← Chapters

မျက်ရည်များ

Vol. 018 Ch. 1718

မျက်ရည်များ

Vol. 018 Ch. 1718

ရီဖူရှင်းနှင့်သူ့လူများသည် နဂါးပတ်တောင်သို့ ရောက်လာကြ၏။ ထိုသတင်းများကို ကြားပြီးနောက်တွင် မြို့သည် အုံးအုံကြွက်ကြွက်ဖြစ်သွား၏။

ယနေ့ကား ကျူးကော့ချန်းဖန်၏မွေးနေ့မင်္ဂလာပွဲဖြစ်၏။ ပြည်နယ်ကိုးခုမှ တန်ခိုးရှင်များအားလုံး စုစည်းနေကြကာ အရာအားလုံးသည် သက်ဝင်လွန်းလှ၏။ သို့သော်လည်း ရန်ဟောင်တချို့ ရုတ်တရက် ရောက်လာခဲ့ကာ ပြဿနာရှိ၏။

မျက်လုံးတမှိတ်အတွင်း ထိုရန်ဟောင်များ အသတ်ခံခဲ့ရသည်။

ထိုအရာက အိပ်မက်ဆန်လွန်းလှ၏။

ပြည်နယ်ကိုးခုမှ ထိုဒဏ္ဌာရီဆန်သော လူငယ်သည် ထိုအဆင့်သို့ အမှန်တကယ် ရောက်သွားပြီလား။

ရီဖူရှင်းသည် လက်ရှိတွင် မည်သည့်အဆင့်ကို ရောက်နေသနည်း။

ရီဖူရှင်းသည်လည်း ရန်ဟောင်ဆင့်သို့ ရောက်နေပြီးဖြစ်မည်မှာ အသေအချာ။

ရန်ဟောင်ဆိုသည်မှာ ပြည်နယ်ကိုးခုမှ လူများအတွက် တစ်ခါမှ မမြင်ဖူး၊ မကြားဖူးသော တည်ရှိမှုမျိုးဖြစ်သည်။ ရန်ဟောင်ကိုထား၊ ရှန့်ထိုတစ်ပါးကိုပင် တွေ့ဖူးရန် ခက်ခဲပေသည်။

နဂါးပတ်တောင်ပေါ်တွင်တော့ ရီဖူရှင်း ပြန်ရောက်လာခြင်းက အားလုံးကို ပြန်လည်စုဝေးဖြစ်စေသည်။

ရီဖူရှင်းက လတ်တလောအခြေအနေကို အကြမ်းဖျင်းရှင်းပြကာ ပြည်နယ်ကိုးခုမှ ရှန့်ထိုများကို အထက်ဘုံသို့ လိုက်ရန် ခေါ်သည်။ ရှန့်ထိုအများအပြားကလည်း သဘောတူကြ၏။ အမှန်တကယ်အားဖြင့် သူတို့၏အသက်အရွယ်နှင့် တန်ခိုးအဆင့်အရ ပြည်နယ်ကိုးခုတွင် မည်သည့်အရာကမှ စိတ်လှုပ်ရှားမှု မပေးနိုင်တော့ပေ။ ပြည်နယ်ကိုးခုသည် ငြိမ်းချမ်းလွန်းရာ ထိုအဖြစ်က သူတို့အတွက် တိုးတက်ရန် အခွင့်အလမ်းမရှိသလို ဖြစ်နေသည်။

အကယ်၍ သူတို့သာ အထက်ဘုံများသို့ သွားရောက်လေ့ကျင့်ပါက အဆင့်တက်ရန် အခွင့်အလမ်းများ ရလာပေလိမ့်မည်။

သို့သော်လည်း အချို့က သူတို့၏မျိုးဆက်များကို စိုးရိမ်ပူပန်ကြ၏။ သို့သော်လည်း အင်ပါယာရှားက သူတို့အား ဂရုစိုက်ပေးမည်ဖြစ်ကြောင်း ရီဖူရှင်းက အသိပေးသည်။ ထို့အပြင် ရီဖူရှင်းက အနာဂတ်တွင် အထက်ဘုံနှင့် အောက်ဘုံကို ဝင်္ကပါဖြင့် ဆက်သွယ်ကာ အဆင့်မြင့်တန်ခိုးရှင်များကို စေလွှတ်လျှက် အောက်ဘုံ၌လည်း လမ်းစဉ်ကို ဖြန့်ကျက်သင်ကြားပေးရန် တွေးထားပေသည်။

