နဂါးအရိုးနွယ်ပင်ကို ဖြုန်းတီးခြင်း ... ။
Vol. 32 Ch. 375
ပြည်နယ်(၁၃)ပါးခန်းမအတွင်း သီးသန့်ခန်းတစ်ခန်းထဲသို့ ဝမ်ရှင်းကျောက်နှင့် အဖွဲ့ ဝင်ရောက်လာခဲ့သည်။ ပြတင်းပေါက် မှတဆင့် ခန်းမအလယ်ရှိ ကျောက်စိမ်းစင်မြင့် တစ်ခုကို တိုက်ရိုက်မြင်နေရ၏။
ဝမ်ရှင်းကျောက်သည် စုရီဘေးတွင် ဝင်ထိုင်လိုက်ပြီး ချင်းယာက အခြားသော တစ်ဖက်တွင် ဝင်ထိုင်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ဟွာယွင်ရှန်းရင်ထဲ၌ ရှာလကာရည်အိုးကြီး မှောက်ကျသွားသလို ခံစားလိုက်ရကာ စိတ်မသက်မသာ ဖြစ်လာ၏။
ကျန်းယွင်ထောင်က အခန်းထောင့်ခုံတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ့မျက်လုံးများသည် ဝမ်ရှင်းကျောက်နှင့် ဘေးချင်းကပ်ထိုင်နေသော စုရီထံ ရံဖန်ရံခါကြည့်ကာ အမူအရာမှာ ရှုပ်ထွေးနေခဲ့သည်။
ယမန်နေ့က ရှုံးနိမ့်မှုအတွင်းမှ သူ ရုန်းမထွက်နိုင်သေးချေ။ ထို့ကြောင့် တစ်ဖက်လူနှင့် ရင်ဆိုင်ရသောအခါတွင် အကြီးအကဲဟူသော မာနမျိုး ပျောက်ကွယ်သွား၏။
များမကြာမီ လေလံပွဲ စတင်ဖွင့်လှစ်ကာ ရှန်းယုံအမည်ရှိ ၀တ်စုံရှည်၀တ်ဆင်ထားသော အဖိုးအိုတစ်ဦး စင်မြင့်ပေါ် တက်လာသည်။
၎င်းမှ ထုတ်ယူစေလိုက်သော ပထမဆုံး ရတနာသည်ပင် လူတိုင်း၏အာရုံကို စွဲဆောင် သွားနိုင်၏။
ယင်းသည် ကျောက်စိမ်းကဲ့သို့ ကြလင်ချောမွေ့သော အရိုးအပိုင်းအစတစ်ခု ဖြစ်ပြီး အပြာရောင်မီးလျှံများ သိုင်းခြုံလျက် ခမ်းနားပြီး လျှို့ဝှက်ဆန်းကြယ်လေသည်။
“ ဒါဘာလဲ ... ။ ”
“ နတ်သားရဲအရိုး ဖြစ်ပုံရတယ်။ ”
“ အံ့သြစရာပါပဲ မိုးကြိုးနဲ့ လျှပ်စီးရောင်ဝါတွေ လက်နေတယ် ဒီလို သားရဲအရိုးမျိုးက ရှားပါးတဲ့ ရတနာဆိုတာ သေချာတယ်။ ”
လူတိုင်း သို့လော-သို့လော ဖြစ်လာကာ နတ်အာရုံများစွာက ကျောက်စိမ်းစားပွဲဆီသို့ ရောက်ရှိကုန်ကြသည်။ ယင်းကြောင့် အဘိုးအိုယုံမှ ပြုံးကာ၊
“ လူတိုင်း ... ဒီရတနာက ရှေးခေတ်မကောင်းဆိုးဝါး ငှက်တစ်ကောင် ဖြစ်တဲ့ လေဟာနယ်စာကလေးရဲ့ မူလအရိုးပဲ ... သူ့မှာ မီးတာအိုကျက်သရေပါရှိတယ်။ ”
-ဟု မိတ်ဆက်ပေးလိုက်သည်။
