အခန်း (၂၈၀)
Vol. 22 Ch. 280
တိုက်ပွဲအတွင်း ကုရင်က ကြောက်အားလန့်အား ခုခံလိုက်သော်လည်း စွမ်းအင်ဝဲများကြောင့် ဓားချက်မှာ ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။ ယွမ်ရှောင်သည် ဝူကျိတာအိုသိုင်းကို အဆင့်မြှင့်တင်ထားသောကြောင့် တရားသူကြီးအများစုပင် မပိုင်ဆိုင်နိုင်သည့် သူ၏ အသက်ကယ် ချပ်ဝတ် ဓားဝိညာဥ်ချပ်ကာကိုပင် စုတ်ပြဲသွားစေသည်။
"အား"
၎င်း၏ ကာကွယ်မှု ပျောက်ကွယ်သွားသောအခါ ခြေလက်လေးခုနှင့် ဦးခေါင်းမှာ စွမ်းအင်ဝဲများအတွင်း ချုပ်နှောင်ခံလိုက်ရသောကြောင့် ဆွဲဖြဲခံနေရကာ သွေးများစီးကျလာသဖြင့် ငယ်သံပါအောင် အော်ဟစ်နေခဲ့သည်။
"ဆက်အော်နေစမ်း။ မင်းတို့ အသံကျယ်လေလေ မင်းတို့ရဲ့မျိုးနွယ်လည်း အဆုံးသတ် ဆိုးလေလေပဲ"
ယွမ်ရှောင်က အော်ဟစ်ဆဲဆိုနေသူများဘက်လှည့်၍ တစ်ချက် သတိပေးလိုက်သောအခါ ကြောက်မက်ဖွယ်မြင်ကွင်းသည် ထိုငတုံးများကို တူဖြင့်ထုချလိုက်သကဲ့သို့ ကြောက်လန့်သွားစေသည်။
"ကုရင် မင်းက ဉာဏ်များတယ်ဆိုပေမယ့် အဆုံးမဲ့ခွန်အားအောက်မှာ အလကားပဲ"
သူက သေမင်းတစ်ယောက်အလား တစ်လှမ်းချင်း လျှောက်လာသောအခါ တစ်ဖက်လူ၏ တစ်ကိုယ်လုံးမှ သွေးများ စီးကျနေပြီဖြစ်၏။ ဓားဝိညာဥ်ကို အသုံးပြု၍ ရင်ဘတ်ရှိ သိုလှောင်အိတ်အတွင်းမှ ဓားနှလုံးသားတစ်ခုကို ထုတ်ယူအသက်သွင်းလိုက်သည်။
"အစစ်အမှန် အင်မော်တယ်လည်း သတ်ရင် သေရမှာပဲ"
ကုရင်က အော်ဟစ်ကြုံးဝါး၍ ၎င်း၏ စွမ်းအားကို ထုတ်ဖော်လိုက်သောအခါ အညိုရောင် ဓားစွမ်းအင်များ ပြန့်ထွက်လာခဲ့သည်။ ဓားနှလုံးသားကို ဓားအပျက်အစီးနယ်မြေ၌ ကန့်သတ်ထားသောကြောင့် ပရိသတ်များ လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ယွမ်ရှောင်နှင့် တိုက်ခိုက်ရဲသည်မှာ အဆန်းမဟုတ်တော့ပေ။ ဓားအစောင့်အရှောက်၏ ဘက်တော်သားများမှာ ရင်ထိတ်သွားကြပြီး လှုပ်ရှားချင်သော်လည်း ပေါက်ကွဲမှု မြန်ဆန်လွန်းနေပြီး ကုရင်ကမူ တိုက်ပွဲအစကတည်းက ဓားနှလုံးသားအသုံးမပြုမိခဲ့သည်ကိုပင် နောင်တရနေခဲ့သည်။ ၎င်းက ကုမျိုးနွယ်၏ ဓားအစောင့်အရှောက်တစ်ယောက် သန့်စင်ပေးထားခြင်းဖြစ်ကာ ယွမ်ရှောင်အနေဖြင့် ပထမဆုံးအကြိမ် ဓားနှလုံးသားနှင့် တိုက်ခိုက်ခံရခြင်းပင်။ ၎င်းက ဓားအစောင့်အရှောက်တစ်ယောက် တစ်ဘဝလုံး စွမ်းအားများကို သယ်ဆောင်ထားပြီး ရုတ်တရက် တိုက်ခိုက်လာသောအခါ သေခြင်းတရားနှင့် နီးကပ်လာနေခဲ့၏။
