သန္ဓေသားလောင်း ... ။
Vol. 32 Ch. 376
“ တာအိုစု၊ ငါ့မှာလက်နက်ဝိညာဉ်ကို သန့်စင်နိုင်တဲ့ နည်းစနစ်မျိုးမရှိဘူး ... ဒါကြောင့် ဒီတစ်ခါ မင်းကို မကူညီနိုင်တာ စိတ်မရှိပါနဲ့။ ”
စုရီတစ်ယောက် သားရဲအရေခွံကို စိတ်ဝင်စားနေသောကြောင့် ဝမ်ရှင်းကျောက်က လေသံတိုးတိုးဖြင့် ပြောကြားလာ၏။
“ ဒါပေမယ့် စိတ်မပူပါနဲ့ ... ဝိညာဉ်ကျောက်တုံးနဲ့ လေလံဆွဲနိုင်တဲ့ ရတနာ ဖြစ်နေသရွေ့တော့ ... ငွေဆိုတာ ပြဿနာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ”
သူမ၏ လေသံသည် နူးညံ့သိမ်မွေ့ကာ အလွန်ယဉ်ကျေးနေ၏။ ဤအခင်းအကျင်းသည် ဟွာယွင်ရှန်းကို ရင်ဘတ်အောင့်စေပြီး သူ့ဆုံးဖြတ်ချက်ကို မှန်ကန်ကြောင်း သက်သေပြနေသည်။
ကျန်းယွင်ထောင်၊ ချမ်တျန်လုံ၊ ယွီယွီနှင့် အခြားသူများသည်ပင် ထိုလေသံကြောင့် ရင်ထဲ ကမောက်ကမ ဖြစ်သွားတော့သည်။
တိမ်လွှာ ကောင်းကင်နန်းတော်တွင် ဝမ်ရှင်းကျောက်ဟူသည် မည်သည့်အကြီးအကဲ ကိုမျှ ဤမျှနူးညံ့တတ်သူ မဟုတ်ချေ။ စုရီမှ ပြုံးလျက် ခေါင်းခါကာ၊
“ ယွမ်ဟမ် ... ဒီသားရဲအရေခွံကို ဝယ်ပါ။ ”
-ဟု အမိန့်ပေးလိုက်သည်။
လူတိုင်း အံ့သြသွား၏။ ဤစုရီသည် လက်နက်ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်တစ်ရပ် ပိုင်ဆိုင်နေသည်လော။
တစ်ဖက်တွင် ကျောက်စိမ်းစင်မြင့်ပေါ်ရှိ ရှန်းယုံသည် စျေးပေးမည့်သူ မရှိသောကြောင့် သက်ပြင်းချကာ၊
“ ဒါဆို ဒီသားရဲ အရေခွံချပ်ကို ငါတို့ထားလိုက်ရအောင် ... နောက်တစ်ခု ထပ်ယူလာခဲ့ပါ။ ”
-ဟု ဆုံးဖြတ်ချက် ချလိုက်တော့၏။
ဤရလာဒ်ကို သူသည်လည်း မျှော်လင်ထားပြီး ဖြစ်ချေပြီ။ မိုးပြာတိုက်ကြီး၌ လက်နက်သန့်စင်ခြင်း နည်းစနစ်များသည် ရှားပါးချေ၏။ လက်နက်ဝိညာဉ် သန့်စင်ခြင်း နည်းစနစ်ဟူသည် ဆိုဖွယ်မရှိချေ။
“ ခဏလေးနေပါဦး ငါ့သခင်က ဒီသားရဲအရေခွံအတွက် လှဲလှယ်ဖို့ ဆန္ဒရှိ နေပါတယ်။ ”
သို့သော် ထိုအချိန်တွင် ယွမ်ဟမ်အသံ ထွက်ပေါ်လာသဖြင့် လူတိုင်းက သီးသန့်ခန်းထံ မော့ကြည့်လိုက်ကြသည်။
“ ဒါတိမ်လွှာကောင်းကင်နန်းတော်ရဲ့ သီးသန့်ခန်းမဟုတ်လား ... သူတို့မှာ လက်နက် ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်ရှိတာလား။ ”
“ မဆန်းပါဘူး ... တကယ်သာ လက်နက်ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်ရှိရမယ် ဆိုရင် ... တိမ်လွှာကောင်းကင်နန်းတော်ရဲ့ တပည့်တွေသာ တတ်နိုင်လိမ့်မယ်။ ”
