← Chapters

ကျောက်စိမ်းပိုးတုံးလုံး သလင်းကျောက်။

Vol. 32 Ch. 383

ကျောက်စိမ်းပိုးတုံးလုံး သလင်းကျောက်။

Vol. 32 Ch. 383

အနီးဆုံးရှိ ကျိုးရှင်းဟဲတစ်ယောက် မျက်နှာပြောင်းလဲသွားကာ စိတ်ခံစားမှုများ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့၏။

တစ်ကိုယ်လုံး တုန်ရင်လျက် ဒူးများညွှတ်လုလု ဖြစ်လာတော့သည်။ ဘေးမှ ကြည့်နေသော မိသားစုအကြီးအကဲများမှာ အသက်ရှူရန် မေ့လျော့ကုန်၏။

“ ကျောက်စိမ်းပိုးတုံးလုံးလား။ ”

စုရီ၏ လက်ဖဝါးပေါ်တွင် မြေပဲစေ့အရွယ်အစားခန့် ပိုးကောင်အသွင် သလင်းကျောက်ငယ် တစ်ခု ရှိနေ၏။

သလင်းကျောက် မျက်နှာပြင်သည် ကျက်သရေရှိပြီး ထူးဆန်းသော တိမ်ပုံစံအလွှာ တစ်ခုဖြင့် ဖုံးအုပ်ထားသည်။

“ ဒါ ... အမှန်ပဲ။ ”

ကျိုးမိသားစုမှ အကြီးအကဲတစ်ယောက်က စိတ်မထိန်းနိုင်တော့ဘဲ ထရပ်ကာ မျက်လုံးများ ပြူးကျယ်သွား၏။

ကျန်းယွင်ထောင်မှ နားမလည်ဟန်ဖြင့် ကျိုးရှင်းဟဲထံ ကြည့်သည်။ ထိုသလင်းကျောက် မည်သို့အသုံးဝင်မှန်း သူ မသိသည်မှာ သဘာဝပေပင်။

“ အစ်ကိုကျိုး မင်းရှင်းပြနိုင်မလား။ ”

အဆုံးတွင် သည်းမခံနိုင်တော့ဘဲ မေးမြန်းလိုက်သည်။ ကျိုးရှင်းဟဲက သက်ပြင်းချ လိုက်ကာ၊

“ လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀)အတွင်းမှာ ငါ့ရဲ့ကျိုးမျိုးနွယ်စုဟာ ကျောက်စိမ်းပိုးတုံးလုံး သုံး​ကောင်ကို ရှာတွေ့ခဲ့တယ် ... ဒီနေ့ ထပ်တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး ... ။ ”

-ဟု ညည်းတွားလိုက်သည်။

သူ့စကားကြောင့် ကျန်းယွင်ထောင်နှင့် အခြားသူများသည် ပို၍ စိတ်ဝင်တစားဖြစ်လာ တော့သည်။ ကျိုးရှင်းဟဲက အသက်ပြင်းပြင်း ရှူလျက် စိတ်ကိုတည်ငြိမ်စေလိုက်ပြီး၊

“ ကျောက်စိမ်းပိုးတုံးလုံးက ထူးဆန်းတဲ့ အရာတစ်ခုပဲ သူတို့တွေက ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတွေကို ရှာဖွေပေးနိုင်တဲ့ အရည်အချင်းတွေရှိတယ် ...

