← Chapters

အဘိုးကြီးကု၏ မျက်ကန်းယုံကြည်မှု

Vol. 22 Ch. 283

အဘိုးကြီးကု၏ မျက်ကန်းယုံကြည်မှု

Vol. 22 Ch. 283

"သခင်လေးယွမ်က ပြပွဲကောင်းကောင်း ဖန်တီးတတ်တာပဲ"

မျိုးရိုးစဥ်ဆက် ယှဥ်ပြိုင်လာသောကြောင့် ဓားကျင့်ကြံသူများသည် ရုန်းကျင့်ကြံသူများအပေါ် ကြည့်မရပေ။ နယ်မြေ ကျယ်ဝန်း၍ အစွမ်းထက်သောကြောင့် ရုန်းကျင့်ကြံသူများက အမြဲတမ်း မောက်မာနေသဖြင့် လူသားမျိုးနွယ်ချင်းအတူတူ ဆီနှင့်ရေပမာ ပေါင်းစပ်မရနိုင်ချေ။ ချင်ကန်၏ လက်ထပ်မှုက ဤပြဿနာကို ဖြေရှင်းရန် လမ်းစဖြစ်သော်လည်း နှစ်ပေါင်းများစွာ တည်ရှိလာသော ပြဿနာမှာ ဖြေရှင်းမရခဲ့ပေ။ ဓားအပျက်အစီးနယ်မြေသည် အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက်ပြိုင်ပွဲကို ကြီးကျယ်ခမ်းနားစွာ နှစ်စဥ်ကျင်းပသော်လည်း ရုန်းကျင့်ကြံသူများ မကြာခဏ ရောက်ရှိလာကာ ပြဿနာရှာတတ်ကြ၏။

"ဒီကောင်တွေက အမြဲတမ်း မောက်မာရိုင်းစိုင်းနေကြတယ်။ အမည်ခံ ဓားအင်မော်တယ်နှစ်ယောက် ရှေ့မှာတောင် ဘဝင့်မြင့်နေကြတယ်"

ဓားကျင့်ကြံသူအများစုမှာ ကုမျိုးနွယ်၏ ကောလဟာလကို မယုံကြည်သဖြင့် ကြားနေသူများဖြစ်ရာ လက်ရှိတွင် ယွမ်ရှောင်ဘက်၌ ရပ်တည်ပေးခဲ့ကြ၏။

"ကောင်းပြီ။ အမည်ခံ ဓားအင်မော်တယ်ရဲ့ စိန်ခေါ်ချက်ကို ရုန်းကျင့်ကြံသူတွေက လက်ခံတယ်"

ဖုတိသည် ဓားအပျက်အစီးနယ်မြေ၏ ပြိုင်ပွဲကို ဝင်ရောက်နှောင့်ယှက်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။

"ငါ ရုန်းကျင့်ကြံသူတွေနဲ့ မတိုက်ခိုက်ဖူးဘူး။ စိတ်မပျက်စေနဲ့"

ယွမ်ရှောင်က သတိပေး၍ သူ၏ မျှော်စင်ရှိရာထံ တိုက်ပွဲအတွက် ပြင်ဆင်ရန် ထွက်ခွာသွားခဲ့ပြီး ကျင့်ကြံသူ အမျိုးအစား နှစ်ခု၏ တိုက်ပွဲကြောင့် ပရိသတ်များ ထပ်မံရောက်ရှိလာကာ နှစ်သန်းမကတော့ပေ။ ခဏတာအားဖြင့် လင်းချန်မှာ မေ့လျော့ခံလိုက်ရသော်လည်း ယွမ်ရှောင်ကို အေးစက်စက်စိုက်ကြည့်၍ တစ်ချက်ပြုံးကာ သူ၏ အခန်းသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့၏။ မျှော်စင်တစ်ခုအထက်တွင် ကုချင်ကန်သည် အဘိုးဖြစ်သူ အရိုးခြောက်စောင့်ရှောက်သူနှင့် တည်ရှိနေပြီး စစ်ခုံရန် သေဆုံးမှုကြောင့် ဝမ်းနည်းနေသော ကြီးကြပ်သူ စစ်ခုံ ပျောက်ကွယ်နေသည်။

"အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်က ခက်ခဲတဲ့ ပြိုင်ဘက်တွေမလား"

အဘိုးကြီးကုက အက်ကွဲနေသော အသံဖြင့် မေးလိုက်ရာ လက်ဖက်ရည် ငှဲ့ပေးနေသော ကုချင်ကန် လက်ခံခဲ့သည်။

"ဟုတ်ပါတယ်"

"ဒီနှစ်ယောက်က ကုမျိုးနွယ်အတွက် ကောင်းချီးလား ကျိန်စာလား။ မင်း ဘယ်လိုထင်လဲ"

"ကျိန်စာ"

အဘိုးကြီးကုက လက်ဖက်ရည် တစ်ငုံသောက်၍ ကုချင်ကန်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်သောအခါ မဆိုင်းမတွ ပြန်ဖြေလာခဲ့သည်။

"နှစ်ယောက်လုံးလား"

"ဟုတ်ပါတယ်"

"ချင်ကန် မင်းက ဓားကျင့်ကြံသူတစ်ယောက်ဆိုတာ မမေ့နဲ့။ ငါတို့အမြင်ကနေ ပြောသင့်တယ်"

အဘိုးကြီးကုက ခေါင်းတခါခါဖြင့် ပြုံးရယ်ကာ ထောက်ပြလိုက်သည်။

"အဘိုး ကျွန်မက ဓားကျင့်ကြံသူတစ်ယောက်ရဲ့ အမြင်က ပြောနေတာပါ"

သူမက တင်းမာစွာ တုံ့ပြန်၏။

"မင်းက နှစ်ယောက်လုံးကို သတ်ပစ်ချင်နေတယ်။ ဒါက ရုန်းကျင့်ကြံသူတစ်ယောက်ရဲ့ အတွေးပဲ။ ယွမ်ရှောင်က ဆူးတစ်ချောင်းဖြစ်ပြီး မုတန်းကျန်းက လွဲရင် ငါတို့အားလုံး သေစေချင်တယ်။ ဒါပေမယ့် သခင်လေးလင်းက အတွေ့အကြုံကြွယ်ဝပြီး ယုံကြည်ပေးဖို့ ထိုက်တန်တယ်။ အတိတ်ဘဝမှတ်ဉာဏ်တွေနဲ့ ပြန်လည်မွေးဖွားလာတဲ့ အင်မော်တယ်လည်း ဖြစ်တယ်။ သူက မင်းအတွက် ကာကွယ်ပေးခဲ့တာတောင် သတ်ချင်နေတုန်းလား။ ဒီအကြံကို စွန့်လွှတ်လိုက်တာ ကောင်းမယ်။ မဟုတ်ဂင် ငါတောင် ကယ်နိုင်မှာ မဟုတ်ဘူး"

အဘိုးကြီးကုက အံကြိတ်၍ တုံ့ဆိုင်းသွားရာမှ ဆက်ပြောသည်။

"အဘိုး ကျွန်မ အခုပြန်ရောက်လာတာ ဒီနှစ်ယောက်ကို မြန်မြန်သတ်ဖို့ ပြောချင်လို့ပါ။ လောလောဆယ်မှာ သူတို့က အားနည်းနေလို့ အခွင့်အရေးရှိတယ်။ တစ်ယောက်ကို အသက်ရှင်ခွင့်ပေးလိုက်ရင်တောင် ဓားအပျက်အစီးနယ်မြေအတွက် ကပ်ဘေးပဲ"

