← Chapters

အဋ္ဌမအလွှာ၏ တားဆီးမရသူများ....

Vol. 22 Ch. 332

အဋ္ဌမအလွှာ၏ တားဆီးမရသူများ....

Vol. 22 Ch. 332

" ပြောစရာရှိတာ ပြောပါ။ " အကြီးအကဲက ချီတုံချတုံဖြစ်နေသည်ကို မြင်သောအခါ ဝမ်ယန်တော်ဝင်သားတော်က ပြောလိုက်သည်။

ယခု သူက ရှစ်စန်းတောင်ထိပ်သခင်ကို မှီနိုင်မည့် မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရပြီဖြစ်ပြီး ကြီးမြတ်သူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာဆင်ခြင်ခြင်းက သူ၏ စိတ်ကို လှုပ်ရှားစေပေလိမ့်မည်။ ထို့နောက် သူ၏ ယန်ကိုးပါးနတ်သွေးကြော၏ အကူအညီနှင့် နှစ်တစ်ရာအတွင်း သတ္တမအလွှာသို့ ရောက်ရှိပေလိမ့်မည်။

သတ္တမအလွှာ အထက်မှ အဋ္ဌမအလွှာအတွက်မူ ဝမ်ယန်တော်ဝင်သားတော်က မစဉ်းစားထားပေ။ အကြောင်းမှာ အဋ္ဌမအလွှာက သူ့အတွက် အလွန်ဝေးကွာနေသောကြောင့် ဖြစ်သည်။

စိတ်စွမ်းအားညွှန်းကိန်း၊ အတွင်းကမ္ဘာ၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ပြည့်စုံခြင်းတို့က သူ့အတွက် တစ်ခုမှ မပြည့်စုံသေးပေ။

လက်ရှိတွက် ဝမ်ယန်တော်ဝင်သားတော်က သတ္တမအလွှာကိုသာ အာရုံစိုက်ထားသည်။ သတ္တမအလွှာသို့ ရောက်သည်နှင့် သူနှင့် ရှစ်စန်းတောင်ထိပ်သခင်ကြားမှ ကွာဟမှုက ကျဉ်းမြောင်းသွားပေလိမ့်မည်။

" စိတ်ချပါ။ အခုအချိန်မှာ ငါ့ရဲ့ စိတ်ကို လှုပ်ခတ်နိုင်တဲ့ သတင်းဆိုး မရှိသေးဘူး။ "

အကြီးအကဲက ဆက်လက်တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဝမ်ယန်တော်ဝင်သားတော်က တည်ငြိမ်စွာ ပြောလိုက်သည်။ မျှော်လင့်ချက်အလင်းရောင်ကို မြင်တွေ့လိုက်ရသောကြောင့် သူ၏ စိတ်စွမ်းအားပင် တိုးတက်လာသည်ဟုပင် ခံစားနေရသည်။

နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခြင်းက စိတ်စွမ်းအားကို တိုးတက်စေသည့်အကြောင်းရင်းမှာ ကြီးမားသော အဖြစ်အပျက်များကို တွေ့ကြုံရခြင်းဖြစ်သည်။

" ရှစ်စန်းတောင်ထိပ်သခင်နဲ့ ပက်သက်တဲ့ သတင်းဆိုးပါ။ " ဝမ်ယန်တော်ဝင်သားတော်မှာ ရှစ်စန်းတောင်ထိပ်သခင်အား မည်မျှပြိုင်ဆိုင်ချင်နေသည်ကို အကြီးအကဲက သိလေသည်။ သို့သော် သူ ယခု ရရှိခဲ့သော သတင်းက ဝမ်ယန်တော်ဝင်သားတော်အတွက် အလွန်ပြင်းထန်ပေလိမ့်မည်။

" ရှစ်စန်းတောင်ထိပ်သခင်လား။ " ဝမ်ယန်တော်ဝင်သားတော်၏ အမူအရာမှာ အနည်းငယ် လေးနက်သွားသည်။

ရှစ်စန်းတောင်ထိပ်သခင်နဲ့ ပက်သက်တဲ့ သတင်းဆိုးလား။ သူက သတ္တမအလွှာ ဘုရင်အဆင့်ကို ရောက်သွားပြီလား။ အချိန်တိုအတွင်း သတ္တမအလွှာ အစောပိုင်းအဆင့်မှ ဘုရင်အဆင့် အထွတ်အထိပ်သို့ ရောက်သွားခြင်းမှာ အမှန်ပင် သတင်းဆိုး ဖြစ်၏။

အမှန်တကယ် ထိုသို့ ဖြစ်ခဲ့လျှင် သူက သတ္တမအလွှာသို့ ရောက်ခဲ့လျှင်တောင် သူနှင့် ရှစ်စန်းတောင်ထိပ်သခင်ကြားမှ ကွာဟမှုက ဆက်လက် ကြီးမားပေလိမ့်မည်။