... သူတို့ကြောင့်ပဲ ငါ့မိသားစုဟာ ဝိညာဉ်ကျောက်စိမ်း သွေးကြောပေါင်း (၁၀)ခု ကျော်ကိုတွေ့ရှိခဲ့တယ် ... ငါကျိုးမိသားစုရဲ့ ကြွယ်ဝမှုနဲ့ စွမ်းအားက ဒီပိုးတုံးလုံးနဲ့ ခွဲလို့မရဘူးလို့ ပြောနိုင်တယ်။ ”

သူ့ စကားများ ထွက်လာသည်နှင့် တပြိုင်နက် ကျန်းယွင်ထောင်နှင့် အခြားသူများ တုန်လှုပ်သွားကြသည်။

ထိုမှသာလျှင် စုရီရရှိသွားသော သလင်းကျောက်သည် မည်မျှ အံ့သြဖွယ် ကောင်းသည်ကို နားလည်ကုန်၏။

၎င်း၏တန်ဖိုးသည် ဝိညာဉ်ကျောက်တုံးများဖြင့်ပင် တိုင်းတာ နိုင်သည့် ပမာဏမျိုး မဟုတ်ချေ။

“ ကံမကောင်းစွာနဲ့ပဲ၊ ဒီလိုကျောက်စိမ်း ပိုးတုံးလုံးက ရှားပါးလွန်းတယ် ငါ့မျိုးနွယ်ဟာ နှစ်ပေါင်းများစွာအတွင်း သုံးကောင်သာ ...

... တွေ့ရှိခဲ့တယ် နှစ်ကောင်က ပင်ပန်းလွန်းပြီး ... ကျန်တစ်ကောင်ကတော့ သေဆုံးလုနီးပါး ဖြစ်နေတယ်။ ”

ထို့နောက် သက်ပြင်းချလျက် ခေါင်းငုံ့ကာ စုရီလက်ထဲရှိ ကျောက်စိမ်းပိုးတုံးလုံးထံကြည့်ပြီး ရှက်စိတ်အပြည့်ဖြင့်၊

“ မိတ်ဆွေလေး၊ ငါမင်းကို အရင်ကဂရုမစိုက်မိခဲ့ဘူး ... မင်းအဲဒါကို စိတ်ထဲ မထားပါနဲ့။ ”

-ဟု တောင်းပန်လိုက်တော့သည်။

လူတိုင်း တုန်လှုပ်ကုန်၏။ မာနကြီးသော ကျိုးရှင်းဟဲသည် ချက်ချင်းရိုသေကိုင်းရှိုင်းသွား တော့သည်။ စုရီမှ မျက်ခုံးပင့်ကာ၊

“ မင်းလိုချင်လို့လား။ ”

-ဟု မေးမြန်းလိုက်၏။

“ သဘာဝပါပဲ ... ငါ့ရဲ့ကျိုးမျိုးနွယ်က ဒီကျောက်စိမ်းမျိုးစေ့ ပိုးတုံးလုံးကို ဝယ်ဖို့ ဆန္ဒရှိပါတယ်။ ”

ကျောက်စိမ်းပိုးတုံးလုံးသည် အဖိုးတန်လွန်းပြီး ကျိုးမျိုးနွယ်စုအတွက် အနာဂါတ်လဲဖြစ်၏။

“ ကျေးဇူးပြုပြီး ... ငါတို့ကို ရောင်းပါ မိတ်ဆွေလေး ... ။ ”

ကျန်အကြီးအကဲများက တစ်ယောက်ပြီးတစ်ယောက် ထရပ်ကာ ဦးညွှတ်လိုက်လေသည်။

ထိုမြင်ကွင်းက ဟွာယွင်ရှန်နှင့်အဖွဲ့ကို မနာလိုဖြစ်စေ၏။ ဤလူသည် ရောက်လေရာ အရပ်၌ ကံကောင်းလွန်း၏။

“ စိတ်မပူနဲ့ ... ငါ့အတွက် ဒီကျောက်စိမ်း ပိုးတုံးလုံးဟာ အသုံးမဝင်ဘူး ရောင်းဖို့ဆိုတာ လွယ်ပါတယ်။ ”

စုရီက တုန့်ပြန်သည်။ သူသည်သာ ဝိညာဉ်သွေးပြန်ကြောများ ရှာဖွေလိုသော် ဤပိုးတုံးလုံးအကူအညီ မလိုအပ်ချေ။

