← Chapters

မြွေတစ္ဆေမျိုးရိုး ... ။

Vol. 32 Ch. 378

မြွေတစ္ဆေမျိုးရိုး ... ။

Vol. 32 Ch. 378

သူမအပြုံးသည် ဖော်ရွေသော်လည်း လေးနက်သောအရိပ်အငွေ့ကို မျက်ဝန်းအိမ် အတွင်း၌ မြင်နေရ၏။

စုရီက အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး၊

“ သတိရပါ .. မင်းအတွေးကို ... အကောင်အထည်ဖော်ဖို့ ဆက်ကြိုးစားမယ် ဆိုရင် မင်းအလောင်းကောင် အဖြစ် ပြောင်းသွားလိမ့်မယ်။ ”

-ဟု သတိပေးလိုက်သည်။

ထို့နောက် အမျိုးသမီးကို လျစ်လျူရှုလျက် ကြေးသေတ္တာအတွင်း ငုံ့ကြည့်သည်။ ထိုကဲ့သို့ တည်ငြိမ်လွန်းသော သူ့အမူအရာကြောင့် အနက်ဝတ် အမျိုးသမီးသည် သံသယများဖြင့် ကမူးရှူးထိုး မလုပ်ဝံ့အောင် ဖြစ်သွား၏။

“ သခင်လေးစု၊ နင်ဖုန်း ... သေပြီလား။ ”

သန့်ရှင်းသော သမီးတော်မှ မေးသည်။ စုရီကခေါင်းညိတ်လျက်၊

“ ဒီမတိုင်မီ ပထမအကြိမ် သူ့ကို ငါအခွင့်အရေး ပေးထားပြီးပါပြီ။ ”

ထိုအဖြေကြောင့် သန့်ရှင်းသော သမီးတော်ခမျာ ထိတ်လန့်သွားပြီး အကြောအခြင်များ တောင့်တင်းလာ၏။

နင်ဖုန်းသည် မူလနန်းတော်အဆင့်သာ ရှိသေးသော်လည်း နှစ်ပေါင်း (၃၀၀၀၀) ကြာ အမှောင်တားမြစ်စွမ်းအားကို တွန်းလှန် နိုင်ခဲ့သူဖြစ်သည်။

၎င်းလက်ထဲတွင် အသက်ကယ်ဝှက်ဖဲ တစ်ခုထက်မကရှိကာ ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရလျှင်ပင် လွတ်မြောက်ရန် နည်းလမ်းများရှိ၏။

ထို့နောက် အသက်ပြင်းပြင်းရှူလျက်၊

“ သခင်လေးစု ... ငါတို့ကြားမှာ အမုန်းတရားတွေ မရှိပါဘူး ပြီးတော့ ငါ ဒီနေ့ ဆက်ဆံချင်တဲ့လူက ဝမ်ရှင်းကျောက်ပါ ငါ ဘယ်သူ့ကိုမှ နာကျင်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး ... ။ ”

“ စိတ်မပူနဲ့ ... ငါမင်းကို မသတ်ဘူး။ ”

သန့်ရှင်း‌သော သမီးတော်မှ အံ့ဩသွားကာ၊

“ ဘာလို့လဲ။ ”

-ဟု ပြန်မေးလိုက်၏။ စုရီက ပြန်မဖြေဘဲ၊

“ ဒီနတ်ဆိုးသန္ဓေသားလောင်းရဲ့ မူလဇာစ်မြစ်ကို ပြောပြနိုင်မလား။ ”

-ဟု သူသိချင်သည်ကိုသာ မေးမြန်းလိုက်သည်။ သန့်ရှင်းသော သမီးတော်မှ ခေါင်းယမ်းလိုက်ပြီး၊

“ ဒီနတ်ဆိုးသန္ဓေသားလောင်းက မရဏငရဲနန်းတော်နဲ့ ဆက်နွယ်နေတယ်လို့ပဲ ငါပြောနိုင်ပါတယ်။ ”

