← Chapters

လူဆိုးဇာတ်ကောင်အဖြစ်

Vol. 22 Ch. 275

လူဆိုးဇာတ်ကောင်အဖြစ်

Vol. 22 Ch. 275

ယွမ်ရှောင်သည် ဓားပျံတစ်လက်ဖြင့် ဓားအဆင့် တောင်ထိပ်သို့ ဦးတည်လာခဲ့ပြီး မုတလုံက အနီးကပ် လိုက်ပါလာခဲ့သည်။ မုရှောင်လုံသည်လည်း ပြိုင်ပွဲဝင်တစ်​ယောက်ဖြစ်သောကြောင့် လိုက်ပါလာရသော်လည်း ဓားပျံကောင်းကောင်း မစီးတတ်ဟု အကြောင်းပြကာ ကောင်းကင်သင်္ချိုင်းဓားပေါ်တွင် လိုက်ပါလာခဲ့သည်။ သူမက ဓားပျံ၏ ရှေ့ဆုံးတွင် နေရာယူကာ ယွမ်ရှောင်၏ မျက်နှာကို ထိုင်ကြည့်ရင်း လိုက်ပါလာသဖြင့် ချစ်စဖွယ်ကောင်းသော အပြုအမူအရ ရိုးသားအပြစ်ကင်းစင်ပုံပေါ်သည်။

"မြန်လိုက်တာ။ သခင်လေးယွမ် ညီမလေးကို ဖက်ထားပေးပါ"

အကြောင်းပြချက်အမျိုးမျိုးဖြင့် ရင်ခွင်အတွင်း ရောက်လာရန် ကြိုးစားနေသော မုရှောင်လုံကို ပြုတ်ကျမသွားစေရန် လက်တစ်ဖက်ဖြင့် ထိန်းထားရင်း ယွမ်ရှောင်မှာ ခေါင်းကိုက်နေရ၏။

"ရှောင်လုံ အစ်ကို့ကို တကယ်ကြီး ကြိုက်နေတာလား"

"ဘယ်မိန်းကလေးက ဒီလောက်ချောတဲ့ အင်မော်တယ်ကို မကြိုက်ဘဲ နေမှာလဲ။ အိပ်မက်တောင် မက်ခဲ့သေးတယ်"

သူမက ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပြီး အမှန်တကယ်ကြိုက်နေကြောင်း သိသာနေသည်။

"မင်းက အင်မော်တယ်လမ်းကြောင်းမှာ အစ်ကိုနဲ့အတူ လျှောက်လှမ်းချင်တာလား"

သူက တစ်ဖက်လူ၏ ခံစားချက်ကို ပြက်ရယ်မပြုခဲ့ပေ။

"ဒါပေါ့။ ဒါပေမယ့် မဖြစ်နိုင်လောက်ပါဘူး"

သူမ၏ မျက်ဝန်းများတွင် တွန့်ဆုတ်နေပုံပေါ်သည်။

"ငါက ခံစားချက်တွေနဲ့ တုပ်နှောင်ခံရတာထက် လွတ်လွတ်လပ်လပ် နေချင်တယ်"

သူက အမှန်အတိုင်း ဝန်ခံလိုက်၏။

"တစ်ယောက်ယောက်ကို ချစ်ဖူးလားဟင်"

သူမက မျှော်လင့်တကြီး စပ်စုနေခဲ့သည်။

"နှစ်ယောက်တောင်။ တစ်ယောက်ကတော့ ငါနဲ့ စွန့်စားနေရမှာထက် ငြိမ်းချမ်းမှုကို နှစ်သက်လို့ လိုက်မလာခဲ့ဘူး။ ငါနဲ့အတူ ထာဝရအတူ ရှိနိုင်မယ်ထင်တဲ့ ဒုတိယတစ်ယောက်ကျတော့ ကံကြမ္မာရဲ့ ရက်စက်မှုလို့ ပြောရမလား။ ကျောက်တုံးအဖြစ် ပြောင်းလဲသွားခဲ့တယ်"

ယွမ်ရှောင်က ခါးသက်သက် ပြုံး၍ တွေဝေငေးမောရင်း ပြောပြလာခဲ့သည်။

"ဒါပေမယ့် ညီမကတော့ အစ်ကို့ကို တကယ်ကြိုက်တယ်"

မုရှောင်လုံက တအံ့တသြ နားထောင်နေရင်း အလျင်အမြန် ဖြတ်ပြောလိုက်၏။

"ကံကြမ္မာကို ဆုံးဖြတ်ခိုင်းရမှာပေါ့"

"ဘာတွေ ဘယ်လောက်ပြောင်းလဲပါစေ၊ ညီမက အစ်ကို့ရဲ့ ပရိသတ်တစ်ယောက် ဖြစ်နေမှာပဲ"

မုရှောင်လုံ၏ ကြိုးစားလိုစိတ်သည် ယွမ်ရှောင် တောင်းဆိုခဲ့သော လျော်ကြေးမှာ သူမ၏ မိခင်မဟုတ်ဘဲ သေရည်ဖြစ်ကြောင်း သိခဲ့ရသောအခါ ပြန်လည်မြင့်တက်လာခဲ့၏။

