← Chapters

ကြီးကြပ်သူများ၏ ရွေးချယ်မှု

Vol. 22 Ch. 281

ကြီးကြပ်သူများ၏ ရွေးချယ်မှု

Vol. 22 Ch. 281

ယွမ်ရှောင်၏ စကားများသည် လေထုကို ဓားတစ်လက် ပိုင်းဖြတ်သွားသကဲ့သို့ ထက်ရှနေပြီး ကုမျိုးနွယ်၏ ထိပ်တန်းပါရမီရှင်တစ်ယောက်နှင့် တရားသူကြီးတစ်ယောက်ကို ချက်ချင်း သတ်ပစ်လိုက်ရုံသာမက ကုချင်ကန်ကိုပင် စိန်ခေါ်နေသည်။ သူ၏ တုံ့ပြန်ပုံက ကြမ်းတမ်းပြင်းထန်ပြီး ပရိသတ်၏ ရင်ဘတ်ကို တူတစ်လက်ဖြင့် ထုချလိုက်သည့်အလား ထင်မှတ်ရသဖြင့် တရားမျှတမှု လိုချင်သော ငတုံးများကို တုန်လှုပ်ခြောက်ခြားစေသည်။ အကယ်၍ အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်သာ ထွက်ပေါ်မလာလျှင် သူမသည် ဓားအစောင့်အရှောက်ရာထူးကို အမွေဆက်ခံနိုင်ချေရှိသော်လည်း ရွေးချယ်စရာ နှစ်ခုအကြား ချောင်ပိတ်မိသွားသည်။

"ဒီကောင်က မောက်မာလွန်းတယ်။ အမေ့ကို ဘယ်လိုတောင် ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲရတာလဲ"

ကုချင်ကန်၏ အနားတွင် အစိမ်းရောင်ဝတ်ရုံနှင့် မိန်းကလေးတစ်ယောက်ရှိနေပြီး စစ်ခုံရန်ထက်ပင် ပို၍ လှပသော်လည်း ဓားကျင့်ကြံသူတစ်ယောက်နှင့် ကွာခြားနေသည်။ သူမ၏ နဖူးတွင် မှိန်ဖျော့သော်လည်း အသက်ဝင်နေသည့် လိပ်ပြာသဏ္ဍာန် ရုန်းတစ်ခုရှိကာ လောက၏ ချီစွမ်းအင်များနှင့် ဆက်သွယ်နေသောကြောင့် ရုန်းစာပေကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သည်။ ငရဲကိုးထပ်တွင် ထိုကျင့်ကြံသူအင်အားစုက လူသားမျိုးနွယ်၏ ထိပ်တန်းဖြစ်သော​ကြောင့် ကပ်ဘေးတံဆိပ်ငရဲ၏ ခေါင်းဆောင်နှင့် လက်ထပ်ထားသော ကုချင်ကန်၏ မျိုးဆက်မှာ အဆင့်အတန်း နိမ့်ကျမည် မဟုတ်ချေ။ သူမ၏ စကားကြောင့် လူတိုင်းက ယွမ်ရှောင်ထံ လှည့်ကြည့်လာကြပြီး ဦးနှောက်ဆေးခံထားရသူများမှ အသံ တစ်ဖန်ထွက်ပေါ်လာပြန်၏။

"ဒီနတ်ဆိုးက မောက်မာပြီး ရက်စက်တဲ့အပြင် ပြဿနာရှာနေတယ်"

"သူ့စကားတွေက လွန်လွန်းတယ်။ ရယ်စရာကောင်းတာ ဘယ်သူက နားထောင်မှာလဲ"

သူတို့က လှောင်ပြောင်နေစဥ် ယွမ်ရှောင်သည် ကုချင်ကန်၏ သမီးကို စိုက်ကြည့်ကာ အသံသြသြဖြင့် အမိန့်ပေးလိုက်သောအခါ လျှပ်တပြက်အလင်းနှင့်အတူ ဓားအစောင့်အရှောက်မှာ အနားသို့ ချက်ချင်းရောက်လာခဲ့သည်။