လူတိုင်း မျက်ခုံးပင့်လိုက်ကြသည်။
“ ဟမ့် တိမ်လွှာကောင်းကင်နန်းတော်မှာ ဒီလို လျှို့ဝှက်နည်းစနစ်တစ်ခု ရှိနေတာလား ငါဘာလို့ ... ဒါကို မကြားဖူးရတာလဲ။ ”
သီးသန့်ခန်းအတွင်းရှိ အဘွားအိုက အံ့ဩသွားသည်။ ကူချန်နင်မှ ခေါင်းယမ်းလျက်၊
“ အဘွား ... မင်းမှားတယ် အဲဒါက တိမ်လွှာကောင်းကင်နန်းတော်ရဲ့ တပည့်တွေ မဟုတ်ဘူး ... စုရီ။ ”
-ဟု ဝင်ရောက်ပြောကြားလိုက်၏။
ယွမ်ဟမ်အသံကို သူမှတ်မိပြီး ၎င်းသည်စုရီ၏အစေခံဖြစ်ကြောင်း သိရှိသည်။ အဘွားအိုမှ အံ့သြသွားတော့၏။
“ စုရီလား ... ။ ”
“ ငါအရင်က ပြောခဲ့ဖူးပါတယ် ... စုရီနောက်ခံက အရမ်းဆန်းကြယ်လွန်းတယ်လို့ ဒါပေမယ့် ဘာလို့ ဒီလိုမပြည့်စုံတဲ့နည်းစနစ် တစ်ရပ်ကို ... သူ လိုချင်နေရတာလဲ။ ”
ကူချန်နင်မှ စိတ်ရှုပ်ထွေးသွားသည်။ သူ့ဘေးရှိလန်ရှန့်က၊
“ သူ ... သားရဲအရေခွံကို စိတ်ဝင်စားနေတာရော မဖြစ်နိုင်ဘူးလား ... ဒီအရေခွံက နှစ်ပေါင်း (၃)သောင်းကြာအောင် မပျက်စီးဘဲ ရှိနေတာဆိုတော့ မရိုးရှင်းနိုင်ဘူး။ ”
-ဟု မှတ်ချက်ပေး၏။
“ ဒါဖြစ်သင့်တယ် ... ။ ”
ကူချန်နင်တစ်ယောက် အနည်းငယ် တွေးမိလာခဲ့သည်။ အဘွားအိုက မျက်ဝန်းများ မှေးစင်းလျက် စကားမဆိုတော့ဘဲ အရေခွံထံ လှမ်းကြည့်လိုက်၏။
ထူးဆန်းသော ငွေရောင်အလင်းများ သူမမျက်ဆန်အတွင်း၌ တောက်ပလာကာ ငြိမ်သက်သွား၏။
ခဏအကြာတွင် ခါးသီးသော အပြုံးတစ်ပွင့်နှင့်အတူ၊
“ ဒါအမှန်ပဲ ... ဒီသားရဲအရေခွံက မရိုးရှင်းဘူး ငါမှားသွားတယ် ... အရေခွံပေါ်က အမွေလောက်ကိုပဲ အာရုံစိုက်ခဲ့မိတယ်။ ”
-ဟု ညည်းတွားလိုက်တော့သည်။
“ အဘွား၊ ဒီသားရဲအရေခွံရဲ့ မူလကို မင်းပြောနိုင်လား။ ”
ကူချန်နင်မှ စိတ်ဝင်စားလာသည်။
“ သဘာဝပါပဲ ... ဒါက လေဟာနယ်ဖျက်ဆီးခြင်း စာကလေးလို့ သံသယဝင်မိတယ် ... ။ ”
“ ဟမ့် ... ဝိညာဉ်သားရဲ လေဟာနယ်ဖျက်ဆီးခြင်း စာကလေးလား။ ”
အဖွားအို၏ အဖြေကြောင့် ကူချန်နင်ခမျာ ပင့်သက်ရှိုက် လိုက်တော့သည်။ ဤသားရဲသည် အဘယ်မျှ ကြောက်စရာကောင်းပြီး ကြီးကျယ် ခမ်းနားသည်ကို သဘာဝကျကျ သူသိ၏။
“ ဒီစုရီက တကယ့်ကို ထူးဆန်းတယ် ... အတွင်းပိုင်းသန့်စင်မှုအဆင့်နဲ့ လက်နက်ဝိညာဉ် သန့်စင်တဲ့နည်းစနစ်ကို သိနေရုံတင်မကဘူး ... သားရဲအရေခွံရဲ့ မူလအစကိုလည်း အသိအမှတ်ပြုနိုင်နေတယ်။ ”