"မင်းက ငယ်ပါသေးတယ်။ အရွယ်ရောက်လာရင် အရာရာက ထင်ထားသလို မဖြစ်နိုင်ဘူးဆိုတာ နားလည်လာလိမ့်မယ်"

ယွမ်ရှောင်က အကြံပေးလိုက်သည်။

"အစ်ကိုက ညီမထက် အသက်နည်းနည်းလေးပဲ ကြီးတာပါ။ ပြီးတော့ ရွှေရေကန်ထဲမှာ မတွေ့ဘူးလား။ ညီမရဲ့ ခန္ဓာကိုယ်က အရွယ်ရောက်နေပါပြီနော်"

သူမက အနားသို့ကပ်၍ ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ဓားအဆင့်တောင်ထိပ်သို့ နီးကပ်လာသောကြောင့် ယွမ်ရှောင်သည် ပြိုင်ပွဲအကြောင်း စကား လမ်းကြောင်းလွှဲလိုက်သည်။

"ပြိုင်ပွဲရဲ့ စည်းမျဥ်းတွေက ဘာတွေလဲ"

အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက် ပြိုင်ပွဲ၏ စည်းမျဥ်းက ရိုးရှင်းပြီး အစမှအဆုံးအထိ တိုက်ခိုက်ရန်သာ လိုအပ်သည်။ အကြီးအကဲများသည် စာရင်းပေးထားသည့် ပြိုင်ပွဲဝင် လေးထောင်ကျော်အား ခွဲခြား၍ ဆယ့်နှစ်ချီ တိုက်ခိုက်စေမည်ဖြစ်ကာ အောင်နိုင်သူကို ဆုံးဖြတ်ကြပေလိမ့်မည်။ စွမ်းဆောင်ရည်နှင့် ရလဒ်အပေါ် မူတည်၍ ထိပ်တန်း အယောက်တစ်ရာ ထွက်ပေါ်လာပေလိမ့်မည်။ ကျပန်း တိုက်ခိုက်ရမည်ဟု ယွမ်ရှောင်က ထင်မှတ်ထားပြီး ကောင်းကင်နယ်မြေ၏ အင်မော်တယ်စစ်ပွဲနှင့်ယှဥ်လျှင် ပို၍ ရိုးရှင်းပေသည်။ သို့ရာတွင် ကျပန်းတိုက်ခိုက်ရမည် မဟုတ်ဘဲ ပါရမီအပေါ် မူတည်၍ အုပ်စု၁၆ခု ခွဲခြားထားကြောင့် မုရှောင်လုံမှ ရှင်းပြလာခဲ့သည်။ သူမက အသက်အရွယ်နှင့် အရည်အချင်းအရ အုပ်စု ၇ တွင် ရှိနေပြီး အုပ်စု ၁ တွင် ယွမ်ရှောင်နှင့် လင်းချန် နှစ်​ယောက်တည်းသာ ရှိနေပြီး ကျင့်ကြံဆင့်နိမ့်ကျသော်လည်း ထူးခြားသော အဆင့်အတန်းကြောင့် ဖြစ်သည်။ ဤသို့ အုပ်စု ခွဲခြားထားပုံအရ သူတို့နှစ်​ယောက်ကို နောက်ဆုံးတိုက်ပွဲ၌ ရင်ဆိုင်မိစေရန် စီစဥ်ထားကြောင်း သိနိုင်၏။

"တကယ်လို့ အမည်ခံ ဓားအင်မော်တယ် တစ်ယောက်ကသာ နောက်ဆုံးတိုက်ပွဲအထိ ရောက်မလာနိုင်ဘူးဆိုရင် တော်တော် စိတ်ပျက်စရာ ကောင်းလိမ့်မယ်"

မုရှောင်လုံက တစ်ချက်တွေးဆ၍ မှတ်ချက်ချလိုက်သည်။ ပရိသတ်များက အရည်အချင်းနှင့် အဆင့်အတန်းကြောင့် အမည်ခံ ဓားအင်မော်တယ် နှစ်ယောက်၏ တိုက်ပွဲကို မျှော်လင့်နေမည်မှာ မြေကြီးလက်ခတ်မလွဲ သေချာ၏။ အုပ်စုခွဲခြားထားပုံအရ သူ့အနေဖြင့် လင်းချန်ကို တိုက်ခိုက်ရန် တစ်ပွဲမှ ရှုံးနိမ့်နိုင်မည် မဟုတ်ပေ။ ဓားနှစ်ခြင်းအခမ်းအနားသည် ပါရမီကိုသာ စမ်းသပ်ပေးခဲ့ပြီး အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက် ပြိုင်ပွဲက တကယ့်တိုက်ခိုက်ရေးစွမ်းရည်ကို ဆုံးဖြတ်ခြင်း ဖြစ်၏။ ယနေ့တွင် ရှုံးနိမ့်သွားလျှင် အရှုံးတစ်ခုသာ မဟုတ်ဘဲ ဂုဏ်သိက္ခာ ကျဆင်းသွားပေလိမ့်မည်။ ယွမ်ရှောင်၏ အဆင့်အတန်းသည် အရင်းအမြစ်များစွာ ရရှိထားသော်လည်း ဖိအားတစ်ခု သယ်ဆောင်ထားရသည့်တိုင်အောင် သူ့အနေဖြင့် အပြင်လူတစ်ယောက်အလား အေးအေးဆေးဆေး တည်ငြိမ်နေခဲ့၏။

