အလှပဂေးများ၏ သေမင်း
Vol. 22 Ch. 278
လင်းချန်သည် ရှေ့တွင် ရောက်နေသည့် နတ်သမီးပမာ လှပသော စစ်ခုံရန်ကြောင့် စိတ်လှုပ်ရှားနေကာ မူလလင်းချန်၏ ဝိညာဥ်၏ သက်ရောက်မှုခံနေရသည်။ သူမက သူ့အသက်ကို ကယ်တင်ခဲ့ချိန်မှစ၍ ခံစားချက်များ ဖြစ်ပေါ်လာကာ အိပ်မက်များပင် စိတ်ကူးယဥ်ခဲ့ရ၏။ လက်ရှိတွင် သူက ကောင်းကင်နတ်ဓားဧကရာဇ်၏ ဝိညာဥ်နှင့် ပေါင်းစပ်၍ အမည်ခံဓားအင်မော်တယ် ဖြစ်လာသော်လည်း သူမ၏ အလှကို မလွန်ဆန်နိုင်ပေ။ အတိတ်ဘဝတွင် သူက ခံစားချက်နှင့် မိန်းမလှများကို လျစ်လျူရှု၍ ကျင့်ကြံခဲ့သောကြောင့် နောက်တစ်ကြိမ်အခွင့်အရေးရသောအခါ ထိန်းချုပ်မထားတော့ပေ။ စစ်ခုံရန်သည် သေမျိုးလင်းချန်ကိုသာမက ကောင်းကင်နတ်ဓားဧကရာဇ် လင်းချန်ကိုပါ ရင်ခုန်မြန်စေခဲ့ပြီး ပိုင်ချင်းရွှယ်အပေါ် ငြီးငွေ့နေပြီဖြစ်သောကြောင့် သူမ၏ အလှမှာ သန့်စင်မြင့်မြတ်သည်ဟု အထင်ရောက်နေသည်။
"သခင်လေးလင်း"
သူမက ရှက်သွေးဖြာနေဟန်ဖြင့် တစ်ချက်ပြုံး၍ ဦးညွှတ်အရိုအသေပေးလိုက်သည်။
"အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက်ပြိုင်ပွဲပြီးရင် လောကကြီးရဲ့ရှုခင်းတွေ ကြည့်ဖို့ အတူလိုက်လာနိုင်မလား"
လင်းချန်က ကမ်းလှမ်းလိုက်ခြင်း ဖြစ်ရာ သူမက တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်သဘောတူလိုက်သော်လည်း စိုးရိမ်စကား ဆိုလာ၏။
"ဒါပေမယ့် ငါ့ပြိုင်ဘက်က ယွမ်ရှောင်ဆိုတော့ အသတ်ခံရမှာကို ကြောက်တယ်"
"အဆင်ပြေပါတယ်။ သူ့ကို ရန်မစသရွေ့ လုံခြုံမှာပါ"
လင်းချန်က နှစ်သိမ့်ပေးခဲ့သည်။
"ဒီနတ်ဆိုးကောင်က ငါ့ကို တကယ်အသက်ချမ်းသာပေးပါ့မလား"
စစ်ခုံရန်က နှုတ်ခမ်း၍ စိုးရိမ်တကြီး ဖြစ်နေပုံပေါ်သည်။
"သူက မင်းကို အန္တရာယ်မပေးရဲပါဘူး"
သူက ယွမ်ရှောင်မှာ နတ်ဆိုးဓားဝိညာဥ်ပိုင်ရှင် မဟုတ်ကြောင်း သေချာသိထားပြီး ကုမျိုးနွယ်၏လှည့်ကွက်သာဖြစ်သည်ဟု နားလည်ထား၏။ ပထမဆုံးမြင်ချိန်၌ တစ်ဖက်လူမှာ သူတော်စင်တစ်ယောက်ပမာ စိတ်ထားကောင်းမွန်သောကြောင့် ကိုယ်ကျင့်စရိုက်ကို ကောင်းစွာသိထားသော်လည်း ကောလဟာလများအတွက်မူ နှုတ်ဆိတ်နေခဲ့သည်။
