ဖြေရှင်းခြင်း
Vol. 018 Ch. 1717
ရှန့်ထိုရှား၊ ပြည်နယ်ကိုးခုကျောင်းတော်မှရှန့်ထိုလီ၊ ယွဲ့ကလန်မှ လစန္ဒာရှန့်ထို၊ ကျူးကော့ချန်းဖန်နှင့် ယွမ်ဟောင်တို့အပါအဝင် ကျင့်ကြံသူများစွာရောက်ရှိလာကြသည်။သူတို့၏ကျင့်ကြံခြင်းမှာ အောက်ဘုံတွင်ထိပ်ဆုံးဖြစ်သော ရှန့်ထိုအဆင့်သို့ရောက်ရှိနေကြပြီဖြစ်သည်။ နဂါးပတ်တောင်တန်းမှ တည်းခိုဆောင်သို့လာရန် ခြေလှမ်းအနည်းသာလှမ်းရန်လိုအပ်လေသည်။
ယခု သူတို့အားလုံးသည် နေရာအနှံ့တွင်ဖြန့်ကျက်ကာ ရပ်နေကြလေသည်။ သူတို့က အရှိန်အဝါများကိုထုတ်ဖော်ကာ လူငယ်များအား ပိတ်လှောင်ထားလိုက်သည်။
သို့သော် သူတို့က သိပ်မလွယ်ကူကြောင်း ခံစားမိနေကြသည်။ သူတို့၏ဖိအားအောက်တွင် အရှိန်အဝါကိုမှန်းဆလို့မရသော ထိုလူငယ်များက မည်သို့မျှမခံစားရသလို ရပ်နေကြလေသည်။ သူတို့ကို ကြည့်ရသည်မှာ မည်သည်ကိုမျှ မခံစားမိသလိုပင်။ သူတို့က စကားမပြောကြဘဲ အချင်းချင်းအသံပို့လွှတ်ကာ ဆက်သွယ်နေကြဟန်တူသည်။
ရှန်ကလန်သည် ဤတစ်ကြိမ်လာရောက်ကြခြင်းမှာ လျှို့ဝှက်တာဝန်ဖြင့်လာရောက်ကြခြင်းဖြစ်သည်။ သူတို့က တိတ်ဆိတ်စွာလှုပ်ရှား၍ ရီဖူရှင်း၏အတိတ်နှင့် သူ၏ဆွေမျိုးများကိုစုံစမ်းလိုခြင်းဖြစ်သည်။ စုံစမ်းပြီးလျှင် သူတို့က ဤနေရာသို့တစ်ခါမှရောက်မလာခဲ့ဖူးသလိုပင် တိတ်တဆိတ်ထွက်ခွာသွားမည်ဖြစ်သည်။ သူတို့၏စုံစမ်းမှုအကြောင်းကို ရီဖူရှင်းသာသိရှိသွားခဲ့လျှင် သူတို့စုံစမ်းရသမျှ အလကားဖြစ်သွားပြီး အနာဂတ်တွင် ရှန်ကလန်သည် ရီဖူရှင်းနှင့်ရင်ဆိုင်ရာ၌ ဝှက်ဖဲအဖြစ်အသုံးပြုနိုင်မည်မဟုတ်တော့သောကြောင့် သူတို့က သတိကြီးကြီးထားကာ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအခြေအနေအရဆိုလျှင် ရီဖူရှင်းနှင့် ပတ်သတ်သမျှလူအားလုံးကို သူတို့ပြန်ပေးဆွဲခေါ်ဆောင်သွားရန် လိုအပ်နေပြီလော...