အဘွားအိုမှ သက်ပြင်းချကာ မှတ်ချက်ပေးလိုက်၏။ သူတို့စကားပြောနေစဉ် အစေခံတစ်ယောက်သည် သီးသန့်ခန်းအတွင်း ရောက်ရှိလာကာ စုရီရေးထွင်းပေးထားသော ကျောက်စိမ်းတုံးကို ယူသွားတော့သည်။
များမကြာမီ ထိုအစေခံ ပြန်ရောက်လာပြီး သားရဲအရေခွံကို ကမ်းပေးကာ၊
“ ဂုဏ်ယူပါတယ် သခင်လေး ... မင်းရဲ့ ဝိညာဉ်တာအိုနည်းစနစ်ကို ... သားရဲအရေခွံ ပိုင်ရှင်က သဘောကျပါတယ်။ ”
-ဟု ပြန်လည် ပြောကြားလိုက်၏။
ဘေးမှ သံသယများစွာဖြင့် စောင့်ကြည့်နေသော ကျန်းယွင်ထောင်သည်ပင် အနည်းငယ် တုန်လှုပ်သွားချေပြီ။
မဟာကျိုးကဲ့သို့သော နိုင်ငံငယ်လေးမှ တစ်စုံတစ်ယောက်အနေဖြင့် လက်နက်ဝိညာဉ် သန့်စင်ခြင်း နည်းစနစ်တစ်ရပ်ကို လွယ်လွယ် ထုတ်ပေးနိုင်သည်မှာ မယုံနိုင်စရာပေပင်။
“ တာအိုစု ... မင်းဘာလို့ မပြည့်စုံတဲ့ ဝိညာဉ်တာအိုအဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို လိုချင်နေရတာလဲ။ ”
အခြားလူများနှင့်မတူစွာပင် ဝမ်ရှင်းကျောက်သည် စုရီအမြင်ကို စိတ်ဝင်စား နေခဲ့သည်။ သို့မှသာ လူတိုင်း စုရီအဖြေကို ငံ့လင့်လာကြ၏။
“ ဒီအရေခွံက လေဟာနယ် စာကလေးရဲ့ အရေခွံပဲ ... သူ သေတာကြာနေပြီ ဖြစ်ပေမယ့် သူ့အရေခွံမှာ လေတာအိုကျက်သရေတွေ ရှိနေသေးတယ် ...
... ငါ့အတွက်တော့ ... ဒီမပြည့်စုံတဲ့ ဝိညာဉ်တာအိုအဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်တွေထက် ပိုတန်ဖိုးရှိတယ်။ ”
သူ့စကားကြောင့် သီးသန့်ခန်းအတွင်းရှိ လူတိုင်းထိတ်လန့်သွားကာ သားရဲအရေခွံထံ ပြန်ကြည့်လိုက်ကြသည်။ ဤတန်ဖိုးသည် သူတို့ ထင်သည်ထက် များစွာ ကြီးမားနေ၏။
လေဟာနယ်စာကလေးသည် ရှေးမှတ်တမ်းများအရ အပြင်းထန်ဆုံး ဝိညာဉ် သားရဲများအနက်မှ တစ်ကောင်ပေပင်။
၎င်းသည် လေတာအိုကျက်သရေဖြင့် မွေးဖွားလာကာ လေနှင့်တိမ်ကို ထိန်းချုပ်နိုင်ပြီး ကောင်းကင်ဘုံကိုးပါးအထက် ဝံ့ကြွားနိုင်၏။
ဒေါသထွက်သော် တိမ်တိုက်များကို အလွယ်တကူ မျိုချလျက် ကောင်ကင်ဘုံအတွင်း ဖျက်ဆီးနိုင်စွမ်းရှိသည်။
ထိုသို့သော သားရဲအရေခွံသည် မည်မျှတန်ဖိုးရှိနေမည်ကို တွေးကြည့်နိုင်ပေ၏။ ယင်းသည် သံသယဖြစ်ဖွယ်ပေပင်။
စုရီ အမြင်နှင့် စွမ်းရည်သည် အတွင်းပိုင်းသန့်စင်ခြင်းအဆင့်မှ တစ်စုံတစ်ဦး စွမ်းဆောင်နိုင်သည်ထက် ကျော်လွန်နေသည်။
တစ်ဖက်တွင် လေလံပွဲသည် ဆက်သွားနေဆဲဖြစ်၏။ ရှန်းယုံက ရှားပါးသော မီးဝိညာဉ်ပုလဲ၊ ရှေးဟောင်းဓားနှင့် မှော်ဆေး အချို့ကို ထပ်မံထုတ်ယူခဲ့သည်။
