ပေါင်းစည်းနိယာ...
Vol. 22 Ch. 336
" မင်းက ပါရမီရှိပြီး အဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းရဲ့ နားလည်ဖို့ ဒုတိယနည်းလမ်းကိုလည်း သိနေတယ်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ တည်ရှိမှုကိုလည်း မင်းသိနေတယ်မဟုတ်လား။ မင်းမှာ ကမ္ဘာပြင်ပအခွင့်အလမ်းတစ်ခု ရှိတယ်မဟုတ်လား။ " ကြီးမြတ်သူရှချင်က ပေါ့ပါးစွာ ပြောလိုက်သည်။
" ဟုတ်ကဲ့။ " လင်းယွမ်က ပြန်ဖြေလိုက်သော်လည်း စိတ်ထဲမှ ထိတ်လန့်သွား၏။
ကြီးမြတ်သူရှချင်က နတ်ဆိုးကျောက်စိမ်းမျှော်စင်အကြောင်းကို သိနေတာလား။
အစတွင် လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်အကြောင်းကို သူတစ်ယောက်တည်း သိသည်ဟု ထင်ခဲ့သည်။ သို့သော် လူသားမျိုးနွယ်၏ ကြီးမြတ်သူများကလည်း ၎င်းကို ယခင်ကတည်းက သိနေပုံရသည်။
ကြီးမြတ်သူရှချင်ပြောသော ကမ္ဘာပြင်ပအခွင့်အလမ်းဆိုသည်မှာ သေချာမသိသော်လည်း အနန္တကမ္ဘာများ၏ ဂိတ်တံခါးကိုလည်း ကမ္ဘာပြင်ပအခွင့်အလမ်းလို့ ပြောလို့ရတယ်မဟုတ်လား။
" အင်းဆက်မျိုးနွယ် အဲ့ဒီအဘိုးကြီးတွေ နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ ကြီးမြတ်သူတစ်ယောက်ရဲ့ အလောင်းက ရောက်လာလိမ့်မယ်လို့ ဘယ်လိုလုပ်သိကြလဲ မသိဘူး။ "
" နတ်ဆိုးကျောက်စိမ်းမျှော်စင်က ရှေးဟောင်းအင်အားစုတစ်ခုပဲ။ သူတို့ရဲ့ မျှော်စင်သခင်က ပျောက်ကွယ်သွားတာ ဘယ်လောက်တောင်ကြာပြီလဲမသိဘူး။ သူတို့ရဲ့ အဖွဲ့ဝင်အများစုကလည်း ပုန်းအောင်းနေကြတယ်။ " ကြီးမြတ်သူရှချင်က ခံစားချက်များနှင့် ပြောလိုက်သည်။
လင်းယွမ်က အောက်မှ တိတ်ဆိတ်စွာ နားထောင်နေသည်။
ကြီးမြတ်သူတစ်ယောက်၏ ဖိအားက အလွန်ကြီးမားပြီး ကြီးမြတ်သူရှချင်က သူပြောသော ကမ္ဘာပြင်ပအခွင့်အလမ်းဆိုသောအရာကို အလေးအနက်မထားခဲ့ပေ။ သို့သော် ကြီးမြတ်သူရှချင်က အနန္တကမ္ဘာများ၏ ဂိတ်တံခါး တည်ရှိမှုကို မတွေ့ရသည်မှာ သေချာလေသည်။
ယနေ့ လင်းယွမ် ကြုံတွေ့ခဲ့ရသော တည်ရှိမှုအားလုံးထဲတွင် သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးသာလျှင် ကြီးမြတ်သူရှချင်နှုင့် နှိုင်းယှဉ်နိုင်လေသည်။
သို့သော် သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အစစ်အမှန် ဂိတ်တံခါး၏ ပုံရိပ်တစ်ခုမျှသာဖြစ်ပြီး အစစ်အမှန် ဂိတ်တံခါးဖြစ်လျှင် ကြီးမြတ်သူထက် များစွာ မြင့်မားပေလိမ့်မည်။
" ပြီးတော့ မင်းရဲ့ စိတ်စွမ်းအားက..." ကြီးမြတ်သူရှချင်က လင်းယွမ်ကို လေ့လာနေပြီး အချိန်အတက်အကျများက အနည်းငယ် ပြောင်းလဲသွားသည်။
" ငါခန့်မှန်းတာမမှားရင် မင်းရဲ့ စိတ်စွမ်းအား တွေ့ကြုံခဲ့တဲ့ အသက်အရွယ်က မင်းရဲ့ ရုပ်ခန္ဓာနဲ့ မတူဘူး မဟုတ်လား။ " ကြီးမြတ်သူ ရှချင်ကပြုံး၍ ပြောလိုက်သည်။
