နဂါးငွေ့တန်းကြယ်သခင်.....
Vol. 22 Ch. 340
" တောင်ထိပ်သခင် ခင်ဗျား တာဝန်ယူရမယ့် ကြယ်နယ်မြေအတွက် နာမည်တစ်ခု ဆုံးဖြတ်ပြီးပြီလား။ " ပိန်ပိန်နှင့်ဝန်ထမ်းက သိချင်စိတ်နှင့် မေးလိုက်သည်။
" နာမည် " လင်းယွမ်က ခနစဉ်းစားပြီး ပြောလိုက်သည်။ " ငါ ဆုံးဖြတ်ပြီးပြီ။ "
" အဲ့ဒါဘာလဲ။ " ပိန်ပိန်နှင့်ဝန်ထမ်းက မေးလိုက်သည်။
၎င်းက လျို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ ကြယ်နယ်မြေတစ်ခုနာမည်က အများပြည်သူများ သိရှိလာမည့်အရာဖြစ်လေသည်။
" အဲ့ဒါကို နဂါးငွေ့တန်းလို့ ခေါ်မယ်။ " လင်းယွမ်က တည်ငြိမ်စွာပြောလိုက်ပြီး သူ၏ အသံတွင် အဓိပ္ပါယ်များစွာ ပါဝင်နေသည်။
" နဂါးငွေ့တန်းကြယ်နယ်မြေ..." ဝန်ထမ်းနှစ်ယောက်က နာမည်၏ အဓိပ္ပါယ်ကို မသိကြပေ။ " နဂါးငွေ့တန်းကြယ်သခင် ရာဖူးအသစ်အတွက် ဂုဏ်ပြုပါတယ်။ "
ကြယ်နယ်မြေကို နဂါးငွေ့တန်းဟု အမည်ပေးလိုက်ခြင်းကြောင့် လင်းယွမ်ကလည်း သဘာဝအတိုင်း နဂါးငွေ့တန်းကြယ်သခင်ဖြစ်လာသည်။
" နဂါးငွေ့တန်းကြယ်သခင်..." လင်းယွမ်က အတွေးများထဲတွင် နစ်မျောသွားသည်။
သူက နဂါးငွေ့တန်းဟု အမည်ပေးရခြင်းမှာ သူက ကြယ်စကြာဝဠာသို့ အချိန်ကူးပြောင်းမလာမီ ကမ္ဘာမြေရှိခဲ့သော နဂါးငွေ့တန်းကို အမှတ်ရစေရန်အတွက် ဖြစ်သည်။
ဝန်ထမ်းနှစ်ယောက်ထွက်သွားပြီးနောက် လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားဆီမှ အတည်ပြုချက်ကို ချက်ချင်း ရလိုက်သည်။
" လေးစားရပါသော အဆင့်ခုနှစ်နိုင်ငံသား လင်းယွမ် ကြယ်နယ်မြေလျှောက်လွှာကို အတည်ပြုပြီးပါပြီ။ ပင်မကြယ်နယ်မြေတည်ဆောက်ပုံကို ဆက်လက်ရွေးချယ်ပေးပါ။ "
" ပင်မကြယ်တည်ဆောက်ပုံ " လင်းယွမ်က မျက်ခုံးများ ပင့်သွားသည်။
ပင်မကြယ်က ချီခွန်ကြယ်နယ်မြေရှိ ချီခွန်ပင်မကြယ်ကဲ့သို့ ကြယ်နယ်မြေ၏ အချက်အချာကျသော နေရာတွင် ရှိလေသည်။
" ပင်မကြယ်တည်ဆောက်ပုံက ပင်မကြယ်ကို ပြန်လည်ပြင်ဆင်ရန်အတွက် အရင်းအမြစ်အဆင့်တွေကို ရွေးချယ်ခြင်းဖြစ်ပါတယ်။ "
" အခုမှသိမ်းပိုက်ထားတဲ့ ကြယ်နယ်မြေဖြစ်တဲ့အတွက် လူသားမျိုးနွယ်က အဆင့်သုံး ပြင်ဆင်မှုကို အခမဲ့ ပေးပါတယ်။ " ပင်မကြယ်ကို အတည်ပြုပြီးတာနဲ့ သတ်မှတ်ထားတဲ့ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အဲ့ဒါကို ပြန်လည်ပြင်ဆင်ပေးပြီး အခြေခံစစ်ပွဲစွမ်းရည်တွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ " ဉာဏ်ပညာနတ်ဘုရားက ရှင်းပြလိုက်သည်။
" သိပါပြီ။ " လင်းယွမ်က ရုတ်တရက် နားလည်သွားသည်။
ချီခွန်ပင်မကြယ်က ချီခွန်ကြယ်နယ်မြေ၏ အကြွယ်ဝဆုံးနေရာတစ်ခုဖြစ်ပြီး အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသာများပင် ၎င်းကို မထိရဲကြပေ။