သူတို့သာထိုသို့လုပ်ခဲ့ပါက ရီဖူရှင်းက ရှန်ကလန်ကို ထပ်မံကျူးကျော်တိုက်ခိုက်နိုင်ပေသည်။
သူတို့၏ပြန်ပေးဆွဲမှုမှာ အလကားဖြစ်သွားပေလိမ့်မည်။
ယခုအချိန်တွင် သူတို့၏လျှို့ဝှက်လှုပ်ရှားမှုမှာ ပေါ်ပေါက်သွားပြီဖြစ်သောကြောင့် ရှန်ကလန်မှလူငယ်များက ဖြစ်နိုင်ချေရှိသမျှကို စဥ်းစားဆုံးဖြတ်နေကြလေသည်။ သူတို့က အသံလှိုင်းများဖြင့်ဆက်သွယ်၍ တိုင်ပင်နေကြသည်။
"ငါတို့က သူတို့နဲ့တိုက်ခိုက်လို့မရဘူး။ သူတို့ကို ခြိမ်းခြောက်လို့ပဲရမယ်။ ပြီးရင် ငါတို့က ငါတို့ရဲ့အစီအစဥ်အတိုင်းဆက်လုပ်လို့ရမယ်။ ဒါက သေမျိုးကမ္ဘာဆိုတော့ သူတို့က ရီဖူရှင်းနဲ့အဆက်အသွယ်ပြတ်နေလောက်တယ်" ရှန်ကလန်မှလူငယ်များကို ဦးဆောင်လာသူက သူတို့၏နောက်ဆုံး ဆုံးဖြတ်ချက်ကိုကြေညာလိုက်သည်။
သူတို့သည် ရှန့်ထိုအဆင့်ကျင့်ကြံသူများကို မသတ်ဖြတ်ရန်ဆုံးဖြတ်လိုက်ကြသည်။
သူတို့အတွက် ထိုသို့လုပ်ခြင်းမှာ အလွန်အန္တရယ်များလေသည်။
သူတို့သာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကို မပြုလုပ်ခဲ့လျှင် ရီဖူရှင်းအနေဖြင့် ဤကိစ္စကိုမသိနိုင်လောက်ပေ။ ထိုရှန့်ထိုများသည် ရီဖူရှင်းနှင့်ရင်းနှီးသော ပတ်သတ်မှုမျိုးရှိနေသော်လည်း ထိုသည်မှာ အတိတ်ကဖြစ်ပေသည်။ သူ၏အစသည်သေမျိုးကမ္ဘာဖြစ်သော်လည်း နောက်ပိုင်းသူရှိနေသည့်နေရာမှာ ထိပ်ဆုံးအဆင့်မှဘုံကိုးခုဖြစ်လေသည်။ ထိုနေရာနှစ်ခုမှာအလွန်ကွာဝေးလှသည်ဖြစ်၍ ဤကျင့်ကြံသူများသည် ရီဖူရှင်းနှင့် အဆက်အသွယ်ပြတ်နေလောက်ပေသည်။
"ကျုပ်က ဒီမိန်းကလေးကိုနှစ်သက်မိလို့ သူမကို ဟိုဟိုဒီဒီခေါ်သွားမလို့ပါ။ စိတ်မပူပါနဲ့...ကျုပ်ကသူမကိုထိခိုက်အောင်မလုပ်ပါဘူး" ရှန်ကလန်မှလူငယ်များကို ဦးဆောင်လာသည့် ရှန်ကျန့်ကပြောလိုက်သည်။
"သူမကိုလွှတ်လိုက်" ယူချီက ကြောက်မက်ဖွယ် ထက်ရှသောအရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ သူ၏အကြည့်များက ရှန်ကျန့်ထံတွင်စွဲမြဲနေလေသည်။ သူသည် သူ၏မြေးဖြစ်သူအား လူစိမ်းတစ်ယောက်ကခေါ်ယူသွားမည်ကို ခွင့်မပြုနိုင်ပေ။
ရှန်ကျန့်က ယူချီအား ထူးမခြားနားစွာကြည့်လိုက်သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်မှ ရန်ဟောင်တပါး၏အရှိန်အဝါက ရုတ်တရက်ပေါက်ကွဲထွက်လာလေသည်။ ခဏချင်းပင် ကြောက်မက်ဖွယ်ဖိအားက နဂါးပတ်တောင်တန်းအပါအဝင် မြို့တစ်ခုလုံးအား လွှမ်းခြုံသွားလေသည်။
ရှန်ကျန့်၏ပုံရိပ်က ရုတ်ချည်းပင်ကြီးကျယ်ခမ်းနားသွားလေသည်။ သူသည်ထိုနေရာတွင်ပုံမှန်အတိုင်းသာ ရပ်နေသော်လည်း တခြားလူများအား သူ့ကိုခစားလိုစိတ်ပေါ်လာစေသည်။
ထိုအခိုက်တွင် ရှန့်ထိုရှား၊ ယူချီနှင့်ကျန်လူများ၏အမူအရာမှာ ရုတ်ချည်းပြောင်းလဲသွားကြသည်။ သူတို့၏ရင်ထဲတွင် တုန်လှုပ်ချောက်ချားသွားလေသည်။