"ဓားအစောင့်အရှောက်နဲ့ ကြီးကြပ်သူတွေ လာကြစမ်း"

"ဓားအစောင့်အရှောက်ကို အရိုအသေပေးပါတယ်"

အဘိုးကြီးမု ထွက်ပေါ်လာသောအခါ ဓားကျင့်ကြံသူများစွာသည် စိတ်များလေးလံ၍ ပါးစပ်ပိတ်သွားကာ အရိုအသေပေးလိုက်ရ၏။ ထို့အပြင် ယွမ်ရှောင်၏ အမိန့်ကို ကြီးကြပ်သူ နှစ်ဆယ်ကျော်က ချက်ချင်းတုံ့ပြန်လာကာ ပွဲကြည့်စင်အထက်မှ သူ့နောက်သို့ ဆင်းသက်လာသောအခါ ကျန်းမုမှာ တွန့်ဆုတ်သွားသော်လည်း ဝင်ရောက်ရပ်တည်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။ ဓားအပျက်အစီးနယ်မြေ၏ အင်အားကြီးအုပ်စုက ဘက်ရွေးလိုက်သောအခါ ဖိအားကြီးတစ်ခုဖြစ်ပေါ်လာ၍ ရုန်းကျင့်ကြံသူများကို ပါးစပ်ပိတ်သွားစေကာ ကုချင်ကန်၏ သမီးသည်ပင် အလန့်တကြား နောက်ဆုတ်သွားခဲ့ပြီး ကုရွှမ်သည်လည်း သားနှင့် မြေး၏ သေခြင်းတရားကို လက်စားမချေနိုင်ခင် တိတ်ဆိတ်နေလိုက်ရ၏။ ဤမြင်ကွင်းသည် ထာဝရဓားအကျဥ်းထောင်၏ အဓိကအင်အားကို သာမန်ကျင့်ကြံသူများနှင့် အများအမြင်က ထိန်းချုပ်ထားခြင်းမဟုတ်ဘဲ စွမ်းအားကြီးသူများသာ ထိန်းချုပ်နိုင်ကြောင်း သေချာစေခဲ့သည်။ ကြီးကြပ်သူနှစ်ဆယ်ကျော်က တိတ်တဆိတ်ရပ်နေသော်လည်း ယွမ်ရှောင်၏ ဘက်တော်သားများဖြစ်လာခဲ့ပြီး ကြောက်မက်ဖွယ် ပါရမီကို လျစ်လျူမရှုခဲ့ကြပေ။ သူတို့၏ အသက်အရွယ်အရ ကောလဟာလများမှာ အမှန်တရားမဟုတ်ဘဲ ကုမျိုးနွယ်၏ လှည့်ကွက်ဖြစ်ကြောင်း ရိပ်မိသောကြောင့်ပင်။

"ဓားအစောင့်အရှောက်နဲ့ ကြီးကြပ်သူတွေက ဘာလုပ်ကြမလို့လဲ"

ယွမ်ရှောင်ကို ​လှောင်ပြောင်စော်ကားနေခဲ့သော လူငယ် ကျင့်ကြံသူတစ်သောင်းကျော်မှာ တောင်ကြီးများ ထမ်းထားရသကဲ့သို့ လေးလံနေပြီး မျက်နှာဖြတ်ရိုက်ခံလိုက်ရသည့်အလား ကြောက်လန့်နေသည်။

"ဓားအစောင့်အရှောက် ထာဝရဓားအကျဥ်းထောင်ရဲ့ စည်းမျဥ်းစည်းကမ်းတွေက မျိုးရိုးစဥ်ဆက် ဖောက်ဖျက်ခြင်း မရှိဘူးမလား"

"မှန်ပါတယ် သခင်လေးယွမ်။ ကျုပ်တို့က ဘိုးဘေးတွေကို လေးစားပြီး ဒီစည်းကမ်းတွေကို ဖောက်ဖျက်လိုက်ရင် ငရဲကိုးထပ်မှာ လူရယ်စရာ ဖြစ်သွားပါလိမ့်မယ်"

