နတ်ဆိုးသန္ဓေသားမိခင် ... ။
Vol. 32 Ch. 373
ဟွာယွင်ရှန်းက ချင်းယာနှင့် လင်းယွင်ဟဲအပေါ် လျစ်လျူရှုလျက် ဝမ်ရှင်းကျောက်ထံ ဦးတည်သွားသည်။
ထို့နောက် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ရင်ထဲရှိ လောင်ကျွမ်းနေသောမီးတောက်ကို မျိုချကာ ပြုံးလျက်၊
“ ဂျူနီယာညီမဝမ် ငါပြန်လာပါပြီ။ ”
-ဟု သတင်းပို့လိုက်သည်။
သို့သော် ဝမ်ရှင်းကျောက်မှ လှည့်ပင် မကြည့်ချေ။
“ ဒါဆို ငါရဲ့မဟာတာအိုအုတ်မြစ်ကို ထိန်းညှိဖို့ အာရုံစိုက်သင့်တယ်လို့ မင်းပြောချင်တာလား တာအိုမိတ်ဆွေ။ ”
သူမအသွင်အပြင်သည် အဖြေကို မျှော်လင့်နေသော ကျောင်းသားတစ်ယောက် ကဲ့သို့ အာရုံစူးစိုက်မှု အပြည့်ရှိနေ၏။
“ မှန်တယ် ... ဒါပေမယ့် အရေးကြီးတာ စစ်မှန်တဲ့တိုက်ပွဲပဲ ... တိုက်ပွဲတွေမှာသာ မင်းရဲ့ ချို့ယွင်းချက်တွေကို ရှာတွေ့နိုင်ပြီး မင်းရဲ့ ဓားရေးအပေါ် မြှင့်တင်နိုင်လိမ့်မယ်။ ”
တစ်ဖက်တွင် ဟွာယွင်ရှန်းသည် ရှက်ရွံ့လာပြီး မြေပြင်အက်ကွဲကြောင်းထဲသို့ တိုးဝင်ပျောက်ကွယ်ချင်လာ၏။ ချမ်တျန်လုံနှင့် စွင်းဖုန်းသည်ပင် မျက်နှာပျက်ယွင်းလာသည်။
“ စီနီယာ အစ်မဝမ် ... လေလံပွဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၃)သောင်းလောက်က ကျန်ခဲ့တယ်လို့ သံသယရှိနေကြတဲ့ နတ်ဆိုး သန္ဓေသားမိခင် ပါဝင်လာမယ်လို့ သတင်းရထားပါတယ်။ ”
ပြုံးလျက် ဟွာယွင်ရှန်းက ထပ်မံ ကြိုးစားလိုက်လေသည်။ ဤတစ်ကြိမ်တွင် ဝမ်ရှင်းကျောက်သည် မျက်မှောင်ကြုတ်ကာ ပြန်လှည့်ကြည့်လာ၏။
“ ဂျူနီယာဟွာယွင်ရှန်း ... ငါဒီမှာ တာအိုစုဆီကနေ ဓားတာအိုသင်ယူနေတာ မင်းမတွေ့ဘူးလား။ ”
အေးစက်သောအသံနှင့် စိတ်မရှည်သော အကြည့်သည် လေးလံသော ပေါင်တူကြီးဖြင့် ထုနှက်လိုက်သကဲ့သို့ ဟွာယွင်ရှန်းကို ထိုနေရာ၌ အသက်မဲ့သွားစေ၏။
လေထု မူမမှန်တော့သည်ကို မြင်လိုက်ရသောကြောင့် ချမ်တျန်လုံက ရှေ့သို့ လှမ်းတက်ကာ ဟွာယွင်ရှန်းအား ချက်ချင်း ဆွဲထုတ်လိုက်ရသည်။
“ တာအိုစု ဆက်ကြရအောင်။ ”
ဝမ်ရှင်းကျောက်မှ ထိုအရာအပေါ် ဂရုမစိုက်ချေ။ စုရီ၏ တာအိုအသိအမြင်သည် သူမအတွက် တံခါးပေါက်တစ်ခုပေပင်။ ရူးသွပ်စရာ ကောင်းလှ၏။
“ ဒီနေ့ ... ဒီမှာပဲ ရပ်လိုက်ကြရအောင် ... နောင်မှာ တိမ်လွှာကောင်းကင် နန်းတော်ကနေ မင်းဘာမှ သင်ယူနိုင်စရာ မရှိတော့ရင် ငါဆီလာနိုင်တယ်။ ”
