ့သည်။
ရှန်ကလန်ကကြောက်လန့်မိသောအရာမှာ ရီဖူရှင်းက ထိုသို့သောတည်ရှိမှုမျိုးဖြစ်နေမလားဆိုသည်ကိုပင်ဖြစ်သည်။
ရီဖူရှင်းက ထိုသို့သောတည်ရှိမှုမျိုးဖြစ်နေမည်ဆိုလျှင် ထိုသည်က ရှန်ကလန်အား ဒုက္ခတွင်းထဲရောက်စေလိမ့်မည်။
သူတို့ယခုချိန်ထိ စုံစမ်းခဲ့သော မှတ်ဉာဏ်များအရ ရီဖူရှင်းက အမှန်တကယ်ပင် ပြည်နယ်ကိုးခုတွင်မွေးဖွားခဲ့ပြီး ကြီးပြင်းလာခဲ့ခြင်းဖြစ်ရန်များပေသည်။ သူသည် အလွန်ငယ်ရွယ်ကာ အားနည်းသောကလေးဘဝကတည်းက ဤနေရာတွင်ရှိနေခဲ့ဟန်ပေါ်သည်။
ထိပ်သီးအင်အားစုကြီးများမှ သူတို့၏ဆက်ခံသူများအား ဤနေရာတွင်လေ့ကျင့်သင်ကြားရန်စေလွှတ်ခဲ့လျှင်ပင် သူတို့က အသက်ငယ်ငယ်လေးဖြင့် ထိုကဲ့သို့လုပ်နိုင်ပါ့မည်လော...။
ပြည်နယ်ကိုးခု၏ မြေရိုင်းဒေသ၊ ကျုံးကျူမြို့မှ နဂါးပတ်တောင်တန်းနှင့် ကျူးကော့မိသားစုတို့မှာ အလွန်အသက်ဝင်လှသည်။
ယနေ့သည် နဂါးပတ်တောင်တန်းသခင်နှင့် ကျူးကော့မိသားစုခေါင်းဆောင်ဖြစ်သည့် ကျုးကော့ချန်းဖန်၏ မွေးနေ့ပွဲဖြစ်ပေသည်။ ပြည်နယ်ကိုးခုလုံးမှလူများ လာရောက်ကြပြီး သူ့အားဂုဏ်ပြုကြလေသည်။
မြေရိုင်းဒေသတွင် ရှန့်ထိုအဆင့်ပေါ်ပေါက်လာခဲ့သည့်အချိန်မှစကာ မြေရိုင်းဒေသ၏အခြေအနေမှာ အတိတ်တုန်းကနှင့် နှိုင်းယှဥ်၍မရနိုင်တော့ပေ။ အထွဋ်အမြတ်နယ်မြေများစွာက မြေရိုင်းဒေသတွင် ပေါ်ပေါက်လာခဲ့သည်။ နဂါးပတ်တောင်တန်းသည် ထိုနယ်မြေများထဲမှတစ်ခုဖြစ်သည်။
ထို့အပြင် ကျုးကော့ချန်းဖန်နှင့် ရီဖူရှင်းတို့အကြားက ပတ်သတ်မှုကြောင့် ပြည်နယ်ကိုးခုမှမည်သူက သူ့အားမလေးမစားပြုရဲမည်နည်း။
အင်အားအကြီးဆုံးဖြစ်သည့် နွေဦးပြည်နယ်မှ ရှန့်ထိုရှားသည်ပင် မြေရိုင်းဒေသမှ ရှန့်ထိုများနှင့် ပုံမှန်တွေ့ဆုံတတ်လေသည်။ ထိုသည်မှာ ယခင်ကမူ မဖြစ်နိုင်ပေ။ သို့သော်လည်း မြေရိုင်းဒေသမှရှန့်ထိုများသည် ရီဖူရှင်းနှင့်ပတ်သတ်မှုကြောင့် ယခုအခါတွင် မြင့်မားသောအဆင့်အတန်းကိုပိုင်ဆိုင်နေကြပြီဖြစ်သည်။
ရီဖူရှင်း၏ဆရာဖြစ်သူ ရှီခန်းမမှ ထောင်ကျန်းနှင့် ရီဖူရှင်း၏ ဒုတိယအစ်မ၏ဖခင်ဖြစ်သူ ကျုးကော့ချန်းဖန်တို့ရှိနေသည်။ ထို့အပြင် အာခီမီမြို့မှ ရီဖူရှင်းအကိုကြီး၏ ယောက္ခမဖြစ်သူ ယူချီနှင့် ရီဖူရှင်း၏အကိုဖြစ်သော ထိုက်ဟွမ်တောင်မှ ယွမ်ဟောင်တို့လည်းရှိနေပေသည်။ သူတို့အားလုံး၏နောက်ခံများမှာ ထူးကဲသာလွန်ကြပေသည်။