ယွမ်ရှောင်က တိတ်ဆိတ်မှုကို ဖြိုခွင်း၍ မေးခွန်းထုတ်လိုက်သောအခါ ဓားအစောင့်အရှောက်က မဆိုင်းမတွ ထောက်ခံပေးလိုက်၏။

"ဒါဆိုရင် နေ့ခင်းကြောင်တောင်မှာ အမည်ခံ ဓားအင်မော်တယ်ကို လုပ်ကြံတဲ့ ပြစ်မှုက စည်းမျဥ်းတွေအရ သေဒဏ်ထိုက်တယ်မဟုတ်ဘူးလား"

သူ၏ လေသံက သြဇာအာဏာပြည့်ဝလွန်းသဖြင့် ဓားအစောင့်အရှောက်ထက်ပင် အရေးပါကြောင်း သိသာနေသည်။

"မှန်ပါတယ်။.အမည်ခံ ဓားအင်မော်တယ်ကို လုပ်ကြံတာက ဓားအပျက်အစီးနယ်မြေတစ်ခုလုံးနဲ့ စစ်ကြေညာလိုက်တာပါပဲ။ ဒါက ခွင့်လွှတ်မရနိုင်တဲ့ ပြစ်မှုပါ။ အတွင်းပိုင်း ပြဿနာဆိုရင်တော့ ပြေပြေလည်လည် ဖြေရှင်းသင့်ပါတယ်"

ဓားအစောင့်အရှောက်က ကုချင်ကန်ကို တစ်ချက်ပင်မကြည့်ဘဲ ထောက်ခံလိုက်ပြန်သောကြောင့် လူအုပ်ကို တုန်ရီသွားစေသည်။ လူငယ်ကျင့်ကြံသူများသည် ယွမ်ရှောင်၏ အဆင့်အတန်းကို မေ့လျော့နေကြပြီး ပါရမီရှင်တစ်ယောက်ဟုသာ မှတ်ယူထားသဖြင့် လှောင်ပြောင်စော်ကားရဲခြင်း ဖြစ်သည်။ လက်ရှိတွင် ထိုအဆင့်အတန်း၏ အာဏာသက်ရောက်မှုကို လူပုံအလယ် ဓားအစောင့်အရှောက်က ထောက်ပြလိုက်သောအခါ သူတို့အားလုံး ကျောစိမ့်ကုန်သည်။ တရားမျှတမှု လိုချင်သော လူငယ်များမှာ ရင်ထိတ်သွားကာ ကြောက်စိတ်ဖြင့် သူတို့၏ လုပ်ရပ်များက ဘိုးဘေးများ၏ စည်းမျဥ်းစည်းကမ်းအပေါ် မည်မျှ စော်ကားခဲ့ကြောင်း နားလည်သွားကြ၏။ ယွမ်ရှောင်က သူတို့ကို အရေးမပါဟု သတ်မှတ်ထားသဖြင့် လျစ်လျူရှုထားကာ ကုချင်ကန်ကို နောက်တစ်ကြိမ် ရာဇသံပေးလိုက်သည်။

"ကြီးကြပ်သူတစ်ယောက်ရဲ့ မျိုးဆက်ဖြစ်တဲ့ ကုချင်ကန်က ကပ်ဘေးတံဆိပ်ငရဲနဲ့ လက်ထပ်ပြီး အပြင်လူ ဖြစ်ချင်နေတာလား။ မင်းကို နောက်တစ်ကြိမ် မေးမယ်။ ကိုယ့်ကိုကိုယ် ဓားအပျက်အစီးနယ်မြေရဲ့ အဖွဲ့ဝင်တစ်ယောက်လို့ သတ်မှတ်ထားလား"

သူက ပါရမီရှင်တစ်ယောက်အဖြစ် စကားပြောနေခြင်းမဟုတ်ဘဲ အဆင့်အတန်းကို အသုံးချ၍ ပေါ်တင်စိန်ခေါ်နေခြင်းပင်။