"ကောင်းပြီ"
စစ်ခုံရန်က သက်ပြင်းတစ်ချက်ချ၍ ကိုယ့်ကိုကိုယ်အားတင်းလိုက်သည်။
"အစ်မစစ်ခုံက အလယ်အဆင့် တာအိုနှလုံးသားနယ်ပယ်မလား"
"ဟုတ်တယ်"
"ဒါဆိုရင် အစိုးရိမ်လွန်နေတာပဲ။ ယွမ်ရှောင်ရဲ့ ဓားသိုင်းက ကြမ်းတမ်းပြီး ဓားအော်ရာ အရေအတွက်များပေမယ့် မင်းကို ယှဥ်နိုင်မှာ မဟုတ်ဘူး။ ထိပ်တိုက်ရင်ဆိုင်ဖို့သာ မစဥ်းစားနဲ့"
လင်းချန်၏ သုံးသပ်မှုကြောင့် သူမက အားတက်သွပုံပေါ်ပြီး အမှန်တကယ် အစိုးရိမ်လွန်နေခြင်း မရှိသော်လည်း ကာကွယ်ခံလိုသော ယုန်သူငယ်ပမာ မိန်းမမာယာဖြင့် ဟန်ဆောင်နေခြင်းသာ။
ဤသို့ဖြင့် ပြိုင်ပွဲ၏ ခုနစ်ချီမြောက် တိုက်ပွဲများ စတင်ခဲ့ပြီး လူငယ် ၆၄ ယောက်သည် စင်မြင့် ၃၂ခု အထက်တွင် ရင်ဆိုင်ခဲ့ကြ၍ ထိပ်တန်းပါရမီရှင်များချည်း ဖြစ်ကာ အစစ်အမှန်တပည့်များနှင့် ထိပ်တန်းတပည့်များသာ ပါဝင်၏။ ယွမ်ရှောင်နှင့် စစ်ခုံရန်၏တိုက်ပွဲက အာရုံစိုက်စရာဖြစ်လာပြီး မျှော်စင်တစ်ခုထိပ်ပိုင်း၌ အရိုးခြောက်စောင့်ရှောက်သူနှင့် ကြီးကြပ်သူစစ်ခုံတို့ ရှိနေကြသည်။
"အကြီးအကဲ ကျုပ်ရဲ့ မြေးမလေးက ယွမ်ရှောင်ရဲ့ ခွန်အားကို စမ်းသပ်နိုင်ပါ့မလား"
ကြီးကြပ်သူစစ်ခုံက သုန်မှုန်နေသော မျက်နှာထားဖြင့် စုံစမ်းသည်။
"ငါတို့ စောင့်ကြည့်ရမယ်"
အရိုးခြောက်စောင့်ရှောက်သူက တည်ငြိမ်စွာ ပြောလိုက်သော်လည်း လင်းချန်နှင့် ဆက်ဆံရာတွင် စစ်ခုံရန်မှာ အဓိကသော့ချက်ဖြစ်၍ စစ်ခုံမျိုးနွယ်တစ်ခုလုံး စိတ်မသက်မသာဖြစ်နေကြ၏။
"တကယ်လို့ ရန်အာသာ ယွမ်ရှောင်ကို သတ်နိုင်ရင် အောင်ပွဲကြီးကြီးရပြီး အဆင့်အတန်းမြင့်မားလာနိုင်လို့ သခင်လေးလင်းနဲ့ ထိုက်တန်တယ်လို့ သက်သေပြီးသားဖြစ်လိမ့်မယ်"
"ဒီနေ့ အထူးဧည့်သည်တစ်ယောက် ဖိတ်ခေါ်ထားတယ်မလား"
ကြီးကြပ်သူစစ်ခုံက အတွေးနက်နေရာမှ ရုတ်တရက် မေးလိုက်၏။
"ရောက်တော့မှာပါ"
အရိုးခြောက်စောင့်ရှောက်သူက အဝေးသို့ နားစွင့်နေရင်း တစ်ချက်ပြုံးလိုက်သည်။