မရဏငရဲနန်းတော်ဟူသည် လွန်ခဲ့သောနှစ်ပေါင်း (၃၀၀၀၀)ခန့်က မိုးပြာ တိုက်ကြီးတွင် ပထမတန်းစား အင်အားစုဖြစ်၏။

၎င်းကို တည်ထောင်သူသည် ဘိုးဘေးမှာ ဝိညာဉ်ဧကရာဇ်ဖြစ်သည်။ သို့သော် မရဏ ငရဲ နန်းတော်သည် အချိန်မြစ်ကြီးအတွင်း တိုက်စား ခံရပြီးနောက် မရဏတံခါးဂိုဏ်းအဖြစ် အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်ကြ၏။

စုရီက ကြေးသေတ္တာထဲမှ အကြည့်ကို ပြန်ရုတ်ကာ သန့်ရှင်းသော သမီးတော်ထံသို့ ရွေ့လိုက်ပြီး၊

“ ဒီနတ်ဆိုး သန္ဓေသားလောင်းကို ငါနဲ့ထားခဲ့ပြီး မင်းသွားလို့ရပြီ။ ”

-ဟု ဆိုလိုက်တော့သည်။

“ သခင်လေးစု၊ မင်းကိုယ့်ကိုယ်ကို လွန်တယ်လို့ မထင်ဘူးလား ဒါမှမဟုတ် မင်းကို ငါ အနိုင်မယူနိုင်ဘူးလို့ ... တကယ်ပဲ ထင်နေတာလား။ ”

“ ရွှပ် ... ။ ”

စုရီက စကားနှင့် ပြန်မဖြေဘဲ သက်ပြင်းချလျက် လက်ညှိုးဖြင့် ညွှန်ပြလိုက် လေသည်။

ဓားမြည်သံနှင့်အတူ အလင်းတစ်ချက် လက်သွားတော့၏။ ယင်းသည် ပေါ့ပေါ့ပါးပါး ဓားတစ်လက်မျှသာ ဖြစ်သော်လည်း နဂါးငွေ့တန်းကြီးအလားပေပင်။

သန့်ရှင်းသော သမီးတော်က ရုတ်တရက် အမြင်အာရုံ‌များ ပျောက်ကွယ်သွားစေနိုင်သော သွေးနီရောင်အလင်းများကို မီးအိမ်ကြီးထံမှ ပစ်လွှတ်လိုက်၏။

“ ဝုန်း ... ။ ”

သို့သော် ဓားအလင်းနှင့် ထိမှန်ချိန်၌ သွေးရောင်အလင်းတန်းများ ပေါက်ကွဲသွားပြီး ပျက်ပြယ်ကုန်တော့သည်။

“ ဟမ့် ... ။ ”

ကျောရိုးတစ်လျှောက် အေးစက်သွားကာ တံဆိပ်တစ်ခု ချက်ချင်းဖန်တီးလိုက်ရပြန်သည်။ မီးအိမ်အတွင်းမှ သွေးဓားတစ်လက် ထပ်မံ ပြေးထွက်သွား၏။

သွေးဓားသွားရာလမ်းတစ်လျှောက် ကြောက်စရာကောင်းပြီး ထိတ်လန့်တကြား မြင်ကွင်းများ လိုက်ပါလာသည်။

ဤသည်မှာ သွေးဝိညာဉ် ကြက်သွေးရောင် မန္တန်ဖြစ်၏။ ရာနှင့်ချီသော သရဲတစ္ဆေများနှင့် နတ်ဆိုးများ၏ အရိပ်အယောင်များစွာ ထုံမွှန်း နေတော့သည်။

သူမအတွက် သတ်ဖြတ်ခြင်း ဝှက်ဖဲတစ်ချပ်လည်းဖြစ်သည်။ ပြိုင်ဘက်များ လွတ်မြောက်ရန် နည်းလမ်းမရှိဘဲ တစ္ဆေဘုံသို့ ကျရောက်သွားသလို ခံစားစေရမည်။

“ ဘောင်း ... ။ ”

သို့သော် စုရီ၏ လက်ကျန်ဓားအလင်းက ထိုသရဲတစ္ဆေနှင့် နတ်ဆိုးများကို ပူဖောင်းများ ကဲ့သို့ ပေါက်ကွဲကာ ပျက်ပြယ်စေကုန်၏။