ဤအရှိန်အဝါ...ဤအရှိန်အဝါသည် ရန်ဟောင်တပါး၏အရှိန်အဝါဖြစ်သည်။
"ဒါက သူမရဲ့ကံကြမ္မာပဲ" ရှန်ကျန့်က ထူးမခြားနားစွာပြောလိုက်သည်။ သူ၏အသံမှာအလွန်အားကောင်းလှသည်။ သူ၏နောက်မှလူနှစ်ယောက်သည်လည်း တူညီသောအရှိန်အဝါကိုထုတ်လွှတ်လိုက်လေသည်။ သူတို့သည်လည်း ရန်ဟောင်များပင်ဖြစ်နေလေသည်။
မြို့ထဲမှလူအားလုံးမှာ တုန်လှုပ်ချောက်ချားနေကြသည်။ တည်းခိုဆောင်ဝန်းကျင်မှလူများသည် မြေပေါ်သို့ဒူးထောက်ကာ ခစားတော့မလိုပင်ဖြစ်နေကြလေသည်။
သူတို့သည် ရန်ဟောင်များဖြစ်ကြလေသည်။
ပြည်နယ်ကိုးခု၏ အရှင်သခင်ဖြစ်သော အင်ပါယာရှားသည်သာ တစ်ဦးတည်းသော ရန်ဟောင်ဖြစ်သည်မဟုတ်ပေလော...။
သူတို့သုံးယောက်လုံးက အင်ပါယာရှားနှင့်အဆင့်တူများပင်ဖြစ်သည်။
တည်းခိုဆောင်တွင် ရီဖူရှင်း၏အကြောင်းအား ဝံ့ကြွားစွာပြောဆိုခဲ့သောသူသည်လည်း သူ၏နှလုံးသားတစ်ခုလုံး ကဆုန်ဆိုင်းနေသည်။ သူ၏မျက်နှာပင်အနီရောင်သို့ပြောင်းသွားလေသည်။ သူတို့က ရန်ဟောင်များ၏ရှေ့တွင် ပါရမီရှင်တစ်ဦး၏အကြောင်းကို ကြွားဝါပြောဆိုခဲ့မိသည်။
ရီဖူရှင်းက မည်မျှပင်ထက်မြက်စေကာမူ ရန်ဟောင်အဆင့်သည် ဝေးကွာလွန်းသောအိပ်မက်သာဖြစ်နေပေသေးသည်။
ထိုစဥ်က အင်ပါယာရှားသည် အောက်ဘုံသို့ သူ၏ကိုယ်စားလှယ်များကိုသာ စေလွှတ်ခဲ့သော်လည်း ပြည်နယ်ကိုးခုက အကြောက်တရားဖြင့်တုန်လှုပ်ခဲ့လေသည်။
ရှန့်ထိုရှားနှင့် ကျန်လူများ၏အမူအရာကားအလွန်ပြောင်းလဲသွားလေသည်။ ရန်ဟောင်သုံးပါးက သူတို့၏ရှေ့တွင်မတ်တပ်ရပ်နေသည်။
ယခုအချိန်ထိ အင်ပါယာရှားဘုံတစ်ခုလုံးတွင် ရန်ဟောင်တပါးသာရှိပြီး ထိုသည်မှာအင်ပါယာရှားပင်ဖြစ်သည်။
ထိုကဲ့သို့သော တည်ရှိမှုမျိုးက သူတို့၏ပြည်နယ်ကိုးခုဒေသကဲ့သို့ အောက်ဘုံတွင် အဘယ်ကြောင့်ပေါ်ပေါက်လာရသနည်း။
"ငါတို့အခုသွားလို့ရပြီလား...'' ရှန်ကျန့်က လက်နှစ်ဖက်လုံးကို ရှေ့သို့ဆန့်ကာပြောလိုက်သည်။ ထိုအခိုက်တွင် လေထဲမှရှန့်ထိုများသည် သူတို့၏ခန္ဓာကိုယ်များ မလှုပ်ရှားနိုင်တော့သည်ကို ခံစားမိလိုက်သည်။ပြည်နယ်ကိုးခု၏ထိပ်ဆုံးတွင် ရပ်တည်နေခဲ့သော ထိပ်သီးပုဂ္ဂိုလ်ဖြစ်သည့်ထိုအုပ်စုသည် ထိုပြိုင်ဘက်များရှေ့တွင်မူ ပုရွတ်ဆိတ်သာသာ သာရှိလေသည်။
ရန်ဟောင်....
ဤနေရာတွင် အင်ပါယာရှားရှိနေခဲ့လျှင်ပင် သူသည်လည်းဘာမျှတတ်နိုင်မည် မဟုတ်ပေ။
"ဘုန်း..." အားကောင်းသောအရှိန်အဝါက ရှန်ကျန့်ဆီမှထွက်ပေါ်လာပြီး ရွှယ်ကောင်းအားလွှမ်းခြုံသွားသည်။ သူ၏မျက်ခုံးနှစ်ခုကြားတွင် နတ်မျက်လုံးတခုရှိနေဟန်ပေါ်သည်။ ခဏချင်းပင် သူကရွှယ်ကောင်း၏မှတ်ဉာဏ်များအား ကျုးကျော်ဝင်ရောက်ပြီး သတင်းအချက်အလက်များစွာ ရရှိသွားလေသည်။
အရှေ့မြေရိုင်းဒေသ၊ စာအုပ်တောင်၊ ကော့တေး၊ ဂူတုံးလျှို...
