ကုမျိုးနွယ် ကြောက်စိတ် ဝင်လာခြင်း
Vol. 22 Ch. 277
ကြောက်စရာ မြင်ကွင်းသည် တိုက်ပွဲစင်မြင်မှ ဗဟိပြု၍ ပတ်ဝန်းကျင်ကို ကျောစိမ့်သွားစေကာ ဓားကျင့်ကြံသူတစ်သန်းကျော်သည် ခန္ဓာအစိတ်အပိုင်းများဖြင့် ဖန်တီးထားသော ထိုက်ကျိစက်ဝိုင်းအား မျက်တောင်မခတ် စိုက်ကြည့်နေမိ၏။ သာမန်ဓားကျင့်ကြံသူများသည် ဓားသင်္ချိုင်းတွင် ယွမ်ရှောင် အမွေဆက်ခံလာသော သိုင်းပညာအကြောင်း မသိသည့်တိုင်အောင် တဆတ်ဆတ် တုန်ရီနေကြသည်။ ဓားနှစ်ခြင်းအခမ်းအနားတွင် သူက သူတော်စင်နယ်ပယ်သာဖြစ်သော်လည်း လက်ရှိတွင် အစောပိုင်းအဆင့် တာအိုနှလုံးသားနယ်ပယ် ကုရွှယ်ကို ဓားတစ်ကွက်ဖြင့် သတ်ဖြတ်ပြခဲ့သည်။ လူတိုင်းသည် သူ၏ အခန်းထံ မော့ကြည့်ကာ အဖြူရောင်သေမင်း၏ ဝတ်ရုံအထက်၌ သွေးတစ်စက်မှ စွန်းထင်းမနေကြောင်း မြင်နိုင်ခဲ့သည်။ မေးစရာရှိသည်မှာ ယွမ်ရှောင်သည် လင်းချန်၏ ဓားချက်အတိုင်း တစ်ထပ်တည်း မည်သို့ ထုတ်ဖော်နိုင်ခဲ့သနည်း။
ဓားအပျက်အစီးနယ်မြေသို့ ရောက်ရောက်ချင်း အလှလေးနှစ်ယောက်မှာ သူ၏ လက်ချက်ဖြင့် အသေဆိုးဖြင့် ဘဝကူးကုန်သဖြင့် မိန်းမလှများဖြင့် ပြဿနာရှိနေပုံ ထင်ရသည်။ သို့ရာတွင် ယုံကြည်ရာကို လှေနံဓားထစ် မှတ်သားထားတတ်သော လူသားသဘာဝအရ မကျေမနပ် ရေရွတ်သံများ ထွက်ပေါ်လာပြန်သည်။
"သခင်လေးလင်းက ချင်လော့ကို လက်စားချေဖို့ သတ်ခဲ့တယ်။ ဒါပေမယ့် ဒီနတ်ဆိုးကောင်က ဘာကြောင့် ပါရမီရှင်တစ်ယောက်ကို သတ်ပစ်လိုက်ရတာလဲ"
လူအုပ်အတွင်း သွေးထိုးလှုံ့ဆော်သူများ ရှိနေသဖြင့် မကြားချင်လျှင်ပင် မဖြစ်နိုင်ပေ။
"သခင်လေးယွမ်က ဘယ်လိုလုပ် မင်းရဲ့ ဓားသိုင်းကို သိနေရတာလဲ"
ကုရွှမ်က လင်းချန်ကို လေးနက်စွာစိုက်ကြည့်၍ မေးခွန်းထုတ်သည်။
"ငါတို့နှစ်ယောက်လုံးက ဆက်နွယ်မှုတစ်ခု ရှိတယ်"
ထိုက်ကျိစက်ဝိုင်းကို ငေးကြည့်နေဆဲဖြစ်သော လင်းချန်က ဖြေလိုက်၏။
"သူ့ကို ကိုင်တွယ်ဖို့ ခက်ခဲလား"
ကုရွှမ်ကဲ့သို့ အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်ပင် ထိုဓားချက်ကို ရှောင်တိမ်းနိုင်ရန် အင်မတန်ခက်ခဲပေလိမ့်မည်။ သို့ရာတွင် တန်ပြန်တိုက်ခိုက်နိုင်စွမ်း ရှိသောကြောင့် ကြီးကြပ်သူများနှင့် သူ့အပေါ် ဖိအားမဖြစ်စေခဲ့ပေ။