ပြိုင်ဘက်၏ လက်ချောင်းထံမှ ထွက်လာသော ဓားအလင်းတစ်လက်သည် နှစ်ကြိမ်တိုင်တိုင် ဟန့်တားပြီးနောက်၌ပင် ဆုတ်ယုတ်သွားခြင်းမရှိသေးချေ။

“ မကောင်းတော့ဘူး။ ”

ယင်းကြောင့် သန့်ရှင်းသောသမီးတော်မှ မျက်နှာအရောင်ပြောင်းသွားပြီး အဆုံးတွင် တစ်ဖက်လူ မည်မျှ ကြောက်စရာကောင်းမှန်း သိလိုက်ရချေပြီ။

“ ဟမ့် ... ။ ”

“ ချွင် ... ။ ”

ရှောင်တိမ်းရန် အချိန်မရှိတော့သဖြင့် အံကြိတ်လျက် သွေးနီဆေဘာဓား တစ်လက်ကို ဆွဲထုတ်ပြီး ဖြေရှင်းရန် ကြိုးစားလိုက်၏။

သို့သော် သူ့ဓားကိုင်လက်သည် သွေးလည်ပတ်မှု ရပ်ဆိုင်းသွားကာ လေထုထဲ အေးခဲသွားသဖြင့် ဓားအလင်းထံ မော့ကြည့်ပြီး ကူကယ်ရာမဲ့စွာ ခံယူလိုက်ရတော့သည်။

“ ဟမ့် ... ။ ”

သို့သော် ဓားအလင်းသည် သူမနှင့် သုံးပေအကွာ၌ ချက်ချင်း ပျက်ပြယ်သွားကာ ပခုံးပေါ်နူးညံ့သော အထိအတွေ့တစ်ခုကို ခံစားလိုက်ရ၏။

ထိတ်လန့်တကြား မော့ကြည့်လိုက်ရာ စုရီသည် သူမပခုံးကို ဆုပ်ကိုင်လျက် အနားတွင် ရပ်နေခဲ့ချေပြီ။ ယင်းက သူမကို သေသည်အထိ ကြောက်လန့်သွားစေ၏။

“ မင်းမှာ ... ရှင်သန်ဖို့ အခွင့်အရေး တစ်ကြိမ်ပဲရှိတယ် သွားတော့ ... ။ ”

စုရီက ပုခုံးပေါ်မှ လက်ကို ရုတ်သိမ်းပြီး ကြေးသေတ္တာဆီသို့ ပြန်၍ လျှောက်လှမ်းသွား လေသည်။ သန့်ရှင်းသော သမီးတော်က တုန့်ဆိုင်းစွာဖြင့် ထွက်မသွားသေးဘဲ၊

“ ငါ့ကိုဘာလို့ လွှတ်လိုက်တာလဲ။ ”

-ဟု ထပ်မေးပြန်၏။

စုရီက ‌ခြေလှမ်းတုန့်ခနဲ ဖြစ်သွားပြီးနောက်၊

“ မြွေတစ္ဆေမျိုးရိုးကို ငါပြန်ဆပ်စရာရှိတယ်။ ”

-ဟု ဖြေကာ ဆက်လျှောက်သွားသည်။

ထိုအဖြေက သန့်ရှင်းသောသမီးတော်ကို စိတ်ရှုပ်သွားစေ၏။ ဤလူငယ်သည်အတွင်းပိုင်း သန့်စင်ခြင်းအဆင့်မှ ဆယ်ကျော်သက်တစ်ဦး မျှသာ ဖြစ်သည်။

သူမကဲ့သို့ နှစ်ပေါင်း (၃၀၀၀၀၀)ကြာ အမှောင်စွမ်းအားဖိနှိမ်မှုမှ လွတ်မြောက်ခဲ့သော မြေခွေးအိုတစ်ကောင် မဟုတ်ချေ။