ထိုအချိန်တွင် စစ်ခုံရန်သည် ယွမ်ရှောင်နှင့် ရင်ဆိုင်နေရစဥ် အနားရှိ တိုက်ပွဲစင်မြင့်အထက်၌ လင်းချန်နှင့် ပြိုင်ဘက်တစ်ယောက် နေရာယူထားသည်။
"သခင်လေးယွမ် ကျွန်မရဲ့ ရဲတင်းမှုကို အပြစ်မယူပါနဲ့"
စစ်ခုံရန်က အလှပဆုံးပြုံး၍ နူးညံ့သိမ်မွေ့စွာ ပြောလိုက်သဖြင့် ယောက်ျားတိုင်း၏ နှလုံးသား အရည်ပျော်ကျသွားနိုင်သော်လည်း ယွမ်ရှောင်မှာ သူမ၏ သရုပ်မှန်ကို တွက်ချက်နေခဲ့သည်။
"မင်းရဲ့နာမည် ပြောပါ"
"စစ်ခုံရန်"
သူ၏ မေးခွန်းကြောင့် သူမက ရင်ထိတ်သွားကာ တစ်ဖက်လူ၏အစွမ်းကို စိုးရိမ်မိသောကြောင့် သရုပ်မှန် မထုတ်ဖော်ချင်သော်လည်း မာနကြောင့် ထုတ်ပြောခဲ့၏။
"ကြီးကြပ်သူစစ်ခုံရဲ့ မျိုးဆက်လား"
ယွမ်ရှောင်၏ မေးခွန်းသည် စောင့်ကြည့်နေသော လူငယ်တပည့်များစွာကို ကျောစိမ့်သွားစေသည်။
"သူ့ရဲ့ မြေးပါ"
တစ်ဖက်လူ၏ တည်ငြိမ်အေးစက်သော အမူအရာရှေ့မှောက်တွင် သူမသည် တုန်လှုပ်ချင်သော်လည်း လင်းချန်၏စကားကို အမှတ်ရလိုက်သဖြင့် သတ္တိမွေးနိုင်ခဲ့သည်။
"ဒါဆိုရင် စလိုက်ရအောင်"
ယွမ်ရှောင်က အေးစက်စက် စိုက်ကြည့်နေသောကြောင့် အနိုင်ယူရုံ တိုက်ခိုက်မည်လား သို့မဟုတ် သတ်ဖြတ်မည်လား ဆိုသည်ကို မည်သူမှ မခန့်မှန်းတတ်ကြပေ။
"ကျွန်မရဲ့ အစွမ်းကို သခင်လေးယွမ်က ထောက်ပြပေးပါဦး"
စစ်ခုံရန်၏ ဓားဝိညာဥ်က အပြာရောင်ဓားရှည်အဖြစ် ထွက်ပေါ်လာကာ ဓားစက်ကွင်း ငါးခု တပ်ဆင်ထားပြီး ဓားသွားအထက်၌ ငှက်များပမာ ရစ်ပတ်ပျံသန်းနေ၍ ဓားအော်ရာအလွှာနှစ်ထောင်ကျော် တည်ရှိနေသည်။ ၎င်းက သစ်သားအဆင့် မိုးပြာဓားဖြစ်ကာ လျင်မြန်မှုကြောင့် ကျော်ကြားပြီး ဓားရည်ရွယ်ချက်ကို ပိုနီပန်းတစ်ပွင့်ပမာ ပေါင်းစပ်ရေးထွင်းထား၏။ ၎င်းအထက်တွင် ဓားအော်ရာများသည် ပွင့်ချပ်ပမာ စုဝေးနေကြပြီး ဓားရည်ရွယ်ချက်၏ စွမ်းအားမှာ ဒေါသထွက်နေသော မိုးနဂါးတစ်ကောင်ပမာ ထွက်ပေါ်လာသဖြင့် သူမ၏ဝတ်ရုံက်ို တလူလူ လွင့်ပျံစေသည်။ ရုပ်ရည်အရရော စွမ်းအားအရပါ သူမက ဖုန်းရောင်လင်နှင့် ကုရွှယ်ထက် အပုံကြီးသာလွန်နေ၏။
"စစ်ခုံရန်က အသက်ရှူမှားလောက်စရာ လှလွန်းတယ်"