"နတ်ဆိုးကောင် သေပြီ"
"ဟား ဟား တရားမျှတမှုရဲ့ အောင်ပွဲကွ"
ဤမြင်ကွင်းကြောင့် ငတုံးကောင်များက နောက်တစ်ကြိမ် အသံထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး အော်သံများ ပြည့်နှက်နေခဲ့သည်။ ပွဲကြည့်စင်ဘက်တွင် ရှိနေသော မုသားအမိမှာလည်း ထိတ်လန့်ဖွယ် အလှည့်အပြောင်းကြောင့် စိုးရိမ်ထိတ်လန့်ကုန်သည်။ ယွမ်ရှောင်ကမူ တည်တည်ငြိမ်ငြိမ် ရှိနေပြီး ဓားဝိညာဥ်ကို ဆင့်ခေါ်လိုက်သောအခါ တိုက်ခိုက်ရန် ရောက်ရှိလာသည့် ဓားနှလုံးသားသည် စွမ်းအင်စီးကြောင်းပမာ အလွယ်တကူ ဝါးမျိုခံလိုက်ရသဖြင့် ကုရင်မှာ မျက်လုံးများ ကျွတ်ကျလုမတတ် ပြူးထွက်လာခဲ့၏။
"လက်ဆောင်အတွက် ကျေးဇူးပဲ"
ယွမ်ရှောင်၏ စကားကြောင့် သူက သွေးအန်လုနီးပါးဖြစ်သွားကာ ကြောက်စိတ်ဝင်လာပြီး စိတ်တစ်ခုလုံး ဗလာဖြစ်၍ ဓားကျင့်ကြံသူများစွာလည်း နေရာ၌ မင်သက်ကုန်သည်။ တရားမျှတမှုအတွက် အော်ဟစ်နေကြသူများလည်း ရက်စက်ကြမ်းကြုတ်သော သေမင်းကို ရန်စလိုက်မိပြီဖြစ်ကြောင်း သတိထားမိသဖြင့် မျက်နှာများ သွေးဆုတ်ဖြူရော်ကုန်၏။ လူတစ်ယောက်ကို အနိုင်ယူရန် နည်းလမ်းများစွာ ရှိသော်လည်း သူ၏နည်းလမ်းများမှာ ပြတ်သားရက်စက်ပြီး ကျင့်ကြံဆင့် နိမ့်ကျသည့်တိုင်အောင် ပြိုင်ဘက်များမှာ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးပင် မရခဲ့ချေ။
"ကုမျိုးနွယ်ကတော့ ဘက်မှားရွေးမိပြီ"
ကုရင်က အလန့်တကြားဖြစ်နေပြီး သေခြင်းတရားနှင့် လက်တစ်လုံးအလိုတွင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ အဝေးမှ ဓားမြှောင်တစ်လက်သည် တိုက်ပွဲစင်မြင့်၏ အစီအရင်ကို ထိုးဖောက်ကာ ယွမ်ရှောင်၏ ဦးခေါင်းထံ တည့်တည့်မတ်မတ် ဝင်ရောက်လာခဲ့သည်။ ဤလုပ်ကြံမှုသည် ဓားနှလုံးသားဖြင့် စည်းကမ်းချိုးဖောက်ခဲ့သော ကုရင်၏လုပ်ရပ်ထက် ပို၍ ဆိုးရွားကာ ဓားအပျက်အစီးနယ်မြေ၏ ထိပ်တန်းကျင့်ကြံသူ ဆယ်ယောက်ဖြစ်နေမှသာလျှင် အစီအရင်ကို ထိုးဖောက်နိုင်စွမ်းရှိနေသည်။ တိုက်ခိုက်မှုက ရုတ်တရက်ဆန်လွန်း၍ အစွမ်းထက်နေသဖြင့် အရင်းအမြစ်များစွာကို ဝါးမျိုထားသော သားရဲလေးသည် ကာကွယ်ပေးရန် အဆင်သင့်ပြင်ထားခဲ့၏။ ကျင့်ကြံသူများ၏ လောကတွင် ပါရမီရှင်များမှာ အသက်မရှည်တတ်သောကြောင့် ယွမ်ရှောင်သည်လည်း အချိန်မရွေး လုပ်ကြံခံရနိုင်ချေကို တွက်ချက်ထားခဲ့သည်။
"ထန်"
သို့ရာတွင် ဓားမြှောင်က ယွမ်ရှောင်ထံ ရောက်မလာနိုင်ခင် လူတစ်ယောက်က ကြားဝင်တားမြစ်ခဲ့ပြီး စွမ်းအင်တန်ပြန်မှုကြောင့် ယွမ်ရှောင်ပင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပေးလိုက်ရသည်။ လှုပ်ရှားလိုက်သူမှာ ဓားအစောင့်အရှောက်ဖြစ်၍ ယွမ်ရှောင်အပေါ် လက်တစ်ချောင်းပင် တင်ခွင့်မပြုနိုင်ပေ။ တိုက်ခိုက်လိုက်သူကို သူက စူးစမ်းလိုက်သောအခါ ကောင်းကင်မှ ဆင်းသက်လာသည့် အဖြူရောင်ဝတ်မိန်းမတစ်ယောက်ကို မြင်လိုက်ရပြီး ဓားသဏ္ဍာန်ဆံထိုးတစ်ခု ပြန်လည်ဖမ်းယူလိုက်ကြောင်း တွေ့ခဲ့ရသည်။ သူမ၏ မျက်နှာထားက ရေခဲတုံးပမာ အေးစက်တင်းမာနေကာ ပတ်ဝန်းကျင်အပူချိန်ကိုပင် ကျဆင်းသွားစေကာ ဆူညံနေသော ပရိသတ်များပင် ချက်ချင်း တိတ်ကျသွားခဲ့၏။ တစ်ချက်ကြည့်ရုံဖြင့် အရိုးခြောက်စောင့်ရှောက်သူ၏ မြေး ကုချင်ကန်ဖြစ်ကြောင်း သိလိုက်ရပြီး သက်လတ်ပိုင်းအရွယ်ဖြင့် ဓားအစောင့်အရှောက်ကို ဆန့်ကျင်ရဲသူမှာ နှစ်ယောက် မရှိချေ။
"ဒီမိန်းမက ငါ့ကို လုပ်ကြံပြီး မောက်မောက်မာမာ ဝင်ရောက်လာတာပဲ"
သို့ရာတွင် ယွမ်ရှောင်၏ အဆင့်အတန်းက အမည်ခံ ဓားအင်မော်တယ်ဖြစ်နေကာ ကပ်ဘေးတံဆိပ်ငရဲရှိ လူတစ်ယောက်နှင့် လက်ထပ်ထားသူမှာ ထာဝရဓားအကျဥ်းထောင်အတွက် အပြင်လူပင်။ ချင်ကန်က တစ်ယောက်တည်း ရောက်ရှိလာခြင်းမဟုတ်ဘဲ နောက်လိုက်အယောက်နှစ်ဆယ်ကျော် ခေါ်ဆောင်လာကာ စာပေသမား လူငယ်ပါရမီရှင်အချို့လည်း ပါဝင်နေသောကြောင့် ဓားအပျက်အစီးနယ်မြေကို ဖိနှိပ်လိုသော သဘောထားမှာ ထင်ရှားနေ၏။
"ဘယ်သူရောက်လာတာလဲ ကြည့်စမ်းပါဦး။ ငါ့သမီးလေး အိမ်ပြန်လာပြီ"