"အဆင်ပြေပါတယ်။ သူရဲ့ သရုပ်မှန်က ငါနဲ့ တူညီနေရင်တောင် သူ မပိုင်ဆိုင်ထားတဲ့အရာ ရှိတယ်။ ဒီလို ဒဏ္ဍာရီလာ နတ်ဓားမျိုးပေါ့"
လင်းချန်က ကိုးရောင်ခြယ်ဓားကို ငုံ့ကြည့်၍ ယုံကြည်မှု ပြန်လည်တည်ဆောက်နေသဖြင့် ကုရွှမ်အား စိတ်အေးသွားစေသည်။
"အဆီအနှစ်ဆေးလုံးတွေ ဘယ်မှာလဲ"
"တုကုန်းယွမ်ကို မြန်မြန်လုပ်ဖို့ အမိန့်ပေးပြီးပါပြီ"
"ဆေးလုံးတွေ အဆင်သင့်ဖြစ်ရင် ဒီနေရာကို ယူလာခိုင်းလိုက်။ စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ဘက်အတွက် ပြင်ဆင်ထားရမယ်"
"သခင်လေးလင်းရဲ့ ရည်ရွယ်ချက်က အင်မော်တယ်ဓားအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးရောက်ဖို့မလား"
ထို့နောက် ကုရွှမ်သည် အနားကပ်လာကာ နှစ်ကိုယ်ကြားလေသံမျိုးဖြင့် ပြောလာသောအခါ လင်းချန်က ခေါင်းညိတ်ပြလိုက်ပြီး အတိတ်ဘဝတွင် အာကာသ အင်မော်တယ် တစ်ယောက် ဖြစ်ခဲ့သောကြောင့် ဤပြိုင်ပွဲလောက်ကိုပင် အနိုင်မယူနိုင်လျှင် ပြန်လည်မွေးဖွားခြင်းမှာ အဓိပ္ပါယ်မရှိတော့ပေ။
"ဒါဆိုရင် ယွမ်ရှောင်ကို သတ်မှာလား"
"ဒါက အရေးကြီးလို့လား"
"အရေးကြီးတယ်။ ကျုပ် ပွင့်ပွင့်လင်းလင်း ပြောတတ်တာကို ခွင့်လွှတ်ပေးပါ။ မင်းက ယွမ်ရှောင်ကို လမ်းတစ်ခု ပေးထားတာတောင် ကျေးဇူးမသိတတ်ဘဲ ဝါးတောမှာရော ဖီးနစ်မျှော်စင်မှာပါ ရန်စနေခဲ့တယ်။ သူက ယင်ကောင်လိုမျိုး အနှောင့်အယှက် ဖြစ်လာလိမ့်မယ်။ ကုရွှယ်ကို သတ်ပြီး မင်းနဲ့ ဆန့်ကျင်ဘက်ကို ရောက်နေပြီ။ ဒီလိုအကျင့်စရိုက်မျိုးနဲ့ဆိုရင် စောစောစီးစီး မရှင်းထားရင် ပြဿနာအကြီးကြီး ဖြစ်လာနိုင်တယ်"
ကုရွှမ်က ခေါင်းငုံ့၍ တိုးတိုးတိတ်တိတ် သတိပေးခဲ့သည်။
"နတ်ဆိုးကောလဟာလသတင်းလွှင့်ပြီး သူ့ကို စော်ကားခဲ့တယ်။ အခုကျတော့ ကြောက်နေပြီလား။ ငါက သူ့ကို မသတ်ဘဲ အလွတ်ပေးလိုက်မှာကို ကုမျိုးနွယ်က ကြောက်ချေးပါနေတာများလား"
လင်းချန်က နှာခေါင်းတစ်ချက်ရှုံ့၍ အထင်သေးစွာ တုံ့ပြန်သည်။
"ကျုပ်က မင်းအတွက် ပြောနေတာပါ။.ကုမျိုးနွယ်က မင်းနောက်ကို သေတဲ့အထိ လိုက်မှာပါ"