လူတိုင်းကို စိတ်လှုပ်ရှား လာတော့သည်။ လေလံပွဲစတင်ရုံဖြင့် ထိုကဲ့သို့သော ရတနာကို ထုတ်ပြလာသည်ဖြစ်ရာ အဆုံးတွင် မည်မျှ အံ့သြစရာများ ပေါ်ထွက်လာမည်ကို မှန်းဆမရတော့ချေ။
“ စိတ်ဝင်စားစရာပဲ ... ။ ”
ဝမ်ရှင်းကျောက်သည်ပင် အနည်းငယ် မျက်ခုံးပင့်သွားသည်။ စုရီမှ မျက်ကွယ်ပြုကာ စကားမဆိုချေ။
အဆုံးတွင် စိတ်လှုပ်ရှားနေသော လေလံပွဲသည် ဆဋ္ဌမတန်းဝိညာဉ်ကျောက်တုံး (၁၃၀)ဖြင့် ပြီးဆုံးသွားသည်။
ထို့နောက် ရှန်းယုံသည် ဝိညာဉ်ရေး ပစ္စည်းများ၊ ဝိညာဉ်ရေးဆေးများနှင့် ဝိညာဉ်ရေး လက်နက်များအပါအဝင် ရှားပါးရတနာအချို့ကို တစ်ခုပြီးတစ်ခု ထုတ်ယူခဲ့၏။
ရတနာတိုင်းသည် စျေးကွက်တွင် ရှားပါးသော ပစ္စည်းများဖြစ်သည်။ ထို့ကြောင့် လေလံပွဲ၏ အငွေ့အသက်မှာ ပို၍ မြင့်တက် လာတော့၏။
များမကြာမီ ဝမ်ရှင်းကျောက်နှင့် ဟွာယွင်ရှန်းသည်ပင် ရတနာများကို ဝင်ရောက် လေလံဆွဲခဲ့ကြလေသည်။
စုရီသည် ဘူးသီးခြောက်ကိုကိုင်ကာ ဝိုင်သောက်လျက် အနည်းငယ်ငြီးငွေ့လာခဲ့၏။ ဤသည်မှာ ရှားပါးရတနာများ ဖြစ်သော်လည်း သူ့အတွက် အသုံးမဝင်ချေ။
“ တာအိုစု မင်းကြိုက်တဲ့ တစ်စုံတစ်ရာ တွေ့လာရင် လေလံဆွဲပါ ပိုက်ဆံမလောက်ရင် ငါချေးပေးထားလို့ရတယ်။ ”
ထိုအချိန်တွင် ဟွာယွင်ရှန်းမှ ပြုံးလျက် စုရီအပေါ် စေတနာရှိဟန် ပြောကြားလိုက်၏။ သူ့အမြင်၌ အသံပင်မထွက်ဘဲ လေလံပွဲအပေါ် စိတ်ဝင်စားမှု မပြသသည့်အတွက် စုရီတွင် ငွေမလောက်ဟု ယူဆခဲ့သည်။
ထိုစကားကြောင့် ဝမ်ရှင်းကျောက်က အနည်းငယ်မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားပြီး၊
“ တာအိုစု၊ မင်းကြိုက်တဲ့ ရတနာတွေ့ရင် ငါ့ကိုပြောပါ ငါဝယ်ပေးပါ့မယ်။ ”
-ဟု ပြောကြားလာ၏။
စုရီမှ ခေါင်းခါယမ်းလိုက်ပြီး၊
“ ငါပိုက်ဆံ မတတ်နိုင်လို့ ... စိတ်မဝင်စားတာ မဟုတ်ဘူး ... အခုထိ ရတနာ မတွေ့သေးဘူး။ ”
“ အိုး ... ငါသိသလောက် ရှေးဟောင်း ရတနာတွေက နောက်များမှ ထွက်ပေါ်လာမယ် ထင်တယ် အဲဒီအချိန်မှာ လေလံဆွဲချင်တယ် ဆိုရင်တော့ သေချာပေါက် ကူညီမယ်။ ”
ဝမ်ရှင်းကျောက်က နားလည်မှု လွဲသွားတော့သည်။ တစ်ဖက်တွင် ဟွာယွင်ရှန်း တစ်ယောက် မျက်နှာပျက်ယွင်းလာ၏။ လေလံပွဲသည် ဆက်သွားနေသည်။