ထို့ကြောင့်ပင် ကျင့်ကြံမှု အရင်းအမြစ်များဖြင့် လဲလှယ်နိုင်ပါက သဘာဝပေပင်။ ကျိုးရှင်းဟဲက ဝမ်းသာအားရ ဦးညွှတ်ပြီး၊

“ ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး။ ”

-ဟုပြောကြားလိုက်၏။

“ ကျေးဇူးမတင်နဲ့ဦး ငါတောင်းဆိုတဲ့ အခြေအနေတွေကို အရင် ကြည့်သင့်တယ်။ ”

စုရီက ပြုံးလျက် ကျောက်စိမ်းပြား အလွတ်တစ်ပြားကို ထုတ်ပြီး ခဏမျှစဉ်းစားကာ လိုအပ်သမျှရေးသားလိုက်၏။ ထို့နောက် ကျိုးရှင်းဟဲထံ ကမ်းပေးသည်။

“ ဆဋ္ဌမတန်း ဝိညာဉ်ကျောက်တုံး သုံးထောင်၊ ဆဋ္ဌမတန်း ဝိညာဉ်ဆေးပင်ရှစ်ရာ၊ ကျောက်စိမ်းပြားအလွတ်တစ်ရာ၊ ဆဋ္ဌမတန်း ဝိညာဉ်ပစ္စည်း အမျိုးအစားငါးရာ ... ဒါ ... ။ ”

စုရီ၏ လိုအပ်ချက်များကို မြင်ပြီးနောက် အသက်ရှူ ကြပ်သွား၏။ ရက်စက်လွန်းသော ပမာဏပေပင်။

ဤအခြေအနေသည် သူတို့၏ ကျိုးမျိုးနွယ်ကိုသတ်ရန် အခွင့်အရေးယူခြင်း ဖြစ်သည်။ ခဏအကြာတွင် ကျိုးရှင်းဟဲက အားတင်းပြုံးပြီး၊

“ မိတ်ဆွေလေး ဒီလိုအခြေအနေက ... ။ ”

စုရီက စကားအပြောမခံချေ။ ၎င်းကိုနှောင့်ယှက်လိုက်ပြီး၊

“ ဒီသလင်းကျောက်က လိပ်ပြာဖြစ်ရင် နောင်အနာဂါတ်မှာ မင်းရဲ့ကျိုးမျိုးဆက်အတွက် ပိုင်ဆိုင်မဲ့ စည်းစိမ်ဥစ္စာတွေကို ထည့်တွက်ရင် ငါတောင်းတဲ့ ပမာဏက နည်းပါသေးတယ် ... ။ ”

“ ဒါပေမယ့် … ။ ”

“ မင်း မလိုချင်ရင် ... ငါ တခြားအင်အားစုတွေကို ရောင်းလိုက်မယ် သူတို့ မငြင်းနိုင်မှာကို ငါကြောက်တယ်။ ”

ကျိုးရှင်းဟဲမှ အံ့အားသင့်သွားပြီး နောက်ထပ် တွန့်ဆုတ်ဝံ့ခြင်းမရှိတော့ဘဲ၊

“ ကောင်းပြီ မနက်ဖြန် မင်းတောင်းဆိုတဲ့ ပမာဏကို ငါပေးမယ်။”

-ဟု ကတိပေးလိုက်‌တော့၏။

စုရီခေါင်းညိတ်ပြကာ စကားဆက်မပြောတော့ဘဲ ထိုင်ခုံဆီသို့ ပြန်သွားတော့သည်။ လူတိုင်းသည် စုရီထံမှ အကြည့်ကို မခွာနိုင်တော့ချေ။

နောက်နေ့မနက်တွင် စုရီသည် ခြံဝင်းတစ်ခုအတွင်း ငြိမ်သက်ခြင်းသုတ္တန်ကို ကျင့်ကြံနေ၏။

ဤသည်မှာ အသက်ရှူနည်းစနစ် တစ်ခုဖြစ်သည်။ ၎င်းသည် လက်သီးနည်းစနစ် အပေါ် အခြေခံထားချေ၏။