ရှန့်ထိုရှားသည် အင်ပါယာရှားအား ရှာဖွေရန် အင်ပါယာရှားဘုံသို့လည်ပတ်ခဲ့သည်။ အင်ပါယာရှားက သူ့အား မြေရိုင်းဒေသမှ ရှန့်ထိုများကိုဂရုစိုက်ပေးရန် ကိုယ်တိုင်ကိုယ်ကျညွှန်ကြားခဲ့လေသည်။ ထိုရှန့်ထိုများသည် ထိုကဲ့သို့သော အလေးပေးမှုကိုရရှိခြင်းက သူတို့သည် နေရာတစ်ခုတွင်ရှိနေကြောင်း ဖော်ပြနေသည်။
ယခုအခါတွင် မြေရိုင်းဒေသမှ ရှန့်ထိုများ၏ အဆင့်နှင့်စွမ်းရည်မှာ သူ့ထက်အားနည်းနေခြင်းမရှိတော့ပေ။
ပြည်နယ်ကိုးခုမှ လူငယ်မျိုးဆက်များကြားတွင်မူ ပြင်းထန်သောပြိုင်ဆိုင်မှုများ ရှိနေပေသေးသည်။ သို့သော်လည်း ထိပ်ဆုံးမှပုဂ္ဂိုလ်များကြားတွင်မူ အလွန်ရင်းနီးသော ဆက်ဆံရေးရှိကြလေသည်။ ပြည်နယ်ကိုးခု၏ အရေးပါသောပုဂ္ဂိုလ်အားလုံးသည် ကျုးကော့ချန်းဖန်၏ မွေးနေ့ပွဲသို့ရောက်ရှိနေပြီဖြစ်ကာ နဂါးပတ်တောင်တန်းသည် စည်ကား၍ သက်ဝင်လှုပ်ရှားနေလေသည်။
လူများစွာက အတိတ်နေ့ရက်များအကြောင်းအား စားမြုံ့ပြန်ပြောကာ ရယ်မောနေကြသည်။ မကြာခဏပင် သူတို့က ရီဖူရှင်းနှင့်တခြားသူများ၏အကြောင်း ပြောကြပြီး သူတို့ မည်သည့်ကျင့်ကြံဆင့်တွင် ရောက်ရှိနေမည်လဲဆိုသည်အား ခန့်မှန်းနေကြသည်။
နဂါးပတ်တောင်ခြေမှ မြို့သည်လည်း အလွန်သက်ဝင်လှုပ်ရှားနေလေသည်။ လူများစွာက ပျော်ပွဲရွှင်ပွဲအား ဆင်နွှဲရန်လာရောက်ကြသည်။ တည်းခိုရိပ်သာတစ်ခုတွင် လူများစွာက ကျုးကော့ချန်းဖန်၏မွေးနေ့ပွဲအကြောင်း ဆွေးနွေးနေကြလေသည်။
"အခု နဂါးပတ်တောင်ထိပ်မှာ နွေဦးပြည်နယ်က ရှန့်ထိုတွေရောက်နေကြပြီလား"
"ရှန့်ထိုရှားလည်း လာတယ်။ နဂါးပတ်တောင်တန်းက ပြည်နယ်ကိုးခုမှာ မြင့်မားတဲ့အဆင့်အတန်းကိုပိုင်ဆိုင်ထားတာကိုး...ပြီးကျ မြေရိုင်းဒေသရဲ့အထွဋ်အမြတ် ကျင့်ကြံရေးနယ်မြေတစ်ခုလည်းဖြစ်နေသေးတယ်။ ကျူးကော့အရှင်ကလည်း ထူးခြားတဲ့ပုဂ္ဂိုလ်ကြီးပဲ...အဲ့ဒီတုန်းက သူက ရီဖူရှင်းနဲ့အတူ တိုက်ပွဲပေါင်းများစွာမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး သေဘေးကအကြိမ်ကြိမ်လွတ်ခဲ့တာ။ ကျူးကော့မိသားစုက သခင်မလေး ကျူးကော့မင်းယွီကလည်း ရီဖူရှင်းရဲ့ အစ်မကြီးလေ...နောက်ပြီး ကျူးကော့မိသားစုရဲ့သမက်ဖြစ်တဲ့ ရီဖူရှင်းရဲ့ဒုတိယအကို ဂူတုံးလျှိုနဲ့ ရီဖူရှင်းရဲ့တတိယအကိုတို့အားလုံးကလည်း နဂါးပတ်တောင်တန်းက တိုက်ပွဲအပြီးမှာ နာမည်ကျော်ကြားလာခဲ့ကြတာ..."