“ ယွမ်ဟမ် ... မင်းဒီနဂါးအရိုးနွယ်ပင်ကို ဝယ်လိုက်ပါ။ ”
ရုတ်တရက် စုရီက ပြောလိုက်သည်။ ကျောက်စိမ်းစားပွဲရှိ ဗန်းထဲတွင် တစ်ပေမျှသာ ရှည်သော အညိုရောင်နွယ်ပင်တစ်ပိုင်းရှိ၏။
ဤသည်မှာ ရှားပါးသော ဝိညာဉ်ရေး ပစ္စည်းဖြစ်သည်။ လက်နက်များ သန့်စင်ရာတွင် အသုံးပြုနိုင်ပြီး ဆေးဝါးအဖြစ်လည်း သုံးနိုင်၏။ သို့သော် ၎င်းသည် လေဟာနယ်စာကလေး၏ မူလအရိုးကဲ့သို့ ဆွဲဆောင်မှု မရှိချေ။
အဆုံးတွင် ဆဋ္ဌမတန်း ဝိညာဉ်ကျောက်တုံးသုံးဆယ် ပေးဆောင်ပြီး ရယူနိုင်ခဲ့သည်။ ထို့နောက် အစေခံတစ်ဦးသည် နဂါးအရိုးနွယ်ပင်ကို လာရောက် ပေးဆောင်တော့၏။
“ ဒါဘာအတွက်လဲ တာအိုစု။ ”
ဝမ်ရှင်းကျောက်မှ စူးစမ်းလိုစိတ်ဖြင့် စပ်စုလာသည်။
“ နဂါးအရိုးနွယ်ပင်ရဲ့ အကြောကို ငါ့ကြိမ်ကုလားထိုင်အတွက် သုံးချင်လာလို့ပါ ဒါက ဆောင်းရာသီမှာနွေးပြီး နွေရာသီမှာ အေးစေတာကြောင့် ... အိပ်ရတာ ပိုအဆင်ပြေစေတယ်။ ”
“ ဟမ် ... ။ ”
ဆဋ္ဌမတန်း ဝိညာဉ်ကျောက်တုံး သုံးဆယ်သည် ကြိမ်ကုလားထိုင် တစ်လုံးကို ယှက်လုပ်ရန်အတွက် သုံးစွဲခဲ့သည်လော။
လူတိုင်းက စုရီထံ လှည့်ကြည့်လိုက်သည်။ စုရီမှလူတိုင်းကို လျစ်လျူရှုလျက် အစေခံယူလာ ပေးသော နဂါးအရိုးနွယ်ပင်ကို လက်ဓားဖြင့် အမျှင်အဖြစ် နွှာနေခဲ့သည်။
ထို့နောက် ကျောက်စိမ်းဆွဲသီးထဲတွင် အမြဲဆောင်ထားသော ကြိမ်ကုလားထိုင်ကြီးကို ထုတ်ယူကာ နဂါးအရိုးနွယ်ပင်၏ အကြောနှင့် ပြောင်းလဲယှက်လုပ်လိုက်၏။ လေလံပွဲအပေါ် အာရုံမရှိတော့ချေ။
( တကယ်ပဲ ... ဆဋ္ဌမတန်း ဝိညာဉ်ကျောက်တုံး သုံးဆယ်တန် နဂါးအရိုး နွယ်ပင်ကို ကြိမ်ကုလားထိုင်အတွက် အသုံးပြုလိုက်တာလား။ )
ဟွာယွင်ရှန်းမှ မက်ဝန်းများ မှေးစင်းသွားသည်။ သူသည် ဟွာမိသားစုကြီး၏ တိုက်ရိုက်မျိုးဆက် ဖြစ်သော်လည်း ဆဋ္ဌမတန်း ဝိညာဉ်ကျောက်တုံးသုံးဆယ်ကို ကုလားထိုင် တစ်လုံးအတွက် ဖြုန်းတီးခြင်းငှာ မတတ်နိုင်သေးချေ။
၎င်းသည်သာမက ချမ်တျန်လုံ၊ စွင်းဖုန်း၊ ယွီယွီနှင့် ဦးလေးကျန်းသည်ပင် မျက်ခုံးပင့်သွား တော့၏။
ဆဋ္ဌမတန်း ဝိညာဉ်ကျောက်တုံး သုံးဆယ်သည် မူလတာအို ကျင့်ကြံသူများ အတွက် ကြီးမားသော ကံကြမ္မာတစ်ခု ဖြစ်သည်။ မည်သူမျှ ကြိမ်ကုလားထိုင် အပေါ်ဖြုန်းတီးမည် မဟုတ်ချေ။
