စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲ....
Vol. 22 Ch. 337
မှတ်ဉာဏ်ညစ်ညမ်းခြင်းနည်းလမ်းများက ကျိန်စာသတ်ဖြတ်ခြင်းစွမ်းရည်များထက် ပိုမိုတင်းကျပ်သော အခြေအနေများရှိပြီး သူ၏ လက်ရှိခွန်အားအရ ဒသမအလွှာ ရှိသူတစ်ယောက်ပင် သူ့အပေါ် အသုံးချရန် ခက်ခဲပေလိမ့်မည်။
" ငါမင်းကို စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲလို့ခေါ်တဲ့ ရတနာတစ်ခု ပေးမယ်။ ကြီးမြတ်သူတစ်ယောက်က မင်းအပေါ် မှတ်ဉာဏ်ညစ်ညမ်းအောင် ဒါမှမဟုတ် တခြားနည်းစနစ်တွေကို အသုံးပြုရင်တောင် မင်းခနတော့ ခံနိုင်ရည်ရှိလိမ့်မယ်။ "
" အဲ့ဒီအချိန်မှာ မင်းကိုမင်း ဖောက်ခွဲပြီး ငါပြန်အသက်သွင်းမယ့်အချိန်ကို စောင့်နေပေါ့။ " ကြီးမြတ်သူရှချင်က တည်ငြိမ်စွာ ပြောလိုက်သည်။
" ကြီးမြတ်သူတစ်ယောက်ကို ခန ခုခံနိုင်တာလား။ " လင်းယွမ်က တုန်လှုပ်သွား၏။
ကြီးမြတ်သူများက မည်သို့သော တည်ရှိမှုများနည်း။ ၎င်းတို့၏ တိုက်ခိုက်မှုများက ခန့်မှန်းရခက်ခဲပြီး နက်နဲလေသည်။ ဥပမာ ကြီးမြတ်သူရှချင်နှင့် မတွေ့မီ မျိုးနွယ်ခြားကြီးမြတ်သူတစ်ယောက်က လင်းယွမ်ကို သတ်ချင်လျှင် ခက်ခဲမည်မဟုတ်ပေ။ ၎င်းက ပြန်လည်ရှင်သန်ခြင်းကို ကျော်လွန်ပြီး အစစ်အမှန် သတ်ဖြတ်ခြင်းဖြစ်နိုင်လေသည်။
သို့သော် ကြီးမြတ်သူများတွင် သူတို့၏ ဂုဏ်သိက္ခာရှိလေသည်။ ယခု လင်းယွမ်က အသက်တစ်ရာအောက် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်သာ ဖြစ်ပြီး ကြီးမြတ်သူများ၏ ဝင်ရောက်စွက်ဖက်မှုကို မလိုအပ်ပေ။
လင်းယွမ်က အသက်တစ်ရာအောက် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူဖြစ်ရုံသာမက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူဖြစ်သည်ကို ထုတ်ပြလိုက်လျှင်တော့ အခြေအနေများ ပြောင်းလဲသွားနိုင်လေသည်။
" မှတ်ထား စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲ အလိုအလျောက် အသက်ဝင်လာတာနဲ့ မင်းကိုမင်း ဖောက်ခွဲဖို့ မတွန့်ဆုတ်နဲ့ မနှောင့်နှေးနဲ့။ " ကြီးမြတ်သူရှချင်က လေးနက်စွာ ပြောလိုက်သည်။
လင်းယွမ်က မှတ်ဉာဏ်ညစ်ညမ်းခြင်း သို့မဟုတ် ထိုသို့သော နည်းလမ်းများကို မခံရလျှင် ကြီးမြတ်သူရှချင်က သူ့ကို ပြန်လည်အသက်သွင်းနိုင်ပြီး အရေးကြီးသော အရာများကို ထိခိုက်မည်မဟုတ်ပေ။
သို့သော် မှတ်ဉာဏ်ညစ်ညမ်းသွားသည်နှင့် စိတ်နှလုံးနတ်ဆိုးကဲ့သို့ပင် ကြီးမြတ်သူများပင် ၎င်းကို အမြစ်ပြတ် ဖယ်ရှားနိုင်ခြင်းမရှိပေ။ ဆိုလိုသည်မှာ ပြန်လည်ရှင်သန်နိုင်လျှင်တောင် ဆက်လက်သေဆုံးရမည်ဖြစ်သည်။
" နားလည်ပါပြီ။ " လင်းယွမ်က လေးနက်စွာ ပြောလိုက်သည်။