"ပိုင်လွေလီနဲ့တိုက်ပွဲကိုပြောတာလား...အခုအချိန်ထိ လူတွေကအဲ့ဒီတိုက်ပွဲအကြောင်းကို ပြောနေကြတုန်းပဲ" ဘေးမှလူက အတိတ်ကိုပြန်မြင်ယောင်ကာ ပြောလိုက်လေသည်။
"ရီဖူရှင်းက အဲ့လောက်တောင် ထူးခြားတာလား" ထိုအချိန်တွင် တည်းခိုရိပ်သာ၏ထောင့်တွင် တောက်ပသောအဝတ်အစားများဝတ်ဆင်ထားသည့် လူငယ်တစ်စုက တိတ်ဆိတ်စွာထိုင်၍ အရက်သောက်နေကြသည်။ သူတို့သည် တည်းခိုရိပ်သာမှလူများ၏စကားများကိုကြားပြီးနောက် မနေနိုင်တော့ဘဲ ထိုသို့ပြောမိလိုက်ကြသည်။
ထိုလူငယ်များသည် စူးရှသောအကြည့်မျပိုင်ဆိုင်ထားသော်လည်း သူတို့၏အရှိန်အဝါများကိုမူ ထိန်းချုပ်ထားလေသည်။ သူတို့၏ကျင့်ကြံဆင့်နှင့်ပတ်သတ်သော အရှိန်အဝါများကို လုံးဝစစ်ဆေးကြည့်၍မရပေ။ မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ဟန်ပန်များအရ သူတို့သည် သာမန်လူများ မဖြစ်နိုင်ပေ။
"မင်းတို့က ရီဖူရှင်းကိုမသိကြဘူးလား" ဘေးမှလူကမေးလိုက်သည်။ သူက ထူးထူးဆန်းဆန်းကြည့်လိုက်လေသည်။ ရီဖူရှင်းသည် မြေရိုင်းဒေသ၏ နာမည်ကျော်ပုဂ္ဂိုလ်ဖြစ်ပြီး ပြည်နယ်ကိုးခုတွင်ပင် အလွန်ကျော်ကြားပေသည်။ သူသည် အလွန်ကြာမြင့်သောအချိန်ကတည်းက ဒဏ္ဍာရီလိုတည်ရှိမှုမျိုးဖြစ်နေခြင်းဖြစ်သည်။ သူကဲ့သို့သောလူအား မသိသည့်သူရှိသေးသည်လား...
"သူ့အကြောင်းကိုကြားဖူးပေမယ့် သူဘယ်လောက်ထူးချွန်လဲဆိုတာတော့ သိပ်မသိဘူး။ သူ့အကြောင်းတွေ ခင်ဗျားက ပြောပြပေးပါလား..." လူငယ်များထဲမှတစ်ယောက်က အပြုံးနှင့်မေးလိုက်သည်။ မကြာသေးခင်က သူတို့သည် လူအချို့၏မှတ်ဉာဏ်များအား ရှာဖွေခဲ့ပြီးသားဖြစ်သည်။ သူတို့က ရီဖူရှင်း၏ စွန့်စားခန်းများအကြောင်းကို အကြမ်းဖြင်းသိထားပြီးဖြစ်သော်လည်း အဓိကပြသနာများကိုတော့ သူတို့ အခုထိမသိရသေးပေ။ သူတို့က ထပ်မံ၍သိလိုပေသေးသည်။
"သေချာတာပေါ့..." ဘေးမှလူက စိတ်လှုပ်ရှားသောအသံဖြင့် စတင်ပြောဆိုလိုက်လေသည်။ "ငါမှတ်မိသေးတယ် အဲ့ဒီအချိန်တုန်းကပေါ့..."