ကုရွှမ်သည် ပျော်ရွှင်စွာ ရှေ့ထွက်လာကာ ကြိုဆိုလိုက်ပြီး လုပ်ကြံမှုကို မမြင်ချင်ယောင်ဆောင်ထားသည်။
"ဓားအပျက်အစီးနယ်မြေမှာ အမည်ခံ ဓားအင်မော်တယ် နှစ်ယောက် ရှိနေတယ်လို့ ကြားမိတယ်"
ဖခင်ဖြစ်သူနှင့် ရင်ဆိုင်ရသည့်တိုင်အောင် အေးစက်စက် ဖြစ်နေကာ ကုချင်ကန်သည် အဝေးရှိ အဆောက်အအုံတစ်ခုထံ ချဥ်းကပ်လာခဲ့သည်။
"ဘယ်သူက အတု၊ ဘယ်သူက အစစ်လဲ။ တစ်ယောက်ယောက်က လာဘ်ထိုးထားတာလား"
"မင်းက ဟာသလုပ်တတ်တာပဲ။ ဒါက အမည်ခံ ဓားအင်မော်တယ် နှစ်ယောက်ထဲက တစ်ယောက်ပါ။ မင်း သူ့ကို တိုက်ခိုက်လိုက်တာက မလေးစားရာကျတာပဲ"
ကုရွှမ်က ယွမ်ရှောင်ကို လက်ညှိုးထိုးပြ၍ ရယ်ရယ်မောမော စကားဆိုလိုက်သည်။
"အမည်ခံ ဓားအင်မော်တယ်တစ်ယောက်က တပည့်တွေရဲ့ ပြိုင်ပွဲထဲ ဘာဝင်လုပ်နေတာလဲ။ ဒါက အမှန်တရားဆိုရင် ငါက ပြစ်မှုတစ်ခု ကျူးလွန်လိုက်တာပေါ့"
ကုချင်ကန်သည် ယွမ်ရှောင်ကို တစ်ချက်စိုက်ကြည့်ကာ အလေးမထားဟန်ဖြင့် အထင်သေးစွာ ပြောလိုက်သည်။
"မင်းက လူတစ်ယောက်ရဲ့အသက်ကို ကယ်ဖို့ တိုက်ခိုက်ခဲ့တာပဲ။ သခင်လေးယွမ်က ပြဿနာ မရှာလောက်ပါဘူး။ သွား သွား ကုရင်ကို ပြန်ခေါ်လာခဲ့"
ကုရွှမ်သည် သူ၏မြေးဖြစ်သူက စည်းကမ်းချိုးဖောက်ခဲ့သည်ကို မျက်ကွယ်ပြုထားကာ အနားရှိ လူတစ်ယောက်ကို အမိန့်ပေး၍ ကုရင်၏ ဖခင်၊ ကုချင်ကန်၏ အစ်ကို ကုဟီ ဖြစ်သည်။ သူမသည် ဤဓားချက်ဖြင့် ယွမ်ရှောင်ကို မသတ်နိုင်ကြောင်း သိထားသော်လည်း ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကာ လက်နှစ်ဖက်နောက်ပစ်၍ မောက်မာစွာ စောင့်ကြည့်နေခဲ့သည်။ ကုဟီသည် တိုက်ပွဲစင်မြင့်အထက် ရောက်ရှိသွားကာ ညီမဖြစ်သူလောက် အစွမ်းမထက်သော်လည်း တရားသူကြီးတစ်ယောက်ဖြစ်သောကြောင့် သားဖြစ်သူကို စွမ်းအင်ဝဲများအတွင်းမှ ကယ်တင်နိုင်ခဲ့သည်။
"စိတ်ချထားလိုက်။ မင်းရဲ့အဒေါ် ရောက်လာပြီဆိုတော့ ဒီကောင် သေလိမ့်မယ်"
သားဖြစ်သူ၏ အခြေအနေကြောင့် သူက ဒေါသတကြီး ဖြစ်နေသည်။
"အဖေ"
ကုရင်၏ မှိန်ဖျော့နေသော မျက်ဝန်းများတွင် အသက်ရှင်လိုသော မျှော်လင့်ချက် ဖြစ်တည်လာခဲ့သည်။
"ရပ်စမ်း"
ထိုအချိန်၌ သူတို့၏ ကျောဘက်မှ ယွမ်ရှောင်၏စကားသံ ထွက်ပေါ်လာသောအခါ ကုဟီက လေသံမာမာဖြင့် မေးခွန်းထုတ်လိုက်သည်။