"သခင်လေးယွမ် ကျေးဇူးပြုပြီး ရှင်းပြခွင့်ပေးပါ။ သမီးလေးက တူဖြစ်သူကို ကယ်တင်ဖို့ အလျင်စလို လုပ်လိုက်မိတာပါ။ သူမက အခုမှ ပြန်ရောက်တာဖြစ်လို့ မင်းရဲ့ အဆင့်အတန်းကို မသိထားပါဘူး။ ရန်စဖို့ ရည်ရွယ်ချက်မရှိပါဘူး"

ကုရွှမ်က ဖြတ်ပြောလိုက်ခြင်း ဖြစ်ကာ ဓားအစောင့်အရှောက်နှင့် ကြီးကြပ်သူ နှစ်ဆယ်ကျော်၏ ထောက်ခံမှုကြောင့် တစ်ဖက်လူ၏ ပါရမီမှာ ထိပ်တန်းအကြီးအကဲများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိသာနေသဖြင့် အန္တရာယ် လက္ခဏာတစ်ခု ဖြစ်၏။

"မင်းကို ငါက စကားပြောခွင့်ပေးထားလို့လား။ ကိုယ့်ပါးကိုယ် ရိုက်စမ်း"

ယွမ်ရှောင်က မျက်မှောင်ကြုတ်၍ အေးစက်စက် အမိန့်ပေးလိုက်သောကြောင့် ကုရွှမ်မှာ တုန်ရီသွားပြီး အရိုးခြောက်စောင့်ရှောက်သူ၏ သားဖြစ်သော်လည်း အဆင့်အတန်းချင်း မယှဥ်သာပေ။ ဓားနှစ်ခြင်းအခမ်းအနား မတိုင်မီ သူ၏ ရာထူးအာဏာက ဓားအပျက်အစီးနယ်မြေတွင် တတိယဖြစ်သော်လည်း လက်ရှိတွင် လူပုံအလယ် ကိုယ့်ပါးကိုယ် ရိုက်ရပေလိမ့်မည်။

"ကုရွှမ် မင်းက သခင်လေးယွမ်ရဲ့အမိန့်ကို ဖီဆန်ချင်တာလား"

ဓားအစောင့်အရှောက်က အရှိန်အဝါဖြင့် ဖိအားပေး၍ မီးလောင်ရာ လေပင့်ပေးလိုက်သည်။

"ကျုပ်...ကျုပ် မလုပ်ရဲပါဘူး"

ကုရွှမ်မှာ ဒေါသထွက်လွန်းသဖြင့် ကိုယ်တွင်းအင်္ဂါများ ပေါက်ကွဲမတတ်ဖြစ်နေကာ လူပုံအလယ် အရှက်ကွဲရပေတော့မည်။ သူ၏ ဘဝတွင် အရှက်အရဆုံး ဖြစ်ရပ်တစ်ခု ဖြစ်လာပြီး ဓားအစောင့်အရှောက် ရာထူး စွန့်လွှတ်လိုက်ရသည်ထက် ပို၍အခြေအနေ ဆိုးရွားလာ၏။ ကြီးကြပ်သူနှစ်ဆယ်ကျော်ကလည်း အေးစက်စက် စိုက်ကြည့်နေသည့်အပြင် ဓားအစောင့်အရှောက်က သတိပေးနေသောကြောင့် ရွေးချယ်စရာ မရှိပါချေ။ သူ၏ သမီးက ကိုယ့်ကိုကိုယ် အဆင့်အတန်းမြင့်သည်ဟု သွေးနားထင်ရောက်ကာ တိုက်ခိုက်ခဲ့သောကြောင့် ကိုယ်ဖော်သည့်ဆေး ကိုယ်ပြန်မျိုရမည့်ကိန်း ဆိုက်နေသည်။

ယွမ်ရှောင်၏ ပါရမီနှင့် တည်ငြိမ်မှုသည် ကြားနေဖြစ်ခဲ့သော ကြီးကြပ်သူများကိုပင် ထောက်ခံစေခဲ့သောကြောင့် မည်သူမှ ရှေ့ထွက် မတားမြစ်ရဲပေ။ လင်းချန်ဘက်တွင် ရှိနေသော ကြီးကြပ်သူသုံးယောက်ပင် အမြှီးကုပ်နေကြသဖြင့် ကုရွှမ်မှာ လူတိုင်းရှေ့တွင် ကိုယ့်ပါးကိုယ် ရိုက်လိုက်သောကြောင့် လူငယ်တပည့်များကို မင်သက်သွားစေကာ အမည်ခံ ဓားအင်မော်တယ်၏ အစစ်အမှန်အာဏာကို နားလည်သွားကြ၏။