ရှန့်ထိုများအားလုံးက ကမ်းလှမ်းမှုကို စဉ်းစားရန် ရက်အချို့ လိုအပ်သည်။ ရီဖူရှင်းက စုဝေးမှုကို အဆုံးသတ်လိုက်၏။ ထို့နောက်တွင် သူသည် တော်ဝင်ကျဲနန်းတော်ကို သွားရောက်ကာ တပည့်များကို စုဝေးပြီး သင်ခန်းစာတချို့ ပို့ချသည်။ နန်းတော်သခင်ရီဖူရှင်း၏အဆင့်ကို သိမြင်ရပြီးနောက်တွင် သူတို့အားလုံး ကြီးစွာ စိတ်လှုပ်ရှား ဂုဏ်ယူကြ၏။ ရီဖူရှင်းကား ရန်ဟောင်အဆင့်သို့ ရောက်နေလေပြီ။

ရီဖူရှင်းက နှစ်အတော်ကြာအောင် နန်းတော်မှ ထွက်ခွာသွားခဲ့သော်လည်း သူသည် နန်းတော်၏သခင်ဖြစ်နေဆဲပင်။

နန်းတော်တွင် ရီဖူရှင်းက လမ်းစဉ်နှင့်ပတ်သက်၍ သင်ကြားပို့ချသည်။ ထို့အပြင် သူသည် အထက်ဘုံမှ များစွာသော ကျမ်းစာများ၊ ပညာရပ်ဆိုင်ရာ စာပေများနှင့် မရေမတွက်နိုင်သော ရတနာများကို သယ်ဆောင်လာခဲ့သည်။ ထိုအရာအားလုံးအားလုံးကို စီမံပြီးနောက်တွင် ရီဖူရှင်းသည် နန်းတော်မှ တဖန် ထွက်ခွာသွားခဲ့တော့သည်။

…

အရှေ့ဘက်ပြည်နယ်မှ မှန်နန်းတော်သည် ယခင်က ဖျက်သိမ်းခဲ့၏။ သို့သော်လည်း လွန်ခဲ့သော ၇နှစ်က မှန်နန်းတော်သခင်မ ပြန်ရောက်လာခဲ့ကာ မှန်နန်းတော်ကို ပြန်လည်တည်ထောင်ခဲ့၏။ ယခင် တပည့်ဟောင်းများလည်း တဖြေးဖြေး ပြန်ရောက်လာခဲ့ကြသည်။

မှန်နန်းတော် ပြန်လည် တည်ထောင်ပြီးနောက်တွင်ကား သူတို့သည် ပြင်ပကမ္ဘာနှင့် အဆက်အစပ်သိပ်မရှိဘဲ တိတ်ဆိတ်စွာ ရှိနေခဲ့ကြ၏။ သခင်မသည် များသောအားဖြင့် တပည့်များကို သင်ကြားပေးခြင်းနှင့် တံခါးပိတ်ကျင့်ကြံခြင်းများဖြင့်သာ အချိန်ကုန်ဆုံးနေခဲ့သည်။ သည်နှစ်များအတွင်း သခင်မသည် မှန်နန်းတော်မှ တစ်ခါမှ အပြင်သို့ ထွက်သွားခြင်းမရှိဖူးပေ။

လက်ရှိတွင် နန်းတော်အတွင်း၌ အမျိုးသမီးငယ်တချို့ စကားပြောကာ လမ်းလျှောက်နေကြသည်။ သူတို့အားလုံး ချောမောလှပကြကာ ကောင်းမွန်သော အရှိန်အဝါများ ရှိကြ၏။ သို့သော်လည်း သူတို့၏မျက်နှာများကမူ တစ်စုံတစ်ခုကို ပူပန်နေဟန်ရသည်။

“ဆရာမက ငေးမောနေပြန်ပြီ...” အမျိုးသမီးတစ်ဦးက တီးတိုးပြောသည်။

“အင်း... ဒီနှစ်တွေမှာ ဆရာက အမြဲတမ်း ငေးမောနေတာပါပဲ။ ဆရာမက ဘာတွေများစဉ်းစားနေတာလဲ မသိဘူး...”