ကြည့်ရသည်မှာ ရီဖူရှင်းမည်သည့်နေရာမှလာသည်ကို အတိအကျသိရန် စာအုပ်တောင်သို့သွားဖို့ လိုသေးဟန်ပေါ်သည်။
ဤ မိန်းမပျိုလေး၏အဆင့်အတန်းသည် အမှန်တကယ်ပင် ရီဖူရှင်းနှင့်အလွန်နီးစပ်သောသူ ဖြစ်နေလေသည်။ သူမသည် သူ၏အကိုကြီး၏သမီးဖြစ်သည်။
ရွှယ်ကောင်း၏ အားနည်း၍ဖြူဖျော့နေသောပုံရိပ်လေးက သူမ၏စိတ်တွင်းသို့ကျူးကျော်ဝင်ရောက်နေသော စွမ်းအားကြောင့် လေထုထဲတွင်လွင့်မျောနေလေသည်။ တဖက်လူကဘာလုပ်နေသည်ကိုပင် သူမနားမလည်ပေ။ အဆုံးတွင်တော့ သူမ၏ကျင့်ကြံဆင့်မှာ အလွန်နိမ့်ကျနေပေသေးသည်။ သူမ၏ပြိုင်ဘက်ရှေ့တွင် သူမသည်ပုရွတ်ဆိတ်တကောင်မျှသာ ဖြစ်သည်။
" သူမကိုလွှတ်လိုက်" ယူချီ၏မျက်လုံးများက သွေးနီရောင်လွှမ်းလာသည်။ သူ၏ခန္ဓာကိုယ်က အပူရှိန်များတက်လာပြီး အဝတ်အစားများကစုတ်ပြဲသွားသည်။ သူ၏ခန္ဓာကိုယ်တခုလုံးက ဆေးနီရောင်ခြယ်ထားသကဲ့သို့ နီရဲလာလေသည်။
ရွှယ်ကောင်းမှာသူ၏ မြေးဖြစ်သည်။ သူ၏ပြိုင်ဘက်မှာ မည်မျှပင်အားကောင်းနေစေကာမူ သူသည်ဤသည်ကိုမည်သို့သည်းခံနိုင်ပါမည်နည်း။
" ဘန်း...." ထောင်ကျန်းကလည်း ရှေ့သို့တစ်လှမ်းတက်လိုက်သည်။ သူ၏အမူအရာမှာ အလွန်ပင်ကြည့်ရဆိုးနေပေသည်။ သို့သော်လည်း ရှန်ကျန့်က သူ၏လက်များအား ရိုးရှင်းစွာရှေ့သို့ဆန့်တန်းလိုက်သည်ကို မြင်ရသည့်အခိုက်တွင်အဆင့်ကွာခြားချက်၏ ဖိအားကိုအဆုံးစွန်ထိခံစားလိုက်ရပြီး စိတ်ပျက်ဝမ်းနည်းမှုများကြီးစိုးလာလေသည်။
ဤနေရာသည် လုံးဝတိတ်ဆိတ်သွားလေသည်။
" ဖတ်..." ရှန်ကျန့်က သူလိုချင်သောသတင်းများရရှိပြီးသည်နှင့် လက်ကိုမြှောက်ကာ ရွှယ်ကောင်းအား ယူချီထံသို့ပစ်ပေးလိုက်သည်။ သူတို့အား လူများကမြင်သွားပြီဖြစ်၍ ပုန်းလျှိုးကွယ်လျှိုး လုပ်နေစရာမလိုတော့ပေ။ ရွှယ်ကောင်းက သူတို့အတွက် အသုံးမဝင်တော့ပေ။ သူတို့က ရွှယ်ကောင်းနှင့်သေမျိုးကမ္ဘာမှလူများကိုထိလိမ့်မည် မဟုတ်ပေ။ ဤနည်းအားဖြင့် ဤကိစ္စ၏ အဖြစ်အပျက်မှာအပြင်သို့ပေါက်ကြားမသွားနိုင်တော့ပေ...