ကုချင်ကန်က လက်မခံဘဲ ခေါင်းမာစွာ သတိပေးသည်။

"တိတ်စမ်း။ အမည်ခံ ဓားအင်မော်တယ်ဆိုတာက ကောင်းကင်နဲ့ ဘိုး​ဘေးတွေရဲ့ လက်ဆောင်ပဲ။ သခင်လေးလင်းက ငါတို့ကို ရွှေခေတ်တစ်ခုဆီ ဦးဆောင်ပေးနိုင်ပြီး ငရဲကိုးထပ်ကို အုပ်စိုးနိုင်စေလိမ့်မယ်။ မင်းလည်း ကပ်ဘေးတံဆိပ်ငရဲကနေ ထွက်လာသင့်ပြီ။ သူနဲ့ ပူးပေါင်းလိုက်ရင် မင်းရဲ့ ယောကျ်ားတောင် အစေခံတစ်ယောက် ဖြစ်လာမှာပဲ။ ဘာကြောင့် ခေါင်းမာနေတာလဲ"

အဘိုးကြီးကု၏ မျက်လုံးများတွင် ဒေါသအရောင်တောက်နေသည်။

"ငရဲကိုးထပ်ကို အုပ်စိုးမှာလား။ ကျွန်မက အဘိုးလိုမျိုး အမည်ခံ ဓားအင်မော်တယ်ဆိုတာကို မျက်စိစုံမှိတ် မယုံကြည်နိုင်ဘူး။ လူငယ်လေးတစ်ယောက်က ဘယ်လောက်စွမ်းဆောင်နိုင်မှာမို့လို့လဲ။ တခြားငရဲတွေရဲ့ စောင့်ရှောက်သူတွေက သူတို့ အစွမ်းထက်လာဖို့ အချိန်ပေးရအောင် ရူးနေတာ မဟုတ်ဘူးလေ"

ကုချင်ကန်က အဘိုးဖြစ်သူနှင့် မျက်လုံးချင်း ဆုံကြည့်ကာ ကလန်ကဆန် ပြောလိုက်၏။

"ထာဝရဓားအကျဥ်းထောင်က ငရဲကိုးထပ်မှာ မဟာမိတ် မရှိဘူး။ လူတိုင်းက အဘိုးကို လူအိုကြီးတစ်ယောက်လို့ သတ်မှတ်ထားပြီး အရေးစိုက်မှာ မဟုတ်ဘူး"

သူမက ဆက်ပြောလိုက်ပြီး မရိုမသေလုပ်နေသေည်လည်း အမှန်တရားဖြစ်ကာ အဆက်အသွယ်ပေါများရာ၌ ကပ်ဘေးတံဆိပ်ငရဲနှင့် မယှဥ်သာချေ။ ၎င်းက နေရာတိုင်း၌ မဟာမိတ်ဖွဲ့ထားပြီး ထာဝရဓားအကျဥ်းထောင်၏ အနားတွင် ကမ္ဘာမကြေရန်သူများဖြစ်သော ရှေးဟောင်းနတ်ဆိုးငရဲနှင့် အဆုံးမဲ့ငရဲပြည် တည်ရှိနေ၏။

"ဘာဖြစ်ဖြစ် သခင်လေးလင်းက လောင်းကြေးထပ်ဖို့ ထိုက်တန်တယ်။ ငါတို့နိုင်ရင် မရေမတွက်နိုင်တဲ့ မျိုးရိုးအဆက်ဆက် ကောင်းကျိုးရလိမ့်မယ်"

"ရှုံးသွားရင်တော့ ငရဲရှစ်ထပ်က ထာဝရဓားအကျဥ်းထောင်ကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်လိုက်လိမ့်မယ်။ ဒါဆိုရင် ဓားကျင့်ကြံသူတွေ မျိုးတုံးသွားနိုင်လို့ ရှင်ရော မုတန်းကျန်းရော သမိုင်းတရားခံ ဖြစ်မှာပဲ"