သူ့အတိတ်ဘဝတွင် အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် နှစ်တစ်ထောင်ကြာပြုစု ထားသော အမွေဖြစ်သည်။

၎င်းသည် ဗုဒ္ဓဘာသာကျင့်စဉ်၊ နတ်ဆိုးခန္ဓာကိုယ် သန့်စင်ခြင်း၊ စိတ်ဝိညာဉ် သန့်စင်ခြင်းနှင့် ကွန်ဖြူးရှပ်၏ သူရဲကောင်း အယူအဆများကို ပေါင်းစပ်ထားသည်။

အတိတ်ဘဝတွင် ဤကျမ်းကို ပြိုင်ဘက်ကင်း သိုင်းဧကရာဇ်ထံသို့ တစ်ကြိမ် ပြသခဲ့ဖူးသည်။

“ ဒီကျမ်းက ဗုဒ္ဓဘာသာမဟုတ်၊ နတ်ဆိုးလည်းမဟုတ်၊ ကွန်ဖြူးရှပ်မဟုတ်၊ တာအိုလည်းမဟုတ် ဖျက်ဆီးခြင်းစွမ်းအားကို မူလအရင်းအမြစ်အဖြစ် အသုံးပြုထားတယ် ...

... သမိုင်းတစ်လျှောက် မူလတာအို နယ်ပယ်အတွက် အခြေခံအကျဆုံးသော နည်းစနစ်တစ်ရပ်ပဲ။ ”

ဆိုလိုသည်မှာ ငြိမ်သက်ခြင်းသုတ္တန်သည် မူလတာအိုနယ်ပယ်၌ ပြိုင်ဘက်ကင်း သုတ္တန် တစ်ပါးဖြစ်ချေ၏။ ထင်းရှူးကြိုးကြာ နည်းစနစ်သည် မူလတာအို အဆင့်၌ အသုံးမဝင်တော့ချေ။

“ သခင် ... ကျိုးမိသားစုက အားလုံး ပြင်ဆင်ပြီးပြီမို့ တောင်အနောက်ဘက် ခန်းမဆီ ဖိတ်ကြားလာပါတယ်။ ”

ထိုစဉ်တံခါးခေါက်သံနှင့်အတူ ယွမ်ဟမ့်အသံကို ကြားလိုက်ရသဖြင့် စုရီက မျက်လုံးများဖွင့်ကာ ထရပ်တော့၏။

အစည်းအဝေးခန်းမအတွင်း စုရီ‌ရောက်ရှိသွားသောအခါ ကျိုးရှင်းဟဲနှင့် အကြီးအကဲများ ရောက်ရှိနေပြီ ဖြစ်သည်။

“ မိတ်ဆွေလေး ... ကျေးဇူးပြုပြီးထိုင်ပါ။”

ကျိုးရှင်းဟဲမှ ပြုံးပြီး ထရပ်ကာ နှုတ်ဆက်လေသည်။

“ အဲဒါလိုတွေ မလိုပါဘူး မင်းရတနာတွေ စုဆောင်းပြီးပြီဆိုရင် အခုပဲ အရောင်းအဝယ် လုပ်လို့ရပြီ။ ”

စုရီအကြည့်သည် ထိုအုပ်စုတစ်ခုလုံးထံ လွှမ်းခြုံသွားပြီး ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ပေးလိုက်သည်။

“ ငါတို့ တစ်ကြိမ် ထပ်စစ်ဆေးရအောင်။ ”

ထိုစဉ် ဆံပင်ဖြူဖြူနှင့် အဖိုးကြီးတစ်ဦးက ကျောက်စိမ်းသေတ္တာကိုဖွင့်ကြည့်ကာ စစ်ဆေး တော့၏။ ကျိုးရှင်းဟဲက ပြုံးလျက်၊

