အခန်း (၂၇၉)
Vol. 22 Ch. 279
ဓားအပျက်အစီးနယ်မြေတစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကာ ယွမ်ရှောင်၏လက်ချက်ဖြင့် အလှလေးသုံးယောက် နောက်ဘဝပြောင်းသွားပြီဖြစ်သည်။ သူ၏ သတ်ဖြတ်မှုသည် ပျားအုံကို တုတ်နှင့်ထိုးလိုက်သည့်ပမာ ဆူညံသွားစေပြီး လူငယ်ယောကျ်ားလေးများ မခံမရပ်နိုင် ဖြစ်ကုန်သည်။ ထိုအချိန်တွင် အများအမြင်တွင် သူက အမှန်တကယ် နတ်ဆိုးတစ်ကောင်ဖြစ်လာပြီး လူငယ်များမှာ စိုက်ကြည့်နေကာ အကယ်၍ အမည်ခံ ဓားအင်မော်တယ် အဆင့်အတန်းသာမရှိလျှင် ဓားပျံပေါင်းများစွာ ရောက်ရှိလာပေလိမ့်မည်။ လူနည်းစုကမူ တိတ်တဆိတ်နေရန် ရွေးချယ်ခဲ့ကြပြီး နတ်ဆိုးဓားဝိညာဥ်မှာ ကောလဟာလဖြစ်ကြောင်း နားလည်ထားသဖြင့် ယွမ်ရှောင် တုံ့ပြန်လာမည်ကို မျှော်လင့်ထားသော်လည်း ဤမျှ ရက်စက်ကြမ်းတမ်းမည်ဟု ထင်မထားကြချေ။ သူက ကျဥ်းထဲကြပ်ထဲ ရောက်ရှိနေသော်လည်း ရက်စက်ကြမ်းတမ်းစွာ တုံ့ပြန်လာခဲ့သဖြင့် ရူးသွပ်ခြင်းလား သို့မဟုတ် ဂရုမစိုက်ခြင်းလား မေးခွန်းထုတ်စရာပင်။ မောက်မာနိုင်သူများမှာ ခွန်အားအပေါ်မူတည်ပြီး အားနည်းသူများက ခွန်အား မရှိသူများသာ မဟုတ်ပါလော။
အစစ်အမှန် အင်မော်တယ်၏ လူဝင်စားဟု သတ်မှတ်ခံထားရသော အမည်ခံဓားအင်မော်တယ် တစ်ယောက်ကို နတ်ဆိုးဟု လူပေါင်းထောင်သောင်းချီ စွပ်စွဲနေကြသဖြင့် အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက်မှာ သွေးခင်းလမ်း ဖြစ်လာခဲ့သည်။ ခုနစ်ချီမြောက် တိုက်ပွဲများ ပြီးဆုံးသွားသောအခါ အနိုင်ရသူ ၃၂ ယောက် ထွက်ပေါ်လာကာ နောက်လာမည့်တိုက်ပွဲများမှာ ခန့်မှန်းရခက်ခဲလာပေတော့မည်။ ဗိုလ်လုပွဲသို့ ရောက်နိုင်ရန် ယွမ်ရှောင်သည် ထိပ်တန်းပါရမီရှင်များကို ကျော်ဖြတ်ရမည်ဖြစ်ကာ လူတိုင်းသည် သူ၏ပြိုင်ဘက် ဖြစ်လာနိုင်သော လူငယ်များထံ အကြည့်ရောက်နေကြ၏။