တစ်ဖက်လူ၏ စကားက ချက်ကောင်းထိသွားသဖြင့် ကုရွှမ်မှာ မျက်နှာပြောင်တိုင်၍ သစ္စာတရားအကြောင်း အခိုင်အမာ အကြောင်းပြနေသည်။ နတ်ဆိုးဓားဝိညာဥ် ကောလဟာလသည် ယွမ်ရှောင်ကို အမှန်တကယ် ဒေါသထွက်စေသောကြောင့် ကုရွှယ်ကို ဓားတစ်ချက်ဖြင့် သတ်လိုက်ခြင်းမှာ ကုမျိုးနွယ်အတွက် သတိပေးချက်ဟု ဆိုနိုင်သည်။ သူတို့က ဘက်ပြောင်းရန် မဖြစ်နိုင်တော့သဖြင့် လင်းချန်အနေဖြင့် ယွမ်ရှောင်ကို အသေသတ်ရန် တိုက်တွန်းရုံကလွဲ၍ ရွေးချယ်စရာ မရှိတော့ဘဲ ချောင်ပိတ်သွားပြီဖြစ်၏။
"ဒါပေမယ့် မင်းပြောတာ တစ်ခုတော့ မှန်တယ်။ ဒီကောင်က ငါ့နောက်လိုက်အဖြစ် လက်ခံမှာ မဟုတ်ဘူး"
ဓားအော်ရာ၊ ဓားစက်ကွင်းနှင့် အဆီအနှစ်ဆေးလုံးများ၏ အထောက်အပံ့ကြောင့် လင်းချန်အမြင်တွင် ယွမ်ရှောင်မှာ သူနှင့် အရင်းအမြစ်ချင်း မယှဥ်နိုင်ပေ။ ကုရွှမ်က ခေါင်းငုံ့၍ နောက်ဆုတ်သွားသော်လည်း လင်းချန်၏ လူသတ်လိုစိတ်ကို အာရုံခံမိသဖြင့် စိတ်ထဲတွင် ကျေနပ်နေခဲ့သည်။
"ငါ့အသက်ကို ကယ်ခဲ့ဖူးပေမယ့် ပြိုင်ဘက်တစ်ယောက် ဖြစ်နေတာလား။ ငါတို့က မိတ်ဆွေဖြစ်နိုင်ပေမယ့် လမ်းကြောင်းတွေ ကွဲပြားနေပြီ"
သူက ထိုက်ကျိစက်ဝိုင်းကို ငေးကြည့်ရင်း စဥ်းစားခန်းဝင်နေကာ မျက်လုံး၌ ဓားအလင်းများ တဖြတ်ဖြတ် တောက်ပနေသည်။
"သခင်လေးလင်း ကောလဟာလ သတင်းဖြန့်တာကို အရှိန်မြှင့်လိုက်ရမလား"
ကုရွှမ်၏ ခွင့်တောင်းမှုကို သူက သဘောတူဟန် မပြသလို ငြင်းလည်း မငြင်းဆန်ခဲ့ပေ။
ထိုအချိန်၌ ယွမ်ရှောင်သည် အခန်းထဲတွင် တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံနေပြီး အနားတွင် သေရည်တစ်အိုး ကိုင်ဆောင်ထားသည့် မုတလုံ ခစားနေ၏။ သူက ကြေးခွံတစ်ရာဒန်တန်ကို ရရှိပြီးနောက် အဆင့်တက်လာနိုင်ကာ ဓားအော်ရာ တစ်သောင်းကျော်၏ စွမ်းအားကြောင့် ထိုက်ကျိဓားသိုင်းနှင့် ဝူကျိတာအိုသိုင်းကို ထုတ်ဖော်နိုင်ပြီဖြစ်ရာ ပြိုင်ဘက်မှာ အဆင့်ကြီးတစ်ဆင့်မြင့်နေလျှင်ပင် မှုစရာ မလိုတော့ပေ။ လင်းချန်ကို အနိုင်ယူရန် လက်ရှိစွမ်းအားကို မြှင့်တင်ရန် လိုအပ်ပြီး တိုက်ပွဲအပြီး အနားယူချိန်များမှာ အရေးပါလာခဲ့သည်။ သာမန်တပည့်များသည် အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက်ပြိုင်ပွဲတွင် ကျော်ကြားလာရန် စိတ်အားထက်သန်နေကြစဥ် သူက မနားမနေ ကျင့်ကြံနေခဲ့၏။ ပို၍ မြင့်မြင့်မားမား တက်လှမ်းရန် ကြေးခွံတစ်ရာဒန်တန်က မလုံလောက်သောကြောင့် ပြိုင်ပွဲဝင်များအနက် ဖန်ဆင်းရှင် မျိုးစေ့များကို သတ်ဖြတ်၍ ဝါးမျိုစုပ်ယူရပေလိမ့်မည်။ ၎င်းတို့က လင်းချန်လောက် အဆင့်မမီသော်လည်း အသုံးဝင်နေဆဲဖြစ်ကာ အကျိုးရလဒ်အတွက် အလဟဿ ဖြုန်းတီးပစ်ရန် မတန်လှချေ။ လက်ရှိတွင် လနတ်သားသည် နတ်ဆိုးမျိုးနွယ်၏ ဖန်ဆင်းရှင်မျိုးစေ့ တစ်ရာကျော်ကို သတ်ဖြတ်ဝါးမျိုပြီး ဖြစ်ပေသည်။