"ဒီတိုက်ပွဲ ဆယ့်နှစ်ကြိမ်က အချိန်ဘယ်လောက်ကြာလဲ"

ယွမ်ရှောင်က ထပ်မံစုံစမ်းသည်။

"တစ်ရက်တည်းမှာ အကုန်တိုက်ခိုက်ရမယ်။ တိုက်ပွဲတစ်ခုကို နှစ်နာရီ ကြာပြီး မြန်မြန်အနိုင်ယူနိုင်လေလေ အနားယူချိန် ပိုရလေလေပဲ"

မုတလုံက အနားသို့ရောက်ရှိလာကာ ဖြေလိုက်ခြင်း ဖြစ်သည်။

"ဒါဆိုရင် ငါ့အတွက် အနားယူဖို့ နေရာတစ်ခု စီစဥ်ပေးပါ။ တိုက်ပွဲတစ်ခုပြီးတိုင်း ကျင့်ကြံရမယ်"

သူက တည်ငြိမ်စွာ မှာကြားလိုက်သည်။

"ဘာလို့ ဒီလောက် ကြိုးစားနေရတာလဲ။ အနားယူချိန်မှာ ​ညီမလေးက နှိပ်ပေးမလို့ပါဆို"

မုရှောင်လုံက နှုတ်ခမ်းဆူ၍ မကျေမနပ် ရေရွတ်နေခဲ့သည်။ ယွမ်ရှောင်အနေဖြင့် အင်မော်တယ်ကျောက်စိမ်းများကို စားသောက်ဝါးမျိုခဲ့သော သားရဲလေး၏ သန့်စင်ပေးမှုဖြင့် ကျင့်ကြံနိုင်မည်ဖြစ်ရာ သူမကို ခွင့်မပြုနိုင်ချေ။

ယွမ်ရှောင်နှင့် မုသားအမိသည် ဓားအဆင့်တောင်ထိပ်သို့ ရောက်သောအခါ ကောင်းကင်၌ မျောလွင့်နေသော လူပင်လယ်ကြီးတစ်ခု မြင်လိုက်ရသည်။ တောင်ထိပ်က နေရောင်အောက်တွင် ရွှေရောင်ဓားတစ်လက်ပမာ တောက်ပနေခဲ့ပြီး ယခင်နှစ်၏ အဆင့်သတ်မှတ်ချက်များ မှတ်တမ်းတင်ထားကာ အောင်ပွဲအသစ်များကို ကြိုဆိုနေပုံရသည်။ ၎င်း၏ပတ်ပတ်လည်တွင် ရွှေရောင်စင်မြင့်ပေါင်း နှစ်ထောင်ကျော် တည်ရှိကာ တစ်ခုချင်းစီကို ဓားစီရင်သူတစ်ယောက်နှင့် အစီအရင်တစ်ခု ကာကွယ်စောင့်ကြပ်ပေး၍ ပိုမိုကြမ်းတမ်းသော တိုက်ပွဲများဆိုလျှင် တောင်သခင်များ ကြီးကြပ်ကြပေလိမ့်မည်။ ၎င်းက ကောင်းကင်နယ်မြေရှိ အင်မော်တယ်စစ်ပွဲ တိုက်ပွဲကွင်းထက် ပို၍ ကြီးမားပြီး ဓားကျင့်ကြံသူပေါင်းများစွာသည် ဓားများအလား ထက်ရှသော အကြည့်များ တောက်ပ၍ စောင့်ဆိုင်းနေကြသည်။ ပြိုင်ပွဲဝင်များစွာမှာ အုပ်စုသတ်မှတ်ချက် ရယူရန် ကျန်းမုအနားတွင် ဝန်းရံနေကြစဥ် လေထုမှာ ရုတ်တရက် အေးစက်သွားခဲ့သည်။

"သခင်လေးယွမ် ရောက်လာပြီ"

ဤကြေညာချက်ကြောင့် ပတ်ဝန်းကျင် အပူချိန် ကျဆင်းသွားကာ လူတိုင်းသည် ရင်ဘတ်ကို လက်ကြီးတစ်ဖက် လာရောက်ဆုပ်ကိုင်ထားသကဲ့သို့ တင်းကြပ်စွာ ခံစားလိုက်ရပြီး ဒေါသထွက်နေကြသည်။

"ကြည့်ရတာ ငါက လူဆိုးတစ်ယောက် ဖြစ်နေပုံပဲ"

ယွမ်ရှောင်က လူအုပ်၏ အခြေအနေကို တစ်ချက်ဝေ့ကြည့်ကာ ထီမထင်ဟန်ဖြင့် မျက်နှာ၌ အပြုံးတစ်ခု ဖြစ်တည်လာလေသည်။

All Chapters