လူငယ်များအနက် တစ်ယောက်သည် ကတုံးပြောင်ပြောင်နှင့် အညိုရောင်ဝတ်ဆင်ထားသည့် ကုရင်ဖြစ်နေခဲ့သည်။ ယမန်နှစ်တွင် သူက အဆင့်သုံးရရှိခဲ့ပြီး ကုမျိုးနွယ်၏ ထိပ်တန်းပါရမီရှင် ဖြစ်သည့်အပြင် စစ်ခုံရန်နှင့် များစွာရင်းနှီး၏။ ထို့အပြင် သူ၏ ညီမဖြစ်သော ကုရွှယ်မှာလည်း အသတ်ခံခဲ့ရသောကြောင့် ထိုတိုက်ပွဲမှာ ပြင်းထန်ကြမ်းတမ်းပေလိမ့်မည်။ လူအများစုက ကုရင် လက်စားချေရန် မျှော်လင့်နေကြပြီး သူ့အနားတွင် အစိမ်းရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်လည်း ရှိနေကာ ဆံရှည်ရှည်ကို စည်းနှောင်ထား၍ ပူပင်ကြောင့်ကြမဲ့သော ဟန်ပန်မျိုး ထွက်ပေါ်နေသည်။ ထိုလူငယ်က ယွမ်ရှောင်ကို စိုက်ကြည့်နေပြီး ကုရင်နှင့်ယှဥ်လျှင် ပို၍ ဖြောင့်မတ်ပုံပေါ်ကာ ပရိသတ်များထံမှ လေးစားမှုတစ်ခု ရရှိထား၏။
"ကုရင် သူက ပိုပြီး သန်မာလာတာကို ငါ ခံစားမိတယ်။ မင်း ကိုင်တွယ်နိုင်မယ်ဆိုတာ သေချာရဲ့လား"
အစိမ်းရောင်ဝတ်လူငယ်က စကားစလိုက်၏။
"မစိုးရိမ်နဲ့"
ကုရင်၏ မျက်လုံးများက သတ်ဖြတ်လိုစိတ် တဟုန်းဟုန်း တောက်လောင်နေသည်။
"ကောင်းပြီ။ လူတိုင်းက သူ့ကို သေစေချင်နေတယ်။ အမည်ခံ ဓားအင်မော်တယ်ဖြစ်နေရင်တောင် ဘယ်သူမှ တားမြစ်မှာ မဟုတ်ဘူး"
အစိမ်းရောင်ဝတ်လူငယ်က ပရိသတ်များကို တစ်ချက်ဝေ့ကြည့်၍ ကောက်ချက်ချလိုက်သည်။
"ဒါပေမယ့် ကုရင် မင်းရဲ့ဘိုးဘေးကြီးက သူ့ကို ငါတို့ မကိုင်တွယ်ဘဲ သခင်လေးလင်းအတွက် ထားလိုက်ဖို့ ပြောထားတယ်မလား"
ကုရွှယ်နှင့် စစ်ခုံရန်အတွက် လက်စားချေလိုစိတ် ပြင်းထန်နေသည့် ကုရင်အား သူက သတိပေးလိုက်ခြင်းဖြစ်၏။
"ရီချင်းဖန် ဒီကောင်က သခင်လေးလင်းရဲ့ အသက်ကို တစ်ခါကယ်ဖူးတယ်။ တကယ်လို့ ဗိုလ်လုပွဲအထိ ရောက်သွားခဲ့ရင် သခင်လေးလင်းက ညှာတာပြီး ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။ ငါတို့နှစ်ယောက်က သူ့ကို သတ်မှရမယ်"
"နားလည်ပြီ"
ကုရင်က လေးနက်စွာ စိုက်ကြည့်လာသောအခါ ရီချင်းဖန်လည်း ခေါင်းညိတ်ပြခဲ့သည်။ ယွမ်ရှောင် သေသွားလျှင် လင်းချန်အတွက် အဓိကခြိမ်းခြောက်မှု ပျောက်ကွယ်သွားမည်ဖြစ်ရာ သူတို့ကို ကျေးဇူးတင်ပေလိမ့်မည်။ သူတို့၏ အမြင်တွင် ယွမ်ရှောင်က အမည်ခံ ဓားအင်မော်တယ် အဆင့်အတန်းဖြင့် မထိုက်တန်သောကြောင့် ထာဝရဓားအကျဥ်းထောင်၌ လင်းချန် တစ်ယောက်တည်း ရှိနေလျှင် လုံလောက်ပြီ ဖြစ်သည်။
