ကြောင်နှင့်ကြွက်။
Vol. 32 Ch. 384
“ အမှန်အတိုင်းပြောရရင် ငါတို့ကျိုးမိသားစုက မင်းနဲ့ ရန်သူဖြစ်ချင်တဲ့ ဆန္ဒမရှိဘူး၊ ဒါပေမယ့် ... ဒီနေ့က မနေ့နဲ့ မတူဘူး ... ကျိုးမိသားစုမှာ မင်းအသက် မဆုံးရှုံးဖို့ မျှော်လင့်ပါတယ်။ ”
ကျိုးရှင်းဟဲမှ ယုံကြည်ချက် ပြင်းစွာ ပြောကြားလာသည်။ ထို့ကြောင့် စုရီကပြုံးပြီး တုန့်ပြန်တော့မည့်အချိန်တွင် နောက်တစ်လှမ်း ချက်ချင်းဆုတ်လိုက်ရ၏။
“ ဝှစ် ... ။ ”
လေပြင်းနှင့် လျှပ်စီးအသံများသည် အစည်းအဝေးခန်းမအတွင်း ပဲ့တင်ထပ်လာကာ ငွေရောင် မြှားတစ်စင်း ပျံသန်းလာပြီး မူလတွင် စုရီရပ်နေခဲ့သော ကြမ်းပြင်ပေါ် ထိုးစိုက်ကျသွားသည်။
ကျိုးရှင်းဟဲနှင့် အခြားသူများ၏ ဦးရေပြားများ ထိတ်လန့်ကြောက်ရွံ့မှုနှင့်အတူ ထုံကျင်သွား၏။ ဤမြှားသည် ရိုးရိုးရှင်းရှင်း ရက်စက်လွန်းချေပြီ။
“ ဝှစ် ... ဝှစ် ... ဝှစ် ... ။ ”
စုရီက မူလနေရာနှင့် ပေသုံးဆယ်အကွာ၌ ပြန်ပေါ်လာသည်။ နောက်ထပ် လေခွင်းသံများ ထပ်ပေါ်လာပြီး ငွေရောင်မြှားများ ဆက်တိုက် ပျံသန်းလာပြန်၏။
မြှားတစ်စင်းစီသည် လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းပြီး ကြယ်စုစည်းခြင်းအဆင့်ရှိ ကျွမ်းကျင်သူကို အလွယ်တကူ ပေါက်ကွဲစေရန် လုံလောက်သော စွမ်းအားပါရှိသည်။
ထိုမြင်ကွင်းသည် စုရုံးနေသော ကျိုးမိသားသားဝင်များ၏ နှလုံးသားကို စိတ်ပျက်အားငယ်စေ၏။
“ ထန် ... ထန် ... ။ ”
စုရီပုံသဏ္ဍာန်သည် မှုန်ဝါးဝါးဖြစ်လာကာ အမှောင်နတ်ဓားကိုဆွဲထုတ်လျက် ဆယ်ကြိမ်လွှဲ ခုတ်လိုက်ရသည်။
မြှားများခမျာ မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲကုန်ပြီး အခန်းအတွင်း အခိုးအငွေ့နှင့် ဖုန်မှုန့်များ ထုံမွှန်းလာ၏။
“ ငါပြန်လာမှ မင်းတို့နဲ့ စကားပြောမယ်။ ”
ထို့နောက် စုရီအသံသည် ခန်းမအတွင်း ပဲ့တင်ကျန်ရစ်ခဲ့သည်။ ကျိုးရှင်းဟဲတစ်ယောက် မျက်နှာပျက်ယွင်းသွားလေသည်။
ဤသည်မှာ လှေသမားဖြစ်ကြောင်း သူသိ၏။ စုရီသည် မည်သို့ လွတ်မြောက်နိုင်မှန်း နားမလည်နိုင်တော့ချေ။
လှေသမားဟူသည် ဝိညာဉ်တာအို နယ်ပယ်အဆင့် ကျွမ်းကျင်သူကိုပင် အောင်မြင်စွာ လုပ်ကြံသတ်ဖြတ်နိုင်သူဖြစ်၏။
“ ဒီမှာ ဘာဖြစ်တာလဲ။ ”