၎င်းက ဘာလို့လဲ။ ချီခွန်ကြယ်သခင်ကြောင့်လား။ ချီခွန်ကြယ်သခင်က ပြင်ပကိစ္စများကို လျစ်လျူရှုထားပြီး အချိန်အများစုကို ကျင့်ကြံနေသည်။
ချီခွန်ပင်မကြယ်ကို ပုံမှန်အားဖြင့် အုပ်ချုပ်သည်မှာ ဂြိုလ်ကာကွယ်စနစ်ကဲ့သို့ စစ်နည်းပညာများဖြစ်သည်။ ချီခွန်ပင်မကြယ်၏ ဂြိုလ်ကာကွယ်ရေးစနစ်က သာမန်အဋ္ဌမအလွှာကို အလွယ်တကူ ဖိနှိပ်နိုင်လေသည်။
" အဆင့်သုံး ပြင်ဆင်မှုက ဂြိုလ်ကာကွယ်စနစ်ရဲ့ ဘယ်အဆင့်လဲ။ " လင်းယွမ်က မေးလိုက်သည်။
" အဲ့ဒါက ဆဋ္ဌမအလွှာ အားလုံးနဲ့ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူအများစုကို ဖိနှိပ်နိုင်ပါတယ်။ " ဉာဏ်ပညာနတ်ဘုရားက ပြန်ဖြေလိုက်သည်။
" ပိုအဆင့်မြင့်တဲ့ ပြင်ဆင်မှုတွေကရော။ " လင်းယွမ်က ဆက်လက်မေးမြန်းလိုက်သည်။
" အဆင့်နှစ် ပြင်ဆင်မှုက သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူအားလုံးနဲ့ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူအများစုကို ဖိနှိပ်နိုင်ပြီး ကြယ်သခင်က စကြာဝဠာသလင်းကျောက် တစ်သိန်းကို ထပ်မံပေးချေရန် လိုအပ်ပါတယ်။ "
" အဆင့်တစ်ပြင်ဆင်မှုက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူအားလုံးနီးပါးကို ဖိနှိပ်နိုင်ပြီး ကြယ်သခင်က စကြာဝဠာသလင်းကျောက် တစ်သန်းကို ထပ်မံပေးချေရန် လိုအပ်ပါတယ်။ " ဉာဏ်ပညာနတ်ဘုရားက ပြောလိုက်သည်။
" အရမ်းစျေးကြီးတာပဲ။ " လင်းယွမ်က အံ့အားသင့်သွား၏။
အဆင့်နှစ်ပြင်ဆင်မှုကပင် စကြာဝဠာသလင်းကျောက် တစ်သိန်းကုန်ကျလေသည်။ ၎င်းက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူအသစ်တစ်ယောက်၏ ရတနာများ၊ လက်နက်များနှင့် ကြွယ်ဝမှုအားလုံးပေါင်းသည်နှင့် ညီမျှလေသည်။ အဆင့်တစ်ပြင်ဆင်မှုဆို ပြောစရာပင်မလိုပေ။ သို့သော် ၎င်းတို့၏ သက်ရောက်မှုများကလည်း တန်ဖိုးနှင့် ညီမျှလေသည်။
" ကြယ်နယ်မြေတစ်ခုရဲ့ ပင်မကြယ်က အနာဂတ်မှာ အဲ့ဒီကြယ်နယ်မြေရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ဗဟိုချက်ဖြစ်လာလိမ့်မယ်။ လုံခြုံရေးအရ ဘာအန္တရာယ်မှ မရှိရဘူး။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
ပင်မကြယ်ကို ကောင်းစွာ စီမံခန့်ခွဲနိုင်လျှင် အနာဂတ်တွင် ငွေပင် ဖြစ်လာနိုင်လေသည်။ ချီခွန်ပင်မကြယ်က ပတ်ဝန်းကျင်ရှိ ကြယ်နယ်မြေများ နေ့စဉ် ကုန်သည်များစွာ ဝင်ရောက်ခြင်းဖြင့် ချီခွန်ကြယ်သခင်အတွက် အကျိုးအမြတ်များစွာ ရရှိနိုင်လေသည်။
" ငါ အဆင့်နှစ် ပြင်ဆင်မှုကို ရွေးချယ်မယ်။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
အဆင့်နှစ်ဖြစ်စေ အဆင့်တစ်ဖြစ်စေ ၎င်းတို့က ကြယ်သခင်များအတွက် လူသားမျိုးနွယ်မှ ပေးအပ်သော အကျိုးခံစားခွင့်များ ဖြစ်ကြသည်။