"မင်းရဲ့ ဆရာက ဘာကြောင့် ရောက်မလာသေးတာလဲ"
ကုရင်က အဝေးသို့ လှမ်းကြည့်၍ မေးခွန်းထုတ်လာခဲ့၏။
"ကြည့်ရတာ ကိစ္စ တစ်ခုခု ရှိလို့ နေပါလိမ့်မယ်။ မကြာခင် ရောက်လာမှာပါ"
"တိအာရော လာမှာလား"
"ဟုတ်တယ်"
ရီချင်းဖန်က သိမ်မွေ့စွာ ပြုံး၍ တုံ့ပြန်လိုက်သည်။
"မင်းတို့နှစ်ယောက်က နတ်ဖက်တဲ့စုံတွဲလို လိုက်ဖက်ပါတယ်"
"ကံဆိုးတာက စာပေကျင့်ကြံသူတွေကို ဓားအစောင့်အရှောက်က သဘောမကျဘူးပြောတယ်"
သူက သက်ပြင်းချ၍ ရေရွတ်လိုက်သောအခါ ကုရင်၏ မျက်နှာထား ကြမ်းတမ်းသွားခဲ့၏။ အကယ်၍ စာပေကျင့်ကြံသူများကို ဓားအစောင့်အရှောက်နှင့် ယွမ်ရှောင်က သဘောမကျလျှင် သူတို့အားလုံး သေရမည်ဟု သတ်မှတ်ခဲ့သည်။ ထိုအချိန်၌ ကျင့်ကြံနေသော ယွမ်ရှောင်သည် နောက်ပိုင်းအဆင့် ဧကရာဇ်နယ်ပယ်အထိ ရောက်ရှိသွားကာ တာအိုနှလုံးသား တည်ဆောက်ရန် အဆင့်ငယ်နှစ်ခုသာ တက်ရပေလိမ့်မည်။ ၎င်းသာ ထွက်ပေါ်လာလျှင် အင်မော်တယ်ရုံးတော်၏ အသူရာကြယ်ဧကရာဇ် လက်ဆောင်ပေးခဲ့သော ဓားရည်ရွယ်ချက်ဖြစ်စေ၊ ထာဝရဓား၏ သန်းပေါင်းများစွာသော ဓားရည်ရွယ်ချက်ဖြစ်စေ အသုံးချနိုင်ပေလိမ့်မည်။
စစ်ခုံရန်၏ မြစ်ရှစ်စင်း သွေးကြောများသည် ကြယ်သွေးကြောများကို အစားထိုးရမည့်အစား ကောင်းမွန်စွာ ပေါင်းစပ်သွားကြသည်။ လက်ရှိတွင် ယွမ်ရှောင်သည် ကြေးခွံတစ်ရာ ဒန်တန်နှင့် အဆင့်မြှင့်ထားသော ကြယ်သွေးကြောများကြောင့် ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်ကို ပိုမိုထုတ်ဖော်လာနိုင်ပြီး ခွန်အား နိမ့်ကျခြင်း မရှိတော့ဘဲ မြင့်မြတ်ချီစွမ်းအားချင်းယှဥ်လျှင် အစောပိုင်းအဆင့် တာအိုနှလုံးသားနယ်ပယ်နှင့် ယှဥ်နိုင်စွမ်း ရှိလာ၏။ ဗိုလ်လုပွဲသို့ ရောက်ရန် တိုက်ခိုက်ရဦးမည်ဖြစ်သောကြောင့် သူက အကြောဆန့်၍ ထရပ်လိုက်သောအခါ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံများ ထွက်ပေါ်လာသည်။ သူက အလယ်အဆင့် တာအိုနှလုံးသားနယ်ပယ် ကျင့်ကြံသူများနှင့် တိုက်ပွဲနှစ်ခုကို အလွယ်တကူ အနိုင်ယူခဲ့ပြီး ဓားအစောင့်အရှောက်၏ ဘက်တော်သားများဖြစ်သောကြောင့် ဖန်ဆင်းရှင်မျိုးစေ့များ ပိုင်ဆိုင်ထားသည့်တိုင်အောင် ခက်ခဲအောင် မပြုလုပ်ခဲ့ချေ။