ကြီးမြတ်သူရှချင်ပြောနေသည်မှာ လင်းယွမ် ရင်ဆိုင်ရမည့် အဆိုးဆုံးအခြေအနေများကို ဖြစ်၏။ ပုံမှန်အခြေအနေများတွင် ကြီးမြတ်သူတစ်ယောက်က ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။
မျိုးနွယ်ခြား ကြီးမြတ်သူတစ်ယောက်က လူသားပါရမီရှင်တစ်ယောက်ကို ရှင်းလင်းရန် လုပ်ဆောင်ခဲ့လျှင် လူသားမျိုးနွယ်၏ ကြီးမြတ်သူများကလည်း ဝင်ရောက်စွက်ဖက်ပြီး မျိုးနွယ်ခြားများ၏ ပါရမီရှင်များကို ရှင်းလင်းပေလိမ့်မည်။ သို့သော် မျိုးနွယ်ခြားကြီးမြတ်သူများက လင်းယွမ်တွင် ကြီးမြတ်သူတစ်ယောက်ဖြစ်လာနိုင်မည့် အလားအလာ မရှိမချင်း လှုပ်ရှားကြမည်မဟုတ်ပေ။
လူသားမျိုးနွယ်၏ သမိုင်းတစ်လျှောက် အသက်တစ်ရာအောက် အဋ္ဌမအလွှာများစွာ ရှိခဲ့သော်လည်း ကြီးမြတ်သူအဆင့်ကို ထိတွေ့နိုင်သူ အလွန်နည်းပါးလှသည်။
ကြီးမြတ်သူ ရှချင်က မျိုးနွယ်ခြားများ မသိသော အရာကို သိလေသည်။ လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူဖြစ်ပြီး သူ၏ ရှေ့တွင် လမ်းကြောင်းမရှိဘဲ ဤအဆင့်သို့ ရောက်လာနိုင်ခြင်းမှာ ကြီးမြတ်သူဖြစ်ရန် အလားအလာရှိလေသည်။ သို့သော် လူသားမျိုးနွယ်တစ်ခုလုံးတွင် ကြီးမြတ်သူကိုးယောက်နှင့် နတ်ဘုရားသုံးပါးသာ လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူဖြစ်သည်ကို သိကြလေသည်။
" စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲကို ငါမင်းဆီ ပို့ပေးလိုက်မယ်။ " ကြီးမြတ်သူရှချင်က လက်ဝှေ့ရမ်းပြီး လင်းယွမ်ကို ထွက်သွားစေလိုက်သည်။
" မင်း အောင်အောင်မြင်မြင် ကြီးထွားလာဖို့ ငါမျှော်လင့်ပါတယ်။ " ကြီးမြတ်သူရှချင်က လင်းယွမ်ရပ်နေခဲ့သော နေရာကို မျှော်လင့်ချက်များနှင့် ကြည့်ပြီး ရေရွတ်လိုက်သည်။
လင်းယွမ်က လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာပြီး ကြီးမြတ်သူရှချင်နှင့် စကားပြောဆိုခဲ့သည့် မြင်ကွင်းများက သူ၏ စိတ်ထဲတွင် လင်းလက်လာသည်။
" ကြီးမြတ်သူတွေက တကယ်ကြောက်စရာကောင်းတာပဲ။ " လင်းယွမ်၏ စိတ်ထဲတွင် အံ့အားသင့်နေသည်။ VR ကမ္ဘာမှာတောင် သူ၏ စိတ်စွမ်းအား အချိန်ကုန်လွန်မှုကို မြင်နိုင်တာလား။
" ဒါပေမယ့် အနန္တကမ္ဘာတွေရဲ့ ဂိတ်တံခါး..." ကြီးမြတ်သူရှချင်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးအား လုံးဝမတွေ့ခဲ့သည်ကို လင်းယွမ်က သေချာလေသည်။
သူက ခုနှစ်ကြိမ်သာ ဆင်းသက်ရသေးသော်လည်း အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှာ လူသားမျိုးနွယ်အတွက် လွန်စွာ တန်ဖိုးကြီးမားသည်ကို သိလေသည်။
လူသားမျိုးနွယ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ထိန်းချုပ်နိုင်ခဲ့လျှင် ပတ်ဝန်းကျင်ရှိ အထွတ်အထိပ်မျိုးနွယ်များနှင့် စစ်ပွဲများ ဆင်နွှဲရန် မလိုအပ်တော့ပေ။ လူသားမျိုးနွယ်က အခြားမျိုးနွယ်များနှင့် စစ်ပွဲများ ဆက်တိုက်ဆင်နွှဲနေရသည့် အကြောင်းရင်းမှာ အရင်းအမြစ်များအတွက်သာ ဖြစ်သည်။