၎င်းတို့အားလုံးသည် ကောင်းကင်နှင့် မြေကြီးကြား ရှားပါးရတနာများဟု ခေါ်နိုင်၏။ မီးဝိညာဉ်ပုလဲသည် မီးပင်လယ်ကြီးကိုပင် ဖြတ်သန်းနိုင်မည်။
ကူချန်နင်သည် ထိုမီးဝိညာဉ်ပုလဲကို ဆဋ္ဌမတန်း ဝိညာဉ်ကျောက်တုံး(၃၀၀)ဖြင့် ယူဆောင်သွား၏။
စုရီက ရှေးဟောင်းဓား အလှည့်တွင် တစ်ချက်သာ ကြည့်ပြီးနောက် စိတ်မဝင်စား တော့ချေ။ ဤဓားသည် အံ့သြဖွယ်ကောင်းပြီး လူသတ်ရောင်ဝါများ လွှမ်းခြုံထားသည်။
တစ်ချက်ကြည့်ရုံဖြင့် ကြီးမားသော မူလဇာစ်မြစ်ရှိကြောင်း မည်သူမဆို ပြောနိုင်၏။ သို့သော် ၎င်းသည် ဝိညာဉ်ပြောင်းလဲခြင်း အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး၏ လူသတ် ရောင်ဝါမျှသာဖြစ်မှန်း စုရီသိသည်။
အဆုံးတွင် ဟွာယွင်ရှန်းသည် လက်သီးဆုပ်အရွယ် အဖိုးမဖြတ်နိုင်သော ရွှေကြယ်သံကိုထုတ်ကာ ဝယ်ယူခဲ့၏။
ဓားရှည်ကို ဝယ်ယူနိုင်သောကြောင့် ဂုဏ်ယူနေသော သူ့အသွင်သည် စုရီကိုစိတ်ထဲ ရယ်မောချင်လာစေသည်။
“ လူတိုင်း ... ၊ နောက်ထပ် လေလံတင်မဲ့ ပစ္စည်းကတော့ ဒီလေလံပွဲရဲ့ နောက်ဆုံးရတနာ တစ်ခုပါပဲ။ ”
ကျောက်စိမ်းစင်မြင့်ပေါ်ရှိ ရှန်းယုံ၏စကားများသည် လေထုကို ချက်ချင်း ပေါက်ကွဲသွားစေခဲ့သည်။
ထို့နောက် လူတိုင်းက ချိပ်ပိတ်ထားသော ကြေးသေတ္တာကြီးကို သယ်ဆောင်လာနေသည့် အစေခံများထဲ တိတ်ဆိတ်စွာ ကြည့်နေ၏။
“ ဒုတ် ဒုတ် ... ဒုတ် ဒုတ် ... ။ ”
ကြေးသေတ္တာတံဆိပ်ကို မဖွင့်ခင်၌ပင် ခန်းမအတွင်း ပဲ့တင်ထပ်နေသော စစ်ဗုံသံကဲ့သို့ ကျယ်လောင်သော နှလုံးခုန်သံကြီး ထွက်ပေါ်လာသည်။
“ ဒါ ... ။ ”
အချို့သော ကျင့်ကြံသူများသည် တုန်လှုပ်ခြောက်ခြားလျက် စိတ်ခြောက်ခြားကာ မျက်နှာများ ပြောင်းလဲသွားကြသည်။
“ ဒုတ်ဒုတ် ... ဒုတ် ဒုတ် ... ။ ”
ဤကဲ့သို့ ထူးဆန်းပြီး ပြင်းထန်သော စည်းချက်ကျကျ အသံများသည် မြင့်မားသည့် ကျင့်ကြံမှုရှိသူများကိုပင် တုန်ခါသွားစေ၏။
“ ဘာကြီးလဲ ... ။ ”
လူတိုင်း သွေးနှင့်ချီများ တုန်ခါလျက် ပွက်ပွက်ဆူလာ၏။ တစ်စုံတစ်ယောက်သည် နှလုံးသားများကို ဆုပ်ကိုင်ထားသကဲ့သို့ အသက်ရှူကြပ် ကုန်တော့သည်။
“ ဒါ ... နတ်ဆိုးသန္ဓေသားမိခင်ရဲ့ နှလုံးခုန်သံမဟုတ်လား။ ”
ဝမ်ရှင်းကျောက်မှ တုန်လှုပ်သွားချေပြီ။ သူမသည် စည်းချက်၏ သက်ရောက်မှုအပေါ် ချေဖျက်ရန် ကျင့်ကြံမှုကို အဆုံးထိ အသက်သွင်းထားရသည်။