အချိန်နိယာမကို လုံးဝ ကျွမ်းကျင်သော လူတစ်ယောက်အနေဖြင့် ကြီးမြတ်သူ ရှချင်က လင်းယွမ်ကို ခနလေ့လာကြည့်ရုံနှင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ အချိန်ကုန်ဆုံးမှု ကွာခြားချက်ကို သတိပြုမိခဲ့သည်။
" စိတ်စွမ်းအား တွေ့ကြုံခဲ့ရတဲ့ အသက်အရွယ်လား။ " လင်းယွမ်က အနည်းငယ် ထိတ်လန့်သွား၏။
သူက အခြားကမ္ဘာများကို ခုနှစ်ကြိမ်ဆင်းသက်ခဲ့ပြီး နှစ်ပေါင်းတစ်ထောင်ကျော် ကြုံတွေ့ခဲ့ရသည်။ သို့သော် ထိုအကြောင်းကို သူက လွဲ၍ ဘယ်သူမှမသိပေ။ ချီခွန်ကြယ်သခင်ကိုလည်း မပြောပြခဲ့ပေ။
လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
" ဟားဟား ကောင်းလေး စိတ်မလှုပ်ရှားပါနဲ့။ မင်းရဲ့ စိတ်စွမ်းအားက မင်းရဲ့ ရုပ်ခန္ဓာထက် နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့တာက ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ထာဝရအိပ်မက်၊ အချိန်အခန်း စတဲ့ စွမ်းရည်တွေက အဲ့ဒါကို လုပ်နိုင်စွမ်းရှိကြတယ်။ " ကြီးမြတ်သူရှချင်က ပြုံး၍ ခေါင်းခါလိုက်သည်။
ကြီးမြတ်သူတစ်ယောက်အနေဖြင့် အချိန်မြစ်၏ စီးဆင်းမှုကို ဆန့်ကျင်ပြီး အချိန်ကို နှေးကွေးစေနိုင်လေသည်။ အပြင်တွင် မျက်စိတစ်မှိတ်အတွင်း နှစ်သန်းပေါင်းများစွာ ကုန်သွားသော်လည်း မိမိအတွက် ခနသာဖြစ်အောင် လုပ်နိုင်လေသည်။ ထို့အပြင် အချိန်နိယာမနှင့် သက်ဆိုင်သော စွမ်းရည်အချို့ကလည်း ၎င်းကို လုပ်နိုင်ကြလေသည်။
" ထာဝရအိပ်မက်.... အချိန်အခန်း.... " လင်းယွမ်က စိတ်သက်သာရာရသွား၏။ သူက ထိုအရာများ၏ အသေးစိတ်ကို မသိသော်လည်း အချိန်စီးဆင်းမှုနှင့် သက်ဆိုင်ပေလိမ့်မည်။
ကြီးမြတ်သူတစ်ယောက်အတွက် အချိန်ကို ထိန်းချုပ်ခြင်းက ခက်ခဲသော အလုပ်တစ်ခုမဟုတ်ပေ။ သေဆုံးသူတစ်ယောက်ကိုပင် ပြန်လည်ရှင်သန်စေနိုင်စွမ်းရှိလျှင် အချိန်ကုန်ဆုံးမှုကို မြန်ဆန်စေခြင်း သို့မဟုတ် နှေးကွေးစေခြင်းတို့ကို ပြောစရာပင်မလိုပေ။
အချိန်၏ အမြန်နှုန်းနှင့် ပက်သက်လျှင်တော့ ကြီးမြတ်သူများ သို့မဟုတ် အချိန်နိယာမကို အပြည့်အဝ ကျွမ်းကျင်သူများသာ လုပ်နိုင်ပြီး ၎င်းတို့က အမြင့်ဆုံးစွမ်းရည်များထဲတွင် ပါဝင်လေသည်။
" မင်းရဲ့ စိတ်စွမ်းအားကို ကြည့်ရင် မင်းရဲ့ အသက်က နှစ်နှစ်ထောင်လောက်ရှိပြီထင်တယ်။ " ကြီးမြတ်သူ ရှချင်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
လင်းယွမ်က ၎င်းကို ကြားသော်လည်း ဘာမှမပြောဘဲ နေလိုက်သည်။
" ဟားဟား မင်းက မင်းရဲ့ ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်ပျောက်တော့မယ်လို့ ထင်နေတာလား။ " ကြီးမြတ်သူက စနောက်လိုက်သည်။
" ဟုတ်ပါတယ်။ " လင်းယွမ်ကလည်း ခေါင်းညိမ့်လိုက်သည်။