အစည်းအဝေးခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲနှင့် ဆူညံနေခဲ့သောကြောင့် ကျန်းယွင်ထောင်နှင့် ဝမ်ရှင်းကျောက်တို့ ရောက်ရှိလာသည်။
ကျိုးရှင်းဟဲမှ ဖြစ်စဉ်ကို မသက်မသာဖြင့် ရှင်းပြလိုက်ရ၏။ ကျိုးမိသားစု မျက်စိအောက်၌ အသက်ကို ယူဆောင်ရန် ကြံစည်သူသည် မည်မျှသတ္တိရှိကြောင်း တွေးကြည့်နိုင်မည်။
ထိုအချိန်တွင် လေဟာနယ်အတွင်း လှိုင်းများတွန့်လျက်ဖြင့် စုရီအသွင်အပြင်သည် မယုံနိုင်လောက်အောင် ရွေ့လျားနေ၏။
ဤသည်မှာ လေဟာနယ်စာကလေး အရေခွံမှ သူနားလည်ထားခဲ့သော လေတာအို စွမ်းအားဖြစ်သည်။ အလင်းစီးကြောင်းကဲ့သို့ ခန္ဓာကိုယ်တစ်ဝိုက်ရှိ လေထုကိုထိန်းချုပ်ကာ အမြန်နှုန်းသည် အလွန်လျင်မြန်ချေ၏။
“ ဟမ့် ... ။ ”
များမကြာမီ အရှေ့ပေတစ်ရာအကွာတွင် ပုံသဏ္ဍာန်တစ်ခုကို မြင်လိုက်သည်။ မီးခိုးရောင် ၀တ်စုံဝတ်နှင့်လူငယ်တစ်ယောက် အနက်ရောင် လေးကိုင်းကို လွယ်လျက် ပြေးနေ၏။
အရှိန်မှာ မြန်လွန်းသောကြောင့် လေဟာနယ်အတွင်း ဝိုးတဝါးသာ မြင်နိုင်ချေပြီ။ အံ့အားသင့်ဖွယ် ကောင်းပေပင်။
အခြားသော တစ်စုံတစ်ယောက်သည်သာ ဆိုက မျက်ခြေပြတ်သွားနိုင်မည်။ စုရီအတွက်မူ အကွာအဝေး တဖြည်းဖြည်း ပိတ်မိလာစေ၏။
“ စုရီ၊ ငါရှုံးနိမ့်တာကို ဝန်ခံရင် မင်းဒီမှာ ရပ်လို့ရမလား။ ”
မီးခိုးရောင်ဝတ် လူငယ်လေးက လှည့်မကြည့်တော့ဘဲ အော်ဟစ်မေးမြန်း လာခဲ့သည်။
“ မရဘူး ... ။ ”
စုရီမှ ချက်ချင်းဖြေ၏။
“ ဒီလို ပြန်ဖြေမယ်ဆိုတာ ငါသိပါတယ်၊ အဆုံးမှာ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲဆိုတာ ကြည့်ကြရအောင်။ ”
“ မှားတယ် ... ဘယ်သူသေပြီး၊ ဘယ်သူကျန်ခဲ့မလဲ ကြည့်မယ်။ ”
စုရီမှ တုန့်ပြန်သည်။ မီးခိုးရောင် ၀တ်စုံလူငယ်က သက်ပြင်းချလိုက်တော့သည်။ ထို့နောက် ကြယ်တံခွန်တစ်စင်းကဲ့သို့ သစ်တောအတွင်း ပြေးဝင်သွား၏။
သစ်ပင်ကြီးများမှာ ထူထပ်လှပြီး သစ်ကိုင်းများသည် ကောင်းကင်အပြည့် ဖုံးလွှမ်း နေခဲ့သည်။ ပတ်ဝန်းကျင် အနေအထားများအရ လုပ်ကြံသတ်ဖြတ်ရန် အကောင်းဆုံးပေပင်။
စုရီက ပတ်ဝန်းကျင်ကို ကြည့်ကာ တောအုပ်အတွင်း တဖျပ်ဖျပ်ဖြင့် လိုက်ဝင်လာ တော့၏။ တစ်ဆက်တည်းမှာပင် သစ်သား တာအိုကို သစ်ပင်များထံ ပေါင်းစည်းကာ နတ်အာရုံများ ဖြန့်ကျက်လိုက်သည်။