"အစ်ကိုကြီး"
ထိုအချိန်တွင် တိုက်ပွဲမှ ရှုံးနိမ့်၍ ထုတ်ပယ်ခံလိုက်ရသော မုရှောင်လုံမှာလည်း ပွဲကြည့်မျှော်စင်အတွင်း ရောက်ရှိနေပြီဖြစ်သည်။ လူအုပ်မှာ နတ်ဆိုးကောင်ဟူ၍ အဆက်မပြတ် ကျိန်ဆဲနေကြပြီး ယွမ်ရှောင်ကို မရိုမသေ စော်ကားနေသဖြင့် သူမကို မကျေမနပ် ဖြစ်စေသည်။ လူနည်းစုဆိုလျှင် ကိုင်တွယ်နိုင်သော်လည်း အယောက်သောင်းချီသဖြင့် အပြစ်ပေးရန်ပင် မဖြစ်နိုင်ဘဲ အခြေအနေမှာ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားခဲ့၏။ ဓားကျင့်ကြံသူများသည် စည်းလုံးညီညွှတ်ခဲ့ကြသော်လည်း ကုမျိုးနွယ်၏ လှည့်ကွက်ကြောင့် ပရမ်းပတာဖြစ်ကုန်ပြီး အခြားငရဲရှစ်ထပ်နှင့်စာလျှင် လူရယ်စရာ ပြက်လုံးတစ်ခု ဖြစ်လာသည်။
"မင်းရဲ့ ပြိုင်ဘက်က ဓားအဆင့်သတ်မှတ်ချက်မှာ အဆင့်သုံးပဲ။ သူက အစွမ်းထက်ပြီး တိုက်ခိုက်ရာမှာ ရက်စက်တယ်"
မုရှောင်လုံက ယွမ်ရှောင်ကို စိုးရိမ်တကြီး သတိပေးလာသည်။
"ငါ့ထက် ပိုပြီး ရက်စက်နိုင်မှာလား။ ငါက နတ်ဆိုးကောင် မဟုတ်လား"
ယွမ်ရှောင်က ဟာသလုပ်၍ နောက်ပြောင်လိုက်သည်။
"ဒါပေမယ့် ကုရင်မှာ လှည့်ကွက်တွေ ပြည့်နှက်နေတယ်။ ဂရုစိုက်ပါ"
မုတလုံသည်လည်း ကုရင်ကြောင့် စိတ်လေးနေသဖြင့် ဝင်ရောက်သတိပေးလာသည်။
"ကောင်းပြီ"
ယွမ်ရှောင်က ခေါင်းညိတ်၍ ပြိုင်ဘက်ကို အထင်ကြီးခြင်းမရှိသော်လည်း တိုက်ခိုက်ရာ၌ ပေါ့ပေါ့ဆဆ မနေဖူးချေ။ ကျန်းမု၏ ကြေညာချက်ထွက်ပေါ်လာသောအခါ ဆယ်ချီမြောက်တိုက်ပွဲ စတင်လာခဲ့ပြီး နေဝင်ချိန်နီးကပ်လာသော်လည်း ဓားပျံပေါင်းသန်းချီ၏ အလင်းရောင်ကြောင့် အမှောင်ထုကို အံတုနိုင်နေသည်။ ပတ်ဝန်းကျင်လေထုက တင်းမာနေပြီး ယွမ်ရှောင်သည်လည်း မျှော်စင်မှ ထွက်ခွာလာကာ တိုက်ပွဲစင်မြင့်အထက်ရောက်သောအခါ လူငယ်ပေါင်းများစွာ အော်ဟစ်စော်ကားနေကြသည်။ သူတို့က နှုတ်ပိတ်ခံရမည်ကို မကြောက်ဘဲ လူအများ၏ အင်အားဖြင့်ဆိုလျှင် တရားမျှတမှု ရှာဖွေနိုင်လိမ့်မည်ဟု သွေးနားထင်ရောက်နေကာ အမှန်တကယ်အားဖြင့် ကုမျိုးနွယ်၏ အသုံးချခံများ ဖြစ်နေသည်ကို ထိုငတုံးများမှာ သတိမပြုမိခဲ့ကြပေ။