" ကျွန်တော် သတင်းတစ်ခုရလိုက်တယ်။ ရှစ်စန်းတောင်ထိပ်သခင် သူ အဋ္ဌမအလွှာကို တက်လှမ်းသွားပြီထင်တယ်။ " အကြီးအကဲက သတ္တိမွေးပြီး သူရရှိလိုက်သော သတင်းကို ပြောပြလိုက်သည်။

သူက မပြောလျှင်တောင် ဝမ်ယန်တော်ဝင်သားတော်က VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်နှင့် သိသွားပေလိမ့်မည်။

" ရှစ်စန်းတောင်ထိပ်သခင်က အဋ္ဌမအလွှာကို တက်လှမ်းသွားတယ်....မင်းဘာပြောလိုက်တယ်။ ဘယ်အဆင့်ကို ရောက်တာ။ " ဝမ်ယန်တော်ဝင်သားတော်က နှစ်တစ်ရာကြာပြီးနောက် သတ္တမအလွှာသို့ တက်လှမ်းရန် စဉ်းစားနေချိန်တွင် အကြီးအကဲ၏ စကားကို ကြားလိုက်ရသောအခါ သူ နားကြားမှားသည်ဟုပင် ထင်လိုက်သည်။

အဋ္ဌမအလွှာလား။

ရှစ်စန်းတောင်ထိပ်သခင်က အဋ္ဌမအလွှာကို တက်လှမ်းသွားတာလား။

ဝမ်ယန်တော်ဝင်သားတော်က စိတ်ရှုပ်ထွေးသွားသည်။ အကြီးအကဲက အသိပေးလိုက်မှ သူက အသိပြန်ဝင်လာသည်။

" အဲ့ဒီသတင်းက ဘယ်ကလာတာလဲ။ " ဝမ်ယန်တော်ဝင်သားတော်က မယုံကြည်နိုင် ဖြစ်နေသည်။

သတ္တမအလွှာမှ အဋ္ဌမအလွှာသို့ တက်လှမ်းခြင်းက ကြီးမားသော အခက်အခဲတစ်ခုဖြစ်သည်။ ရှစ်စန်းတောင်ထိပ်သခင်က ယခင်ကတည်းက သတ္တမအလွှာ ဘုရင်အဆင့် အထွတ်အထိပ်တွင် ရှိနေခဲ့လျှင် ယခု အဋ္ဌမအလွှာသို့ တက်လှမ်းသွားခြင်းက ပုံမှန်သာ ဖြစ်သည်။ သို့သော် ရှစ်စန်းတောင်ထိပ်သခင်က မကြာသေးမီကမှ သတ္တမအလွှာသို့ တက်လှမ်းသွားခဲ့သည်မှာ လူတိုင်းသိလေသည်။

ထိုကဲ့သို့ တိုတောင်းသော အချိန်အတွင်း စိတ်စွမ်းအား၊ အတွင်းကမ္ဘာ၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် အားလုံး ပြည့်စုံခြင်းအဆင့်သို့ ရောက်ရန်လား။ သူက လူသားရော ဟုတ်ရဲ့လား။

" အရှင် ဒီသတင်းက ချီခွန်ပင်မကြယ်က လာတာပါ။ ပင်မကြယ်မှာ သတ္တမအလွှာကနေ အဋ္ဌမအလွှာကို တက်လှမ်းတဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာပြီး အခုအချိန်မှာ အခြေအနေတွေအရ ရှစ်စန်းတောင်ထိပ်သခင် ဖြစ်နိုင်ပါတယ်။ " အကြီးအကဲက အမှန်အတိုင်း ပြောလိုက်သည်။

" သတင်းမှားတာရော မဖြစ်နိုင်ဘူးလား။ " ဝမ်ယန်တော်ဝင်သားတော်က ချက်ချင်း မေးလိုက်သည်။ ရှစ်စန်းတောင်ထိပ်သခင်က အဋ္ဌမအလွှာသို့ တက်လှမ်းသွားသည်ကို မယုံကြည်နိုင်ပေ။

" သတင်းမှားတာတော့ ဖြစ်နိုင်ချေရှိပါတယ်။ " အကြီးအကဲက ခနစဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။ " အရှင် ရှစ်စန်းတောင်ထိပ်သခင်က တကယ် အဋ္ဌမအလွှာကို တက်လှမ်းသွားတယ်ဆိုရင် ချီခွန်မျိုးနွယ်က မကြာခင် ကြေညာချက် ထုတ်ပြန်ပါလိမ့်မယ်။ အဲ့အခါကျရင် အားလုံးရှင်းသွားမှာပါ။ "