ဝမ်ရှင်းကျောက်က မျက်ခုံးပင့်လိုက် တော့သည်။ လူတိုင်းသည် ရတနာများအတွက် ယနေ့ပွဲသို့ လာရောက်ကြခြင်းဖြစ်၏။
ဤလူငယ်သည်သာ ယင်းတို့ကို ဂရုမစိုက်ချေ။ များမကြာခင် ကြိမ်ကုလားထိုင် ပြုပြင်ပြီးနောက် မူလထိုင်ခုံနှင့် အစားထိုးလျက် ပျင်းရိစွာ ထိုင်ချလိုက်လေသည်။
ယခင်ထက်များစွာ သက်တောင့် သက်သာရှိလာသဖြင့် စုရီတစ်ယောက် ကျေနပ် သွားလေသည်။ ဆဋ္ဌမတန်း ဝိညာဉ်ကျောက်တုံး သုံးဆယ်သာကုန်ရာ ထိုက်တန်၏။
“ အားလုံးပဲ ... ဒီသားရဲအရေခွံက ဝိညာဉ်တာအိုအဆင့် ... ခန္ဓာကိုယ်သန့်စင်ရေး နည်းစနစ်တစ်ခုပါပဲ။ ”
ထိုအချိန်တွင် ရှန်းယုံမှ ရှေးဟောင်း ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်အပိုင်းအစ ပါရှိသော သားရဲအရေခွံတစ်ချပ်ကို ထုတ်ယူစေလိုက်သည်။
မပြည့်စုံသော်လည်း ဝိညာဉ်တာအို နယ်ပယ်သို့တိုင် လေ့ကျင့်ရန်လုံလောက်သော နည်းစနစ်ဖြစ်သောကြောင့် မယုံနိုင်ဖွယ် တန်ဖိုးရှိချေပြီ။
မိုးပြာတိုက်ကြီး၏ အုပ်စိုးရှင် နယ်မြေဖြစ်သော မဟာရှတွင် ယနေ့ ထိပ်တန်း တည်ရှိမှုများသည် ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူများဖြစ်၏။
ထို့ကြောင့် ဤအခြေအနေတွင် မပြည့်စုံသော ဝိညာဉ်တာအိုအဆင့် ခန္ဓာကိုယ် သန့်သင်ခြင်း နည်းစနစ်တစ်ခု ထွက်ပေါ် လာသည်မှာ ရူးသွပ်စရာပေပင်။
စုရီအတွက်မူ စိတ်မဝင်စားချေ။ ချင်းဝမ်၊ ဝမ်လင်ရွယ်၊ချာကျင်၊ဟွမ်ချမ့်ကြွယ်၊ နင်စစ်ဟွာ အစရှိသော သူ့မိတ်ဆွေများထံ ပေးအပ်ခဲ့သော နည်းစနစ်များသည်ပင် ၎င်းထက်သာလွန်၏။
သို့သော် တစ်စုံတစ်ရာကို သတိထားမိ သွားချိန်၌ မျက်ခုံးပင့်လျက် ထိုသားရဲအချပ်ထံ လှမ်းကြည့်လိုက်သည်။
“ ဟမ့် ... ဒီရတနာအတွက် ဈေးဘယ်လောက်မြင့်မလဲ ကြည့်ရအောင်။ ”
တစ်စုံတစ်ယောက်က စိတ်ရှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“ မင်းရဲ့မိသားစု နောက်ခံလေးနဲ့ ဒီလိုအမွေမျိုးကို ပိုင်ဆိုင်ချင်နေတာလား ... ငါ့ အမြင်အရတော့ မင်းကိုယ်မင်း အရှက်မခွဲဘဲ ထိုင်ကြည့်နေတာ ပိုကောင်းမယ်။ ”