"သခင်လေးယွမ် ဒီပြိုင်ပွဲမှာ လက်ရည်စမ်းတာကိုသာ ခွင့်ပြုထားတယ်။.ရန်ကြွေးမရှိဘူးဆိုရင် လူသတ်တာက နည်းနည်း ပြဿနာတက်နိုင်တယ်။ မင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်"
မုတလုံက စိုးရိမ်တကြီး မျက်နှာထားဖြင့် အသိပေးလိုက်၏။
"ငါ့အမေကိုတောင် စော်ကားထားတဲ့လူတွေအတွက် ဘာဂုဏ်သိက္ခာကို ဂရုစိုက်နေရမှာလဲ"
ယွမ်ရှောင်၏ မေးခွန်းကြောင့် သူမက ဆွံ့အသွားပြီး ကုမျိုးနွယ်၏ လုပ်ရပ်မှာ အောက်တန်းကျလွန်းကြောင်း လက်ခံမိသည်။ သူ၏ မိဘများ ကွယ်လွန်သွားသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း နှလုံးသားတွင် ဘုရားတစ်ဆူဂူတစ်လုံးပမာ ရိုသေလေးစားသဖြင့် စိတ်အနှောင့်အယှက် အလွန်ဖြစ်နေသည်။ မိခင်က သူ့ကို လောကီရေးရာများ သင်ကြားပေးခဲ့ပြီး ဖခင်က တိုင်းရေးပြည်ရာများ သင်ကြားပေးခဲ့သော နေ့ရက်များကို လုံးဝမေ့လျော့သွားမည် မဟုတ်ချေ။
"ကောလဟာလ ဖြန့်တဲ့နေရာမှာ တကယ်တော်တယ်လို့ ပြောရမယ်။ ငါက ငရဲကိုးထပ်က မဟုတ်ဘူးဆိုတော့ ဒီလိုသတင်းမျိုးနဲ့ နာမည်ဖျက်တာ ထူးချွန်တာပဲ"
ယွမ်ရှောင်က ဤသို့သော ကောလဟာလသတင်းများကို ဖြေရှင်းရန်အတွက် အချိန်ကုန်မခံချင်ဘဲ ဓားဖြင့်သာ စာရင်းရှင်းပေလိမ့်မည်။
"ဒါဆိုရင် လင်းချန်နဲ့ သူသေကိုယ်သေတိုက်ခိုက်ဖို့ စီစဥ်နေတာလား"
မုတလုံက တစ်လုံးချင်း ရေရွတ်လိုက်သည်။
"ဒီနေ့ မဟုတ်သေးဘူး။ နည်းနည်းလောက် ဝဖီးနေအောင် အသက်ရှင်ခွင့်ပေးထားလိုက်မယ်"
ယွမ်ရှောင်၏ စကားကို သူမက အပြည့်အဝနားမလည်သော်လည်း သူ အနိုင်ရမည်ဟု ယုံကြည်ပြီး ခံစားချက်အချို့ ရှိနေသောကြောင့် စိုးရိမ်စပြုလာ၏။ ဤသို့ဖြင့် ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ယွမ်ရှောင်နှင့် လင်းချန်မှလွဲလျှင် ပြိုင်ပွဲဝင် ကျင့်ကြံသူလေးထောင်ကျော် ကိုယ်စီ ရင်ဆိုင်တိုက်ခိုက်ကြပြီး အားလုံးက ဧကရာဇ်နယ်ပယ်များဖြစ်ကြပြီး တာအိုနှလုံးသားနယ်ပယ်လည်း များစွာ ရှိနေသည်။ ဓားအပျက်အစီးနယ်မြေသည် မျိုးရိုးစဥ်ဆက် တိုက်ခိုက်ရေးစွမ်းအား သန်မာခဲ့ပြီး လူငယ်ပါရမီရှင်အများစုမှာ ကုရွှယ်နှင့် ချင်လော့ထက် ပို၍အစွမ်းထက်ကြ၏။ တိုက်ပွဲတိုင်းက အချိန်နှစ်နာရီ ကြာမြင့်ပြီး အလျင်အမြန် အနိုင်ယူနိုင်လျှင် နောက်တစ်ချီအတွက် အနားယူချိန်နှင့် ပြင်ဆင်ချိန် ရပေသည်။