ထိုလူက သူ၏ဇာတ်လမ်းကိုစတင်လိုက်တော့သည်။ အောက်ဘုံမှလူများသည်ကျင့်ကြံခြင်းတွင် သာမန်သာဖြစ်ကြသည်။ ထို့ကြောင့် သူတို့က ထိုကဲ့သို့သော ဒဏ္ဍာရီလာတည်ရှိမှုမျိုးအကြောင်း ဇာတ်လမ်းများကို ပိုမိုသဘောကျကြလေသည်။ ထိုသူက ဇာတ်လမ်းကို တက်ကြွရွှင်မြူးစွာ စတင်ပြောဆိုလိုက်ချိန်တွင် လူငယ်အားလုံးက တိတ်ဆိတ်သွားကြပြီး စူးစိုက်စွာနားထောင်လိုက်ကြသည်။
သူတို့သည် ဤသေမျိုးနယ်ပယ်မှလူများအပေါ် နှိမ့်ချရွံရှာ၍ အထင်သေးသော်လည်း ရီဖူရှင်းက ဘုံကိုးခုတွင်သူမည်မျှထူးချွန်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သောကြောင့် သူတို့က သူ့အကြောင်းအား စိတ်ဝင်စားစွာနားထောင်နေကြလေသည်။ သူတို့သည် စိတ်ထဲတွင်မခံမရပ်နိုင်ဖြစ်နေကြသည်။ ရီဖူရှင်းက အမှန်တကယ်ပင် သေမျိုးနယ်ပယ်မှလာရောက်ခဲ့ပြီး သေခြင်းရှင်ခြင်းတိုက်ပွဲများစွာကိုကျော်ဖြတ်ကာ အထက်ဘုံသို့ကိုင်လှုပ်နိုင်သည်အထိ စွမ်းဆောင်နိုင်ခဲ့သည်ဆိုခြင်းအား သူတို့တွေးပင်မတွေးဖူးခဲ့ပေ။
ပြည်နယ်ကိုးခုဒေသတွင်ပင် ရီဖူရှင်းက သေခြင်းရှင်ခြင်းတိုက်ပွဲများစွာကို ကြုံတွေ့ခဲ့ရလေသည်။
သေမျိုးကမ္ဘာတွင် ထိုဇာတ်ကြောင်းမှာ အထက်ဘုံကိုးခု၌ ရီဖူရှင်းက စစ်တပ်ကိုဦးဆောင်၍ သူတို့၏ရှန်ကလန်အားတိုက်ခိုက်ခဲ့သောဇာတ်လမ်းနှင့်ပင် ယှဥ်နိုင်လေသည်။
"ရီဖူရှင်းက ငယ်ရွယ်ပြီးအားနည်းခဲ့စဥ်ကလို့ပြောခဲ့တော့ သူကပြည်နယ်ကိုးခုဒေသကို ဘယ်နေရာကနေရောက်လာတာလဲ" ရှန်ကလန်မှတစ်ယောက်က မေးလိုက်သည်။
"သူက မြေရိုင်းဒေသကလာတယ်ဆိုတာတော့ သေချာတယ်။ ဒါပေမဲ့ မြေရိုင်းဒေသရဲ့ဘယ်နေရာကလာလဲဆိုတာကိုတော့ ငါသေချာမသိဘူး" ထိုလူက ပြောလိုက်သည်။ "ဘာလို့လဲ မင်းတို့လည်း သူ့အကြောင်းကိုစိတ်ဝင်စားသွားပြီလား..."
"ကျုပ်က သူမွေးဖွားခဲ့တဲ့နေရာကိုသွားပြီး ဂုဏ်ပြုချင်လို့ပါ" ရှန်ကလန်မှလူက အပြုံးဖြင့်ပြောလိုက်သည်။ "သူက ဒီလိုအောင်မြင်မှုတွေကိုရယူနိုင်ခဲ့တယ်ဆိုတော့ သူ့မှာ ထူးကဲသာလွန်တဲ့နောက်ခံမျိုးရှိနေတာလားလို့ ကျုပ်သိချင်မိသွားတာ..."