အဋ္ဌမအလွှာ အင်အားကြီးသူအများစုကို ဖိနှိပ်နိုင်သည့် ဂြိုလ်ကာကွယ်ရေးစနစ်တစ်ခုကို ကိုယ်တိုင် ဝယ်ယူရန် စကြာဝဠာသလင်းကျောက် များစွာနှင့်ပင် လုံလောက်မည်မဟုတ်ပေ။
" အဆင့်နှစ်ပြင်ဆင်မှုအတွက် စကြာဝဠာသလင်းကျောက် တစ်သိန်းလိုအပ်ပါတယ်။ အဆင့်ခုနှစ်နိုင်ငံသားလင်းယွမ် အတည်ပြုပေးပါ။ " ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည်။
" အတည်ပြုပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ထိုခနတွင် သူ၏ အကောင့်ထဲမှ စကြာဝဠာသလင်းကျောက် တစ်သိန်းပျောက်ကွယ်သွားသည်။
" ဖြတ်တာကလည်း မြန်လိုက်တာ " လင်းယွမ်က အနည်းငယ် စိတ်မကောင်းဖြစ်သွား၏။
" ပိုက်ဆံကုန်တဲ့ ခံစားချက်က တော်တော်ဆိုးတာပဲ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
အဋ္ဌမအလွှာ ဂုဏ်ပြုပွဲပြီးနောက် လင်းယွမ်၏ အကောင့်လက်ကျန်မှာ စကြာဝဠာသလင်းကျောက် နှစ်သိန်းနီးပါး ရှိခဲ့လေသည်။ ယခုတော့ တစ်ချက်တည်းနှင့် တစ်ဝက်ကျော် လျှော့နည်းသွားသည်။
" အနာဂတ်မှာ ပြန်ရှာလို့ရပါတယ်။ ပင်မကြယ်ရဲ့ လုံခြုံရေးမထိခိုက်သရွေ့ စီးပွားရေဗဟိုချက်ဖြစ်လာလိမ့်မယ်။ " လင်းယွမ်က ကိုယ့်ကိုကိုယ် နှစ်သိမ့်လိုက်၏။
ထိုအရာအားလုံးက ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်။ ရွေးချယ်ခွင့်သာရှိလျှင် လင်းယွမ်က အဆင့်တစ်ပြင်ဆင်မှုကို သဘောကျပေလိမ့်မည်။
လင်းယွမ်က ပင်မကြယ်ပြင်ဆင်မှုကို ရွေးချယ်ပြီးနောက် ချီခွန်ကြယ်သခင်ဆီသို့ သွားလိုက်သည်။
" ဆရာ..." နန်းတော်ထဲတွင် လင်းယွမ်က ချီခွန်ကြယ်သခင်အား အရိုအသေပေးလိုက်သည်။
လင်းယွမ်က အဋ္ဌမအလွှာသို့ ရောက်နေပြီဖြစ်သော်လည်း ချီခွန်ကြယ်သခင်နှင့် ရင်ဆိုင်ရချိန်တွင် ပြင်းထန်သော ဖိအားကို ခံစားနေရဆဲ ဖြစ်သည်။
လင်းယွမ်က အဋ္ဌမအလွှာသို့ ဝင်ရောက်ခဲ့ပြီး သူ၏ အတွင်းကမ္ဘာ၏ အကူအညီနှင့် အဋ္ဌမအလွှာ၏ နှောင်းပိုင်း သို့မဟုတ် အထွတ်အထိပ်များနှင့်ပင် တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။
" ဒါက အဋ္ဌမအလွှာရဲ့ တားဆီးမရတဲ့အခြေအနေလား။ စကြာဝဠာစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားတာလား။ " လင်းယွမ်က တွေးလိုက်သည်။
အဋ္ဌမအလွှာ၏ တားဆီမရသူများက အဋ္ဌမအလွှာထက် ကျော်လွန်သော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ကြပြီး ၎င်းကို စကြာဝဠာစွမ်းအားဟုလည်း ခေါ်လေသည်။ အတိအကျပြောလျှင် တားဆီးမရသူများက အဋ္ဌမအလွှာ၏ စတုတ္ထအဆင့်ထဲတွင် ပါဝင်ပြီး အဋ္ဌမအလွှာ၏ အဆုံးစွန်သော အဆင့်လည်း ဖြစ်သည်။
" တပည့်လေး ကြယ်နယ်မြေကို ရွေးချယ်ပြီးပြီလား။ " ချီခွန်ကြယ်သခင်က လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။