ကုချင်ကန်က အေးစက်စက် ထောက်ပြသည်။

အဘိုးကြီးကု၏ အမြင်တွင် အမည်ခံ ဓားအင်မော်တယ်ဆိုသည်မှာ ပြိုင်ဘက်ကင်းဖြစ်သော်လည်း ဘက်ရွေးမှားနေပြီး လင်းချန်သည် ယွမ်ရှောင်ကိုပင် ဖိနှိပ်နိုင်စွမ်း မရှိပေ။ ငရဲရှစ်ထပ်လုံးနှင့် တိုက်ခိုက်ရလျှင် သေချာပေါက် ရှုံးနိမ့်မည်ဖြစ်သောကြောင့် အရူးတစ်ယောက်ဟု ကုချင်ကန်က သတ်မှတ်ထားသည်။ သူမ၏ အမြင်တွင် ဘိုးဘေးများက မျိုးဆက်သစ်များကို လှည့်ဖျားရန် လိမ်ဆင်တစ်ခု ချန်ထားရစ်ခဲ့သည်ဟု လက်ခံထား၏။ အမှန်တကယ်အားဖြင့် အခြားငရဲများ လုပ်ကြံလာလျှင် အမည်ခံ ဓားအင်မော်တယ်ဆိုသည်မှာ သေဆုံးရပေလိမ့်မည်။

"ပါးစပ်ပိတ်ထားစမ်း။ မင်းမှာလည်း မင်းရဲ့ အမြင်ရှိသလို ကုမျိုးနွယ်က သခင်လေးလင်းအပေါ် လောင်းကြေးထပ်ထားတယ်"

အဘိုးကြီးကု၏ အကြည့်က ​ဒေါသကြောင့် ထက်ရှလာ၏။

"ဘာလို့ လောင်းကြေးထပ်နေမှာလဲ။ ကျွန်မရဲ့ အကြံအတိုင်းဆိုရင် ကပ်ဘေးတံဆိပ်ငရဲနဲ့ မဟာမိတ်ဖွဲ့ပြီး ငရဲကိုးထပ်လုံးကို အုပ်ချုပ်နိုင်လိမ့်မယ်။ ဘာကြောင့် တခြားတစ်ယောက်ကို အားကိုးနေမှာလဲ။ အဘိုးလိုချင်တဲ့ ဓားအမွေအနှစ်ကိုလည်း ကျွန်မ ယူဆောင်ပေးနိုင်ပါတယ်"

"ချင်ကန် မင်းက မုတန်းကျန်းကို ဖြုတ်ချဖို့ အချိန်လိုတယ်။ ငါက ဒီလောက် မစောင့်နိုင်ဘူး"

သေရမည်ကို အကြောက်လွန်နေသော အဘိုးကြီးကုမှာ သူမ၏ အကြံကို မစောင့်နိုင်တော့ပေ။

"ရှင် မစောင့်နိုင်တာနဲ့ ထာဝရဓားအကျဥ်းထောင်ကို စတေးမလို့လား။ ဒီလောက် အသက်ရှည်ရှည်နေလာခဲ့တာတောင် တစ်ကိုယ်ကောင်းဆန်လွန်းတယ်"

ကုချင်ကန်က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။

"ငြင်းခုံနေလို့ အကျိုးမရှိဘူး။ ငါနဲ့ မင်းအဖေက လေယူရာယိမ်းနိုင်တဲ့ အခြေအနေမှာ မဟုတ်ဘူး။ မင်းဆိုရင်တော့ ကပ်ဘေးတံဆိပ်ငရဲမှာ ခိုလှုံနိုင်လိမ့်မယ်"

အဘိုးကြီးကုက စိုက်ကြည့်၍ ဆုံးဖြတ်ချက်ချလိုက်သည်။

"အဘိုးကို တစ်ခု သတိပေးရဦးမယ်။ တခြားငရဲတွေက အမည်ခံ ဓားအင်မော်တယ်ဆိုတာကို ထင်ထားတာထက် ကြောက်နေကြတယ်။.သူတို့က လုပ်ကြံဖို့ စီစဥ်နေကြပြီ။ ဒီပြိုင်ပွဲ ပြီးတာနဲ့တပြိုင်နက် လူသတ်သမားတွေ ရောက်လာကြလိမ့်မယ်။ လူသား၊ နတ်ဆိုးနဲ့ မိစ္ဆာတွေအားလုံး ရောက်လာနိုင်ချေရှိလို့ လင်းချန်က ငရဲကိုးထပ်တိုက်ပွဲမှာ ပါဝင်ဖို့အထိ အသက်မရှည်နိုင်မှာ စိုးရတယ်"