ဒုတိယအချီတိုက်ပွဲ၌ ပြိုင်ပွဲဝင်နှစ်ထောင်ကျော်သာ ကျန်ရစ်ခဲ့ပြီး ဧကရာဇ်နယ်ပယ် လူငယ်များမှာ ယွမ်ရှောင်နှင့် လင်းချန်အတွက် ပြဿနာ မရှိပေ။ မျက်တောင်တစ်ခတ်အတွင်း နေ့တစ်ဝက် ကုန်ဆုံးသွားကာ တိုက်ပွဲ ခြောက်ချီ ပြီးမြောက်၍ ယွမ်ရှောင်သည် ပြိုင်ဘက်ခြောက်ယောက် အနိုင်ယူခဲ့ကာ လူငယ်များဖြစ်၍ အသက်ချမ်းသာပေးခဲ့သော်လည်း ထုံးစံအတိုင်း အတင်းပြောခံနေရသည်။
"နတ်ဆိုးက သူတော်ကောင်းယောင်ဆောင်နေတာလား"
သွေးထိုးသူများ၏ စကားက သူ၏ နားအထိ ရောက်ရှိလာကာ လင်းချန်မှာ သူတော်စင်တစ်ယောက်အလား သန့်စင်မြင့်မြတ်ချင်ယောင်ဆောင်နေ၏။ သို့သော် သူက ကြယ်ပြာ အန်ထုတ်ပေးလာသော ကောင်းကင်တာအိုဆေးလုံး နောက်တစ်သုတ် ရရှိကာ ချက်ချင်း သန့်စင်ဝါးမျိုခဲ့သည်။ လင်းချန်သည်လည်း လူငယ်များ၏ ထောက်ခံမှုကို ရယူရန် လူအုပ်အကြားတွင် ရှိမနေတော့ဘဲ နောက်ပိုင်းတိုက်ပွဲများအတွက် ပြင်ဆင်ကာ သီးခြားအခန်းတစ်ခုအတွင်း ရှိနေသည်။ ယွမ်ရှောင်က အလယ်အဆင့် ဧကရာဇ်နယ်ပယ်သို့ အလွယ်တကူ ရောက်ရှိသွားကာ အဆင့်မြှင့်တင်ထားသော ကောင်းကင်တာအိုဆေးလုံးများ၏ အာနိသင် ဖြစ်၏။ သူ၏ နားလည်နိုင်စွမ်းနှင့် ပါရမီက ဖန်ဆင်းရှင် အင်မော်တယ်၏ အမွေဖြစ်သောကြောင့် အခြားကျင့်ကြံသူများထက် များစွာပို၍ မြင့်မားသည်။ သို့သော် သူက လူမဆန်စွာ တရစပ် အဆင့်တက်သွားလျှင်လည်း တာအိုဘုံတစ်ခုလုံး သတိထားမိနိုင်ပြီး ဖန်ဆင်းရှင်အင်မော်တယ် ပြန်လည်မွေးဖွားလာကြောင်း သတင်းထွက်လာနိုင်၏။ ထို့ကြောင့် ကျင့်ကြံဆင့်မြင့်မြင့်ရောက်လေလေ အဆင့်တက်နှုန်းကို ဖိနှိပ်ထားရန် လိုအပ်လေလေဖြစ်ကြောင်း ကြယ်ပြာက သတိပေးလာခဲ့သည်။
နောက်ဆုံးတွင် ပြိုင်ပွဲ၏ ခုနစ်ချီမြောက် တိုက်ပွဲအတွက် အချိန်ကျရောက်လာကာ လူငယ်ပါရမီရှင်လေးထောင်အနက် ၆၄ ယောက်သာ ကျန်ရစ်ပြီး ၃၂ ယောက် ဖယ်ထုတ်ခံရမည့်အပြင် အများစုမှာ တာအိုနှလုံးသားနယ်ပယ်များချည်းဖြစ်၍ စိန်ခေါ်မှုအချို့ ရှိလာခဲ့လေသည်။