ကျန်သူများသည်လည်း ချွင်းချက်မရှိချေ။ ကျင့်ကြံမှုကို အသက်သွင်းလျက် ထိုစည်းချက်မှ လွတ်မြောက်ရန် ကြိုးစားနေကြ၏။
စုရီသာလျှင် ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိနေသောအသွင်ဖြင့် လဲလျောင်းနေနိုင် သေးသည်။
သူ့မျက်လုံးများတွင် ထိတ်လန့်မှုအစား ထူးဆန်းသည့် အရိပ်အယောင်များသာ ထင်ဟပ် နေခဲ့၏။ ဤနတ်ဆိုးသန္ဓေသားမိခင်တွင် သန္ဓေသား ရှိနေခဲ့ပုံပေပင်။
“ အဖွား၊ ဒါဘာလဲ။ ”
ကူချန်နင်မှ အသက်ရှူကြပ်လာပြီး အဖွားအိုထံ အားကိုးတကြီး လှည့်ကြည့်သည်။
“ ဒါ သန္ဓေသားလောင်းပဲ ... အမှောင် တားမြစ်စွမ်းအား လျော့နည်းလာတာကြောင့် သူ နိုးထလာပုံရတယ် စိတ်ဝင်စားစရာပဲ။ ”
အဖွားအိုမှ မျက်လုံးများထဲတွင် ငွေရောင်အလင်းများ စူးရှတောက်ပနေလျက် ကြေးသေတ္တာကြီးထံ စူးစမ်းနေလျက်မှ ပြန်ဖြေလေသည်။
အခြားသော သီးသန့်တစ်ခန်းအတွင်း သန့်ရှင်းသောသားတော် နင်းဖန်သည်လည်း အလွန်စိတ်လှုပ်ရှားလာ၏။
အနက်ရောင်ဝတ်လုံနှင့် သန့်ရှင်းသောသမီးတော် အမျိုးသမီးသာလျှင် တောက်ပသော မျက်လုံးများဖြင့် ရွှင်မြူးဖွယ် အရိပ်အယောင်ကို ပြသနေ၏။
“ အားလုံးပဲ တွေးမိကြမယ် ထင်ပါတယ်။ ”
ထိုအချိန်တွင် ရှန်းယုံအသံက ထွက်ပေါ်လာသည်။ သို့မှသာ လူတိုင်း သတိ ပြန်ဝင်လာတော့၏။ ရှန်းယုံက ပြုံးလျက်၊
“ ကြေးသေတ္တာထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀၀၀၀)ကျန်ခဲ့တဲ့ နတ်ဆိုးသန္ဓေသားမိခင်ကို တံဆိပ်ခတ်ထားတယ် ...
... သူ ဘယ်လောက် လျှို့ဝှက် ဆန်းကြယ်မှုရှိလဲ ငါမသိဘူး ... ငါတို့တံဆိပ်ကို ဖွင့်ပြီးရင် ... သူ့တန်ဖိုးအကြောင်း ဆက်ပြောလဲ နောက်မကျသေးပါဘူး ... ကဲ စလိုက်ကြရအောင်။ ”
-ဟု လေးနက်စွာဆိုပြီး ကြေးသေတ္တာ အနားသို့ တိုးကပ်သွားသည်။
အဝေမှ ကြည့်ရုံဖြင့် တောင်ကြီး တစ်လုံးထမ်းကာ လျှောက်လှမ်းနေသကဲ့သို့ နဖူးမှ ချွေးများ စီးကျလာနေသည်။
“ ဒုတ်ဒုတ် ... ဒုတ်ဒုတ်။ ”
ဤစည်းချက်သသည် မည်မျှ သက်ရောက်မှုရှိကြောင်း မြင်သာ၏။ လူတိုင်း အသက်အောင့်လျက် တိတ်ဆိတ်ကုန်သည်။
အဆုံးတွင် ရှန်းယုံတစ်ယောက် ကြေးသေတ္တာအနား ရောက်ရှိသွားကာ မြွေနက် တောင်ဝှေးတစ်ချောင်း ထုတ်ယူလျက် တံဆိပ်များ ဖန်တီးလိုက်၏။
ဤအခိုက်တွင် ပျင်းရိစွာထိုင်နေသော စုရီသည် ရုတ်တရက် မျက်ဝန်းများတောင်ပကာ ခန္ဓာကိုယ် တည့်မတ်သွားတော့သည်။
***