"အခုမှ အသက်ဆယ့်ခြောက်နှစ်ပဲ ရှိသေးပေမယ့် ပြိုင်ပွဲမှာ ထိပ်တန်းဆယ်ယောက်ထဲ ဝင်နိုင်တယ်"
လေးစားအားကျသော ချီးကျူးစကားသံများက ယွမ်ရှောင်၏နားအတွင်း ဝင်ရောက်လာသည်။
"သူမက သခင်လေးလင်းနဲ့ ပတ်သက်နေတယ်။ စိတ်ကူးမယဥ်ကြနဲ့"
"အဆင်းရောအချင်းပါ ပြည့်စုံတဲ့ မိန်းမလှကသာ သခင်လေးလင်းနဲ့ ထိုက်တန်မှာပေါ့"
ထိုစကားသံများက ယွမ်ရှောင်၏ ဆုံးဖြတ်ချက်ကို ခိုင်မာစေခဲ့ပြီး စစ်ခုံရန်မှာ ရင်ထိတ်သွားသော်လည်း လေးညှို့တင်ထားပြီးဖြစ်၍ နောက်ဆုတ်စရာလမ်း မရှိတော့ပေ။ စိတ်ထဲတွင် လင်းချန်၏ အားပေးစကားဖြင့် ရဲဆေးတင်နေရပြီး ဦးအောင်တိုက်ခိုက်ရန် လေပြင်းအလား ယွမ်ရှောင်ထံ တိုးဝင်သွားခဲ့သည်။
"မိုးပြာသစ်ရွက်ဓားသိုင်း"
၎င်းက ဓားအပျက်အစီးနယ်မြေ၏ ထိပ်တန်းဓားသိုင်းတစ်ခုဖြစ်ကာ သေမင်း၏ အကဟု လူသိများကာ စစ်ခုံရန်သည် လေထဲတွင် လွင့်မျောလာသော သစ်ရွက်ပမာ ကကြိုးကကွက်စုံလင်သော ဓားချက်များဖြင့် ယွမ်ရှောင်အား လွှမ်းခြုံပစ်လိုက်သည်။
"ယွမ်ရှောင် ချောင်ပိတ်မိသွားပြီ"
အားရဝမ်းသာ အော်သံများအောက်တွင် သူက လှုပ်ရှားလာခဲ့ပြီး ရေစီးကြောင်းပမာ ရွေ့လျားသွားကာ လက်ဟန်တစ်ခု ပြုလုပ်လိုက်သောအခါ မမြင်နိုင်သော ချီစွမ်းအင်ဝဲကြီးတစ်ခု အသက်ဝင်လာခဲ့သည်။ ၎င်းက စစ်ခုံရန်၏ ဓားချက်များကို ဝါးမျို၍ ရှေ့တိုးလာကာ ဘုန်းခနဲ မြည်သံနှင့်အတူ လူရော ဓားပါ လွင့်ထွက်သွားသည်အထိ ဆောင့်တိုက်ပစ်ခဲ့သည်။ သူမက တိုက်ပွဲစင်မြင့်၏ အစီအရင်နံရံကို ထိမှန်သွားကာ အနက်ရောင်သွေးတစ်လုတ် အန်ထွက်၍ မျက်နှာဖြူဖပ်ဖြူရော်ဖြင့် လဲကျနေ၏။
"ဝူကျိတာအိုသိုင်း"
၎င်းမှာ ဓားအပျက်အစီးနယ်မြေရှိ နည်းပါးသော တာအိုကျင့်စဥ်များအနက် တစ်ခုဖြစ်ကာ ကွမ်ရှုတောက်၏ လေဟာနယ်ဝဲ ဂါထာဖြစ်နေသည်။ တာအိုဂါထာတစ်ခုတည်းဖြင့် ယွမ်ရှောင်သည် အလယ်အဆင့် တာအိုနှလုံးသားနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူပြလိုက်၏။
"ငါ အရှုံးပေးပါတယ်"
စစ်ခုံရန်က စိတ်ပျက်လက်ပျက်ဖြင့် အရှုံးပေးလိုက်သော်လည်း အော်သံများ အလန့်တကြား ထွက်ပေါ်လာသည်။