ထိုပြင် ခန္ဓာကိုယ်သိမ်းပိုက်ထားသူ သည်လည်း မဟုတ်သဖြင့် အဘယ့်ကြောင့် မြွေတစ္ဆေမျိုးရိုးနှင့် ရင်းနှီးဟန် ပြောနေရ သနည်း။

၎င်း၏သခင်၊ အကြီးအကဲသို့မဟုတ် မျိုးရိုးစသည်တို့နှင့် တစ်စုံတစ်ရာ ဆက်နွှယ်မှု ရှိနေသည်လော။

“ သခင်လေးစု ... ဒီနတ်ဆိုး သန္ဓေသားလောင်းသာ မင်းလက်ထဲရောက်တဲ့ သတင်းပျံ့နှံ့သွားခဲ့ရင် အဆုံးမဲ့ကပ်ဘေးတွေ ကျရောက်စေမှာ ငါကြောက်မိတယ် ...

... ပြီးတော့ ဒီသန္ဓေသားလောင်းက မင်းအတွက် ကောင်းချီးဆိုတာထက် ဘေးဥပဒ် ဖြစ်ဖို့သေချာတယ် ဂရုစိုက်ပါ ... ။ ”

ထိုသို့ပြောပြီးနောက် သန့်ရှင်းသော သမီးတော်မှ သက်ပြင်းချလျက် လှည့်ထွက်သွား တော့သည်။ အစမှ အဆုံးထိ ပြန်မကြည့်ဘဲ ပျောက်ကွယ်သွားချေပြီ။

“ သစ်ရွက်ကလေး ... ၊ မင်းရဲ့ မြွေတစ္ဆေ မျိုးရိုးထဲက တစ်စုံတစ်ယောက်ကို ဒီလိုမိုးပြာ တိုက်ကြီးမှာ ဆုံတွေ့ရလိမ့်မယ်လို့ ... ငါ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး ... ။ ”

စုရီက ပျောက်ကွယ်သွားပြီဖြစ်သော အမျိုးသမီးထံ ပြန်လှည့်ကြည့်ကာ ညည်းညူ လိုက်တော့၏။

ထိုအရပ်တွင် အသက်ဆယ့်ရှစ်နှစ်အရွယ် အမျိုးသမီးတစ်ယောက် ရပ်နေသည်။ ဦးခေါင်း၌ သရဖူတစ်ခုဆောင်းထားကာ ကြိုးကြာဝတ်ရုံ ၀တ်ဆင်ထား၏။

လက်ထဲတွင် တောက်ပနေသော အလင်းရောင်များ ဖြာထွက်နေသည့် ကြာပန်း မီးအိမ်တစ်လုံး ကိုင်ဆောင်ထားသည်။

မျက်ဝန်းများမှ မျက်ရည်များစီးကျကာ အထီးကျန်နေသည်။ အမှောင်ကမ္ဘာထဲတွင် သူမ အသွင်သည် တဖြည်းဖြည်း ဝေးရာသို့ လျှောက်လှမ်းသွားတော့၏။

“ စုရွှမ်ကြွယ် ... ၊ ငါ့တစ်သက်လုံး အမှောင်ထဲမှာ စောင့်ဆိုင်းရမယ်ဆိုရင်တောင် ... နင့်ကို ငါစောင့်နေမယ်။ ”

ဤသည်မှာ သစ်ရွက်ကလေးယဲ့ယွီ ဖြစ်သည်။ မြွေတစ္ဆေမျိုးရိုး၏ ပထမဆုံးသော ဧကရီဖြစ်၏။ ခဏအကြာတွင် စုရီသည် ခေါင်းယမ်းလျက် ခံစားချက်များကို မျိုသိပ်လိုက်သည်။

သူသည် အတိတ်ကို လွမ်းဆွတ်နေသူ တစ်ယောက် မဟုတ်သကဲ့သို့ မေ့သော်လည်း မမေ့ချေ။

ထို့နောက် လက်ချောင်းထိပ်မှ သွေးတစ်စက်ညှစ်ထုတ်ကာ ထူးဆန်းပြီး မှော်ဆန်သောအမိန့်တစ်ခုကို ရေးသားလိုက်သည်။