" ကောင်းပြီ ဒါဆို စောင့်ကြည့်တာပေါ့။ "

ဝမ်ယန်တော်ဝင်သားတော်က ခနတိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

ချီခွန်ပင်မကြယ် ရှစ်စန်းတောင်ထိပ်တွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။ ယခုအချိန်တွင် သူ၏ အော်ရာက နက်ရှိုင်းနေပြီး ပတ်ဝန်းကျင်ကို လွှမ်းမိုးထားသည်။

အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အတွင်းကမ္ဘာနှင့်အတူ သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က အဆုံးစွန်သော ပြောင်းလဲမှုများကို ခံယူပြီး အော်ရာကို မထိန်းချုပ်နိုင်ခဲ့လျှင် ကောင်းကင်ခန္ဓာများနှင့် ကွာခြားမှု အနည်းငယ်သာ ရှိပေလိမ့်မည်။

" ဒါက အဋ္ဌမအလွှာလား။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို ဂရုတစိုက် ခံစားကြည့်လိုက်သည်။

လင်းယွမ်က သတ္တမအလွှာတွင် သူ၏ ကျယ်ပြန့်သော အတွင်းကမ္ဘာနှင့် အဋ္ဌမအလွှာ အများစုကို ဖိနှိပ်နိုင်သော်လည်း ၎င်းက စွမ်းအားအရသာ ဖြစ်ပြီး ယခု လင်းယွမ်က နယ်ပယ်၏ နက်နဲမှုကို ခံစားနေရသည်။

အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အကြီးမားဆုံးအားသာချက်မှာ အတွင်းကမ္ဘာဟု ဆိုသော်လည်း အတွင်းကမ္ဘာနည်းစနစ်များသာ ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။

" အဋ္ဌမအလွှာရဲ့ ကျင့်ကြံခြင်းကို အဆင့်လေးဆင့် ခွဲခြားထားတယ်။ စဦးအဆင့်၊ အလယ်အဆင့်၊ နှောင်းပိုင်းအဆင့်နဲ့ အထွတ်အထိပ်အဆင့်။ " လင်းယွမ်က ရှေ့ဆက်ရမည့်လမ်းကို ရှင်းရှင်းလင်းလင်း သိနေသည်။

အမှန်တွင် အဋ္ဌမအလွှာက ပဉ္စမမြောက်အဆင့် ရှိလေသည်။ ၎င်းက အဋ္ဌမအလွှာ၏ တားဆီးမရသော အခြေအနေဖြစ်၏။ အခြေခံအားဖြင့် တားဆီးမရသောအခြေအနေက စတုတ္ထအဆင့်တွင် ပါဝင်နေသည်။

ချီခွန်ကြယ်သခင်၊ ရွှေနဂါးကြယ်သခင်၊ ဝမ်ယန်ကြယ်သခင်နှင့် အခြား အဋ္ဌမအလွှာ တားဆီးမရသော အခြေအနေတွင် ရှိနေသူများက အဋ္ဌမအလွှာထက် ကျော်လွန်သော စွမ်းအားအချို့ကို ပိုင်ဆိုင်ထားကြသည်။ ထိုစွမ်းအားနှင့်ဆိုလျှင် တားဆီးမရသူများက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူအားလုံးကို ချေမှုန်းနိုင်လေသည်။

တားဆီးမရသူများက အချင်းချင်း အနည်းငယ် ကွာဟမှုများ ရှိကြသော်လည်း တစ်ယောက်ချင်းတိုက်ခိုက်လျှင် တစ်ဖက်နှင့်တစ်ဖက် အနိုင်ယူရန် ခက်ခဲလှသည်။

နဝမအဆင့်များ၏ ဝင်ရောက်စွက်ဖက်မှုမရှိလျှင် တားဆီးမရသူများက အဋ္ဌမအလွှာတွင် မရှုံးနိမ့်သော အခြေအနေတွင် ရပ်တည်နေကြသည်။ အဋ္ဌမအလွှာ တားဆီးမရသူများ အုပ်စုဖွဲ့တိုက်ခိုက်လျှင်တောင် သူတို့က ထိခိုက်မှုမရှိဘဲ အလွယ်တကူ ဆုတ်ခွာနိုင်ကြသည်။

" ဆရာပိုင်ဆိုင်တဲ့ အဋ္ဌမအလွှာထက် ကျော်လွန်တဲ့စွမ်းအားက ကြယ်ပင်လယ်ခွန်နဲ့ ပက်သက်နေလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

အဋ္ဌမအလွှာ၏ တားဆီးမရသူများက ထူးခြားပြီး မတူညီသော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။