"သေချာပေါက် ဘာနောက်ခံမှမရှိပါဘူး..." လှပသောမိန်းမပျိုလေးက စကားဝိုင်းထဲသို့ဝင်လာသည်။ သူမက ငယ်ရွယ်လှပပြီး အဆင့်မြင့်မိသားစုတစ်ခုမှ မိန်းမပျိုလေးဖြစ်ဟန်တူသည်။
"သူကအရှေ့မြေရိုင်းဒေသက ရောက်လာခဲ့တာ။ သူ အရှေ့မြေရိုင်းဒေသမှာရှိနေခဲ့တုန်းက နာမည်ကြီးကျင့်ကြံရေးနယ်မြေတစ်ခုဖြစ်တဲ့ စာအုပ်တောင်မှာ သင်ယူခဲ့တယ်" မိန်းမပျိုလေးက နူးညံ့စွာပြောလိုက်သည်။ "နောက်ပြီး သူက စာအုပ်တောင်ကို သူ့အသက် ၁၈ နှစ်မှာတင် ဝင်ရောက်နိုင်ခဲ့တာ... ကော့တေးက တပည့်က ကိုယ်တိုင်ကိုယ်ကျလာတွေ့ခဲ့ပြီး သူ့ကိုကော့တေးကိုခေါ်သွားခဲ့တယ်။ ထပ်အံ့သြဖို့ကောင်းတာက သူကသီးခြားဖြစ်နေတဲ့ မထင်မရှားမြို့လေးမှာကြီးပြင်းလာခဲ့တာပဲ။ သူက ဖြည်းဖြည်းချင်းတက်လှမ်းလာခဲ့ပြီး သူ့အစွမ်းအစပေါ်မှာပဲ သူမှီခိုလာခဲ့တာ...သူက တကယ့်ဒဏ္ဍာရီထဲက လူတစ်ယောက်ပဲ"
သူမက ကော့တေးအကြောင်းပြောနေစဥ်တွင် လူတိုင်းက သူမ၏စကားများထဲမှ ဂုဏ်ယူနေသံကို ခံစားနိုင်ပေသည်။
ရီဖူရှင်းက ကော့တေးသို့ဝင်ရောက်နိုင်ခဲ့ခြင်းမှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ မြေရိုင်းဒေသမှ လူများစွာက ထိုအကြောင်းကိုသိကြလေသည်။ သူမက တခြားသူများထက် အနည်းငယ်သာပိုသိခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုသည်မှာ သူမ၏ဦးလေးရီဖြစ်လေသည်။
သို့သော်လည်း သူမ ဦးလေးရီနှင့်နောက်ဆုံးတွေ့ခဲ့သည်မှာပင် အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
"မိန်းကလေးကိုကြည့်ရတာ တော်တော်လေးသိတဲ့ပုံပဲ" လူငယ်က သူမအားပြုံးကာပြောလိုက်သည်။
မိန်းမပျိုလေးက သူတို့အားကြည့်ကာ အသာပြုံး၍ ခေါင်းညိမ့်လိုက်သည်။ သူမက ထိုသည်ကိုပြောပြီးနောက် ထပ်မပြောတော့ပေ။ အဆုံးတွင် သူမက သူတို့နှင့်ရင်းနှီးသည်မဟုတ်၍ စကားများများပြောမည်မဟုတ်ပေ။
လူတိုင်းက နဂါးပတ်တောင်တန်းပေါ်တက်နေကြသည်။ သူမက ထိုနေရာတွင်ပျင်းရိလာသောကြောင့် တောင်ပေါ်မှဆင်းလာခြင်းဖြစ်သည်။ တိုက်ဆိုင်စွာ တည်းခိုခန်းတွင် ဦးလေးရီအကြောင်းပြောနေကြသည်ကိုတွေ့၍ သူမကမနေနိုင်ဘဲ ဝင်ပြောခဲ့ခြင်းဖြစ်လေသည်။