"ရပ်လိုက်စမ်း နတ်ဆိုးကောင်"
"ဂိုဏ်းတူအစ်မစစ်ခုံကို မသတ်နဲ့"
သူမက ရုတ်တရက် ကျောစိမ့်သွားကာ ယွမ်ရှောင်သည် တာအိုဂါထာကို ဘယ်လက်ဖြင့် ဖန်တီးပြီး ညာလက်၌ ဓားဝိညာဥ် ထုတ်ဖော်ထားကြောင်း အမှန်ရလိုက်သည်။ ချွေးများ စိုရွှဲလာကာ ကြောက်အားလန့်အား ထရပ်၍ ထွက်ပြေးချင်သော်လည်း ဓားမြှောင်တစ်လက်သည် ထိုက်ကျိစက်ဝိုင်းပမာ တဝီဝီ လည်ပတ်၍ တိုးဝင်လာခဲ့သည်။
ယင်ယန်ထိုက်ကျိ ဓားသိုင်း
၎င်းက ဘိုးဘေးကွမ်ရှုကျန်း၏ အထူးပြုဓားသိုင်းဖြစ်ကာ သမိုင်းတွင် မှတ်တမ်းတင်ထားသည်နှင့် ကွဲပြားနေပြီး ဓားမြှောင် ဖြတ်သန်းသွားသည့်နေရာတိုင်း လေဟာနယ် တွန့်လိမ်သွားသည်။ စစ်ခုံရန်မှာ ကြက်သေသေနေပြီး တန်ပြန်တိုက်ခိုက်ချင်သော်လည်း လေဟာနယ်ဖိအားကြောင့် လှုပ်မရနိုင်ဖြစ်နေကာ နဖူးတွင် အပေါက်တစ်ခု ထိုးဖောက်ခံလိုက်ရ၍ ဓားမြှောင်မှာ ယွမ်ရှောင်၏လက်အတွင်း ပြန်လည် ရောက်ရှိသွားခဲ့သည်။ တစ်ဖက်လူသည် သွေးကြောအမျိိုးအစား ဖန်ဆင်းရှင်မျိုးစေ့ကို ပိုင်ဆိုင်ထားသောကြောင့် သူက သေချာပေါက် အလွတ်ပေးမည်မဟုတ်ပေ။ လူသတ်ပြီးနောက် အဖြူရောင်သေမင်းသည် လက်နှစ်ဖက်နောက်ပစ်၍ တိုက်ပွဲစင်မြင့်အထက်မှ အေးအေးဆေးဆေး ထွက်ခွာသွားသောအခါ လင်းချန်သည်လည်း ပြိုင်ဘက်ကို ဓားမြှောင်သိုင်းကွက်ဖြင့် အနိုင်ယူပြီးဖြစ်သည်။ သို့ရာတွင် အပေါ်စီးတစ်နေရာမှ စေ့စေ့စပ်စပ် ကြည့်လိုက်လျှင် လင်းချန်၏ ဓားကွက်သည် ရိုးရှင်းပြီး ယွမ်ရှောင်၏ ဓားချက်မှာ အနုပညာလက်ရာတစ်ခုအလား လှပနေ၏။
လင်းချန်သည် ပြိုင်ဘက်ကို အနိုင်ယူပြီး စစ်ခုံရန်ဘက် လှည့်ကြည့်လိုက်သောအခါ အလောင်းကိုသာ မြင်လိုက်ရသဖြင့် မျက်နှာတစ်ခုလုံး မည်းမှောင်သွားသကဲ့သို့ ဓားအပျက်အစီးနယ်မြေ၏ လူငယ်ကျင့်ကြံသူများလည်း မျက်လုံးများ သွေးရောင် တောက်ပကုန်သည်။
"နတ်ဆိုးကောင်"
"လူသတ်သမား"
ဒေါသမထိန်းနိုင်တော့သဖြင့် သူတို့သည် မကျေမနပ်ဖြင့် အသံကုန်အော်ဟစ်နေကြသော်လည်း ယွမ်ရှောင်က တစ်ချက်သာ လှည့်ကြည့်၍ အေးစက်စက် ရေရွတ်လိုက်လေသည်။
"စောက်ငတုံးတွေ"