ထိုစဉ်က ယွီရှစ်ချန်ကို ဤသို့ပြောခဲ့ဖူးသော်လည်း ‘စဉ်းစားဦးမည်’ဟု ငြင်းဆိုခံရဖူး၏။
“ တာအိုစု မင်းငါ့ကို လမ်းညွန်ပေးမို့လား။ ”
ဝမ်ရှင်းကျောက်၏ မျက်လုံးများ တောက်ပလာပြီး မယုံကြည်နိုင်လောက်အောင် ရွှင်မြူးသွားလေသည်။
“ တာအိုစု ... မင်းငါ့ကို တပည့်အဖြစ် လိုချင်နေတာလား။ ”
စုရီက ဝိုင်တစ်ခွက်မော့သောက်လိုက်ပြီး လူတိုင်း၏နှလုံးသားကို ဇောက်ထိုးဖြစ်သွားစေ နိုင်သော မျက်ဝန်းလှလှများထံ စိုက်ကြည့်ကာ၊
“ ငါ တပည့်လက်မခံဘူး လမ်းညွှန်ရုံပဲ။ ”
-ဟု ပြန်ဖြေလိုက်၏။
“ ဘာပဲဖြစ်ဖြစ် ... တာအိုစုရဲ့ လမ်းညွှန်မှုကိုရရှိခြင်းက ငါဝမ်ရှင်းကျောက် အတွက် အကြီးမားဆုံး ကောင်းချီးပါပဲ။ ”
တစ်ဖက်တွင် လင်းယွင်ဟဲမှ သက်ပြင်းချလိုက်လေသည်။ ပြီးသွားချေပြီ။ ဂျူနီယာညီမဝမ်၏ ဓားနှလုံးသားကို စုရီနှင့် ချည်နှောင်လိုက်ပြီဖြစ်၏။
“ ဒေါ်လေးဆရာ ... မင်းဒီလို လုယူခံလိုက်ရတာကို ... တိမ်လွှာကောင်းကင် နန်းတော်ကသာသိရင် အစ်ကိုစုကို သတ်ပစ်ကြမှာ ကြောက်မိတယ်။ ”
ချင်းယာမှ သည်းမခံနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာ ပြောကြားလိုက်လေသည်။
“ ချင်းယာ၊ မင်းဒါကို နားမလည်ဘူး ... တာအိုစုရဲ့လမ်းညွန်မှုကိုရတာ တစ်သက်တာ ကောင်းချီးပဲ။ ”
“ အိုး ... မှန်တယ်၊ ဒါက လုယူခံရတာ မဟုတ်ဘူး မင်းရဲ့ဆန္ဒအလျောက် အစ်ကိုစုကို သဘောကျသွားတာ။ ”
ဤတစ်ကြိမ်၌ ဝမ်ရှင်းကျောက်ခမျာ မျက်နှာနီရဲသွားသည်။ လင်းယွင်ဟဲမှ ထိုဟာသ အပေါ် စိတ်မ၀င်စားနိုင်သေးဘဲ၊
“ ဂျူနီယာညီမဝမ် မင်းဘာဆက်လုပ်မယ် စိတ်ကူးထားလဲ။”
-ဟု လေးနက်စွာ မေးမြန်းလိုက်သည်။
ဝမ်ရှင်းကျောက်မှ ခဏမျှ တုံ့ဆိုင်းသွားကာ၊
“ ငါ ဂိုဏ်းကိုပြန်ရောက်ရင် ... ဒီကိစ္စကို ဆရာနဲ့ပြောမယ် ... သူ့ရဲ့ စိတ်နေစိတ်ထားအရ ငါ့ကို အပြစ်တင်မယ် မထင်ပါဘူး အစ်ကိုလင်း။ ”
-ဟု တုန့်ပြန်၏။
စုရီမှ ထိုဆုံးဖြတ်ချက်ကြောင့် ခေါင်းညိတ်လိုက်လေသည်။ ဤမိန်းကလေး၌ ဓားသမားတစ်ယောက်ဖြစ်ရန် အရည်အချင်း ရှိသည်။ ရှင်းလင်းသော ကိုယ်ပိုင်လမ်းကို ပြတ်ပြတ်သားသား ချမှတ်ထား၏။
တစ်ဖက်တွင် သူမအဖြေသည် လင်းယွင်ဟဲကို အဓိပ္ပါယ်မဲ့သလို ခံစားရစေ၏။ ယင်းသည် အမှောင်ထဲ လမ်းလျှောက်ခြင်း ပေပင်။ အနည်းငယ် အလျင်စလို နိုင်လွန်းချေပြီ။