"အရှေ့မြေရိုင်းဒေသဟုတ်လား..." လူငယ်က သက်ပြင်းရှိုက်ရင်းပြောလိုက်သည်။ "မိန်းကလေး မင်းပြောတဲ့ထဲမှာ ရီဖူရှင်းက မထင်မရှားသီးခြားနေရာတစ်ခုကနေ အရှေ့မြေရိုင်းဒေသမှာ လာရောက်သင်ယူခဲ့တယ်ဆိုတော့ အဲ့ဒီနေရာက ဘယ်နေရာလဲ... အဲ့ဒီနေရာက ရီဖူရှင်းရဲ့မွေးရပ်မြေလား"
မိန်းမပျိုလေးက ပြန်ပြောရန်ပြင်လိုက်သော်လည်း သူမဘေးမှလူကြီးက သူမအားစိုက်ကြည့်နေသောကြောင့် သူမကဘာမှမပြောတော့ဘဲ ပြုံးရုံသာပြုံးလိုက်လေသည်။
"သခင်မလေး ပြန်ကြရအောင်ပါ" သူမဘေးမှလူကြီးက မိန်းမပျိုလေးအား ညင်သာစွာပြောလိုက်သည်။ ထိုလူငယ်များက မရိုးရှင်းမှန်း သူခံစားနေမိသည်။ သူတို့၏ဟန်ပန်များက အလွန်ထူးကဲနေပြီး သူတို့၏အကြည့်များသည်လည်း လူငယ်များ၏အကြည့်မျိုးမဟုတ်ပေ။ သူတို့က အကြည့်တစ်ချက်ဖြင့် တစ်ဖက်လူ၏စိတ်ထဲသို့ထိုးဖောက်သွားနိုင်သလိုပင်။
"မိန်းကလေး ကျုပ်တို့သီးသန့်ပြောလို့ရမလား" လူငယ်တစ်ယောက်ကမေးလိုက်သည်။ သူတို့လိုအပ်နေသော သတင်းအချက်အလက်များကို ထိုမိန်းမပျိုလေး၏ မှတ်ဉာဏ်အားရှာဖွေခြင်းဖြင့် ရလာနိုင်ပေသည်။ ထိုသို့ရှာဖွေပြီးလျှင် သူတို့က သူမနှင့်ပတ်သတ်စရာမလိုတော့ပေ။
"လူကြီးမင်းတို့ ကျုပ်ရဲ့သခင်မလေးက သွားစရာလေးရှိနေလို့ပါ။ နှုတ်ဆက်ပါတယ်..." လူကြီးက သူမအားဆွဲလိုက်ရင်း ပြောလိုက်သည်။ မိန်းမပျိုလေးက ထလိုက်ရင်း ထွက်ခွာသွားရန်ပြင်လိုက်လေသည်။
သို့သော်လည်း သူတို့၏ပတ်ဝန်းကျင်တွင် ရွှေရောင်အလင်းတန်းများဖြင့် ဝန်းရံထားခြင်းကိုခံလိုက်ရပြီး သူတို့စိတ်ရှိသလို လှုပ်ရှား၍မရတော့ပေ။
ဘာတွေဖြစ်နေသနည်း... တည်းခိုရိပ်သာအတွင်းမှလူများက အံအားသင့်သွားကြသည်။ထိုလူငယ်များကမူ လောကတစ်ခုလုံး မည်သို့ဖြစ်နေသည်ကို ဂရုပင်မစိုက်ပဲ အရက်တစ်ငုံသောက်လိုက်သည်။ ထို့နောက်သူတို့က ခွက်ကိုချလိုက်ပြီး လေထဲသို့ဖမ်းဆုပ်လိုက်ကာ ထိုမိန်းမပျိုလေးနှင့်အတူ တည်းခိုရိပ်သာမှထွက်ခွာသွားလေသည်။ သူတို့ကမိန်းမပျိုလေးအား ထိကိုင်ခြင်းမရှိသော်လည်း မိန်းမပျိုလေးကသူတို့၏ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး သူတို့နှင့်အတူထွက်ခွာရန် ဖိအားပေးခြင်းကိုခံလိုက်ရသည်။ သူမက သူတို့အားပြန်လည်ခုခံနိုင်စွမ်း မရှိခဲ့ပေ။
အလွန်အားကောင်းလှပေသည်။ လူအုပ်ကြီးက အံအားသင့်သွားကြသည်။ သူတို့ကမည့်သည့်အဆင့်သို့ ရောက်ရှိနေကြသနည်း။
သူတို့က အဆင့်မြင့်ဘုံများမှရောက်ရှိလာခြင်းပေလော...