ဤအခိုက်အတန့်တွင် ဝိညာဉ်နှင့် အသက်ရှူနှုန်းသည် သူ ဖြတ်သန်းသွားရာ လမ်းတလျှောက် အပင်များနှင့် တသားတည်း ဖြစ်လာ၏။
ထို့ကြောင့် သစ်ပင်များအားလုံး မျက်လုံးများဖြစ်လာကာ အသက်ရှုသံတစ်စုံကို ကြားလာရပြီး ချက်ချင်း ရပ်လိုက်၏။
“ ဝုန်း ... ။ ”
သူ့ရှေ့ ပေသုံးဆယ်အကွာတွင် ပေါက်ကွဲမှုကြီးတစ်ခု ရုတ်ချည်းဖြစ်ပေါ်လျက် မရေမတွက်နိုင်သော မီးမြှားများ အရှိန် ပြင်းပြင်းဖြင့် ပျံ့ကားသွားလေသည်။
ဤသည်မှာ သတ်ဖြတ်ခြင်း ဝင်္ကပါတစ်ခုဖြစ်ပြီး အဖျက်စွမ်းအားများသည် ကြယ်စုစည်းခြင်းအဆင့် တည်ရှိမှုများကို အလွယ်တကူ သတ်ပစ်နိုင်သည်။
သို့သော် တောက်လောင်နေသော ထိုမီးမြှားများသည် ပေသုံးဆယ်အကွာတွင် ရပ်လိုက်သည့်စုရီရှေ့၌သာ ကျဆင်းသွား၏။ ထိခိုက်ဒဏ်ရာ မပေးနိုင်ခဲ့ချေ။
“ ဒီလုပ်ကြံသတ်ဖြတ်မှုဟာ ... လတ်တလောအစီအစဥ်မဟုတ်ဘူး ငါ့အတွက် ပြင်ဆင်ထားတာ ကြာနေပြီ ... ။ ”
စုရီမျက်ဝန်းများ မှေးစင်းလျက် လူသတ်လိုသော ရည်ရွယ်ချက်များ ပေါ်ထွက် လာတော့သည်။
ဤမျှသော ကျွမ်းကျင်သူကို ငှားရမ်းခြင်းသည် သူ့ကို မည်မျှမုန်းတီးကြောင်း ပြသရာရောက်နေ၏။
သည့်ပြင် တစ်ဖက်လူသည် ကျိုးမိသားစုနှင့်ပတ်သတ်နိုင်မည်။ မဟုတ်သော် ကျိုးမိသားစုစံအိမ်၏ အနောက်ဘက်တောအုပ် အတွင်း ဤသို့သော သတ်ဖြတ်ခြင်းဝင်္ကပါကို ပြင်ဆင်ထားနိုင်မည် မဟုတ်ချေ။
“ သစ်သားတာအိုနားလည်မှု ... မင်းကြိုပြီးရှောင်နိုင်တာ အံ့ဩစရာ မရှိပါဘူး ... ။ ”
တောအုပ်တစ်နေရာရှိ မီးခိုးရောင်၀တ် လူငယ်လေး၏ အကြည့်များက လေးနက်လာ တော့သည်။ အစောပိုင်းဝင်္ကပါသည် အဖိုးတန် လျှို့ဝှက်သင်္ကေတ (၃၆)ခြောက်ခုဖြင့် ဖွဲ့စည်းထားရ၏။
၎င်းထံမှလာသော အဖျက်စွမ်းအားသည် ယခုအခါတွင် ဖြုန်းတီးရာ ရောက်သွားခဲ့ချေပြီ။ နာကျင်ဖွယ် ကောင်းလှ၏။
“ ငါပြန်ရောက်ရင် အလုပ်ရှင်ကို နှစ်ဆတောင်းယူရမယ်။ ”
အတွေးများဖြင့် ပျောက်ကွယ် သွားတော့သည်။ ခဏအကြာတွင် စုရီသည် ထိုလူငယ် ရပ်နေရာသို့ ရောက်ရှိလာပြီး အဝေးသို့ ငေးကြည့်လိုက်၏။
သူ့ရှေ့တွင် ကျဉ်းမြောင်းလှသော တောင်ကြားလမ်းကိုမြင်နေရ၏။ လှောင်ပြုံးဖြင့် ဆက်လက် လိုက်ပါလာခဲ့သည်။
“ ဝုန်း ... ။ ”