" သွားကြမယ်..." ပုံရိပ်သုံးခုက ချက်ချင်းပင်လှုပ်ရှားလိုက်ပြီး သူတို့၏မူလနေရာမှပျောက်ကွယ်သွားလေသည်။ ထို့နောက်ချက်ခြင်းပင် အထက်ကောင်းကင်ယံတွင်ပေါ်လာလေသည်။
ပြည်နယ်ကိုးခုမှ မည်သူမျှသူတို့အား မတားဆီးနိုင်ပေ။ ပြည်နယ်ကိုးခုမှလူများအတွက် သူတို့အား တားဆီးရန်မှာမဖြစ်နိုင်ပေ။ သူတို့ကတူညီသော အဆင့်တွင်ပင်မရှိကြပေ။
"ဘုန်း..."
ထိုအခိုက်တွင်ပင် ကောင်းကင်ယံမှကြမ်းတမ်းသော မြည်သံကြီးထွက်ပေါ်လာသည်။ လူတိုင်းက ခေါင်းကိုမော့ကာကြည့်လိုက်ကြသည်။ အထက်ကောင်းကင်တွင် နတ်ဘုရားတပါး၏ ကြီးမားသောလက်ကြီးက အဝေးမှပေါ်ပေါက်လာဟန်တူသည်။ ထိုအရာသည် အရာအားလုံးကိုဖိနှိပ်ထားပြီး ရန်ဟောင်သုံးယောက်ထံသို့ တိုက်ရိုက်သက်ဆင်းသွားသည်။
ကြောက်မက်ဖွယ်အလင်းတန်းကြီးက ရန်ဟောင်သုံးယောက်၏ခန္ဓာကိုယ်ထံမှပေါက်ကွဲထွက်လာသည်။ ထိုအလင်းတန်းက မိုင်ထောင်ပေါင်းများစွာကိုဖြတ်သန်းသွားသလိုပင်။ ထိုအခိုက်တွင်အောက်မှလူများက ရန်ဟောင်များ၏ကြီးကျယ်ခမ်းနားမှုကို ခံစားလိုက်ကြရသည်။
သူတို့၏ အမြင်အရ ရန်ဟောင်များသည်နတ်ဘုရားများကဲ့သို့တည်ရှိမှုမျိုး ဖြစ်ပေသည်။
ကောင်းကင်ယံမှဆင်းသက်လာသော ကြီးမားသည့်လက်ကြီးမှာ ရွှေရောင်လက်သည်းတခုဖြစ်နေသည်။ ခဏချင်းပင် ထိုလက်ကြီးက ရန်ဟောင်သုံးပါးကို ဖမ်းဆုပ်လိုက်သည်။ ကောင်းကင်မှနေ၍ သူတို့အားမြေပေါ်သို့ အရှိန်ဖြင့်လွှဲရိုက်လိုက်ပြီး မြို့ထဲမှနေရာတခုအား ပေါက်ကွဲသွားစေသည်။ မရေမတွက်နိုင်သော အပိုင်းအစများထွက်ပေါ်လာသည်။
ကြီးမားပြီးအဆုံးမရှိသော လက်သည်းကြီးက ကြမ်းပြင်တွင်ရှိနေသည့် ရန်ဟောင်သုံးယောက်ကို ဖိနှိပ်ကာလက်ဝါး၏အောက်တွင်သူတို့အား အကျဥ်းချထားလိုက်သည်။
မြို့ထဲမှ မရေမတွက်နိုင်သောလူများက ထိုမြင်ကွင်းကို အိပ်မက်သဖွယ်ခံစားလိုက်ကြရသည်။
ရန်ဟောင်သုံးပါးသည် အဝေးမှရောက်လာသောလက်သည်းတစ်ချက်ထဲဖြင့် ကောင်းကင်ပေါ်မှလွင့်စင်ကျလာပြီး မည်သို့မျှပင် ပြန်လည်မခုခံနိုင်လိုက်ပေ။
သူတို့သည် ပြည်နယ်ကိုးခုမှလူများအပေါ်တွင် လွှမ်းမိုးချုပ်ကိုင်ထားနိုင်သည့် အင်ပါယာရှားနှင့် အဆင့်တူတည်ရှိမှုမျိုးဖြစ်သည့် ရန်ဟောင်များဖြစ်ကြသည်။
"ဘန်း..."