မှန်နန်းတော်သခင်မ ဘာတွေ စဉ်းစားတွေးတောနေသည်ကိုတော့ မည်သူမှ မသိပေ။

မှန်နန်းတော်သခင်မ၏အမူအရာများမှာ ခံစားချက်ကင်းမဲ့လွန်းသည်။ တပည့်များကို ညွန်ကြားပြသခြင်းမှလွဲ၍ ကျင့်ကြံခြင်းတွင်လည်း များစွာ စိတ်ဝင်စားပုံမရတော့ပေ။

“ဆရာမကို ကြည့်ရတာ အထီးကျန်လိုက်တာ...” တစ်ယောက်က ပြောသည်။ မှန်သည်၊ သည်နှစ်များတွင် မှန်နန်းတော်သခင်မသည် မည်သည့်မိတ်ဆွေနှင့်မှ တွေ့ဆုံခြင်းမရှိသလို သူမကို လာတွေ့သူလည်း မရှိခဲ့ပေ။ ထို့အပြင် သူမကိုယ်တိုင်ကလည်း မည်သည့်အရာကိုမှ စိတ်ဝင်စားပုံမရပေ။

ပြည်နယ်ကိုးခုမှ ရှန့်ထိုများသည် မူလက အခန်းအနားများ၊ ပွဲလမ်းသဘင်များရှိလျှင် မှန်နန်းတော်သခင်မအား ဖိတ်ကြားကြသော်လည်း နောက်ပိုင်း သူမက အရာခပ်သိမ်းကို လျစ်လျူရှုထားသည်ကို ရိပ်မိလိုက်ကြသောအခါ သူတို့လည်း သူမ၏သဘောကို လေးစားသောအနေဖြင့် မနှောင့်ယှက်ကြတော့ပေ။

ထိုအခိုက်တွင် နန်းတော်၏မုဒ်ဝသို့ လူငယ်တစ်ယာက် ရောက်လာသည်။ သူကား အဖြူရောင်ဆံပင်ကို ပိုင်ဆိုင်ထားကာ သူ့အရှိန်အဝါက အလွန်ထူးခြားကောင်းမွန်လှသည်။

“ရှင် ဘယ်သူလဲ...” အမျိုးသမီးတစ်ယောက်က မေးသည်။

“စီနီယာ... ကျွန်မတို့ သူ့ကို တားလို့ မရဘူး...” ထိုစဉ် တပည့်တစ်ဦး နန်းတော်မုဒ်ဝသို့ ရောက်လာကာ လှမ်းပြောသည်။

“ကျုပ်နာမည် ရီဖူရှင်း...” လူငယ်က ပြုံးလျှက်ပြောသည် “ငါက မင်းတို့ဆရာကို လာတွေ့တာ...”

“ရီဖူရှင်း...” မိန်းကလေးများက တီးတိုးရေရွက်ကြသည်။ နာမည်ကား ရင်းနှီးလှ၏။ တစ်ယောက်က ထပ်မေးသည် “ဘယ်ရီဖူရှင်းလဲ...”

ရီဖူရှင်းဟူသော နာမည်ကား လူတိုင်းသိသော၊ ရင်းနှီးသော နာမည်ဖြစ်သည်။ သူကား ပြည်နယ်ကိုးခုမှ ဒဏ္ဌာရီလာ ပါရမီရှင်ဖြစ်၏။

ယခု ထိုရီဖူရှင်းက သူမတို့၏ဆရာမကို လာတွေ့သည်လား...။

ဆိုလိုသည်က...

ရီဖူရှင်းက သူတို့အားလုံး ပြုံးလျှက်ကြည့်သည်။ သူ၏အပြုံးက သူမတို့၏ခန်းမှန်းမှုကို အတည်ပြုစေ၏။ သူမတို့အားလုံး ကြီးစွာ စိတ်လှုပ်ရှား စိုးရိမ်လာကြ၏။

“ဆရာမကို သွားပြီး အကြောင်းကြားလိုက်ပါ့မယ်...” မိန်းကလေးတစ်ယောက်က ပြောသည်။

“မင်းတို့ဆရာက ငါ့ကို တွေ့ချင်မှာ မဟုတ်ဘူး။ ငါတစ်ခေါက်သွားကြည့်ပြီး ပြန်လိုက်ပါ့မယ်...” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ ထို့နောက် သူက ထိုနေရာမှ ပျောက်ကွယ်သွားသည်။ မိန်းကလေးများအားလုံး ထိတ်လန့်အံ့အားသင့်သွားကြ၏။