"နတ်ဆိုးကောင်ကို သတ်ပြီး ဓားအပျက်အစီးနယ်မြေရဲ့ အနာဂတ်ကို သန့်စင်ကြ"
သူတို့က ကြွေးကြော်သံများ ပြိုင်တူအော်ဟစ်နေကြပြီး အရေအတွက်သောင်းချီသဖြင့် စိတ်အားထက်သန်နေကြသည်။ အမှန်တကယ်အားဖြင့် ကုရင်သည် မိန်းကလေးများစွာကို ဖျက်ဆီးခဲ့သောကြောင့် နာမည်ပျက်ရှိသော်လည်း ကုမျိုးနွယ်၏ အကြီးအကဲများ ဖုံးကွယ်ပေးထားသဖြင့် သာမန်တပည့်များ မသိနိုင်ခဲ့ပေ။ ကုမျိုးနွယ်သည် နာမည်ပျက်အားလုံးကို ယွမ်ရှောင်အပေါ် အပြစ်ပုံချထားသဖြင့် ကုရင်ကဲ့သို့ မုဒိန်းကောင်တစ်ယောက်မှာ ထိုလူငယ်များ၏ အမြင်တွင် သူတော်ကောင်းတစ်ယောက်ဖြစ်နေ၏။
"ကုရင်"
သူတို့က သံပြိုင်အော်ဟစ်နေကြသော်လည်း ဓားအပျက်အစီးနယ်မြေ၏ ကျင့်ကြံသူ တစ်သန်းလုံး မပါဝင်သောကြောင့် ယွမ်ရှောင်အတွက် စိတ်ပျက်စရာ မရှိပေ။ သူက တည်ငြိမ်စွာရှိနေပြီး ရှေ့မှောက်သို့ ရောက်ရှိလာသော ကုရန်ကို ရှင်းလင်းကာ နောက်တစ်ဆင့်တက်ရန် ပြင်ဆင်ထား၏။
"တိုက်ခိုက်ရတဲ့အတွက် ခွင့်လွှတ်ပါ သခင်လေးယွမ်"
ကုရင်၏ ကောက်ကျစ်ယုတ်မာသော မျက်လုံးများမှ အမှန်တရားကို ဤစကားလုံးများမှ ဖုံးကွယ်မပေးနိုင်ခဲ့ချေ။ သူက မီးများတောက်လောင်နေသည့် ဓားဝိညာဥ်ကို ဆင့်ခေါ်ကာ အရိုးစုပုံရိပ်များ ဝန်းရံနေသဖြင့် ကြောက်မက်ဖွယ်ကောင်းနေပြီး ကုမျိုးနွယ်၏ အထူးပြုဓားဝိညာဥ်ဖြစ်ကာ တိုက်ရိုက်မျိုးဆက်ဖြစ်၍ ပိုင်ဆိုင်ထားခြင်းပင်။ ၎င်းသည် တိုက်ပွဲစင်မြင့်ကို သင်္ချိုင်းမြေတစ်ခုအလား ပြောင်းလဲစေကာ သရဲတစ္ဆေအရိပ်များ ထွက်ပေါ်လာပြီး အရိုးခေါင်းသဏ္ဍာန် ဓားရည်ရွယ်ချက်မှာ ဓားသွားအထက်၌ ထွက်ပေါ်လာ၏။ အရိုးမီးတောက်ဓားသည် သေခြင်း၏ ဓားတစ်လက်ဖြစ်ကာ ထာဝရဓားအကျဥ်းထောင်၏ ကြောက်မက်ဖွယ်ဓားများအနက် ပါဝင်သဖြင့် စိတ်လှုပ်ရှားစွာ ကြွေးကြော်သံများ တခဲနက် ထွက်ပေါ်လာသည်။
"ကုရင် တရားမျှတမှုအတွက် သတ်ပစ်လိုက်"