တောက်ပသောရွှေရောင်အလင်းတန်းက ကောင်းကင်ဘုံမှ နတ်မင်းများဆင်းသက်လာသလိုပင်ကျဆင်းလာသည်။ ထိုသည်မှာနတ်ငှက်ဖြစ်သည့် ရွှေတောင်ပံခွန်ပန်ငှက်ဖြစ်လေသည်။
ထိုငှက်ကြီးသည် သူ၏အတောင်ပံများကိုဖြန့်ကားထားပြီး ကောင်းကင်နှင့်နေမင်းကိုပင် ဖုံးကွယ်လိုက်လေသည်။သူ၏ရွှေရောင်နတ်တောင်ပံများက နတ်လက်နက်အားလုံးထက် ပို၍ထက်ရှပုံပေါ်သည်။ မည်သူမျှသူ၏ ထူးခြားသော ဧရာမမျက်လုံးကြီးများထဲသို့ မကြည့်ဝံ့ကြပေ။
ရွှေအတောင်ပံခွန်ပန်ငှက်သည် ခွန်ပန်ကလန်တွင် မြင့်မြတ်သောတည်ရှိမှုမျိုးဖြစ်သည်။ သူသည် ယခုတစ်ခေါက်တွင် စီးတော်အဖြစ် မလုပ်ချင်လုပ်ချင်ဖြင့် ဆောင်ရွက်ရခြင်းမှာ အမြန်ရောက်လိုသောကြောင့်ဖြစ်ပေသည်။တကယ်တော့ သူ၏ဆက်ခံသူများထဲမှတစ်ဦးအား လေ့ကျင့်ရာတွင် ရီဖူရှင်းအားကူညီပေးစေလိုသောကြောင့်ဖြစ်ပေသည်။ မဟုတ်လျှင် အဆင့်မြင့်ဒီမွန်အင်ပါယာတစ်ပါးအနေဖြင့် သူက ဘယ်လိုလုပ် စီးတော်ဖြစ်လာမည်နည်း။
ထို့အပြင် ကောင်းကင်ဘုံအာဏာစက်ကျောင်းတော်သည် အားကောင်းသောအင်အားစုမဟုတ်သလို ခွန်ပန်ကလန်သည်လည်း ရီဖူရှင်း၏လက်အောက်ခံမဟုတ်ပေ။
ယခုအချိန်တွင်မူ နဂါးပတ်တောင်တန်းမှလူများသည် ကြောက်လန့်မှုနှင့် အံ့သြမှုကိုခံစားနေကြရလေသည်။
ရှန့်ထိုရှား၊ ကျူးကော့ချန်းဖန်နှင့် အခြားလူများပင်လျှင် စိတ်ထဲ၌တုန်လှုပ်နေမိသည်။ ထိုနတ်ငှက်က သူတို့အားလုံးကို အလွယ်တကူနင်းခြေသွားနိုင်လေသည်။
ထို့နောက်တွင် ညင်သာသောအသံက ပေါ်ထွက်လာသည်။ ထိုအသံနောက်တွင် ကောင်းကင်ယံရှိ ရွှေအတောင်ပံခွန်ပန်ငှက်၏ကျောပေါ်မှ အမျိုးသမီးတစ်ဦး ခုန်ဆင်းလာသည်ကို လူအုပ်ကြီးကမြင်လိုက်ရလေသည်။ သူမ၏အဖြူရောင်ဝတ်စုံက လေထဲတွင်လွင့်နေပြီး သူမ၏ပုံစံမှာ အေးစက်၍လှပလေသည်။ သူမ၏ဘေးမှလူသည် စာပေသမါးပုံစံအဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။ သူသည် ခန့်ညားပြီး ထူးကဲလှသည်။ သူ၏ဟန်ပန်အမူအရာမှာ ရင်သပ်ရှုမောဖွယ်ကောင်းလှပေသည်။
"ဆရာ၊ ဦးလေး..." တခြားအသံတစ်ခုက အော်ခေါ်လိုက်လေသည်။
အုပ်စုတစ်စုက တစ်ယောက်ပြီးတစ်ယောက်ဆင်းသက်လာလေသည်။ သူတို့ရှေ့တွင်ပေါ်လာသော ထိုလူရိပ်များကို ပြည်နယ်ကိုးခုမှရှန့်ထိုများရှင်းလင်းစွာ မြင်လိုက်ရသောအချိန်တွင် ထိုလူများကိုကြည့်နေကြသော မြေပြင်မှလူများ၏အကြည့်များက အေးခဲသွားလေသည်။
ထိူလူရိပ်များသည် အလွန်ရင်းနှီးသောပုံရိပ်များဖြစ်နေပေသည်။
ကျူးကော့မင်းယွီနှင့် ဂူတုံးလျှို...
ရီဖူရှင်းနှင့် ယူချင်း...
ဟွာဂျီယူလည်းရှိနေပေသည်။
ထိုသည်မှာ...
ရီဖူရှင်းပင်ဖြစ်လေသည်...။
အောက်မှလူများ၏အသံများက လျှံထွက်လာကာ ဟိန်းသံကျယ်ကြီးပင်ဖြစ်ပေါ်လာလေသည်။ ထိုသည်မှာ ရီဖူရှင်းဖြစ်လေသည်။
"ဘုရားရေ...သူတို့ဘာတွေများမြင်နေရတာလဲ..."