ကြယ်စကြာဝဠာတွင် အရင်းအမြစ်များက အကန့်အသတ်ရှိလေသည်။ လူသားမျိုးနွယ်က ဆက်တိုက်ဖွံ့ဖြိုးတိုးတက်လာလျှင် အရင်းအမြစ်များကို မရပ်မနား လုယက်ရန် လိုအပ်လေသည်။ ၎င်းက အခြားအထွတ်အထိပ်မျိုးနွယ်များနှင့် စစ်ဖြစ်ပွားခြင်းကို ရှောင်လွှဲမရသည့် အကြောင်းရင်းဖြစ်၏။
လူသားမျိုးနွယ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးနှင့် အခြားကမ္ဘာများသို့ သွားပြီး အရင်းအမြစ်များစွာကို ရယူနိုင်လေသည်။
လင်းယွမ်က ထိုအချက်ကို ကောင်းစွာ သိသောကြောင့် အနန္တကမ္ဘာများ၏ ဂိတ်တံခါး၏ တည်ရှိမှုကို စတင်ထုတ်ဖော်မည်မဟုတ်ပေ။
လူ့သဘာဝက ခန့်မှန်းရခက်၏။ ကြီးမားသော အကျိုးအမြတ်ရှေ့တွင် လူတိုင်းက သူတို့ဘာလုပ်မည်ကို အာမခံနိုင်မည်မဟုတ်ပေ။
အနာဂတ်တွင် လင်းယွမ်က ကြီးမြတ်သူတစ်ယောက် ဖြစ်လာလျှင် သို့မဟုတ် ၎င်းထက် ကျော်လွန်သွားခဲ့လျှင် သူက အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို အသုံးပြုပြီး အခြားကမ္ဘာများသို့ လမ်းကြောင်းများဖွင့်လှစ်ကာ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများကို စူးစမ်းလေ့လာခွင့်ပြုနိုင်လေသည်။
ယခုအချိန်တွင် လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါး၏ တည်ရှိမှုကို မည်သို့ကိုမှ ထုတ်ဖော်ပြမည်မဟုတ်ပေ။
ချီခွန်မျိုးနွယ်မှ ရှစ်စန်းတောင်ထိပ်သခင် အဋ္ဌမအလွှာသို့ ရောက်သွားခြင်းက ချီခွန်ကြယ်နယ်မြေနှင့် အန်နန်ကြယ်မဟာမိတ်တို့အတွက် စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်အပျက်တစ်ခု ဖြစ်သည်။
အထူးသဖြင့် မကြာသေးမီက မဟာတောင်ထိပ်သခင်ကလည်း အဋ္ဌမအလွှာသို့ တက်လှမ်းခဲ့သည်ကို ထည့်တွက်လျှင် ချီခွန်မျိုးနွယ်က သိသိသာသာတိုးတက်လာခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် ချီခွန်မျိုးနွယ်က အဋ္ဌမအလွှာ နှစ်ယောက် ထွက်ပေါ်လာခြင်းကို ဂုဏ်ပြုရန်အတွက် အခမ်းအနားတစ်ခု ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
အခမ်းအနားကို VR ကမ္ဘာတွင် ကျင်းပခဲ့ပြီး အန်နန်ကြယ်မဟာမိတ်နှင့် ပတ်ဝန်ကျင်ရှိ အဖွဲ့အစည်းများ၊ တစ်ကိုယ်တော် ဆင့်ကဲပြောင်းလဲသူများက လျင်မြန်စွာ ရောက်ရှိလာကြရာ လင်းယွမ် ဆဋ္ဌမအလွှာသို့ တက်လှမ်းချိန်ကထက် ပို၍ ကြီးကျယ်ခမ်းနားလေသည်။
ချီခွန်မျိုးနွယ်တွင် တောင်ထိပ်သခင်တစ်ယောက် တိုးလာခြင်းက ချီခွန်မျိုးနွယ်အတွက် ကြီးမားသော အဖြစ်အပျက်တစ်ခုဖြစ်သော်လည်း ပြင်ပတွင် သာမန်သာဖြစ်၏။