ကုချင်ကန်က အဘိုးဖြစ်သူကို ဖြောင်းဖျရန် လက်လျှော့လိုက်ပြီးနောက် သတင်းတစ်ခု ပေးလာသည်။

"သူတို့က မနာလိိုဖြစ်နေကြတာမလား"

အဘိုးကြီးကုက နှာခေါင်းရှုံ့သည်။

"ဒါက ပုံမှန်ပါပဲ။ ရန်သူတွေအချင်းချင်း အပေါ်စီးရနိုင်တဲ့ အနေအထားကို ဘယ်သူက ခွင့်ပြုချင်မှာလဲ။.အခု နှစ်ယောက်တောင်ရှိနေတာဆိုတော့ သူတို့က လာမသတ်ရင် အသတ်ခံရဖို့ စောင့်နေကြမှာလား"

ကုချင်ကန်က အေးစက်စက် ရယ်မောလိုက်သည်။

"သူတို့က သခင်လေးလင်း လက်အောက်မှာ ခစားလို့ ရပါတယ်"

အဘိုးကြီးကုက သေခြင်းတရားကို ကြောက်စိတ်ကြောင့် အမှန်တကယ် ရူးသွပ်နေပြီဖြစ်၏။

"နတ်ဆိုးတွေနဲ့ မိစ္ဆာတွေက လက်အောက်ခံမယ် ထင်လို့လား။ နတ်ဆိုးမျိုးနွယ်က ဓားကျင့်ကြံသူတွေအတွက် မွေးမြူရေးတိရစ္ဆာန်ဖြစ်လာပြီး ဖီးနစ်ဧကရီက လှောင်ချိုင့်ထဲမှာ အသုံးတော်ခံရမှာလား။ အဘိုးရဲ့ ဦးနှောက်က တစ်ခုခု မှားယွင်းနေပြီ။ အမည်ခံ ဓားအင်မော်တယ်ဆိုတာတွေကို လုပ်ကြံသတ်ဖြတ်လို့ ရနေတာကို ဒူးထောက်စရာလား။ အမှန်တရားကို လက်ခံလိုက်စမ်းပါ"

စကားအဆုံးတွင် ကုချင်ကန်သည် အဝေးသို့ ငေးကြည့်ကာ အဘိုးကြီးကုလည်း တိတ်ဆိတ်သွားခဲ့သည်။ ထာဝရဓားအကျဥ်းထောင်၌ အင်မော်တယ် လူဝင်စားဟု ထင်မှတ်ရသူနှစ်ယောက် ထွက်ပေါ်လာခြင်းသည် အခြားငရဲများကို စိုးရိမ်စေကာ ငရဲကိုးထပ်လုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေသည်။

"အဆုံးမဲ့ ငရဲပြည်က စစ်မင်းသမီးလည်း ကိုးဆင့်မိစ္ဆာသွေးကို အသက်သွင်းနိုင်ခဲ့ပြီလို့ ကြားတယ်။ အတိတ်မှာ ကျွန်မတို့တောင် သူမကို လုပ်ကြံချင်ခဲ့တယ်မလား။ အခု ဘယ်သူမှ မိစ္ဆာမျိုးနွယ်ကို ဂရုမစိုက်ကြဘူး။ အဲ့ဒီအစား သူတို့က အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်ကို လုပ်ကြံဖို့ လှုံ့ဆော်နေပြီး စစ်မင်းသမီး အောင်နိုင်သူဖြစ်လာအောင် ကြံစည်နေကြတယ်"

အချိန်တစ်ခုအကြာတွင် ကုချင်ကန်က ပြန်လည် စကားစလာသည်။

"ဒီလိုလား။ လောလောဆယ် ပြိုင်ပွဲပြီးမှ စဥ်းစားကြတာပေါ့"

အရိုးခြောက် စောင့်ရှောက်သူ အဘိုးကြီးကုသည် တိုက်ပွဲစင်မြင့်ထံ ငုံ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။

All Chapters