" မင်း အဲ့လိုတွေးဖို့ မလိုပါဘူး။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။ " မင်းက အသက်ရှည်ရှည်နေနိုင်ရုံနဲ့ အဋ္ဌမအလွှာကိုရောက်နိုင်တယ်ဆိုရင် ငါတို့ လူသားမျိုးနွယ်ရဲ့ အဋ္ဌမအလွှာက အဲ့လောက်လွယ်ပါ့မလား။ "
" ပြီးတော့ မင်းက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုရဲ့ ဖန်တီးသူဖြစ်ပြီး မင်းဖွင့်ခဲ့တဲ့ လမ်းကြောင်းက ကြီးမားတဲ့ အလားအလာတွေရှိတယ်လို့ ဉာဏ်ပညာနတ်ဘုရားက ငါ့ကို ပြောခဲ့တယ်။ "
" မင်းက စိတ်စွမ်းအားသက်တမ်း နှစ်ထောင်နဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးနိုင်တာ ငါတို့ လူသားမျိုးနွယ်ရဲ့ သမိုင်းမှာ မင်းရဲ့ အရည်အချင်းက ထိပ်ဆုံး နှစ်ဆယ် ဒါမှမဟုတ် ထပ်ဆုံး ဆယ်ယောက်ထဲ ဝင်နိုင်လိမ့်မယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
လင်းယွမ်၏ စိတ်စွမ်းအားသက်တမ်းက သူ၏ ရုပ်ခန္ဓာနှင့် တူညီပြီး အသက်သုံးဆယ်လောက်သာရှိလျှင် လင်းယွမ်တွင် အခြားနောက်ခံရှိလိမ့်မည်ဟု သူသံသယဝင်မိပေလိမ့်မည်။ အသက်သုံးဆယ်နှင့် အဋ္ဌမအလွှာသို့ ဝင်ရောက်ပြီး ကြီးမားသော အလားအလာရှိသည့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးနိုင်ခြင်းက လုံးဝမဖြစ်နိုင်ပေ။
" လူသားမျိုးနွယ်ရဲ့ သမိုးမှာ ထိပ်ဆုံး နှစ်ဆယ် ဒါမှမဟုတ် ထိပ်ဆုံး ဆယ်ယောက်...." လင်းယွမ်က မျက်တောင်များ ပုတ်ခတ်လိုက်သည်။
ထိုအကဲဖြတ်မှုက ကြောက်စရာကောင်းလှသည်။ လူသားမျိုးနွယ်၏ ကြယ်ပင်လယ်ခေတ်က နှစ်ပေါင်းနှစ်သန်းကျော် သမိုင်းကြောင်းရှိလေသည်။ ထိုအချိန်အတွင်း ပါရမီရှင်များစွာ ဘယ်လောက်တောင်ထွက်ပေါ်ခဲ့လဲ။
ကြီးမြတ်သူကိုးယောက်အပါအဝင် ထိပ်ဆုံးနှစ်ဆယ် သို့မဟုတ် ဆယ်ယောက်ထဲဝင်နေခြင်းက ကြီးမြတ်သူများပြီးလျှင် အမြင့်ဆုံးဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။
ကြီးမြတ်သူ၏ ချီကျူးမှုကြောင့် လင်းယွမ်က ကျေနပ်သွားသော်လည်း လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားသည်။ ပါရမီ မည်မျှထူးချွန်သည်ဖြစ်စေ ခွန်အားက မသန်မာလာလျှင် အဓိပ္ပါယ်မရှိပေ။
ကြယ်ပင်လယ်ခေတ်၏ နှစ်ပေါင်းနှစ်သန်းကျော်အတွင်း ကြီးမြတ်သူများ ဖြစ်လာနိုင်သည့် အလားအလာများနှင့် ပါရမီရှင်များ ရှိခဲ့သော်လည်း နောက်ဆုံး လူသားမျိုးနွယ်တွင် ကြီးမြတ်သူ ကိုးယောက်သာ ရှိလေသည်။
" ထာဝရအိပ်မက်လို စွမ်းရည်တွေက ကျင့်ကြံမှုအစောပိုင်းမှာ အားသာချက်ရှိပေမယ့် သတ္တမအလွှာနဲ့အဋ္ဌမအလွှာတွေ ရောက်ရင် အဲ့ဒီစွမ်းရည်တွေက အရေးမပါတော့ဘူး။ " ကြီးမြတ်သူ ရှချင်က ပြောလိုက်သည်။
ထာဝရအိပ်မက်ဆိုသည်မှာ အိပ်မက်တစ်ခုအတွင်း နှစ်ထောင်ပေါင်းများစွာကို တွေ့ကြုံခံစားခြင်းဖြစ်ပြီး ကြီးမြတ်သူများ အလွယ်တကူ လုပ်ဆောင်နိုင်သော အရာဖြစ်သည်။ လင်းယွမ်က ထာဝရအိပ်မက်ကိုသာ အသုံးပြုလျှင်တောင် လက်ရှိအခြေအနေသို့ ရောက်နိုင်မည်မဟုတ်ဘဲ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် ကြီးမြတ်သူရှချင်က လင်းယွမ်ကို လူသားမျိုးနွယ်သမိုင်း၏ ထိပ်ဆုံး ဆယ်ယောက်ဝင်မည်ဟု ချီးကျူးခြင်းဖြစ်သည်။