သို့သော် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် လင်းယွမ်ကဲ့သို့ အသက်တစ်ရာအောက် အဋ္ဌမအလွှာတစ်ယောက် ထွက်ပေါ်လာခြင်းက ကြောက်စရာကောင်းသော အလားအလာကို ဖော်ပြနေသည်။ ထို့ကြောင့် ဂုဏ်ပြုပွဲကို ဘယ်သူမှ လက်မလွှတ်ချင်ကြပေ။
" ဟုန်ဖန်းကြယ်သခင်။ ဝမ်ယန်ကြယ်သခင်။ ရွှေနဂါးကြယ်သခင်တောင် ရောက်လာတာလား။ "
" ကြယ်သခင်တွေ အများကြီးပဲ။ အဋ္ဌမအလွှာ တားဆီးမရသူတွေတောင် အများကြီး ရောက်လာတယ်။ "
" ဒီပွဲက ကြယ်မဟာမိတ်ရဲ့ အခမ်းအနားနဲ့တောင် ယှဉ်နိုင်နေပြီ။ "
ဧည့်သည်များက တိုးတိုးလေး ဆွေးနွေးနေကြသည်။ သူတို့က သူတို့၏ ကြယ်နယ်မြေများတွင် အရေးပါသော လူများဖြစ်ကြသော်လည်း ဤနေရာတွင်မူ သာမန်မျှသာ ဖြစ်သည်။
ရှစ်စန်း၏ အခမ်းအနားတွင် အဋ္ဌမအလွှာ ကြယ်သခင်များသာ အာရုံစိုက်ခြင်းခံရပြီး ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများက အလွန်များသောကြောင့် သတိပြုမိရန် ခက်ခဲလေသည်။
" အဲ့ဒါ ရှစ်စန်းဖြစ်ရမယ်။ အရမ်းငယ်သေးတာပဲ။ "
" ဟုတ်တယ်။ ဒီလောက်ငယ်ငယ်လေးနဲ့ အဋ္ဌမအလွှာကို ရောက်နိုင်တာ တကယ်အံ့ဩစရာပဲ။ "
ဧည့်သည်များ၏ အဓိကအာရုံစိုက်ခြင်းခံရသူမှာ လင်းယွမ်ပင်ဖြစ်၏။ မဟာတောင်ထိပ်သခင်က အဋ္ဌမအလွှာသို့ တက်လှမ်းသွားသည်မှာ အထင်ကြီးစရာကောင်းသော်လည်း လင်းယွမ်နှင့် မယှဉ်နိုင်သေးပေ။
လင်းယွမ်က သူ၏ မိဘများနှင့် စားပွဲတစ်ခုတွင် ထိုင်နေပြီး သူတို့၏ ဘေးတွင် ကြယ်သခင်များအတွက် သီးသန့်စားပွဲများ ရှိနေသည်။
" အရေးပါတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပဲ။ " လင်းယိ ပတ်ဝန်းကျင်ကို ကြည့်ပြီး VR ကမ္ဘာတွင် ရှိနေခြင်းက ကံကောင်းသည်ဟု တွေးမိသည်။ ပြင်ပတွင်ဖြစ်လျှင် အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများ၏ အော်ရာများကြောင့် မလှုပ်မရှားနိုင်ဖြစ်သွားနိုင်လေသည်။ ၎င်းက အသက်အနှစ်သာရ၏ ဖိနှိပ်ခြင်းပင်ဖြစ်သည်။
" ရှောင်ယွမ် ဒါက..." လင်းချောင်ချန်က သက်ပြင်းချလိုက်သည်။
သူသား၏ အောင်မြင်မှုက ကြီးမားလှသည်။ ယခင် လင်းယွမ်က ရှစ်စန်းတောင်ထိပ်သခင်ဖြစ်လာခြင်းမှာ ကံကောင်းခြင်းဟုသာ ထင်ခဲ့သည်။
သို့သော် ယခု လင်းယွမ်က အသက်တစ်ရာမပြည့်မီ အဋ္ဌမအလွှာသို့ တက်လှမ်းသွားခဲ့သည်။
" ရှောင်ယွမ်က အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတွေက နယ်စပ်ကြယ်နယ်မြေကို သွားပြီး တာဝန်ယူရတယ်လို့ ကြာယတယ်။ အဲ့ဒါက အရမ်းအန္တရာယ်များတယ်မဟုတ်လား။ " လုချုံးက စိုးရိမ်နေသော အသံနှင့် မေးလိုက်သည်။
" အန္တရာယ်နည်းနည်းရှိပေမယ့် ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
လင်းယွမ်၏ အစစ်အမှန်ခန္ဓာက နယ်စပ်ကြယ်နယ်မြေသို့ သွား၍ ယင်စိတ်ဝိညာဉ်က မျိုးနွယ်ခြားများ၏ စစ်မြေပြင်တွင် ရှ်နေပြီး ယန်စိတ်ဝိညာဉ်က ချီခွန်ပင်မကြယ်တွင် ကျန်နေခဲ့ပေလိမ့်မည်။