လင်းယွမ်က သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အနည်းငယ် ခံစားပြီးနောက် ခန်းမထဲမှ ထွက်ခွာသွားသည်။ ခန်းမ၏ အပြင်ဘက်တွင် ချီခွန်ကြယ်သခင်၏ စီနီယာအကိုကြီးတို့က အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေကြသည်။

လင်းယွမ် အဆင့်တက်သည့်အချိန်တွင် ချီခွန်ကြယ်သခင်က ပထမဆုံး သိခဲ့ပြီးနောက် စီနီယာအကိုကြီးက သိသွားခဲ့သည်။

" ငါ့ရဲ့ ချစ်တပည့်လေး အဋ္ဌမအလွှာကို ရောက်သွားပြီလား။ " ချီခွန်ကြယ်သခင်က လင်းယွမ်ကို ဂရုတစိုက် ကြည့်ပြီး ခေါင်း အနည်းငယ် ခါလိုက်သည်။ " ငါ အဋ္ဌမအလွှာကို ရောက်ဖို့ နှစ်ပေါင်း ဘယ်လောက်ကြာခဲ့လဲ။ နှစ်ရှစ်ထောင်လား။ ဒါမှမဟုတ် နှစ်တစ်သောင်းလား။ "

အတွင်းကမ္ဘာကို မွေးရာပါ ပိုင်ဆိုင်သော အထူးသက်ရှိတစ်မျိုးအနေဖြင့် ချီခွန်ကြယ်သခင်၏ အဋ္ဌမအလွှာသို့ တက်လှမ်းခြင်းက လူသားဆင့်ကဲပြောင်းလဲသူများထက် များစွာ ပိုမိုလွယ်ကူခဲ့သည်။

" ဆရာ ကျွန်တော် သတ္တမအလွှာမှာ နှစ်တစ်သိန်းနီးပါး ကြာခဲ့တာ်။ ညီငယ်လေးနဲ့ ယှဉ်ရင် အဲ့ဒီနှစ်တွေက အဓိပ္ပါယ်မရှိသလို ခံစားရတယ်။ " စီနီယာအကိုကြီးက မကျေမနပ်နှင့် ပြောလိုက်သည်။ သူ့ကိုသူ သူ၏ ညီငယ်လေးနှင့် ယှဉ်ခြင်းက သူစိတ်သူ ထိခိုက်အောင် လုပ်ခြင်းနှင့် အတူတူပင် ဖြစ်သည်ကို နားလည်ထားပြီးဖြစ်သည်။

သို့သော် သူ၏ ညီငယ်လေးက အဋ္ဌမအလွှာသို့ မည်သို့လွယ်ကူစွာ တက်လှမ်းသွားသည်ကို မြင်သောအခါ စီနီယာအကိုကြီး၏ စိတ်ထဲတွင် ခါးသီးမှုကို ခံစားလိုက်ရသည်။ တစ်ခုကံကောင်းသည်မှာ သူက သူ၏ညီငယ်လေးထက် အနည်းငယ်စော၍ အဋ္ဌမအလွှာသို့ တက်လှမ်းနိုင်ခဲ့သည်။

" ဆရာ၊ အကိုကြီး။ " လင်းယွမ်က ချီခွန်ကြယ်သခင်နှင့် စီနီယာအကိုကြီးကို ကြည့်ပြီး ပြုံးလိုက်သည်။

" ညီငယ်လေး အခု ဘယ်လိုခံစားရလဲ။ " စီနီယာအကိုကြီးက မေးလိုက်သည်။

" အရမ်းထူးခြားတယ်။ " လင်းယွမ်က မျက်လုံးများ မှိတ်ပြီး ခံစားလိုက်ရသည်။

" ညီငယ်လေး မင်းနဲ့ ငါနဲ့ ကမ္ဘာစွမ်းအားချင်း တိုက်ခိုက်ကြည့်ရအောင်။ အဲ့ဒါက မင်းကို အဋ္ဌမအလွှာရဲ့ စွမ်းအားနဲ့ ပိုပြီး ရင်းနှီးစေလိမ့်မယ်။ " စီနီယာအကိုကြီးက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

သူ အဋ္ဌမအလွှာသို့ တက်လှမ်းခဲ့သောအချိန်တွင် ချီခွန်ကြယ်သခင်က အတွင်းကမ္ဘာ၏ စွမ်းအားကို အသုံးပြု၍ နက်ရှိုင်းသော အမြစ်တစ်ခု ပေးခဲ့သည်။

" ကမ္ဘာစွမ်းအားကို အသုံးပြုပြီး တိုက်ခိုက်မှာလား။ " ချီခွန်ကြယ်သခင်က ပထမတပည့်ကို ကြည့်ပြီး ဘာမှမပြောပေ။

" ဟုတ်ကဲ့ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

All Chapters