“ ဝိညာဉ်တော် တားမြစ်အ​မိန့်။ ”

ဤသည်မှာ ဝိညာဉ်သားရဲများကို တံဆိပ်ခတ်နိုင်သော တာအိုအမိန့်ဖြစ်ချေ၏။ အလင်းများ တဖျပ်ဖျပ်ခတ်ကာ ကြေးသေတ္တာရှိ အငွေ့အသက်သည် ပျောက်ကွယ်သွားသည်။

တစ်စုံတစ်ယောက်သည် နတ်အာရုံဖြင့် စစ်ဆေးကြည့်လျှင်ပင် ထူးခြားမှုကိုတွေ့နိုင်မည် မဟုတ်ချေ။ ထို့နောက် သူ့နတ်အာရုံဖြင့် သေတ္တာအတွင်း စစ်ဆေးလိုက်၏။

ငြိမ်သက်နေသော အနက်ရောင် ကျောက်စိမ်းတုံးကြီးတစ်တုံးကဲ့သို့ လုံးဝန်းသော တစ်စုံတစ်ရာကို မြင်လိုက်ရသည်။

‌ကောင်းကင်ဘုံ နတ်ဆိုးအနှစ်သာရ ဖြစ်၏။ ၎င်းသည် နတ်ဆိုးသန္ဓေသားလောင်း၏ နှလုံးကို ဖွဲ့စည်းရန် အသုံးပြုသည်။ အလွန်ရှားပါးသော နတ်ဘုရားပစ္စည်းတစ်ခုပေပင်။

၎င်းအတွင်း ပုံသဏ္ဍာန်ကို ပြောပြရန် ဝိုးတဝါးဆန်သော ဝိညာဉ်တစ်ခုကို မြင်နိုင်၏။ ထိုဝိညာဉ်က စုရီနတ်အာရုံကို ခံစားမိကာ ရုတ်တရက် တုန်ခါသွားသည်။

သူ့အပေါ် အုပ်မိုးထားသော တံဆိပ်စွမ်းအားသည် ချက်ချင်းတောက်ပလျက် စွမ်းအင်အတက်အကျလှိုင်းများ ထုတ်ဖော် ပေးလာသည်။

“ မင်းဘယ်သူပဲ ဖြစ်ပါစေ၊ ဒီမှာ နာခံမှု ရှိရှိနေပါ။ ”

စုရီကပြုံးပြီး နတ်အာရုံကိုသိမ်းကာ ကြေးသေတ္တာပိတ်လျက် ကျောက်စိမ်းဆွဲသီးထဲ ရွေ့ထည့်လိုက်သည်။

ဤသားလောင်း၏ မူလဇစ်မြစ်ကို မသိရသော်လည်း ၎င်းရောင်ဝါများအရ အလွန် အံ့သြဖွယ်ကောင်းမည်ကို ပြောနိုင်၏။

အနိမ့်ဆုံး ဝိညာဉ်တာအိုနယ်ပယ်အဆင့် သားလောင်းဖြစ်မည်။ မွေးရာပါ ဝိညာဉ်တာအို နယ်ပယ်မှ တစ်စုံတစ်ရာသည် ကောင်းကင်ကို မည်မျှအန်တုနေကြောင်း မြင်သာ၏။

တစ်ချိန်က တတိယတပည့်ဟွာယိုသည် နတ်ဆိုးသန္ဓေသား မိခင်အတွင်း၌ ရှိနေစဉ်တွင် ဤသတ္တဝါထက် အားမနည်းခဲ့ချေ။

သို့သော် သန္ဓေသားလောင်းသည် သက်ရှိဖြစ်လာပြီးနောက် အခြေခံအုတ်မြစ်ကို ပြန်လည်တည်ဆောက်ရန် လိုအပ်သည်။

ဤနည်းဖြင့်သာ သူ ပိုင်ဆိုင်ခဲ့ဖူးသော စွမ်းအားကို ပြန်၍ရရှိနိုင်၏။ ၎င်းသည် ပြန်လည် မွေးဖွားခြင်းနှင့် ဆင်တူသည်။