" နားလည်ပါပြီ။ " လင်းယွမ်က ပြောလိုက်သည်။
အမှန်တွင် ကမ္ဘာများစွာကို သွားလာနိုင်သော ဂိတ်တံခါး၏ စွမ်းရည်က ထာဝရအိပ်မက်ကဲ့သို့ ရိုးရှင်းခြင်းမရှိပေ။ ကမ္ဘာတစ်ခုကို ဆင်းသက်ပြီး ထိုကမ္ဘာ၏ ကျင့်ကြံခြင်းစနစ်၏ အနှစ်သာရကို နားလည်ခြင်း၊ နိယာမများကို လေ့လာခြင်း စသည့် အကျိုးအမြတ်များကို အချိန်မြန်ဆန်ရုံနှင့် ရနိုင်မည်မဟုတ်ပေ။
" မင်းရဲ့ ပါရမီနဲ့ အရည်အချင်းအရဆို အဋ္ဌမအလွှာကို ကျင့်ကြံဖို့က အခက်အခဲမရှိဘူး။ ဒါပေမယ့် နောက်ဆုံး ပေါင်းစည်းနိယာမတွေနဲ့ ပက်သက်ရင်တော့ သေချာစဉ်းစားရမယ်။ ဒီနေရာမှာ ပေါင်းစည်းနိယာမဆိုတာ နိယာမအချင်းချင်း ပေါင်းစည်းတာမဟုတ်ဘဲ အဓိကနိယာမတွေနဲ့ အခြားနိယာမတွေကို ပေါင်းစည်းတာပဲ။ "
" အဓိကနိယာမတွေနဲ့ ဘယ်နိယာမကို ပေါင်းစည်းမလဲဆိုတာ မင်း သေချာစဉ်းစားသင့်တယ်။ " ကြီးမြတ်သူရှချင်က အကြံပေးလိုက်သည်။
" လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် ကြီးမြတ်သူ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
အဓိကနိယာမများဆိုသည်မှာ လေဟာနယ်နိယာမ၊အချိန်နိယာမနှင့် အသက်နိယာမ စသည်ဆိုကို ရည်ညွှန်းလေသည်။
" အခု မင်းက အဋ္ဌမအလွှာကို ရောက်သွားပြီဆိုတော့ နယ်စပ်ကြယ်နယ်မြေတစ်ခုကို နှစ်ငါးရာအုပ်ချုပ်ဖို့ သွားရမယ်ထင်တယ်။ " ကြီးမြတ်သူက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
" ဟုတ်ပါတယ်။ ဒါပေမယ့် ကြယ်နယ်မြေကိုတော့ မရွေးရသေးပါဘူး။ " လင်းယွမ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" နယ်စပ်ကြယ်နယ်မြေတွေက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ ဒါကြောင့် ငါမင်းကို ရတနာတစ်ခု လက်ဆောင်ပေးလိုက်မယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
" မငြင်းနဲ့။ မင်းက သန်မာတယ်လို့ ထင်နေတာလား။ ကိုယ်ပွားစွမ်းရည်ရှိတာလား။ ဒါမှမဟုတ် ငါတို့ရဲ့ ပြန်လည်ရှင်သန်ခြင်းစွမ်းရည်ကြောင့် မင်းက မသေနိုင်ဘူးလား။ " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။
" ကိုယ်ပွားစွမ်းရည်ကလည်း ချို့ယွင်းချက်ကင်းတာမဟုတ်ဘူး။ ပြန်လည်ရှင်သန်ခြင်းစွမ်းရည်ကလည်း အရာအားလုံးကို ပြန်မယူလာပေးနိုင်ဘူး။ "
ကြီးမြတ်သူရှချင်က ဆက်ပြောလိုက်သည်။ " ဥပမာ မှတ်ဉာဏ်ညစ်ညမ်းခြင်းနဲ့ဆိုရင် မင်းမှာ ကိုယ်ပွားဘယ်လောက်ရှိရှိ မင်းသေရလိမ့်မယ်။ ပြန်လည်ရှင်သန်လာရင်တောင် မှတ်ဉာဏ်ကျန်နေသရွေ့ မင်းသေရဦးမှာပဲ။"
" မှတ်ဉာဏ်ညစ်ညမ်းခြင်း..." လင်းယွမ်၏ အမူအရာက လေးနက်သွား၏။