ရီဖူရှင်းနှင့် တခြားလူများပြန်လာကြလေပြီ။ သူတို့သည် သေမျိုးနယ်ပယ်သို့ဆင်းသက်လာသော နတ်ဘုရားများနှင့်တူလှပေသည်။ ရန်ဟောင်အဆင့်မှလူမျပင်လျှင် ထိုဒီမွန်သားရဲ၏လက်သည်းများအောက်တွင် ချက်ချင်းဖိနှိပ်ခံလိုက်ရလေသည်။
ထိုသည်မှာ အလွန်ဒဏ္ဍာရီဆန်လှပေသည်။
ထောင်ကျန်း၊ ကျူးကော့ချန်းဖန်နှင့် အခြားလူများက အချိန်အတန်ကြာသည်အထိ ကြက်သေသေနေကြလေသည်။ နောက်ဆုံးတွင် သူတို့အမြင်မှားခြင်းမဟုတ်ကြောင်း နားလည်သွားလေသည်။ ထိုသည်မှာ ရီဖူရှင်းဖြစ်သည်။ သူပြန်လာလေပြီ။
"ဆရာနဲ့ စီနီယာတို့ ကျွန်တော်သူတို့ကို အရင်ဖြေရှင်းလိုက်ဦးမယ်" ရီဖူရှင်းကပြောလိုက်သည်။ ထို့နောက် သူကအောက်သို့ငုံ့ကာ မြေပေါ်ရှိရန်ဟောင်သုံးယောက်ကို ကြည့်လိုက်သည်။
ရှန်ကလန်က ဤနေရာသို့ရောက်သည်အထိ အမှန်တကယ်ပင် သူ၏နောက်ကြောင်းကို စုံစမ်းနေခဲ့ခြင်းဖြစ်သည်။
သူ၏လက်တွင်ရှုံးနိမ့်ခဲ့ပြီးနောက် သူ၏နောက်ကြောင်းကိုစတင်စုံစမ်းခဲ့သည်တဲ့လား...
သူသည် အတွေးဖြင့်အနည်းငယ်တုန်လှုပ်မိသွားသည်။ ကံကောင်းစွာပင် သူပြန်ရောက်လာချိန်တွင် ထိုရန်ဟောင်သုံးယောက်နဲ့ရင်ဆိုင်တွေ့ခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် အကျိုးဆက်များသည်ကား မတွေးဝံ့စရာပင်။
"ငါတို့က သူတို့ကို တစ်ခုခုလုပ်ဖို့ တစ်ခါမှမစီစဥ်ခဲ့ဖူးဘူး" ရှန်ကျန့်က ရီဖူရှင်းအားကြည့်ကာပြောလိုက်သည်။ သူသည်အလွန်အံ့သြနေလေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်က တပည့်သစ်များလက်ခံခြင်းဖြင့် အလုပ်ရှုပ်နေခြင်း မဟုတ်လော...။
ရီဖူရှင်းက အမှန်တကယ်ပင် အောက်ဘုံသို့လာရောက်ခဲ့ပြီး သူတို့က တိုက်ဆိုင်စွာထိပ်တိုက်တွေ့ခဲ့လေသည်။
"စီနီယာ...သူတို့ကိုဖြေရှင်းဖို့ စီနီယာကိုအနှောက်အယှက်ပေးလို့ရမလား" ရီဖူရှင်းက
ရွှေအတောင်ပံခွန်ပန်ငှက်ကိုကြည့်ကာပြောလိုက်သည်။ ရွှေအတောင်ပံခွန်ပန်ငှက်က ရုတ်ချည်းပင်ထိုးဆင်းသွားကာ ရန်ဟောင်သုံးယောက်ကို လက်သည်းဖြင့်ကုတ်ချီလိုက်ပြီး ကောင်းကင်ယံသို့ပျံတက်သွားလေသည်။
"ရီဖူရှင်း" ရန်ဟန်သုံးယောက်က အော်ဟစ်လိုက်လေသည်။ "ရှန်ကလန်က မင်းကို နောက်ဆုံအကြိမ်တုန်းက လွတ်မြောက်ခွင့်ပေးခဲ့တယ်။ မင်းသာငါတို့ကိုသတ်လိုက်ရင် ရှန်ကလန်က သေချာပေါက်ဒီအကြောင်းကိုသိမှာပဲ။ မင်းက တကယ်ကြီး စစ်ဖြစ်စေချင်တာလား..."