တစ်ခုတည်းသော ခြားနားချက်မှာ နတ်ဆိုးသန္ဓေသားအတွင်း သက်ရှိအရာသည် မိခင်မှ ပြန်လည်မွေးဖွားခြင်း မဟုတ်ချေ။

သို့သော် ဤမျှသာဖြစ်သည်။ ၎င်းကိုသတ်ခြင်းသည် ဖြုန်းတီးရာရောက်ပြီး လွှတ်ပေးသော် ကပ်ဘေးများ ဖြစ်နိုင်၏။

ထို့ကြောင့် တံဆိပ်ခတ်ထားခြင်းဖြင့် အချိန်တန်သောအခါ နည်းလမ်းတစ်ခုရှာတွေ့ နိုင်ပေမည်။ လက်ရှိအချိန်၌ အသုံးမဝင်သော ရတနာတစ်ခုမျှသာပေပင်။

“ အဲဒီမှာ ပုန်းမနေနဲ့ ... မင်းတို့နှစ်ယောက်နိုးလာရင် ထွက်လာပါ။ ”

စုရီက ခေါင်းမော့ပြီး အဝေးရှိ သီးသန့်ခန်းတစ်ခန်းထံသို့ မျှော်ကြည့်လိုက် တော့သည်။

များမကြာခင် ရှက်ရွံ့နေသော အသွင်အပြင်ဖြင့် လူရွယ်တစ်ယောက် ဦးစွာ လှမ်းထွက်လာ၏။ ၎င်းနောက်တွင် အဖွားအို တစ်ယောက် လိုက်ပါလာသည်။

“ အစ်ကိုစု၊ မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် မဟုတ်ရင် အဲဒီရွှမ်ကျစ်က ငါတို့ကို ဘယ်လိုရက်စက်မယ် မသိတော့ဘူး။ ”

ကူချန်နင်မှ ဦးညွှတ်လျက် ပြောကြားလိုက်သည်။ ဖြစ်ပျက်သမျှ ဒေါသများ ထွက်မိသည့်အပြင် ရှက်စိတ်သည်လည်း အနည်းငယ် ခံစားလာရ၏။

“ ကျေးဇူးတင်စရာ မလိုဘူး ... ဒါ ငါ့ကိစ္စနဲ့ ငါပါ။ ”

စုရီမှ ခေါင်းယမ်းကာ ပြန်လှည့်ပြီး မူလသီးသန့်ခန်းထံသို့ လျှောက်လှမ်းသွားသည်။ ထို့မြင်ကွင်းကြောင့် စုချန်နင်ဘေးရှိ အဖွားကြီးမှ ဟန့်တားတော့၏။

“ တာအိုစု ... ကျေးဇူးပြုပြီး ခဏနေပါဦး။ ”

“ ဘာကိစ္စလဲ။ ”

စုရီမှ ခဏမျှပင် မနေချေ။ လျှောက်လှမ်းနေလျက်မှ ပြန်မေးလိုက်သည်။

“ ငါသိချင်ပါတယ် ... တာအိုစုက အဲဒီနတ်ဆိုးသန္ဓေသားလောင်းကို စွန့်လွှတ်ဖို့ ဆန္ဒရှိနိုင်မလား ... မင်းကိုကျေနပ်စေမယ့် ရတနာတွေနဲ့ ငါတို့လဲလှယ်ပေးမှာပါ။ ”

အဖွားအို၏ ကမ်းလှမ်းချက်ကို ကူချန်နင်သည်လည်း ခေါင်းညိတ်ထောက်ခံပြီး မျှော်တလင့်လင့်ဖြင့် ငေးကြည့်လာ၏။

“ မင်းဆိုရင် ဘာလုပ်မလဲ။ ”

သို့သော် စုရီမှပြုံးလျက် သီးသန့်ခန်းထဲ လှမ်းဝင်လိုက်တော့သည်။ ဤအဖွားအိုသည် ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူဖြစ်၏။

သို့သော် ထိုမျှသာပေပင်။ သူ့ကို ကြောက်အောင် ခြောက်ရန် မလုံလောက်ချေ။

***

All Chapters