လူအုပ်အတွင်းမှ တစ်စုံတစ်ယောက်က ချက်ချင်း လှောင်ပြောင်တော့၏။ မြင်ကွင်းမှာ ဆူပွက်လာပြီး ဖရိုဖရဲ ဖြစ်ကုန်သည်။
ကျန်းယွင်ထောင် ကဲ့သို့သော မျိုးဆက်ဟောင်းများသည်ပင်လျှင် ပါဝင်ရန် ပြင်ဆင်လာကြ၏။
“ အဟမ်း ... ။ ”
ကျောက်စိမ်းစင်မြင့်ပေါ်ရှိ ရှန်းယုံက ချောင်းခြောက်ဆိုးကာ လူအုပ်ကို လက်ဝှေ့ယမ်း ငြိမ်သက်စေလျက်၊
“ အားလုံးပဲ ... ဒီသားရဲအရေခွံပိုင်ရှင်က လက်နက်ဝိညာဉ်သန့်စင်ရေး နည်းစနစ်တစ်ခုနဲ့ လှဲလှယ်ဖို့ ဆန္ဒရှိနေတယ် ... ဘယ်သူမဆို လက်နက်ဝိညာဉ် သန့်စင်ခြင်း နည်းစနစ် တစ်ခုရှိရင် ဒီအရေခွံကို ပိုင်ဆိုင်ပြီ။ ”
-ဟု ပြောကြားလိုက်သည်။
ဆူညံနေသော လူအုပ်ကြီးမှာ ချက်ချင်း တိတ်ဆိတ်သွား၏။ အဆင့်မြင့် ဝိညာဉ်တာအို လက်နက်များတွင်သာ လက်နက်ဝိညာဉ်ကို မွေးဖွားနိုင်မည်။
ထိုကဲ့သို့သော ရတနာများသည် အသိဥာဏ်နှင့် ဝိညာဉ်ကို အတိုင်းအတာတစ်ခု အထိ ပိုင်ဆိုင်၏။
၎င်းတို့သည် အနှိုင်းမဲ့ရှားပါးပြီး တစ်သောင်းတွင် တစ်ခုတွေ့ရန်ပင် ခက်ခဲလျက် အံ့ဖွယ်တန်ခိုးရှိပေမည်။
ကျင့်ကြံသူအများစုသည် ထိုအဆင့် ရတနာကို မမြင်ဖူးချေ။ လက်နက်ဝိညာဉ်အပေါ် မည်သို့သန့်စင်ရမည်ကို သေချာပေါက် မသိကြသည်မှာ သဘာဝပေပင်။
သီးသန့်ခန်းတစ်ခုအတွင်း ကူချန်နင်တစ်ယောက် သားရဲအရေခွံချပ်အပေါ် စိတ်ဝင်စားသွားသည်။
“ အဖွား၊ လက်နက်ဝိညာဉ်ကို ပြန်လည် သန့်စင်ဖို့ လျှို့ဝှက်နည်းလမ်းတစ်ခုခုများ မင်း သိနိုင်မလား။ ”
အဘွားအိုမှ ခေါင်းခါလျက်၊
“ ဒီလိုလျှို့ဝှက်နည်းစနစ်မျိုးက လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀၀၀)လောက်က ဆိုရင်တောင်မှ အရမ်းရှားပါတယ်။ ”
-ဟု ပြန်ဖြေ၏။
“ ဒါဆို ... အဲဒါက မပြည့်စုံတဲ့ ... ဝိညာဉ်တာအိုအဆင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်တစ်ခုပါပဲ အရေးမကြီးတော့ပါဘူး။ ”
ကူချန်နင်မှ စိတ်လျော့လိုက်၏။ လေလံခန်းမကြီးတစ်ခုလုံး ငြိမ်သက်ကုန်ကာ မည်သူမျှ အသံမထွက်ကြတော့ချေ။ စုရီက လှောင်ပြုံးဖြင့် စောင့်ကြည့်နေခဲ့သည်။
မူလက သူသည်လည်း ဤရတနာကို လေလံဆွဲရန် ချီတုံချတုံ ဖြစ်နေခဲ့သေးသည်။ ယခုမူကား များစွာလွယ်ကူပေတော့မည်။
***