လူအုပ်၏ သတ်ဖြတ်လိုစိတ်သည် ယွမ်ရှောင်အပေါ် စုဝေးနေကာ နှုတ်ပိတ်ခံရသူများအတွက် တရားမျှတမှု လိုချင်သော်လည်း လှည့်စားခံရလောက်အောင် တုံးအနေကြ၏။ ထိုငတုံးများကို လှည့်စားရန် အကောင်းဆုံးနည်းလမ်းမှာ တရားစီရင်မှု ရှာဖွေနိုင်လောက်အောင် အစွမ်းထက်သည်ဟု သွေးထိုးပေလိုက်ရန်သာဖြစ်ကာ သေတွင်းသို့ စိတ်လိုလက်ရ ခုန်ချလာကြပေလိမ့်မည်။ သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်မထားနိုင်တော့သော ကုရင်သည် ဓားအော်ရာ ၂၅၀၀ ပိုင်ဆိုင်သော အရိုးမီးတောက် ဓားဖြင့် ယွမ်ရှောင်ထံ လွှဲခုတ်လာခဲ့သည်။ သို့ရာတွင် သူက မျက်လုံးများ မှိတ်ထားပြီး တစ်ခုခုကို အာရုံခံနေဟန်ဖြင့် တည်ငြိမ်စွာ ရပ်နေကာ ဓားဆွဲထုတ်ရမည့်အစား လေထဲသို့ လက်ဝါးဖြင့် တစ်ချက်ရိုက်ထုတ်လိုက်၏။
"ဝှစ်"
တခဏအတွင်း လေဟာနယ် စွမ်းအင်ဝဲငါးခု ထွက်ပေါ်လာကာ ဘက်ပေါင်းစုံမှ ကုရင်ထံ ဆင်းသက်လာကြ၏။ ဝူကျိတာအိုသိုင်း၏ စွမ်းအင်ဝဲကို ငါးခုအထိ ထုတ်ဖော်လိုက်သော အလန့်တကြား အော်သံများ ပရိသတ်ထံမှ ချက်ချင်း ထွက်ပေါ်လာသည်။ ဓားအပျက်အစီးနယ်မြေ၏ အကြီးအကဲများမှာ မင်သက်သွားကြပြီး ဝူကျိတာအိုသိုင်းအပေါ် သူတို့၏ နားလည်မှုဖြင့်ဆိုလျှင် ဝဲငါးခု ထွက်ပေါ်လာရန်မှာ မဖြစ်နိုင်ချေ။ အရေအတွက်သာမကဘဲ စွမ်းအင်ဝဲတစ်ခုချင်းစီအတွင်း လင်းချန်၏ ဓားမြှောင်သိုင်းကွက်နှင့် ဆင်တူသော ဓားစွမ်းအင်များ ပါဝင်နေကာ ပြည့်စုံစွာ ပေါင်းစပ်ထား၏။ ဓားသိုင်းတစ်ခုနှင့် တာအိုဂါထာတစ်ခုကို ပေါင်းစပ်ခြင်းမှာ ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်အောင် ထူးချွန်မှသာ ဖြစ်နိုင်ပြီး စွမ်းအင်ဝဲငါးခုအတွင်း ကုရင်မှာ နစ်မြုပ်သွားခဲ့သည်။
"ဘာ...ဘာကြီးလဲ"
သတ်ဖြတ်လိုစိတ်ဖြင့် တိုက်ခိုက်ရင်း တန်းလန်းဖြစ်နေသော ကုရင်မှာ ထိုစွမ်းအားကြောင့် တုန်လှုပ်သွားခဲ့ပြီး ဧရာမသတ္တဝါကြီး ငါးကောင် ဝင်ဆောင့်လိုက်သကဲ့သို့ နာကျင်သွားခဲ့သည်။
"ပေါက်ကွဲဓားသိုင်း"
သူက မြေပြင်ပေါ်တွင် မြဲမြံစွာ အားယူရပ်လိုက်ပြီး နောက်ပိုင်းအဆင့် တာအိုနှလုံးသားနယ်ပယ် ချီစွမ်းအင်ကို ဓားမှတဆင့် ထုတ်လွှတ်လိုက်သောအခါ ဘုန်းခနဲ မြည်သံနှင့်အတူ ပေါက်ကွဲသွားခဲ့လေသည်။