"မင်းတို့ကမကြောက်သရွေ့တော့ ငါလည်းကြောက်နေမှာမဟုတ်ဘူး..." ရီဖူရှင်းကပြောလိုက်သည်။ "သူတို့ကို သတ်လိုက်ပါ"
သူက ထိုစကားကိုအဆုံးသတ်လိုက်သည်နှင့် ကောင်းကင်ယံတွင် သွေးပျက်ဖွယ်အော်ဟစ်သံများဖုံးလွှမ်းသွားလေသည်။
လတ်ဆက်သောသွေးများက အပေါ်မှကျဆင်းလာသည်။
ထိုသည်မှာ လက်တွေ့ဆန်လွန်းလှပေသည်။
လူအများစုက ကောင်းကင်ယံသို့မော့မကြည့်ရဲကြပေ။ ရန်ဟောင်များက ထိုသို့တစစီစုတ်ဖြဲခံလိုက်ရသည်တဲ့လား...
ထိုသည်မှာ ရက်စက်လွန်းလှပေသည်။
ရှန်ကလန်မှလူများကို အောက်ဘုံသို့ထပ်မံစေလွှတ်မည်ဟုတ်မဟုတ် မည်သူကသိမည်နည်း။
" ဦးလေးရီ..." အောက်မှပုံရိပ်တစ်ခုက ရီဖူရှင်းထံသို့လျှောက်လာလေသည်။ သူမကား ရွှယ်ကောင်း ဖြစ်သည်။ သူမသည် အနည်းငယ်ကြောက်နေပုံပေါ်သည်။ နှစ်ပေါင်းများကြာ သူ့ကိုမတွေ့ရသည်ဖြစ်၍ ဦးလေးရီသည်သူမနှင့် စိမ်းနေမည်လားတော့မသိပေ။
သိုသော်လည်း သူမသည် ဦးလေးရီအားသတိရနေလေသည်။ ရီဖူရှင်းက သူမအားငယ်ငယ်တုန်းက တုန်နေအောင်ချစ်ခဲ့သည်ကို သူမ မှတ်မိသေးပေသည်။
" ကောင်းမလေးတောင် မိန်းမပျိုလေးဖြစ်နေပြီပဲ..." ရီဖူရှင်းဖြေးညင်းစွာပြောလိုက်သည်။
"ရီဖူရှင်း..."ပုံရိပ်များက ရှေ့သို့တခုပြီးတခုထွက်လာသည်။ ရီဖူချင်းက သူ့နားကိုရောက်လာသောအဖွဲ့ကိုကြည့်ပြီး ပြုံးကာပြောလိုက်သည်။" စီနီယာ... အားလုံးက ဒီမှာရောက်နေကြပြီ။ အဲ့တာကြောင့် ပြသနာအများစုတော့အဆင်ပြေသွားမှာပါ။ အခုနကလူတွေက ကျွန်တော်အထက်ဘုံမှာဆန့်ကျင်မိခဲ့တဲ့အင်အားစုက လူတွေပဲ။ အဲ့ဒီက အင်အားစုက အရမ်းအားကောင်းတယ်။ အဲ့ဒါကြောင့် သူတို့က ဒီနေရာထိရောက်အောင်ရှာဖွေနိုင်ခဲ့ကြတာ။ ကံကောင်းသွားတာက ကျွန်တော်ကဆရာနဲ့ စီနီယာတို့ကိုအထက်ဘုံမှာကျင့်ကြံဖို့လာခေါ်တာနဲ့ ကြုံသွားတာပဲ..."
မည်သို့ပင်ဆိုစေ ဆရာ၊ ဦးလေးကျူးကော့ နှင့် တခြားသူများက ရီဖူရှင်းနှင့်ရင်းနှီးသူများဖြစ်ကြသည်။ သူသည် အနာဂတ်တွင် ရှန်ကလန်မှ ခြိမ်းခြောက်ခြင်းကိုကာကွယ်ရန် သူတို့အားဒီနေရာမှခေါ်ထုတ်သွားရပေမည်။
အရင်ကတည်းက မိတ်ဆွေဟောင်းများဖြစ်ခဲ့သည့်အတွက် ထိုအရာမှာပြသနာမရှိပေ။ သူ၏မိတ်ဆွေများကို ဖမ်းဆီးခြင်းဖြင့် သူ့အားခြိမ်းခြောက်ရန်လုံလောက်သည်ဟု ယုံကြည်ရလောက်အောင် ရှန်ကလန်က အရူးမဟုတ်ပေ။
"နဂါးပတ်တောင်ကိုအရင်သွားကြရအောင် ပြီးမှစကားဆက်ပြောကြတာပေါ့" ထောင်ကျန်း ကပြောသည်။ သူသည်ယခုတိုင်ဖြစ်ပျက်ခဲ့သောအရာများကို အသေအချာစဥ်းစားရန် လိုအပ်နေပေသေးသည်။
***