သူတို့အားလုံး နန်းတော်၏အမြင့်ဆုံးအလွှာသို့လှမ်းကြည့်လိုက်ကြသည်။

ရီဖူရှင်းသည် မှန်နန်းတော်၏အမြင့်ဆုံးအလွှာမှ ခန်းဆောင်တစ်ခုသို့ ရောက်လာသည်။ ထိုနေရာတွင် လူသားတို့လောကနှင့် လားလားမှ မသက်ဆိုင်သည့် ပြီးပြည့်စုံသော အလှတရားဖြင့် မိန်းမတစ်ယောက်သည် နံရံကို မှီကာ ကောင်းကင်ကို ငေးမောကြည့်နေသည်။ သူမ၏ပုံဟန်က အမှန်တကယ်လည်း အထီးကျန်ဆန်လွန်းလှသည်။

လေညင်းတစ်ခုက သူမ၏ဆံနွယ်များကို အသာအယာရိုက်ခတ်ကာ လှုပ်ရှားသွားစေသော်လည်း သူမ၏အမူအရာများကတော့ အနည်းငယ်မျှပင် မပြောင်းလဲပေ။

သို့သော်လည်း တစ်စုံတ်တစ်ခုကို ခံစားမိရာ သူမ၏အကြည့်က တစ်နေရာကို ရောက်လာသည်။ ထိုနေရတွင် လူငယ်တစ်ယောက် ရပ်နေ၏။ သူ့အား မြင်လျှင် သခင်မ၏မျက်လုံးများက လှုပ်ရှားသွားသည်။ သို့သော်လည်း လျှပ်တပြက်အတွင်း ပြန်လည်ငြိမ်သက်သွား၏။ ထို့နောက် သူမက တဖန် ပြန်လည်၍ ကောင်းကင်မှ တိမ်များကို ငေးကြည့်နေသည်။

ရီဖူရှင်းက လျှောက်လာကာ သူမ၏ဘေး၌ နံရံကို မှီကာ ထိုင်သည်။ ထို့နောက် သူမအား ဘေးမှ ကြည့်ကာ ညင်သာစွာ မေးသည် “ဘာလို့ နှုတ်မဆက်ဘဲ ထွက်သွားတာလဲ...”

မိစ္ဆာဘုံမှ အပြန်တွင် မှန်နန်းတော်သခင်မသည် ကောင်းကင်အာဏာစက်ဘုံသို့ မပြန်ခဲ့ပေ။ သူမက အမှန်တကယ် ပြည်နယ်ကိုးခုသို့ ပြန်ရောက်လာခဲ့၏။

မှန်နန်းတော်သခင်မက မည်သည့်စကားမှ မဆိုပေ။

ရီဖူရှင်းက သူမ၏တိတ်ဆိတ်မှုကို ဗွေယူဟန်မရဘဲ ဆက်ပြောသည် “ဒီတစ်ခေါက် ကျုပ်က ပြည်နယ်ကိုးခုကို ရောက်လာတာ မိတ်ဆွေတချို့ကို အထက်ဘုံသို့ ခေါ်သွားချင်လို့ပဲ။ ဒါကြောင့် ခင်ဗျားကိုလည်း ကျုပ်နဲ့အတူ ပြန်လိုက်ခဲ့မလား သိချင်လို့ ရောက်လာခဲ့တာ...”

“အဲဒီကို သွားရင် ဘာဖြစ်မှာလဲ...” မှန်နန်းတော်သခင်မက ရီဖူရှင်းရောက်ကတည်းက ပထဆုံးအကြိမ် ပြောသည်။ သူမက ရီဖူရှင်းကို လှပသော မျက်လုံးများဖြင့် ကြည့်၏။

ရီဖူရှင်းက အတန်ကြာ မှင်တက်သွားပြီးမှ ပြုံးလျှက်ဖြေသည် “အဲဒီမှာ လေ့ကျင့်မှာပေါ့။ ပြီးတော့ တစ်နေ့မှာ ခင်ဗျားက ရန်ဟောင်ဖြစ်လာမှာပဲ...”

“လေ့ကျင့်မယ်... ရန်ဟောင်ဖြစ်မယ်...” သူမက တီးတိုးရေရွက်သည် “ရန်ဟောင်ဖြစ်ပြီးရင်ရော...”