တပည့်ဆယ့်သုံးယောက်ထဲတွင် သူ့ကို စိုးရိမ်မှုအနည်းဆုံးပေးသူမှာ လင်းယွမ်ဖြစ်ပြီး အမြင့်ဆုံးအောင်မြင်မှုများ ရရှိထားသူလည်း ဖြစ်သည်။ နောင်အနာဂတ်တွင်လည်း လင်းယွမ်သာ ဖြစ်နေပေလိမ့်မည်။
" ဆရာ ကျွန်တော် ရွေးချယ်ပြီးပါပြီ။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။ ထို့နောက် သူက မြေပုံထုတ်ပြီး နေရာတစ်ခုကို ပြလိုက်သည်။
" အဲ့ဒီနေရာလား။ မဆိုးဘူး။ " ချီခွန်ကြယ်သခင်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" နယ်စပ်ကြယ်နယ်မြေကို သွားတဲ့အခါ သတိထားပါ။ ဒါနဲ့ မင်းကြီးမြတ်သူနဲ့ တွေ့ပြီးပြီထင်တယ်။ " ချီခွန်ကြယ်သခင်က မေးလိုက်သည်။
အသက်တစ်ရာအောက် သတ္တမအလွှာဆိုလျှင် သာမန်သာဖြစ်သော်လည်း အသက်တစ်ရာအောက် အဋ္ဌမအလွှာ ဖြစ်လျှင်တော့ ကြီးမြတ်သူ၏ အာရုံစိုက်ခံရမည်ကို ချီခွန်ကြယ်သခင်က သိနေသည်။
" ဆရာ ကျွန်တော် ကြီးမြတ်သူရှချင်နဲ့ တွေ့ခဲ့ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။
ထိုကိစ္စကို ဖုံးကွယ်ထားရန် မလိုအပ်ပေ။ လူသားမျိုးနွယ်၏ သမိုင်းတွင် အဆင့်နှစ်ဆယ် သို့မဟုတ် အဆင့်တစ်ဆယ်အတွင်း ဝင်နိုင်သူများက ကြီးမြတ်သူတစ်ယောက်နှင့် မတွေ့ဖူးဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။
" ကြီးမြတ်သူရှချင်.... သူက ငါတို့လူသားမျိုးနွယ်မှာ တိုက်ခိုက်ရေးစွမ်းအားနဲ့ ပက်သက်ပြီး နာမည်ကြီးတဲ့သူပဲ။ " ချီခွန်ကြယ်သခင်က ပြောလိုက်သည်။
လူသားမျိုးနွယ်တွင် ကြီးမြတ်သူကိုးယောက် ရှိ၏။ ကြီးမြတ်သူတစ်ယောက်စီတိုင်းက မတူညီသော နယ်ပယ်များတွင် ထူးချွန်ကြသည်။ အတိအကျပြောရလျှင် ကြီးမြတ်သူများက အားနည်းချက်မရှိသော်လည်း အခြားမြင့်မြန်သူများနှင့် ယှဉ်လျှင် အားသာသော နယ်ပယ်များတော့ ရှိကြလေသည်။
ဥပမာ ကြီးမြတ်သူ ယုတျဲက တိုက်ခိုက်ရာတွင် ကျွမ်းကျင်မှုမရှိသော်လည်း သူမက ပုံရိပ်ယောင်စကြာဝဠာကို ဖန်တီးနိုင်စွမ်းရှိလေသည်။
လူသားမျိုးနွယ်၏ VR ကမ္ဘာက ကြီးမြတ်သူ ယုတျဲ၏ အာဏာမှ ဆင်းသက်လာခြင်းဖြစ်ပြီး စကြာဝဠာအတွင်းရှိ အရာအားလုံးကို အပြစ်အနာဆာမရှိ ပုံတူကူးနိုင်လေသည်။ ကြီးမြတ်သူယုတျဲ၏ အရေးပါမှုကလည်း ကြီးမြတ်သူ ရှချင်အောက် နိမ့်ကျခြင်းမရှိပေ။
" ကောင်းပြီ။ မင်းနဲ့ ကြီးမြတ်သူတို့ ပြောတဲ့စကားတွေကို ငါ့ကို ပြောပြဖို့မလိုဘူး။ "
" ငါမင်းကို ခေါ်တဲ့ အကြောင်းရင်းက ရှေ့လျှောက် ကြုံတွေ့ရမယ့် ကြယ်နယ်မြေရဲ့ တာဝန်တွေကို စဉ်းစားဖို့အတွက်ပဲ။ " ချီခွန်ကြယ်သခင်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
ဆရာတစ်ယောက်အနေဖြင့် တပည့်က အဝေးသို့ ထွက်သွားတော့မည်ဆိုလျှင် စီစဉ်မှုများ ပြုလုပ်ပေးမည်မှာ သဘာဝပင် ဖြစ်သည်။