“ မိတ်ဆွေလေး ... ဒါက တတိယအကြီးအကဲပါ ငါတို့ရဲ့ကျောက်စိမ်း လိပ်ပြာတွေကို စောင့်ရှောက်ရတဲ့လူပါ။ ”

စုရီမှ စကားမဆို‌တော့ချေ။ အချိန်အတော်ကြာပြီးနောက် အဖိုးအိုက သေတ္တာကို တုံ့ဆိုင်းစွာပိတ်လျက်၊

“ တကယ်ပြ ကျောက်စိမ်းပိုးတုံးလုံးပဲ အသက်စွမ်းအားရှိနေသေးတယ် သုံးလလောက် အချိန်ပေးရင် အဲဒါကို ကျောက်စိမ်းလိပ်ပြာ ဖြစ်အောင် ငါမွေးမြူပေးနိုင်တယ်။ ”

ထိုစကားကိုကြားသောအခါ ကျိုးရှင်းဟဲတစ်ယောက် သက်ပြင်းချလိုက်၏။ လူတိုင်း ကြည်နူးမှုများနှင့် ပြည့်နှက်လာသည်။

“ ရတနာတွေ ယူလာပါ။ ”

ထို့‌နောက်တွင် အစေခံအချို့သည် ကျောက်စိမ်းဗန်းများ သယ်ဆောင်လျက် စုရီရှေ့ ချပေးလာသည်။ စုရီမှ မျက်ခုံးပင့်သွား၏။

ကျောက်စိမ်းဗန်းတွင် အဆင့်ခြောက် ဝိညာဉ်ကျောက်တုံး ရာဂဏန်းမျှသာရှိသည်။ သူတောင်းဆိုထားသည်ထက် အဆများစွာ နည်းပါးချေ၏။

မိသားစု၏ အကြီးအကဲများက စုရီ၏အမူအရာကို အနီးကပ်စောင့်ကြည့်နေပြီး ပြုံးရယ်လာကြသည်။

“ မင်း ငါနဲ့ကစားနေတာလား။ ”

စုရီက ကျိုးရှင်းဟဲထံ ကြည့်ကာ မေးမြန်းလိုက်သည်။

“ မိတ်ဆွေလေး စိတ်မဆိုးပါနဲ့ ... မနေ့ညကပဲ ဒါကိုတွေးမိလာပြီး အဆုံးမှာတော့ မင်းရဲ့တောင်းဆိုမှုကို သဘောမတူဖို့ ငါတို့ဆုံးဖြတ်လိုက်တယ် ...

... တကယ်တော့ ဒီစျေးက မျှတပါတယ် အဆင့်(၆) ဝိညာဉ်ကျောက်တုံးတစ်ရာနဲ့ အခြား ရတနာနှစ်ခုကို မင်းအလကားရခဲ့တာပဲ။ ”

စုရီက မျက်ခုံးပင့်လိုက်သည်။ ထိုအမူအရာကြောင့် ဆံပင်ဖြူအဘိုးကြီးက၊

“ မနေ့ညက သခင်လေးဟွာက မင်းအကြောင်းအကုန် ငါတို့ကို ပြောပြပါတယ် အထူးသဖြင့် မဟာကျိုးရဲ့ လေလွင့်ကျင့်ကြံသူ တစ်ဦးဆိုနဲ့ တိမ်လွှာကောင်းကင်နန်းတော်နဲ့ ဘာမှမဆိုင်ဘူးဆိုတာကိုရော ...

... ဒါကြောင့် မင်းအတွက် ဘာအကောင်းဆုံးလဲဆိုတာသိရင် ဒီအဆင့်(၆) ဝိညာဉ်ကျောက်တုံးတစ်ရာကို လက်ခံယူပြီး အခုချက်ချင်း ထွက်သွားပါ။ ”

-ဟု ဝင်ရောက် ပြောကြားလာတော့၏။

***

All Chapters