သူတို့သည် ခြေတစ်လှမ်းတည်းဖြင့်တည်းခိုရိပ်သာအတွင်းမှ ခုန်ထွက်သွားလေသည်။ထို့နောက် သူတို့သည် အရပ်ရှည်၍ သန်မာထွားကြိုင်းလှသော အရိပ်တခုက သူတို့၏ခေါင်းပေါ်ရှိလေထုထဲတွင် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။ ထိုပုံရိပ်က သူတို့ဆီသို့လျှောက်လှမ်းလာ၍ အော်ဟစ်လိုက်လေသည်။
"စိတ်ကြီးဝင်နေကြတာပဲ..."
သူ၏အသံက မိုးခြိမ်းသံကဲ့သို့ကျယ်လောင်လှပေသည်။ အစွမ်းထက်လှသောရှန့်ထိုအဆင့်၏ အရှိန်အဝါများက လူငယ်များအပေါ်သို့ ကျဆင်းလာလေသည်။
ထိုလူကြီးက အမှန်တကယ်ပင်ရှန့်ထိုအဆင့်မှ လူဖြစ်နေလေသည်။
ထိုလူမှာ အာခီမီမြို့၏အရှင်သခင်ဖြစ်လေသည်။ ပတ်ဝန်းကျင်မှလူများက လေထုထဲတွင်ပေါ်ပေါက်လာသောပုံရိပ်ကိုမြင်လိုက်သောအခါ အံသြသွားကြလေသည်။ ထိုသူမှာအာခီမီမြို့၏ အရှင်သခင်ဖြစ်သူ ယူချီဖြစ်နေလေသည်။
ယူချီ၏အမူအရာမှာ မှုန်မှိုင်းသွားလေသည်။ အဖမ်းခံထားရသည် မိန်းမပျိုလေးမှ ရွှီယွီနှင့်ယူရှီတို့၏သမီးဖြစ်သူ သူ၏မြေးမဖြစ်သည်။ ယူချီက သူမတောင်ပေါ်မှဆင်းသွားသောကြောင့် သူမအားကြည့်ရှုရန်လာရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်သူ့ကိုအံသြသွားစေသည်က မြေရိုင်းပြည်နယ်၏ ပိုင်နက်ဒေသအတွင်းတွင် အမှန်တကယ် ထိုသို့ရဲတင်းစွာပြုလုပ်ရဲသောသူရှိနေခြင်း ဖြစ်ပေသည်။
သို့သော်ထိုလူငယ်များသည် သူ၏အရှိန်အဝါကြောင့် သက်ရောက်ခြင်းမခံရသည်ကို သတိပြုမိလိုက်သည်။
အဝေးမှနေ၍ အင်အားကောင်းသောအရှိန်အဝါများက တခုပြီးတခုနီးကပ်လာလေသည်။ နဂါးပတ်တောင်တန်းမှ ရှန့်ထိုများကဤနေရာတွင်ဖြစ်ပွားနေသော မူမမှန်မှုကိုခံစားမိလိုက်ကြ၍ သူတို့သည်လေဟာနယ်ကိုဖြတ်ကာ ဤနေရာသို့ချက်ချင်းရောက်လာကြခြင်းဖြစ်သည်။ သူတို့သည် အရပ်မျက်နှာအမျိုးမျိိုးမှပေါ်ပေါက်လာလေသည်။
ထိုလူငယ်များကအေးစက်တောင့်တင်းသွားကြသည်။တကယ်တော့သူတို့သည် ထိုမိန်းမပျိုလေး၏မှတ်ဉာဏ်ကို ရှာဖွေလိုရုံမျှသာဖြစ်သည်။ သို့သော်ကံဆိုးစွာပင်ကြည့်ရသည်မှာ ဤသေမျိုးလောကတွင်ရှိသော မိန်းမပျိုလေး၏အဆင့်အတန်းမှာ ရိုးရှင်းပုံမရပေ။ ထို့ကြောင့်သူမသည် သာမန်လူများထက် ပို၍သိသည်မှာ အံသြစရာမရှိတော့ပေ။
သူတို့၏ တိတ်တဆိတ်စုံစမ်းမှုမှာ ပေါ်ပေါက်သွားပြီ ဖြစ်ဟန်တူသည်။
ယခု ပြသနာကား သူတို့သည်သူတို့၏ပြိုင်ဘက်ကို သတ်ဖြတ်သင့်သလားဟူသည်ပင်ဖြစ်ပေသည်...။
***