သူတို့ စကားစမြည် ပြောဆိုနေစဉ် ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းတို့ ပြန်ရောက်လာ၏။
“ သခင်လေး ... ၊ ဆဌမတန်း ဝိညာဉ်ကျောက်တုံး ငါးဆယ်နဲ့ ပဉ္စမတန်း ဝိညာဉ်ကျောက်တုံး လေးရာသုံးဆယ် ရလာတယ်။ ”
ယွမ်ဟမ်က သိုလှောင် ကျောက်စိမ်းဆွဲသီးကို ကမ်းပေးလာသည်။ စုရီမှ ခေါင်းညိတ်လိုက်၏။
ဤအရေအတွက်သည် ကျင့်ကြံသူများအတွက် များပြားလှသောပမာဏ ဖြစ်သော်လည်း စုရီအတွက်မူ သုံးလသာ လုံလောက်ပေမည်။
“ သခင်၊ မနက်ဖြန် လွန်ခဲ့တဲ့နှစ်ပေါင်း (၃)စောင်းက ကျန်ရစ်ခဲ့တဲ့ ရတနာအချို့ကို လေလံတင် ရောင်းချမယ်ကြားတယ် ...
... နာမည်အကြီးဆုံးကတော့ နတ်ဆိုးသန္ဓေသားမိခင်ပဲ အခုမြို့မှာ လူတွေ ဒီအကြောင်းပဲ ပြောနေကြတယ်။ ”
စုရီမှ မျက်ခုံးပင့်လိုက်သည်။
“ ဟမ့် ... နတ်ဆိုးသန္ဓေသားမိခင်လား ဒါသာတကယ်ဆိုရင် ... ဘယ်ရတနာတွေနဲ့မှ ယှဉ်လို့မရနိုင်ဘူး။ ”
“ အစ်ကိုစု ... နတ်ဆိုးသန္ဓေသားမိခင်က သက်ရှိကို မွေးပေးနိုင်လား။”
ချင်းယာက စိတ်ဝင်တစားမေးသည်။
“ ငါတို့သွားကြည့်ရင် သိပါလိမ့်မယ်။ ”
နတ်ဆိုးသန္ဓေသားမိခင်သည် မိခင်ဝမ်းဗိုက်နှင့်တူသည်။ ၎င်းအတွင်းသက်ရှိကို မွေးဖွားလိုသော် ကောင်းကင်မိစ္ဆာအနှစ်သာရ လိုအပ်သေးသည်။
ကောင်းကင်မိစ္ဆာအနှစ်သာရကို နတ်ဆိုးသန္ဓေသားမိခင်အတွင်း တံဆိပ်ခတ်ကာ သက်ရှိမူလကို မွေးမြူထားရ၏။
ဤနည်းအားဖြင့် ဝိညာဉ်နှင့် သွေးသားစွမ်းအင်များအဖြစ် ဆင့်ကဲပြောင်းလဲ လာပေမည်။
နတ်သားရဲအချို့၏ဥများ၊ နတ်သားရဲ သားပေါက်များနှင့် လူသားသန္ဓေသားများကိုပင် ထိုနတ်ဆိုးသန္ဓေသားမိခင်တွင် တံဆိပ်ခတ် မွေးနိုင်သည်။
စုရွှမ်ကြွယ်ဘဝတွင် နတ်ဆိုး သန္ဓေသားမိခင်ကို တစ်ကြိမ်တွေ့ရှိခဲ့ဖူးသည်။ ၎င်းအတွင်း၌ အံ့သြစရာကောင်းသော ဝိညာဉ် နတ်ဆိုးမျိုးရိုး သန္ဓေသားတစ်ခုပါရှိသည်။
အဆုံးတွင် သူ၏တတိယတပည့် ဖြစ်လာမည့် မီးနတ်ဆိုးဟိုယောင်ကို မွေးဖွား လာခဲ့သည်။ ဆိုလိုသည်မှာ နတ်ဆိုးသန္ဓေသား မိခင်သည် အရိုင်းမြေကိုးပါး၌ပင် ရှားချေ၏။
ထို့ကြောင့် ကောင်းကင်ပြည်နယ်ကဲ့သို့ ခေါင်ဖျားသောဒေသတွင် ထွက်ပေါ်လာသည်မှာ သံသယဖြစ်စရာပေပင်။
“ သခင် ... ဒီလေလံပွဲကို တက်ရောက်ဖို့အတွက် ကုန်သွယ်ရေးအင်အားစု သုံးခုကထုတ်ပေးတဲ့ တံဆိပ်ရှိဖို့လိုပါတယ် မဟုတ်ရင် ခန်းမထဲကို ဝင်ခွင့်မရနိုင်ဘူး။ ”