ရုတ်တရက် တောင်ကုန်းများလှုပ်ခါပြီး ကောင်းကင်ကြီး ပြိုကျသလို ကျောက်တုံးများ လှိမ့်ဆင်းလာတော့သည်။
သို့သော် စုရီနှင့် ပေအနည်းငယ် အကွာသို့အရောက်တွင် ပြုတ်ကျလာသော ကျောက်တုံးများအားလုံး မလှုပ်မယှက် ရပ်တန့်ကုန်၏။
“ ဘောင်း ဘောင်း ဘောင်း ... ။ ”
ဤသည်မှာ မြေကြီးတာအိုပေပင်။ ထိုနောက် လက်ဝှေ့ရမ်းလိုက်ရာ လေထဲရှိ ကျောက်တုံးများအားလုံး ချက်ချင်း ပေါက်ကွဲကုန်တော့သည်။
“ ဟမ့် ... ။ ”
တစ်ချိန်တည်းမှာပင် ခြေထောက်ကို မြေပြင်ပေါ် စောင့်နင်းချပစ်လိုက်ရာ နဂါးကြီး တစ်ကောင် နိုးထလာသကဲ့သို့ မြေဆီလွှာ တွန့်ခေါက်လျက် ရုန်းကြွလာ၏။
“ ဝုန်း ... ။ ”
အနားရှိ ပေပေါင်းထောင်ချီ မြင့်မားသော တောင်တန်းများ ပြိုကျပြီးနောက် လေဟာနယ် တုန်ခါကာ မြေမှုန်များ ပြန့်ကျဲကုန်၏။
“ ဟမ့် ... မြေကြီးတာအိုလား။ ”
မြေပြင်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ထိတ်လန့်တကြား ထွက်ပြေးသွားတော့သည်။ တစ်ဖက်လူ၏ ခြေနင်းချက်ကြောင့် သူ့သွေးများ တုန်ယင်နေပြီး အရှင်လတ်လတ် မြှုပ်နှံခံရ လုနီးပါး ဖြစ်သွားခဲ့၏။
မှုန်နေအောင်ပြေးနေသော မီးခိုးတန်းကို ကြည့်ကာ စုရီမှ ဆက်လိုက်လာသည်။ နာရီဝက် အကြာတွင် မြစ်ကြီးတစ်စင်းကို မြင်လိုက်ရ၏။
မြစ်တစ်ဖက်ကမ်းတွင် အဆုံးမရှိ စိမ်းစိုသောမြက်ပင်များနှင့် သစ်တောကြီးရှိကာ တောင်ကုန်းတစ်ခုလည်း ရှိနေသည်။
၎င်းအထက်တွင် တိမ်ဖြူဖြူများ လွင့်မျောနေသော မြင်ကွင်းသည် စိတ်ကူးယဉ် ပန်ချီကားတစ်ချပ်ကဲ့သို့ လှပနေခဲ့၏။ သို့သော် စုရီက အနည်းငယ် စိတ်ပျက်သွားပြီး ခေါင်းယမ်းလိုက်တော့သည်။
“ ဝူး ... ။ ”
မြစ်ရေပြင်ပေါ် လှမ်းတက်လိုက်သည်နှင့် မြစ်ရေပြင်အနှံ့ ပါးစပ်ကြီးအလား စုပ်ဝဲများစွာ ထွက်ပေါ်လာ၏။
၎င်းတို့သည် ကြယ်စုစည်းခြင်း အဆင့် ကျွမ်းကျင်သူများကို တကျိုက်တည်းပင် ဝါးမျိုး နိုင်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ရှိ တိမ်မြူများသည်လည်း တွန့်လိမ်လာပြီး လေဓားများ ရွာချပေး၏။
ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း ဝင်္ကပါပေပင်။ သို့သော် စုရီ မျက်လုံးများအတွင်း အထင်အမြင်သေးမှု အရိပ်အယောင်များ ပြသလာသည်။
“ ဝှစ် ... ။ ”