"ကုချင်ကန် မင်းကို နောက်တစ်ကြိမ်မေးမယ်။ မင်းက ဘယ်အင်အားစုရဲ့ တပည့်လဲ"

ကုရွှမ်က ကိုယ့်ပါးကိုယ် ရိုက်ခဲ့သော်လည်း ယွမ်ရှောင်သည် မောက်မာသော ထိုမိန်းမကို အလွတ်မပေးခဲ့ပေ။

"မင်းက ဓားအစောင့်အရှောက် ဖြစ်ချင်တယ်မလား။ ဒါဆိုရင် ဒူးထောက်ပြီး ငါ့ကို တောင်းပန်စမ်း။ မင်းအဖေရဲ့စကားအတိုင်း အမှားတစ်ခုလို့ ယူဆပြီး ခွင့်လွှတ်ပေးမယ်။ ဒါပေမယ့် မင်းက ကပ်ဘေးတံဆိပ်ငရဲ အဖွဲ့ဝင်တစ်ယောက်ဆိုရင် ချက်ချင်း ထွက်သွားစမ်း။ ငါက ဒီရန်ကြွေးကို ကပ်ဘေးငရဲအထိ လာရှင်းမယ်"

တိတ်ဆိတ်နေသော ကုချင်ကန်ကို သူက အဆက်မပြတ် ဖိအားပေးနေသည်။

"ညီလေးယွမ် ဒါက သေချာပေါက် နားလည်မှုလွဲတာပါ။ စီနီယာချင်ကန်က ရိုးရိုးတောင်းပန်လိုက်ရင် အဆင်ပြေမှာပါ။ ပြိုင်ပွဲကလည်း အခုထိ မပြီးသေးဘူးမလား။ ဓားအပျက်အစီးနယ်မြေကို အတွင်းပိုင်း ပြဿနာ မဖြစ်စေချင်ဘူး"

ထိုအချိန်တွင် လူတိုင်း လျစ်လျူရှုထားကြသော လင်းချန်က ဝင်ပြောလိုက်သော်လည်း မျက်နှာသာပေးခြင်း မခံရပေ။

"မင်းက ဘာကောင်မို့လို့ ဝင်စွက်ဖက်နေတာလဲ။ ဒီဓားက မင်းကို လုပ်ကြံတာဆိုရင်တော့ ငါ ခွင့်လွှတ်ပေးလိုက်မယ်"

ယွမ်ရှောင်၏ စကားကြောင့် သူက မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ခံအင်အားချင်း ကွာခြားနေသဖြင့် နောက်ဆုတ်ရန်သာ ဉာဏ်ရှိရှိ ရွေးချယ်လိုက်ရသည်။ ဤမြင်ကွင်းသည် ဓားကျင့်ကြံသူအားလုံးကို ထိတ်လန့်သွားစေကာ ယွမ်ရှောင်၏ သြဇာအာဏာ ဤမျှကြောက်စရာကောင်းလိမ့်မည်ဟု မျှော်လင့်မထားကြပေ။

"ချင်ကန် သခင်လေးယွမ်က မင်းရဲ့အပြစ်ကို ခွင့်လွှတ်ပေးပြီး ဓားအစောင့်အရှောက် ရာထူးကိုတောင် ယှဥ်ပြိုင်ခွင့်ပေးနေတယ်။ မြန်မြန် ကျေးဇူးတင်ပြီး ဒူးမထောက်သေးဘူးလား"

ဓားအစောင့်အရှောက်သည် ရေခဲတုံးပမာ အေးစက်ချင်ယောင်ဆောင်နေသော ကုချင်ကန်ကို စိုက်ကြည့်ကာ လှောင်ပြုံးတစ်ခုဖြင့် သတိပေးလိုက်လေသည်။

All Chapters