ယွမ်ဟမ်က တိုးတိုးလေးပြောသည်။ ကုန်သွယ်ရေးအင်အားစု သုံးခုသည် ရွှေဆေးအိုး ကုန်သွယ်ရေးခန်းမ၊ ပြည်နယ်ကိုးပါးခန်းမနှင့် ပင်လယ်လေးပါးမျှော်စင်တို့ဖြစ်သည်။
၎င်းတို့သည် မဟာရှ ပြည်နယ် (၁၃)ခုအတွင်း ငှာနခွဲများစွာကို ဖြန့်ကျက်ထား နိုင်ခဲ့သည်။ စကားဝိုင်းကို နားထောင်နေသော ဝမ်ရှင်းကျောက်က ပြုံးလျက်၊
“ ဝိညာဉ်မြို့တော်ကို ဒီတစ်ခေါက် ငါလာခဲ့တာ လေလံပွဲအတွက်ပဲ အချိန်ကျရင် တာအိုစု ... ငါနဲ့အတူလိုက်လို့ရပါတယ်။ ”
-ဟု ဖိတ်ခေါ်လိုက်သည်။
“ ကောင်းလိုက်တာ ... ဒီနတ်ဆိုးသန္ဓေသားမိခင်ရဲ့ ဆန်းကြယ်မှုကို ကြည့်ခွင့်ရပြီ ... ။ ”
ချင်းယာက ရွှင်လန်းသွားလေသည်။
***
ဝိညာဉ်မြို့တော်၏ နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်ရှိ သီးသန့်ခန်းထဲတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက် ဝိုင်သောက်နေ၏။
“ ကူချန်နင်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း (၃)သောင်းလောက်က ကူတော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ပဲ ... သူ့အဖိုးက မိုးပြာ တိုက်ကြီးရဲ့ ဧကရာဇ်ကိုးပါးအနက်မှ တပါးဖြစ်တယ် ...
... ဒါပေမယ့် အဲဒါတွေက အတိတ်ပါ ... အခုတော့ ကူမိသားစုရဲ့သမိုင်းက အချိန်မြစ်ကြီး အတွင်းမှာ ပျောက်ကွယ်သွားခဲ့ပါပြီ။ ”
အမှောင်တားမြစ်စွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိမ်နိုင်စွမ်း ရှိလေသည်။ ထို့နောက် အမျိုးသမီးက သက်ပြင်းချကာ၊
“ ကံမကောင်းစွာနဲ့ပဲ ... သူက ငါတို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒမရှိဘူး။ ”
-ဟု သူ့စကားကို အဆုံးသတ်လိုက်၏။
ထိုစကားကို ပြောပြီးနောက်တွင် အမျိုးသမီး၏ မျက်ဝန်းအတွင်း စိတ်ပျက်စရာ အရိပ်အယောင်များ ထွက်ပေါ်လာသည်။
တစ်ဖက်ရှိ အမျိုးသားသည် အနီရောင်ဝတ်လုံကို ၀တ်ဆင်ထားသည့် နင်ဖုန်း ဖြစ်၏။
၎င်းမှ အမျိုးသမီးစကားကို အလိုမကျဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး၊
“ ကူချန်နင်ရဲ့ နောက်ခံက ကြီးကျယ် ခမ်းနားပေမယ့် အမှောင်တားမြစ်စွမ်းအားကနေ နိုးထလာရတဲ့ ငါတို့လိုလူမျိုးပါပဲ ... ဒါဆိုဘာလို့ သူ့ကိုငါတို့နဲ့ ပူးပေါင်းစေချင်နေရတာလဲ။ ”
-ဟု စိတ်ရှုပ်ထွေးစွာ မေးမြန်း လိုက်တော့သည်။
***