မြစ်ပြင်ပေါ် နောက်ထပ် ခြေတစ်လှမ်း လှမ်းတက်ကာ လေဓားများအပေါ် လက်သီးဖြင့် ထိုးချလိုက်သည်။ ကောင်းကင်ရှိ တိမ်ပင်လယ် ပြန်လည်ဆုတ်ခွာလျက် လက်သီးအလင်း၏ ချေဖျက်ခြင်း ခံလိုက်ရ၏။
“ ရွှပ် ... ။ ”
သို့သော် တစ်ဖက်တွင် ရေစုပ်ဝဲများက ဝါးမျိုးရန် ရုန်းကြွလာပြီဖြစ်သဖြင့် ဓားအလင်း ပတ်ခတ်ပြီး ခွဲထုတ်ပစ်လိုက်ရ၏။
“ ဝုန်း ... ။ ”
ပေါက်ကွဲသံနှင့်အတူ မိုးသည်းထန်စွာ ရွာနေသကဲ့သို့ ရေစက်များ တဖွဲဖွဲကျဆင်းလာ တော့သည်။
ခဏချင်းမှာပင် မြစ်ပြင်ကို ဖြတ်ကျော်ပြီး မြက်ခင်းပြင်ပေါ်ခြေချကာ အမှောင်နတ်ဓားနှင့် မြေပြင်ထံ ခုတ်ချလိုက်၏။
အဆုံးမရှိ ထက်ရှလွန်းသော ဓားရည်ရွယ်ချက်သည် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့်အတူ ပတ်ဝန်းကျင် တစ်ခုလုံးကို အမှုန့်ဖြစ်အောင် ဖျက်ဆီးပစ်လိုက်တော့သည်။
“ သေစမ်း ... ။ ”
ကျိန်ဆဲသံထွက်ပေါ်လာပြီး မီးခိုးရောင် ပုံရိပ်တစ်ရိပ်သည် ဓားအလင်းကို ခက်ခက်ခဲခဲ ရှောင်ထွက်သွားလေသည်။
မူလ သူပုန်းအောင်းနေသော အရပ်တွင် ပေတစ်ရာခန့်ရှည်လျားသည့် လျှိုမြောင်တစ်ခု ဖြစ်ပေါ်နေ၏။ ဤမြင်ကွင်းသည် မီးခိုးရောင် ၀တ်ဆင်ထားသော လူငယ်ကို ချွေးများဖြင့် ဖုံးလွှမ်းလာစေသည်။
သူ့အမူအရာသည် သံသယစိတ်ဖြင့် ပြည့်နှက်နေပြီး ဆက်မနေဝံ့တော့ဘဲ လှည့်၍ ထွက်ပြေးပြန်၏။
ပစ်မှတ်အတွက် ပြင်ဆင်ထားသည့် သတ်ဖြတ်ခြင်းအစီရင်သုံးခု ပျက်စီးသွားချေပြီ။ ထို့ကြောင့် တစ်ဖက်လူအပေါ် သတ်ဖြတ်ရန် စိတ်ကူးကို လုံးလုံးလျားလျား စွန့်လွှတ် လိုက်တော့၏။
မလုပ်နိုင်သော် ရပ်ပစ်ရပေမည်။ ခွန်အားထက် သာလွန်သည့်ရန်သူကို ဆက်၍ ကြံရွယ်ခြင်းသည် လူမိုက်ပေပင်။
လုပ်ကြံသတ်ဖြတ်သူများသည် ဤကမ္ဘာကြီးတွင် လူမိုက်များ မဟုတ်သကဲ့သို့ သူရဲကောင်းများလည်း မဟုတ်ချေ။
ပစ်မှတ်သည် သာလွန်သူဖြစ်မှန်း သိလျက်နှင့် ကြိုးစားခြင်းသည် သတ်ဖြတ်ရေး သမားများအတွက် တားမြစ်ချက်ကို ချိုးဖောက်နေခြင်းဖြစ်သည်။
ထိုအချိန်တွင် စုရီသည် ရန်သူကို လိုက်ဖမ်းရန် ပျင်းရိလာတော့၏။ ထို့ကြောင့် အောင်နိုင်ခြင်း ဓားသုတ္တန်ကို ထုတ်ဖော်လိုက်သည်။
“ ငါ့မှာ ကောင်ကင်နဲ့ မြေကြီးကြား အတားအဆီးများကို ဖြတ်သန်းသွားလာနိုင်တဲ့ ဓားတစ်လက်ရှိတယ်။ ”
***
Book-32