"ဘာကိစ္စလဲ"
"ကုရင်ကို ခေါ်သွားနိုင်တယ်လို့ ငါ ပြောလိုက်မိလား"
စကားအဆုံးတွင် ယွမ်ရှောင်သည် ကောင်းကင်သင်္ချိုင်းဓား စုပ်ယူထားခဲ့သည် ဓားနှလုံးသား၏ အစွမ်းကို ဓားအလင်းများသဏ္ဍာန်ဖြင့် ပြန်လည်ထုတ်ဖော်လိုက်၏။ ၎င်းက ကုမျိုးနွယ်၏ ဓားအစောင့်အရှောက်တစ်ယောက် သန့်စင်ထားသောကြောင့် ဓားစွမ်းအင်များမှာ အပြာရောင်နဂါးကြီးအသွင်မျိုးဖြင့် ကုဟီနှင့် ကုရင်ကို အနီးကပ်ဝါးမျိုပစ်ခဲ့သည်။
"ဘာ"
သားဖြစ်သူကို ပွေ့ချီထားသော ကုဟီမှာ တစ်ဖက်လူ ရုတ်တရက် တိုက်ခိုက်လာမည်ဟု ထင်မှတ်မထားသည့်အပြင် ဓားနှလုံးသား၏ အစွမ်းကို ဓားဝိညာဥ်ဖြင့် စုပ်ယူကာ ပြန်လည်အသုံးချနိုင်မည်ဟုလည်း လုံးဝမျှော်လင့်မထားခဲ့ချေ။ ယေဘူယျသဘောပြောရလျှင် ဓားနှလုံးသား၏ စွမ်းအင်မှာ တစ်ခါသုံးဖြစ်သော်လည်း ရာနှုန်းပြည့်စွမ်းအားကို ယွမ်ရှောင်က ပြန်လည် အသုံးချနိုင်ခဲ့ပြီး ကုသားအဖ၏ မျက်လုံးများ ပြူးထွက်၍ တစ်ကိုယ်လုံး တုန်ရီသွားကြ၏။ ဓားအစောင့်အရှောက်၏ ဘက်တော်သားအချို့ကလည်း ဓားမြှောင်ကိုယ်စီ ထုတ်ဖော်၍ သူတို့ကို ကုမျိုးနွယ်ဝင်များ မကယ်တင်နိုင်စေရန် ဝင်ရောက်နှောင့်ယှက်ခဲ့ကြသည်။
"ရွှစ် ရွှစ် ရွှစ်"
မျက်တောင်တစ်ခတ်အတွင်း ဓားအလင်းများသည် ကုသားအဖ၏ တစ်ကိုယ်လုံး နုတ်နုတ်စင်းပစ်ကာ ပွဲချင်းပြီး သေဆုံးကုန်ကာ သက်မဲ့အလောင်းအစိတ်အပိုင်းများ တိုက်ပွဲစင်မြင့်အထက် ပြန့်ကြဲကုန်သည်။ တရားမျှတမှုကို ရှာဖွေလိုသော ငတုံးများအပြင် ဓားကျင့်ကြံသူအားလုံးမှာ ဤမြင်ကွင်းကို ကြောင်ကြည့်နေမိပြီး အသက်ရှူရန်ပင် မေ့လျော့သွားကြ၏။
"မင်းက ကပ်ဘေးတံဆိပ်ငရဲက လူတစ်ယောက်ဆိုရင် အခု ထွက်သွားပြီး ငါကိုယ်တိုင် လည်ပင်းလာဖြတ်မှာကို စောင့်နေစမ်း။ မင်းကိုယ်မင်း ထာဝရဓားအကျဥ်းထောင်ရဲ့ လူတစ်ယောက်လို့ သတ်မှတ်ထားရင် အမည်ခံ ဓားအင်မော်တယ် ရှေ့မှောက်မှာ ချက်ချင်း ဒူးထောက် တောင်းပန်စမ်း"
ယွမ်ရှောင်က ခေါင်းမော့လာပြီး စိတ်ပျက်လက်ပျက်အကြည့်မျိုးဖြင့် လူအုပ်ကို တစ်ချက်ဝေ့ကြည့်ကာ ကုချင်ကန်ကို ရာဇသံ ပေးလိုက်လေသည်။