“ခင်ဗျား ရန်ဟောင်ဖြစ်ပြီးရင် ထာဝရအသက်ရှည်ပြီးတော့ နုပျိုနေမယ်...” ရီဖူရှင်းက ဆက်ပြောသည်။

“ပြီးရင်ရော...” သူမက ဆက်မေးသည်။

“…” ရီဖူရှင်း ဆွံ့အသွား၏။

“ခင်ဗျားမှာ တခြားလိုအင်ဆန္ဒတွေ မရှိတော့ဘူးလား...” ရီဖူရှင်းက တီးတိုးမေးသည်။

“ရှိတာပေါ့...” သူမက ဖြေသည်။

“အဲဒါ ဘာလဲ...” ရီဖူရှင်းက စိတ်ဝင်စားသွားသည်။

“အရင်က ဖြစ်ခဲ့တာအတွက် နင့်ကိုငါ လက်စားမချေရသေးဘူး...” မှန်နန်းတော်သခင်မက ပြောသည်။

“အဲဒါ...”

သူမက ဘာကို ဆိုလိုသည်ကို ရီဖူရှင်သိသည်။

“အဲဒီတုန်းက ကျုပ်လည်း မတတ်သာလို့ပါ...” သူက ဆက်ပြောသည် “သခင်သာ ကျုပ်ကို လက်စားချေချင်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကျုပ် သဘောတူပါ့မယ်...”

“နင် သေချာလား...” သူမက ရီဖူရှင်း၏မျက်လုံးများကို စူးစိုက်ကြည့်သည်။

ရီဖူရှင်းက ထိုလှပသော မျက်လုံးများကို ပြန်လည်ကြည့်ကာ မေးသည် “ဘယ်လိုထင်လို့လဲ...”

“ငါ့ကို ဘာလို့ တာဝန်မယူတာလဲ... အဲလိုဆိုရင်...” မှန်နန်းတော်သခင်မက မေးသည်။

“…”

ရီဖူရှင်းကား ဆွံ့အရသည်။ ထိုလှပသော မျက်လုံးများက သူ့အား စိုက်ကြည့်ဆဲဖြစ်ကာ ထိုအဖြစ်က ရီဖူရှင်းအား စိတ်လှုပ်ရှားစေသည်။ သို့သော်လည်း ထိုအခိုက်တွင် သူမက အဝေးကို တဖန်ပြန်ငေးကြည့်ကာ ပြောသည် “မှန်နန်းတော်မှာ နေတာက ငါ့အတွက် ပိုအဆင်ပြေတယ်။ အထက်ဘုံက ငါ့အတွက် မသင့်တော်ဘူး...”

ရီဖူရှင်းက သူမအား အတန်ကြာငေးကြည့်ပြီးမှ သက်ပြင်းချသည်။ ထို့နောက် ခေါင်းညိတ်ကာ ပြောသည် “ကောင်းပြီ။ တကယ်လို့ ခင်ဗျား စိတ်ပြောင်းသွားရင် ကောင်းကင်အာဏာစက်ဘုံမှာ ကျုပ်ကို လာရှာပါ”

မှန်နန်းတော်သခင်မက ခေါင်းညိတ်သည်။

သူမက ဆက်လက်၍ စကားပြောလိုသောဟန်ပန်မရှိတော့သည်ကိုမြင်လျှင် ရီဖူရှင်း တိတ်တဆိတ်ထွက်ခွာသွားသည်။ သူသည် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွား၏။

ရီဖူရှင်း ထွက်ခွာသွားသော်လည်း သူမကား အဝေးကို ငေးကြည့်နေဆဲဖြစ်သည်။

မိန်းကလေးတချို့ သူမထံသို့ လျှောက်လာကာ ခေါ်သည် “ဆရာမ...”

မှန်နန်းတော်သခင်မက သူတို့ခေါ်သည်ကို ကြားဟန်မတူဘဲ ငြိမ်သက်စွာ ငေးမောနေသည်။

“ဆရာမ....” မိန်းကလေးများက ထပ်ခေါ်သည်။ သို့တိုင်အောင် မထူးခြားပေ။

ထိုအခိုက်တွင် မိန်းကလေးများက သူမ၏လှပသော မျက်နှာကို ကြည့်ကာ ထိတ်လန့်သွားကြသည်။

လက်ရှိတွင် ထိုလှပသော မျက်နှာပေါ်တွင်… မျက်ရည်စများ...

…

***

All Chapters